Ch 222
Viewers 33k

အခန်း(၂၂၂) - မဟုတ်ပါက သူ့ဆီမှာ မတူညီသည့်အတွေး ရှိနိုင်သည်


နောက်တစ်နေ့ မနက်ခင်းညီလာခံတွင်ဖြစ်သည်။


မျှော်လင့်ထားသည့်အတိုင်း စိစစ်ရေးအရာရှိက ညီလာခံမှာ သူ့ကိစ္စကို တင်ပြခဲ့သည်။


သူက စိတ်ပိုင်းဆိုင်ရာကို ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း သူ့လုပ်ဖော်ကိုင်ဖက်တွေဆီက အထင်သေးရွံရှာသည့် အကြည့်တွေကို မြင်လိုက်ရသည့်အခါ မသက်မသာနှင့် မကြည်မရွှင် ဖြစ်သွားခဲ့လေသည်။


ရှောင်ဟန်ကျန့်နှင့် ဆွေခန်းမျိုးခန်း ဖြတ်တောက်ခဲ့တာကိုပင် နောင်တအရဆုံး ဖြစ်ခဲ့သည်။


ဒါ့အပြင် ဒီနေ့ မတော်တဆဟာလည်း ကောချွန်းရုကြောင့် ဖြစ်ခဲ့တာဖြစ်သည်။


ထို့ကြောင့် သူကပထမဆုံးအနေဖြင့် သူချစ်ရသည့် ဇနီးလေးကို မကျေမနပ် ဖြစ်မိခဲ့လေသည်။


မူလကတည်းက ရှောင်ယွမ်ရှစ်ကို မကျေမနပ်ဖြစ်နေသည့် ဘုရင်ကြီးက အခွင့်ကောင်းယူကာ ညီလာခံမှာ ရှောင်ယွမ်ရှစ်ကို အပြစ်တင်ဆုံးမခဲ့လေသည်။


ထိုအရာက ရှောင်ယွမ်ရှစ်ကို ပိုအရှက်ရစေကာ အနည်းငယ် ပျာယာခတ်သွားစေခဲ့သည်။


ရတနာမြေပုံကို ဆက်သဖို့ ဆက်လက်နှောင့်နှေးနေလို့ ရသည့်ပုံမပေါ်တော့ပေ။


စွန့်လွှတ်မှသာ အောင်နိုင်လိမ့်မည်။


ညီလာခံပြီးသွားပြီးနောက် သူနှင့် ရင်းနှီးသည့် မိတ်ဆွေတစ်ယောက်က အရင်ဆုံး စကားလာပြောခဲ့လေသည်။


"ရှောင်ဟန်ကျန့်က တကယ်ပဲ မင်းရဲ့ သားလား။"


ရှောင်ယွမ်ရှစ်က ဒီမေးခွန်းကို မဖြေချင်သော်လည်း စိတ်မရှည်မှုကို သည်းခံကာ ခေါင်းငြိမ့်ပြခဲ့သည်။ "အင်း။"


ဘုရင့်ဦးရီးတော်နှင့် မတော်တဆကိစ္စပြီးသွားကတည်းက သူနှင့်ဆက်ဆံရေးကောင်းသည့် မိတ်ဆွေအများစုက သူနှင့်ခပ်ဝေးဝေးနေခဲ့ကြသည်။


ထို့ကြောင့် အခုဆိုရင် ညီလာခံမှာ သူနှင့် ပြောဆိုဆက်ဆံသည့် လူတွေက သိပ်မရှိပေ။


သူက မနှစ်သက်သည့် အကြည့်ဖြင့် ကြည့်ခဲ့သည်။ "ဒီကိစ္စမှာ ခင်ဗျားက ကမောက်ကမဖြစ်သွားခဲ့တာပဲ၊ ရှောင်ဟန်ကျန့်က သားကောင်းတစ်ယောက် ဟုတ်မဟုတ်ဆိုတာ မပြောသေးဘူး၊ သူက အောင်မြင်တဲ့ကောင်လေး တစ်ယောက်ပဲ၊ ဘာလို့ သူနဲ့ ဆွေခန်းမျိုးခန်း ဖြတ်တောက်လိုက်တာလဲ။"


ဒါတွေက သူ ရှောင်ယွမ်ရှစ်ကို သူငယ်ချင်းတစ်ယောက်လို ဆက်ဆံလို့ပြောတာဖြစ်သည်။


ရှောင်ယွမ်ရှစ်က သက်ပြင်းသာချခဲ့သည်။ "အဲ့တုန်းက ကျန့်အာအမေကြောင့် လက်ရှိမိန်းမရဲ့ ကိုယ်ဝန်ပျက်ကျသွားခဲ့တာ၊ အဲ့အချိန်တုန်းက သွေးပူနေတုန်း လုပ်ခဲ့မိတာပါ၊ အစက ရွာက မိဘဘိုးဘေးတွေကို ကန်တော့ပြီး မြို့တော်ကိုပြန်တဲ့အခါ ကျန့်အာတို့မောင်နှမကို မြို့တော်ကိုခေါ်ပြီး ပျိုးထောင်ဖို့ စီစဥ်ခဲ့ပေမယ့် ကျန့်အာက ငြင်းဆိုခဲ့တယ်။"


သူ့မိတ်ဆွေက ခဏလောက် တွေးပြီးနောက် သူ့ကို နှစ်သိမ့်ခဲ့လေသည်။ "မင်းရဲ့ မိန်းမက တော်တော် မကောင်းတာဘဲ၊ ရှေ့လျှောက် သူ့စကား လျော့နားထောင်။"


ရှောင်ယွမ်ရှစ်ရဲ့ လက်ရှိဇနီးက မယားငယ်ဖြစ်ခဲ့ရုံသာမက ပထမ မယားကို ရာထူးတစ်ဆင့်နိမ့်အောင်လုပ်ဖို့အတွက် ကိုယ့်ဘာသာကိုယ် ကိုယ်ဝန်ပျက်ကျအောင် လုပ်ခဲ့သည့်သတင်းတွေကိုပါ သူ အကုန်ကြားခဲ့သည်။


ထိုစကားတွေကို ရှောင်ယွမ်ရှစ်ရဲ့ အမေကိုယ်တိုင် ပြောခဲ့တာကြောင့် ဘယ်သူမှ သံသယ မဝင်ခဲ့ပေ။


သူ ထိုသို့ပြောလိုက်တော့ ရှောင်ယွမ်ရှစ်က အလွန်စိတ်ရှုပ်သွားခဲ့ပြီး ဝတ်ကျေတန်းကျေသာ ပြန်ပြောခဲ့လေသည်။ "အင်း… သူက အဲ့လိုဖြစ်နေလိမ့်မယ်လို့ ကျွန်တော်လည်း မထင်မိခဲ့ဘူး၊ အနာဂတ်မှာတော့ ဒီလိုလုပ်လို့မရတော့ပါဘူး။"


သူတို့နှစ်ယောက်က ခဏလောက် စကားပြောပြီးနောက် လမ်းခွဲခဲ့ကြလေသည်။


ထိုကိစ္စကြောင့် ကောချွန်းရုရဲ့ ဂုဏ်သတင်းလည်း ပျက်စီးသွားတာကို ရှောင်ယွမ်ရှစ် သိသည်။


တကယ်တော့ သူ့အမေသာ ဒီကိစ္စကို မပြောခဲ့ပါက အမျိုးသမီးခုန်ကို ကောချွန်းရု အကောက်ကြံခဲ့သည့်အကြောင်း သူ သိမည် မဟုတ်ပေ။


ဟိုးတုန်းကတော့ ကောချွန်းရုကို သူ တကယ်ချစ်ခဲ့သည်။ ကိုယ်ဝန်ပျက်ကျခဲ့သည့်ကိစ္စကြောင့် သူမ ရင်ကွဲမတတ် အော်ငိုခဲ့တာကိုကြားပြီး သူ့ရင်တွေနာခဲ့ရသည်။


သူ မျှော်လင့်ထားသည့် ကလေး ပျက်ကျသွားတာကြောင့် သူ ဝမ်းနည်းခဲ့ရသည်။


ထို့ကြောင့် အမျိုးသမီးခုန်နှင့် သူမ မွေးခဲ့သည့် ကလေးတွေကို ဒေါသထွက်ခဲ့သည်။


အခုတော့ ကောချွန်းရုနှင့် သူ့အမေကြောင့် မြို့တော်မှာ သူက လှောင်ရယ်စရာတွေ ဖြစ်ခဲ့ရသည်။


ထို့ကြောင့် သူက စစ်သူကြီးစံအိမ်ကို ပြန်ခဲ့သည်။


သူက မူလက ကောချွန်းရုရဲ့ အဆောင်ကို သွားဖို့ ပြင်ခဲ့ပေမယ့် ရုတ်တရက်ကြီး ရပ်လိုက်ကာ လျိုရုနေသည့် ဧည့်ဆောင်ကိုသာ လှည့်ထွက်ခဲ့လေသည်။


သေချာပေါက်ကို လျိုရုက သူ့ကို အလွန်ထောက်ထားငဲ့ညှာစွာ နှစ်သိမ့်ပေးခဲ့လေသည်။


သူက ရှောင်ယွမ်ရှစ်ကို ခေါင်းအစ ခြေအဆုံး တွေးပေးခဲ့ပြီး ကောချွန်းရုအကြောင်း ပြောသည့်အခါလည်း အလွန်တလေးတစားပြောခဲ့သည်။


ရှောင်သခင်မကြီးနှင့်ကျန်လူတွေကလည်း ထောင်လျိုအပေါ် အမြင်ပြောင်းသွားခဲ့ကြသည်။


သူတို့က သူမကို ရင်းနှီးအောင် အရင် ချည်းကပ်ခဲ့သည်။


ထောင်လျိုက သူတို့ချွေးမနှင့်ပင် တူနေခဲ့သည်။


ကောချွန်းရုက အလွန်ဒေါသထွက်သွားကာ ဖျားခဲ့သည်။


ရှောင်မိသားစုဟောင်းကို မြောက်ပိုင်းနယ်စပ်ကို မြန်မြန်ပို့အတွက် သူမက ရှောင်ယွမ်ရှစ်ကို အလျင်အမြန်တိုက်တွန်းခဲ့လေသည်။


သူမ တကယ်သည်းမခံနိုင်တော့ပေ။


သူမ ထပ်ပြောလိုက်တော့ ရှောင်ယွမ်ရှစ်က ထပ်ပြီး မသက်မသာခံစားသွားခဲ့ရသည်။


ဟိုးတုန်းကတည်းက သူတို့ကို မြောက်ပိုင်းနယ်စပ်ကိုပို့ဖို့ သူပြောခဲ့ပြီးသားဖြစ်သည်။


ရှောင်မိသားစုဟောင်းကို ထိုချွေးမဆိုးဖြင့် ထိပ်တိုက်တွေ့အောင် စီစဥ်ခဲ့သူက ကောချွန်းရုသာဖြစ်သည်။


အခုတော့ သူက အကြိမ်များစွာ နောက်ကျောက ဓားထိုးခံခဲ့ရကာ အရှက်ကွဲမှုများစွာကို ရင်ဆိုင်ခဲ့ရလေသည်။


သို့ပေမယ့် သူက မကျေမချမ်း ဖြစ်နေဆဲ ဖြစ်သည်။


သူတို့ကို တတ်နိုင်သမျှ မြန်မြန်ပို့ဖို့လိုနေဆဲဖြစ်သည်။


ထို့ကြောင့် စီစဥ်စရာရှိတာတွေကို အမြန်စီစဥ်ပြီး ရှောင်သခင်မကြီးရဲ့ အဆောင်ကို သွားခဲ့သည်။


ရှောင်သခင်မကြီးက ငှက်တိုက်သောက်နေပြီး အမျိုးသမီးဝူက သူမ ပခုံးကို နှိပ်ပေးနေသည်။


ရှောင်ယွမ်ရှစ် ဝင်လာတော့ ရှောင်သခင်မကြီးက ချစ်ခင်သည့်အပြုံးပြုံးပြခဲ့လေသည်။ "ယွမ်ရှစ် ရောက်ပြီလား။"


ရှောင်ယွမ်ရှစ်က အားတင်းပြုံးခဲ့သည်။ "အမေ့ကို ပြောစရာရှိလို့။"


ရှောင်သခင်မကြီးက ခေါင်းငြိမ့်ပြခဲ့သည်။ "ပြောလေ။"


ရှောင်ယွမ်ရှစ်က ပြောခဲ့သည်။ "မြောက်ပိုင်းနယ်စပ်က စီရင်စုတရားသူကြီးမင်းက နေမကောင်းဖြစ်နေတာကြောင့် သူ့အလုပ်တွေကို လက်လွှဲပေးဖို့ လူလိုနေလို့ တူကြီးကို စောစောပို့မှရမှာ၊ အမေတို့အတွက် အကုန်ပြင်ဆင်ပေးပြီးပြီဖြစ်တာကြောင့် အမေတို့ ၃ရက်အတွင်း သွားရမယ်။"


သူမသားက အစီအစဥ်ရှိပြီးသားဆိုတာ ရှောင်သခင်မကြီး သိသည်။


မဟုတ်ပါက ဘာကြောင့် သူတို့ကို အမြန်ဆုံးပို့ဖို့ကြိုးစားမည်နည်း။


ကောချွန်းရုက သူ့ကို ချော့မြူကာ ပြောခဲ့တာဖြစ်ကြောင်း လျိုရုဆီက သူတို့ သိပြီးသား ဖြစ်သည်။


သို့ပေမယ့် သူတို့က ထွက်သွားမည့်လူတွေဖြစ်တာကြောင့် သူမ သားကို အခက်တွေ့အောင် မလုပ်ချင်တော့ပေ။


အနာဂတ်မှာ သူ့ဆီက အကူအညီများစွာ လိုနေသေးသည်။


သူမက ခေါင်းငြိမ့်ပြခဲ့သည်။ "ကောင်းပြီ၊ နင့်သဘောပဲ။"


သူမက ဆက်ပြောခဲ့သည်။ "ဒါဆို ငွေတွေကျတော့ကော။"


ရှောင်ယွမ်ရှစ်က သူတို့ကို ကြောက်နေပြီ ဖြစ်သည်။


အရာအားလုံးကို ပိုက်ဆံဖြင့် ဖြေရှင်းလို့ရမည်ဆိုပါက ပြဿနာ မရှိပေ။ "ကျွန်တော် ပြောခဲ့တဲ့အတိုင်းပဲ၊ ဘဏ္ဍာစိုးကို စီစဥ်ခိုင်းလိုက်မယ်၊ အမေတို့ ငွေစာရင်းယူသွားလို့ရတယ်။"


သူက ဒီကိစ္စကို ကောချွန်းရုကို မကိုင်တွယ်ခိုင်းရဲတော့ပေ။ မဟုတ်ပါက နှစ်ဖက်လုံး ပြဿနာ ထပ်တက်လိမ့်မည်။


ထိုစကားကိုကြားတော့ ရှောင်သခင်မကြီးရဲ့ အပြုံးက ပိုနက်နဲသွားခဲ့သည်။


သူမက ရှောင်ယွမ်ရှစ်ရဲ့လက်ကိုကိုင်ကာ ပြောခဲ့သည်။ "ယွမ်ရှစ် နင်က သိပ်သိတတ်တဲ့သားပဲ။"


အဲ့လိုမဖြစ်ချင်ပါဘူးဟုတွေးကာ ရှောင်ယွမ်ရှစ်က သက်ပြင်းချခဲ့သည်။


သူက ဆက်လက်ကာ ချော့ပြောခဲ့သည်။ "အမေတို့ကို မြို့တော်ကို စောစော ပြန်ခေါ်ပါ့မယ်။"


အမေရှောင်က ပိုမိုပြီး ချစ်မြတ်နိုးစွာ ပြုံးခဲ့သည်။ "ဒါဆိုရင်တော့ သားကိုပဲ ထပ်ပြီး အနှောင့်အယှက်ပေးရမှာပဲ၊ စကားမစပ် အမေ သားကိုတော့ စိတ်ပူနေတုန်းပဲ။"


သူမက သူ့ကို စိုးရိမ်စွာ ကြည့်ခဲ့သည်။ "အမေတို့ထွက်သွားပြီးရင် မင်းရဲ့ ပြဿနာရှာတတ်တဲ့မိန်းမက မင်းတို့မိသားစုကို ဖြိုခွဲပစ်မှာ စိုးရိမ်မိတယ်၊ ဒါကြောင့် မနက်ဖြန်ကျရင် လျိုရုနဲ့ မင်္ဂလာဆောင်လိုက်တော့၊ ဒါမှ မြောက်ပိုင်းနယ်စပ်ကို အမေ စိတ်အေးအေးနဲ့ သွားနိုင်လိမ့်မယ်။"


လျိုရုကို အမည်သတ်မှတ်ချက်တစ်ခုဖြင့် စံအိမ်ထဲ မထည့်သွင်းခဲ့ပါက နောက်ကျရင် တိရိစ္ဆာန်မ ကောချွန်းရုက လျိုရုကို နှင်ထုတ်ခဲ့ရင် မည်သိူ့လုပ်မည်နည်း။


ထိုသို့ဖြစ်စေလို့မရပေ။


ရှောင်မိသားစုဟောင်းရဲ့အကြီးဆုံးမြေးကို နှစ်နှစ်အတွင်း မြို့တော်ကို ပြန်ပြောင်းရွှေ့ပေးအောင် လျိုရုဖြင့် ရှောင်ယွမ်ရှစ်ကို ချော့မြူပြောခိုင်းရမည်။


အကယ်၍ ထိုတိရိစ္ဆာန်မသာ အာဏာရသွားပြီး သူမရဲ့သားကို နေ့တိုင်းဖိအားပေးခဲ့ပါက မအီမသာဖြစ်လိမ့်မည်။


သူတို့တွေ ဘယ်တော့မှပြန်လာမရရနိုင်တာဖြစ်သွားနိုင်သည်။


ရှောင်ယွမ်ရှစ်က ကြက်သေသေသွားခဲ့သည်။ "အမေ အရမ်းမမြန်လွန်းဘူးလား။"


ရှောင်သခင်မကြီးက သူ့ကိုတစ်ချက်ကြည့်ခဲ့သည်။ "ဒါ နင့်မျိုးရိုးသွေးသားနဲ့ သက်ဆိုင်တာလေ၊ ဘာကို မြန်ရမှာလဲ၊ အမေ့စကားကို နားထောင်လို့ မမှားဘူး၊ ငါနင့်ကို အန္တရာယ်မပေးဘူး။"


အမေ လုံလုံလောက်လောက် အန္တရာယ်ပေးပြီးသွားပြီ မဟုတ်ဘူးလားဟု ရှောင်ယွမ်ရှစ်က တွေးလိုက်သည်။


သူက ကသိကအောက်ဖြစ်စွာ ပြောခဲ့သည်။ "ဒါက လျိုရု သဘောမတူမှာ စိုးရိမ်တယ်။"


သူ့ဇနီးကို ရှင်းပြဖို့လည်း ခက်သည်။


လျိုရုကို သူ့ကိုယ်လုပ်တော်အဖြစ် သူ့ဇနီးလက်ခံလာအောင် ဖြည်းဖြည်းချင်း လုပ်ချင်ခဲ့တာ ဖြစ်သည်။


ရှောင်သခင်မကြီးက မျက်လုံးလည်ခဲ့လေသည်။


သဘောမတူတာမှ ထူးဆန်းနေဦးမည်။


သူမက ပြောခဲ့သည်။ "ဒီကိစ္စ ငါ့ကို လွှဲထားလိုက်၊ ကိုယ်လုပ်တော်လုပ်ဖို့ လျိုရု သဘောတူဖို့ ငါကတိပေးတယ်။"


ရှောင်ယွမ်ရှစ်က ချက်ချင်း ခေါင်းခါပြခဲ့သည်။ "ထားလိုက်ပါ။ ဒီကိစ္စကို သားဖြေရှင်းလိုက်ပါ့မယ်။"


ရှောင်သခင်မကြီးရဲ့ မျက်နှာက မည်းမှောင်သွားခဲ့သည်။ "ဒါဆိုငါ မြောက်ပိုင်းနယ်စပ်ကို မသွားတော့ဘူး၊ မြို့တော်မှာပဲနေမယ်၊ နင့်မှာ ကိုယ်လုပ်တော်တစ်ယောက်ရှိမှ ငါနင့်အဖေဆီ လိုက်သွားမယ်။"


ရှောင်ယွမ်ရှစ်က ဆွံ့အသွားခဲ့သည်။ ကျွန်တော့်ကို နာကျင်အောင် မလုပ်ပါနဲ့တော့။


သူ မော့ကြည့်လိုက်တော့ သူမရဲ့ အတည်ပေါက် မျက်နှာထားကို တွေ့လိုက်လေသည်။


သူက ရင်တုန်သွားခဲ့သည်။ "ကောင်းပြီ။ ဒါဆို ကျွန်တော် အမေ့ကိုပဲ ဒုက္ခပေးပါရစေ။"


ရှောင်သခင်မကြီးကို သူ ဆက်မနေစေချင်ပေ။


ရှောင်သခင်မကြီးက ထပ်ပြုံးခဲ့သည်။ "သေချာကူညီပေးမှာပေါ့။"


ထို့ကြောင့် ထိုနေ့မှာပဲ သူမက ဧည့်သည်အဆောင်ကို သွားခဲ့သည်။


သူမက ဖျောင့်ဖျမှုများစွာလုပ်ခဲ့ပြီး နံရံဖြင့် ဆောင့်တိုက်ကာ သတ်သေမည်ဟုပြောကာပါ ခြိမ်းခြောက်ခဲ့သည်။


ထို့ကြောင့် လျိုရုကလည်း ရွေးစရာမရှိဘဲ စစ်သူကြီးစံအိမ်မှာနေကာ ရှောင်ယွမ်ရှစ်အတွက် ကလေးတစ်ယောက် မွေးပေးမည်ဟု သဘောတူခဲ့ရလေသည်။


သူတို့နှစ်ယောက်လုံးက ဟန်ဆောင်သရုပ်ဆောင်နေကြတာဖြစ်သည်။


ဒီကိစ္စဟာ တမင်လုပ်တာဖြစ်ကြောင်း ကောချွန်းရုက သိသွားခဲ့သည်။


သို့ပေမယ့် ရှောင်ယွမ်ရှစ်က မသိခဲ့ပေ။


သူ့အမေက မယုံကြည်ရဘဲ သူ့ကို အကြိမ်တိုင်း အန္တရာယ်ပြုသော်လည်း သူ့သွေးသားမျိုးဆက်ကို စိုးရိမ်ပေးကြောင်းပင် ကြေကွဲပူဆွေးခဲ့သေးသည်။


သူက လျိုရု အပေါ်အပြစ်မကင်းစိတ် ပိုဖြစ်ခဲ့သည်။ သူ့အမေသာ အသက်ဖြင့် မခြိမ်းခြောက်ခဲ့ပါက လျိုရုက သဘောတူမည်မဟုတ်ခဲ့ပေ။


ဒီအကြံတွေဟာ သူ့ရဲ့ ချွေးမဆိုး ပေးခဲ့တာဖြစ်ကြောင်း သူ မသိခဲ့ပေ။


မဟုတ်ပါက သူ့ဆီမှာ မတူညီသည့် အတွေး ရှိနိုင်သည်။