အခန်း(၂၂၁) - အခု နင့်အလှည့်ပဲ
အကယ်၍ ဆောင်ကြာမြိုင်မှာနေတုန်းက အပြုအမူအတိုင်း ပြုလုပ်ရမည်ဆိုပါက ထောင်လျိုက စောင်ထဲက ထွက်ပြီးသည်နှင့် အားနည်းချင်ယောင်ဆောင်ကာ ရှောင်ယွမ်ရှစ်ရဲ့ လက်မောင်းထဲ လဲကျချင်ယောင်ဆောင်မည် ဖြစ်သည်။
ရွာမှာ ရှောင်ဟန်ကျန့်ကို အကွက်ဆင်ခဲ့သည့်အတိုင်းဖြစ်သည်။
သို့ပေမယ့် ထိုသို့မလုပ်ဖို့အတွက် ရှစ်ချင်းလျို့က သူမကို အထပ်ထပ် အခါခါ သတိပေးခဲ့သည်။
သူမက မတတ်နိုင်လို့သာ ရှောင်ယွမ်ရှစ်ရဲ့ နောက်ကို လိုက်ခဲ့ရကြောင်း သူထင်အောင်လုပ်ပြရမည်ဖြစ်သည်။
အကယ်၍ သူမသာ ရဖို့ လွယ်ကူနေပါက ရှောင်ယွမ်ရှစ်က သူမကို မြတ်နိုးတန်ဖိုးထားမည် မဟုတ်ပေ။
ဒါ့အပြင် သူမကိုယ်သူမ ပေးလိုက်ပါက ရှောင်ယွမ်ရှစ်က သံသယဝင်နိုင်သည်။
ထိုအစား သူမက သူကောင်းဖို့အတွက် လုပ်သည် ဖြစ်ကာ သူနှင့် ကောချွန်းရုကြားက ဆက်ဆံရေးကို မပျက်စီးစေချင်လို့ လုပ်တာဖြစ်ကြောင်း ဟန်ဆောင်ရမည်ဖြစ်သည်။
ထောင်လျိုက ရှောင်ယွမ်ရှစ်ရဲ့ လက်ထဲ လဲမကျအောင် အားတင်းခဲ့သည်။
သူမက ဖိနပ်စီးပြီးနောက် ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။
သူမက ရှောင်ယွမ်ရှစ်ကိုပြုံးကာ ပြောခဲ့သည်။ "တွေ့လား၊ ကျွန်မက အကောင်းကြီးပါ၊ ကျွန်မ ထွက်သွားရင် သခင်မက ဒေါသထွက်မှာ မဟုတ်တော့ဘူး၊ ရှင့်ကိုလည်း ပြဿနာရှာမှာ မဟုတ်တော့ဘူး။"
သူမက သူ့ကို ထပ်ပြီး နှစ်သိမ့်ခဲ့သည်။ "ဒီကိစ္စတွေကိုလည်း ရှင် စိတ်ပူစရာ မလိုပါဘူး။"
ကောချွန်းရု သူ့ကို ပြဿနာမရှာဖို့အတွက် သန်မာချင်ယောင်ဆောင်နေသည့် သူမကို ရှောင်ယွမ်ရှစ်က ကြည့်လိုက်သည်။
ဒါ့အပြင် လျိုရုရဲ့ ပြုလုပ်ပုံ အပြုံးတွေက အတွေ့အကြုံရှိ အမျိုးသမီးနှင့် မတူပေ။
သူမက မင်းစိုးရာဇာမိသားစုက အမျိုးသမီးတွေလို ဂုဏ်သရေကြီးစွာ ရည်မွန်ခြင်း မရှိသော်လည်း ကျန်းနန်က မိသားစုငယ်လေးတစ်ခုဆီက ကြော့ရှင်းမှုမျိုးတော့ ရှိသည်။
သူမက မိသားစုကောင်းတစ်ခုက ဆင်းသက်လာပုံရသည်။
ထောင်လျိုက မြို့တော်မှာပဲ ကြီးပြင်းလာသူဖြစ်ကာ ထိုအမူအရာတွေကို ကျန်းနန်က နူးညံ့ရည်မွန်သည့် အမျိုးသမီးဆီက သင်ယူခဲ့ကြောင်းကိုတော့ ရှောင်ယွမ်ရှစ် မသိခဲ့ပေ။
သူမ မြို့တော်ကို မပြန်ခင် ရှောင်ဟန်ကျန့်က ကုန်သည်မိသားစု တစ်ခုကိုရှာပြီး သူမကိုယ်သူမက ဘယ်လိုပြုမူနေထိုင်သင့်ကြောင်းကို သင်ကြားစေခဲ့သည်။
ဆောင်ကြာမြိုင်မှာ ပြုမူခဲ့သည့် အမူအကျင့်တချို့ကိုလည်း အတင်းအကြပ် ပြောင်းလဲခဲ့သည်။
ဒါ့အပြင် ရှစ်ချင်းလျို့က သူမအတွက် ဇာတ်ရုပ်အသစ်ကို ဖန်တီးပေးခဲ့သေးသည်။
ထို့ကြောင့် ရှောင်ယွမ်ရှစ်က ကောချွန်းရုကို သိပ်မယုံကြည်ပေ။
သူ့မျက်နှာက မည်းမှောင်နေကာ မပျော်မရွှင် မေးမြန်းခဲ့သည်။ "မင်းပြန်သွားပြီးရင် ထပ်ပြီးတော့ ကိုယ့်ဘာသာကိုယ် သေကြောင်းကြံဦးမှာ မဟုတ်လား။"
သူမရဲ့ မျက်နှာက ပိုဖြူဖျော့သွားကာ အမှားလုပ်ထားသည့် ကလေးလို ခေါင်းငုံ့ချခဲ့လေသည်။ "မ… မလုပ်ပါဘူး။"
သူမကို ထိုပုံစံအတိုင်း မြင်လိုက်ရတော့ ရှောင်ယွမ်ရှစ်က သူမရဲ့ ခေါင်းကို ထိကိုင်လိုက်ချင်ပေမယ့် ချုပ်တည်းခဲ့လေသည်။
သူက သူမကို နှစ်သိမ့်ခဲ့သည်။ "လျှောက်တွေးမနေနဲ့တော့၊ အခုကစပြီး စစ်သူကြီးစံအိမ်မှာ နေလို့ ရတယ်။"
ထောင်လျိုက မျက်ရည်ဝဲနေသည့် မျက်ဝန်းတွေဖြင့် သူ့ကိုမော့ကြည့်ခဲ့သည်။ "စစ်သူကြီးစံအိမ်မှာ ကျွန်မ... ကျွန်မ မနေချင်ဘူး၊ ကျွန်မ နေလိုက်ရင် သခင်မက ဒေါသထွက်ပြီး ရှင်နဲ့ ရန်ဖြစ်လိမ့်မယ်၊ ရှင်က သိပ်ကြင်နာတတ်တဲ့လူပါ၊ ရှင့်ကို အခက်မတွေ့စေချင်ဘူး၊ စိတ်မပူနဲ့၊ ဒီတစ်ခေါက် ကျွန်မကိုယ်ကျွန်မ မသတ်သေပါဘူး။"
သူမက အကောင်းမြင်ချင်ယောင်ဆောင်ကာ ပြောခဲ့သည်။ "အဆိုးဆုံးမှ အနာဂတ်မှာ ဘယ်သူ့ကိုမှ လက်မထပ်နိုင်ရုံရှိတာပေါ့။"
ရှောင်ယွမ်ရှစ်က ထပ်ပြီး ရင်ထဲထိသွားခဲ့သည်။ "မဟုတ်ဘူး။ စောနက သူနဲ့ သေချာ ပြောခဲ့ပြီးပြီ၊ သူ မင်းကို လက်ခံလိုက်ပြီ။"
ထောင်လျိုက ရင်ထဲကနေ ကြိတ်ပြီး ခနဲ့လိုက်သည်။ ဒီလူက ရုပ်တည်ကြီးနဲ့ လိမ်ပြောနေတာပဲ။
ကောချွန်းရုရဲ့ အကျင့်စရိုက်အရ ဘယ်လိုဖြစ်နိုင်မှာလဲ။
သို့ပေမယ့် သူမက ဝမ်းသာချင်ယောင်ဆောင်လိုက်သည်။ "တကယ်လား၊ သခင်မက တကယ်ပဲ ကျွန်မကို အပြစ်မတင်တော့ဘူးလား။"
ရှောင်ယွမ်ရှစ်က ပြောခဲ့သည်။ "အင်း… သူ မင်းကို အပြစ်မတင်တော့ဘူး။"
ထောင်လျိုက မျက်ရည်ဝဲရာကနေ ပြုံးခဲ့သည်။ "ကောင်းလိုက်တာ၊ သခင်မက လူကောင်းတစ်ယောက်ပဲ။"
သူမက ပျို့အန်ချင်စိတ်ကို ထိန်းချုပ်ကာ ပြောခဲ့သည်။ "ရှင်သူ့ကို ချစ်ခင်မြတ်နိုးရမယ်။"
ရှောင်ယွမ်ရှစ်ရဲ့ မျက်လုံးတွေက သတိမထားမိဘဲ အပြုံးရိပ်ထင်ဟပ်သွားခဲ့လေသည်။ "မင်းအတွက် မင်းပဲ ပိုပြီး များများတွေးပါ။"
အမြဲတမ်း သူများအတွက်ပဲ တွေးပေးနေတယ်။ သူက ဘာလို့ ဒီလောက် တုံးအရတာလဲ။
ထောင်လျိုက တမင်သက်သက် လမ်းပျောက်ချင်ယောင်ဆောင်ခဲ့ပြန်သည်။ "ဒါပေမဲ့ ကျွန်မ စစ်သူကြီးစံအိမ်က ထွက်သွားမှရမယ်၊ ကျွန်မ ဒီမှာနေရင် စစ်သူကြီးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လိမ့်မယ်၊ ကျွန်မက ရှင့်ကို တကယ့်သူငယ်ချင်းလို သဘောထားတာပါ၊ သခင်မက ရှင့်ကို အပြစ်မတင်တော့ဘူးဆိုမှတော့ ရှင်တို့ ပြန်သင့်မြတ်လို့ရတာပေါ့။"
သူမက ထိုစကားပြောပြီးသည်နှင့် ကြက်သီးတွေပင် ထသွားခဲ့သည်။
သို့ပေမယ့် ဤသမားရိုးကျ မဟုတ်သည့် နည်းလမ်းဖြင့် အခြေအနေကို ကိုင်တွယ်ဖြေရှင်းတာက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းသည်။
ရှောင်ယွမ်ရှစ်ရဲ့ အမူအရာကို ကြည့်ခြင်းဖြင့် သူမကို ယုံကြည်နေတာ သိသာသည်။
ရှစ်ချင်းလျို့က ရဲစွမ်းသတ္တိရှိသည့် အကျင့်စရိုက် ရှိသည်။
သူမကို ဤနည်းတွေ သင်ကြားပေးခဲ့သူမှာ ရှစ်ချင်းလျို့ဖြစ်ကြောင်း မည်သူမှ ထင်မိမည် မဟုတ်ပေ။
ရှောင်ဟန်ကျန့်ကို ရှစ်ချင်းလျို့က ဤနည်းတွေအတိုင်း ဆက်ဆံသလားဆိုတာ မသိပေ။
အကယ်၍ ရှစ်ချင်းလျို့သာ သူမရဲ့ အတွေးတွေကို ကြားမည်ဆိုပါက ခေါင်းကို ထပ်ခါထပ်ခါ ခါယမ်းပြလိမ့်မည်။
သူမက အင်တာနက်မှာ တွေ့ခဲ့သည့် ပို့စ်တွေအတိုင်း ထောင်လျိုကို သင်ပေးခဲ့တာ ဖြစ်သည်။
အကယ်၍ သူမကိုယ်တိုင်လုပ်မည်ဆိုပါက အောင်မြင်မည် မဟုတ်ပေ။
မျှော်လင့်ထားသည့်အတိုင်း ရှောင်ယွမ်ရှစ်ရဲ့ နှလုံးသားလေးက ပိုနွေးထွေးသွားခဲ့သည်။ "သူနဲ့ ကိုယ့်ကြားက ဆက်ဆံရေးကို မင်းစိတ်မပူပါနဲ့၊ မင်းနဲ့ ဘာမှ မဆိုင်ပါဘူး၊ ပြီးတော့ ဒီနေ့ ကိစ္စကြောင့် မင်းပြန်သွားရင် သေချာပေါက် မကောင်းသတင်းတွေ ထွက်နေလိမ့်မယ်၊ အရင်ဆုံး အချိန်တစ်ခုအထိ စစ်သူကြီးစံအိမ်မှာ နေလိုက်ပါ၊ သတင်းတွေငြိမ်သွားတဲ့အချိန်ကျရင် ပြန်ပို့ပေးမယ်။"
အခုသာ သူမကို ကိုယ်လုပ်တော်အဖြစ် ယူချင်ကြောင်း ထုတ်ပြောလိုက်ပါက လျိုရုရဲ့ အကျင့်စရိုက်အရ သူမ သဘောတူမည် မဟုတ်ပေ။
ထို့ကြောင့် သူမကို နောက်မှပြန်ပို့ပေးမည်ဟု ဆင်ခြေသုံးကာ အရင်ပြောခဲ့ခြင်းဖြစ်သည်။
ထောင်လျိုက အမျိုးသားတွေကို ဘယ်လိုလေ့လာရမလဲဆိုတာ သိသည်။
ရှောင်ယွမ်ရှစ်ရဲ့ အသွင်အပြင်ကို ကြည့်ခြင်းဖြင့် ထိုလူက အတွေးတွေကို ထုတ်ပြောမည့် လူစားမျိုး မဟုတ်ကြောင်း သူမ သိခဲ့သည်။
သူမက ပြုံးကာ ပြောခဲ့သည်။ "ဒါဆိုလည်း ရှင့်ကို ရက်အနည်းငယ်လောက် အနှောင့်အယှက်ပေးပါရစေ။"
ထို့နောက် သူမက ထောက်ထားညှာတာစွာ ပြောခဲ့သည်။ "ဒီနေ့ကိစ္စကြောင့် စစ်သူကြီးကို ထိခိုက်စေမိခဲ့ပြီ၊ ကျွန်မ အခု အဆင်ပြေနေပါပြီ၊ ပိုအရေးကြီးတဲ့ကိစ္စတွေကို သွားဖြေရှင်းလိုက်ပါ၊ သခင်မကို သွားချော့လိုက်ပါဦး။"
ထိုစကားကိုကြားတော့ ကောချွန်းရုရဲ့ ခါးသက်စွာ သူ့ကိုမမြင်ချင်ကြောင်း ပြောခဲ့သည့်စကားတွေထက်စာရင် သူရဲ့နှလုံးသားက လျိုရုရဲ့ဘက်ကို သိသိသာသာ ပါသွားခဲ့သည်။ "ကောင်းပြီ။ ဒါဆို မနက်ဖြန်မှ ထပ်လာတွေ့မယ်။"
သူမ သေသေချာချာ ပြန်လဲပြီးသည်နှင့် ရှောင်ယွမ်ရှစ်က ထွက်သွားခဲ့သည်။
ရှောင်ယွမ်ရှစ် ထွက်သွားပြီးသည်နှင့် ထောင်လျိုက မြူးထူးစွာ ရယ်မောခဲ့သည်။
ကောချွန်းရု အခု နင့်အလှည့်ပဲ။
တစ်ဖက်က ကောချွန်းရုကလည်း ထောင်လျိုရဲ့ အဆောင်မှာ ဖြစ်ပျက်ခဲ့သည့် ကိစ္စတွေ အကုန်လုံးကို သိခဲ့သည်။
အဆောင်ခြံဝန်းက အစေခံမလေးတွေ အကုန်လုံးက သူမရဲ့ လူတွေ ဖြစ်သည်။
သူတို့နှစ်ယောက်ကြားက စကားတွေကိုကြားတော့ ကောချွန်းရုက ထပ်ပြီးတော့ အခန်းထဲက ပစ္စည်းတွေကို ရိုက်ခွဲခဲ့လေသည်။ "အပျက်မ ဟန်များတဲ့ အပျက်မ။"
ထောင်လျိုရဲ့ စကားတွေကို သူမ မယုံပေ။
ဒါ့အပြင် အပေါ်ယံကတော့ သူမ ကောင်းဖို့အတွက် ပြောခဲ့သလိုဆိုပေမယ့် တကယ်တမ်းကျတော့ ထိုအပျက်မက ရှောင်ယွမ်ရှစ်ရှေ့မှာ သူမကို တမင်သက်သက် ထောင်ချောက်ဆင်ခဲ့တာ ဖြစ်သည်။
ရှောင်ယွမ်ရှစ်က သူမ အဆောင်ကို ထပ်လာနေတာကို သူမ မသိခဲ့ပေ။
သူက ပစ္စည်း ရိုက်ခွဲသံ ဆဲဆိုသံတွေကို ကြားခဲ့လေသည်။
သူက ပိုပြီးတော့ မျက်မှောင်ကြုတ်သွားခဲ့သည်။
ကောချွန်းရုရဲ့ လက်ရှိအမူအရာက သူမရဲ့ အရင်က နူးညံ့စင်ကြယ်သည့် အသွင်အပြင်ကို ဖျက်စီးပစ်ခဲ့သည်။
သို့ပေမယ့် သူလုပ်ချင်သည့်ကိစ္စကိုတွေးပြီး အားတင်းကာ ဝင်သွားခဲ့သည်။
ကောချွန်းရုက ပန်းအိုးကို ရိုက်ခွဲမည့် အချိန်မှာပဲ အပြင်က အစေခံမလေး ရှောင်ယွမ်ရှစ်ကို နှုတ်ဆက်သံအား ကြားလိုက်ရလေသည်။
သူမက ပန်းအိုးကို စားပွဲပေါ် ချက်ချင်း ပြန်တင်ခဲ့သည်။
သူမက အားနည်းချင်ယောင်ဆောင်ကာ ထိုင်ချခဲ့သည်။
အဓိက အချက်က သူမ အိပ်ရာပေါ်ပြန်သွားဖို့ အချိန်မရှိတော့လို့ဖြစ်သည်။
ရှောင်ယွမ်ရှစ်က အခန်းထဲဝင်လာပြီး အောက်က ကြွေထည်အကွဲတွေကို မမြင်ချင်ယောင်ဆောင်ခဲ့သည်။
"ချွန်းရု နေရတာ အဆင်ပြေရဲ့လား။"
ကောချွန်းရုက တိုးလျစွာ ပြောခဲ့သည်။ "ကျွန်မ ကျန်းမာရေးကို ဂရုစိုက်ဖို့ အမှတ်ရသေးသားပဲ။"
ထိုစကားတွေက သူ့ကို မကြည်မလင်ဖြစ်စေခဲ့သည်။
လျိုရုကို သွားတွေ့သည့်အချိန်တုန်းက သူမက ပိုပြီး စဥ်းစားဆင်ခြင်နိုင်စွမ်း ရှိသည်။
"မင်းက ကိုယ့်မိန်းမပဲကို၊ သေချာပေါက် ဂရုစိုက်ရမှာပေါ့။"
ကောချွန်းရု ပြဿနာထပ်ရှာမှာ စိုးရိမ်တာကြောင့် သူက ဆက်ပြောခဲ့သည်။ "စကားမစပ် ချွန်းယီကို ဘယ်ကိုနေရာချပေးရမလဲဆိုတာ စဥ်းစားပြီးပြီ။"
သည်းခံကာ သူ့ကို ချော့ဖို့ ပြင်နေသဖြင့် ကောချွန်းရုပင် စကားလမ်းကြောင်းလွဲသွားခဲ့သည်။ "သူ့ကို ဘယ်သွားဖို့ စီစဥ်ပေးထားတာလဲ။"
ရှောင်ယွမ်ရှစ်က သူမကိုသူမ မောင်ဖြစ်သူရဲ့ ကိစ္စဖြင့် အလျော်ပေးဖို့ လုပ်နေသည်ဟု ကောချွန်းရုက ထင်ခဲ့သည်။
ရှောင်ယွမ်ရှစ်က မလုံမလဲ မဖြစ်ခဲ့ပေ။ "ချွန်းယီ ကိုယ့်တူအကြီးဆုံးနဲ့ ကိုယ့်မိသားစုတွေနဲ့အတူ မြောက်ပိုင်းနယ်စပ်ကို သွားခိုင်းဖို့ စီစဥ်ထားတယ်။"
သူတို့ မြောက်ပိုင်းနယ်စပ်ကို ရောက်ပါက လူတစ်ယောက် လွှတ်ကာ သူ့တူအကြီးဆုံးကို မိုင်းတွင်းတူးခိုင်းခြင်း သို့မဟုတ် ပြည်နှင်ဒဏ်ပေးခံရသည့်လူတွေနှင့် အလုပ်လုပ်ခိုင်းခြင်းတို့ကို လုပ်ခိုင်းမည်ဖြစ်သည်။
သူ့ယောက်ဖကို အနည်းငယ် ဒုက္ခခံစေဖို့ မြောင်ပိုင်းနယ်စပ်ကို ပို့လိုက်ကြောင်း ဘုရင်ကြီးကို တင်ပြလို့ ရသည်။
ဒါဟာ ရှောင်သခင်မကြီး၊ သူ့အကြီးဆုံးတူနှင့် ကျန်လူတွေ သူ့အပေါ် မကျေမနပ်ဖြစ်နေတာတွေကို လျော့သွားစေနိုင်သည်။
ကောချွန်းရုက ကြက်သေသေသွားခဲ့သည်။ "စစ်တပ်ထဲ မဝင်နိုင်ရင်တောင် ဘာလို့ မြောက်ပိုင်းနယ်စပ်ကို သွားရမှာလဲ၊ ဒါ့အပြင် သူက ရှင့်တူအကြီးဆုံးနဲ့ တခြားလူတွေနဲ့ သွားရမှာလေ။"
ရှောင်ယွမ်ရှစ်က ဆင်ခြေကို တွေးပြီးသားဖြစ်သည်။ "စစ်တပ်ထဲ မဝင်နိုင်တော့ မြို့တော်က သူများတွေရဲ့ လှောင်ပြောင်ခြင်းခံရမှာပေါ့၊ မြောက်ပိုင်းနယ်စပ်ကို သွားတိုက်တာ ပိုကောင်းပါတယ်၊ ကိုယ့်တူအကြီးဆုံးကိုလည်း သူ့ကို စောင့်ကြည့်ခိုင်းလို့ရတာပေါ့၊ ကိုယ့်တူအကြီးဆုံး အမှားလုပ်တာနဲ့ သူ့နေရာကို သူ ဝင်ယူလို့ ရတယ်လေ၊ သူက စီရင်စုတရားသူကြီးမင်း စဖြစ်တာနဲ့ နယ်စပ်က ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူ့ကို တရားသူကြီးမင်းခေါင်းဆောင်အဖြစ် ရာထူးတိုးပေးအောင် ပြောပေးမယ်၊ နယ်စပ်မှာ နှစ်နှစ်နေပြီးတာနဲ့ မြို့တော်ပြန်ပြောင်းလို့ရအောင် ဒါမှမဟုတ် ကြွယ်ဝတဲ့နေရာမှာ အရာရှိဖြစ်အောင် ကူညီပေးမယ်။"
ကောချွန်းရုက ထိုကိစ္စကို သိပ်မတွေးပေ။
သူမခင်ပွန်းက သူမမောင်လေးအတွက် တကယ်တွေးပေးသည်ဟုသာ ထင်ခဲ့သည်။
သူမမောင်လေးက ရှောင်မိသားစုဟောင်းနှင့် အတူတူနေရမှာကို မနှစ်မြို့သော်လည်း ဒါဟာ သူမမောင်လေးအတွက် အခွင့်အရေးဖြစ်သည်။
ထို့ကြောင့် သူမက ခေါင်းငြိမ့်ပြခဲ့သည်။ "ကောင်းပြီ။"
သူမက အခွင့်အရေးယူကာ ပြောခဲ့သည်။ "ဒါပေမဲ့ သူ့အတွက် ပိုက်ဆံတွေ အများကြီး ပြင်ပေးလိုက်ရမယ်။"
ရှောင်ယွမ်ရှစ်က နှစ်သိမ့်ခဲ့လေသည်။ "ဒါပေါ့။"
ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးမြေးနှင့် ကျန်လူတွေ ပြဿနာရှာမှသာ ကောချွန်းယီ ပြဿနာနဲ့ ရင်ဆိုင်ရမည် ဖြစ်သည်။
ဒါတွေဟာ သူနှင့် ဘာမှ မဆိုင်ပေ။
ပိုက်ဆံအများကြီးပေးရတာကို သူ စိတ်ထဲမထားပေ။
ပိုက်ဆံဖြုန်းလိုက်ပါက သူ့ရင်ထဲက အပြစ်မကင်းစိတ် အနည်းငယ်လည်း ပျောက်သွားမည်ဖြစ်သည်။