အခန်း(၂၂၃) - သွေးတစ်ပွက်အန်ပြီး မေ့လဲသွားခြင်း
ရှောင်ယွမ်ရှစ်က မကြာခင် ထောင်လျိုကို ကိုယ်တော်အဖြစ်ယူပြီး ထိတွေ့တော့မှာကို ကောချွန်းရုက မကျေမနပ်ဖြစ်နေခဲ့သည်။
ခြံဝန်းထဲမှာ ရုတ်ရုတ်သဲသဲ ပြဿနာရှာပြီးနောက် ကောချွန်းရုက နေမကောင်းချင်ယောင်ဆောင်ကာ ရှောင်ယွမ်ရှစ်ကို လာတွေ့ခိုင်းခဲ့သည်။
ရှောင်ယွမ်ရှစ်က သူ့ဇနီးရဲ့ ဖြူဖျော့ကာ မျက်တွင်းညိုနေသည့်အသွင်အပြင်ကိုကြည့်ပြီးနောက် အနည်းငယ် စိတ်မကောင်းဖြစ်သွားခဲ့သည်။
သူက မတ်တပ်ထရပ်ပြီး သူမဆီ သွားကာ ပွေ့ဖက်နှစ်သိမ့်မည့်အချိန်မှာပဲ ရှောင်သခင်မကြီးနှင့် သူမရဲ့ ချွေးမတွေက ရောက်လာခဲ့လေသည်။
ရှောင်ယွမ်ရှစ်က ကောချွန်းရုကို ချက်ချင်းလွှတ်လိုက်ပြီးနောက် သူ့ထိုင်ခုံသူပြန်ထိုင်ခဲ့လေသည်။
ရှောင်သခင်မကြီး ဒီကိုလာတာဟာ သူမကို ပထုတ်ဖို့ဖြစ်မည်ဟု ကောချွန်းရုက တွေးလိုက်လေသည်။
ရှောင်သခင်မကြီးက တံခါးပေါက်က ဖြတ်ဝင်လာပြီးသည်နှင့် ကောချွန်းရုကို ကြည့်ခဲ့သည်။ "အဟက် ဖြူဖတ်နေတာပဲ၊ တကယ်ဖျားနေတာလား။"
အမျိုးသမီးဝူက အပြုံးကို လက်ကိုင်ပဝါဖြင့် ဖုံးကွယ်ခဲ့လေသည်။ "အမေ သူ့မျက်နှာက အရမ်းကို ဖြူဖတ်နေတာပဲ။"
ကောချွန်းရုက စကားပြောတော့မည့် အချိန်မှာပဲ ရှောင်သခင်မကြီးက ရုတ်တရက် ရှေ့တိုးလာခဲ့ပြီး လက်ဆန့်ကာ သူမရဲ့ မျက်နှာကို အကြမ်းပတမ်း သုတ်ပစ်ခဲ့လေသည်။
ထို့နောက် သူမက လက်ချောင်းတွေကို ဖြန့်ပြခဲ့သည်။
သူမ၏ လက်ပေါ်မှာ ပေါင်ဒါမှုန့်တွေ ပေကျံနေလေသည်။ "အမလေး တကယ်ပဲ ပေါင်ဒါတွေ အများကြီးရှိနေတာပဲ။"
ကောချွန်းရုရဲ့ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး ရှောင်ယွမ်ရှစ်ကို ကြည့်လိုက်မိလေသည်။
ရှောင်ယွမ်ရှစ်ရဲ့ မျက်နှာ မည်းမှောင်သွားတာကိုတွေ့လိုက်တော့ ကောချွန်းရုက ရှေင်သခင်မကြီးနှင့် အမျိုးသမီးဝူကို လက်စားချေပစ်ချင်နေသည်။
ကောချွန်းရုက ရှင်းပြခဲ့သည်။ "နေမကောင်းတော့ ကြည့်ရအဆင်မပြေဖြစ်နေတာနဲ့ပဲ ပေါင်ဒါလိမ်းလိုက်မိတာပါ။"
ရှောင်သခင်မကြီးက ခနဲ့ခဲ့သည်။ "ထွီး… ငါတို့ကို ငတုံးထင်နေတာလား၊ ကြည့်ရအဆင်မပြေဖြစ်နေရင် ပါးနီလိမ်းရမှာ မဟုတ်ဘူးလား၊ ဘာလို့ ပေါင်ဒါလိမ်းတာလဲ။"
သူမက ရှောင်ယွမ်ရှစ်ကို လှည့်ပြောခဲ့သည်။ "သား သူက သားကို ငတုံးလို ဆက်ဆံနေတာ။"
မနေ့ညက သူမရဲ့ သားအကြီးဆုံးကို တိတ်တဆိတ်လွှတ်ပြီး ရှစ်ချင်းလျို့တို့ လင်မယားကို သွားတွေ့ခိုင်းခဲ့သည်။
ဒီတိရိစ္ဆာန်မကို ကိုင်တွယ်ဖို့ နည်းလမ်းတချို့ကို သူမ ရခဲ့သည်။
ရှစ်ချင်းလျို့ ပြောခဲ့သည့်အတိုင်း ထိုတိရိစ္ဆာန်မက နေမကောင်းချင်ယောင်ဆောင်ကာ သူမသားကို လှည့်စားဖို့လုပ်ခဲ့သည်။
အကယ်၍ ရှစ်ချင်းလျို့သာ သတိမပေးခဲ့ပါက သူမမျက်နှာ အလွန်ဖြူနေတာဟာ ပေါင်ဒါကြောင့်ဖြစ်မည်ဟု သူမ သိမည် မဟုတ်ပေ။
ကောချွန်းရုက ငိုချမတတ်ဖြစ်နေကာ အမြန်ရှင်းပြခဲ့သည်။ "မဟုတ်ပါဘူး၊ အဲ့လိုမလုပ်ခဲ့ပါဘူး။"
ရှောင်ယွမ်ရှစ်က ထပ်ပြီးတော့ ဒေါသထွက်သွားခဲ့သည်။
သူက ကောချွန်းရုကို စိုက်ကြည့်ပြီးနောက် ရှောင်သခင်မကြီးကို မေးခဲ့သည်။ "အမေ ဒီကို ဘာကိစ္စရှိလို့လာတာလဲ။"
ကောချွန်းရုက ပေါင်ဒါကိုသုံးပြီး ဖျားနာချင်ယောင်ဆောင်ကာ သူ့ကို လှည့်စားလိမ့်မည်ဟု သူ မထင်မိခဲ့ပေ။
ထိုအရာက သူ့ကို စိတ်မကြည်မလင်ဖြစ်စေခဲ့သည်။
သူမက ပိုပိုပြီးတရားလွန်လာခဲ့သည်။
ရှောင်သခင်မကြီးက ထိုင်ခဲ့သည်။ "နင်တို့ကို ပြောစရာရှိလို့လာတာ၊ နင့်ရဲ့ အစ်ကိုကြီး၊ တတိယညီလေး၊ အကြီးဆုံးတူနဲ့ ဒုတိယတူလေးကိုလွှတ်ပြီး စာတွေကူပို့ပေးဖို့ သူတို့သူငယ်ချင်းတွေကို ရှာခိုင်းခဲ့တယ်။"
သူမက သူတို့နှစ်ယောက်ကို အဓိပ္ပာယ်ပါပါကြည့်ခဲ့သည်။ "နင်တို့လုပ်တို့ ငါတို့ မြောက်ပိုင်းနယ်စပ်ကိုသွားတဲ့လမ်းမှာ အကယ်၍ ဓားပြတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့အခါ သူတို့က စာတွေကို မြို့တော်တရားသူကြီးမင်းနဲ့ ရှီစံအိမ်ကို ပို့ပေးလိမ့်မယ်၊ ရှီလွေ့က ငါတို့အတွက် အလွန်ပျော်ရွှင်စွာနဲ့ ကူညီစုံစမ်းပေးမယ်လို့ ငါယုံတယ်။"
ထိုစကားတွေက ကောချွန်းရုနှင့် ရှောင်ယွမ်ရှစ်ကို ထိတ်လန့်သွားစေခဲ့သည်။
ရှောင်သခင်မကြီး ဘယ်တုန်းက ဒီလောက်ထိ ဉာဏ်ကောင်းလာတာလဲ။
မဟုတ်ဘူး။ ဒါတွေက ရှစ်ချင်းလျို့သင်ပေးခဲ့တာပဲဖြစ်မယ်။
ရှောင်ယွမ်ရှစ်က ခေါင်းကိုက်သွားခဲ့သည်။ "အမေနဲ့ အဖေက ကျွန်တော်တို့နဲ့ မြောက်ပိုင်းနယ်စပ်ကို လိုက်မှာလေ၊ ကျွန်တော်က ဘာလို့ အဲ့လိုလုပ်ရမှာလဲ။"
သူ ဟန်ဆောင်နေတာ မဟုတ်ပေ။
ရှောင်မိသားစုဟောင်းက ပိုက်ဆံတွေအများကြီးယူသွားမှာကို သူ မကျေနပ်သော်လည်း လမ်းတစ်ဝက်မှာ လုယက်ခိုင်းဖို့တော့ သူစိတ်မကူးခဲ့ပေ။
ထိုအစား သူတို့တွေ မြောက်ပိုင်းနယ်စပ်ကိုရောက်အောင် စောင့်ပြီးမှ လူလွှတ်ကာ မက်လုံးပေးပြီး သွေးဆောင်ခိုင်းမှာ ဖြစ်သည်။
ဤနည်းဖြင့်ဆိုပါက သက်သေ ကျန်ရှိမည် မဟုတ်ပေ။
ရှောင်သခင်မကြီးက မျက်လုံး လှန်ကြည့်ခဲ့သည်။ "နင်ကတော့ အဲ့လို မလုပ်နိုင်ပေမယ့် တချို့သောလူတွေက မတူဘူးလေ။"
သူမက ကောချွန်းရုကိုကြည့်ကာ မေးခဲ့သည်။ "ဒုတိယချွေးမလေးလည်း အဲ့လိုထင်တယ်မလား။"
ကောချွန်းရုက စောင်အောက်က လက်တွေကို လက်သီးဆုပ်အဖြစ် တင်းတင်းဆုပ်ခဲ့လေသည်။
သူမက ရှောင်သခင်မကြီးရဲ့ ထိုးနှက်ချက်တွေကို သည်းခံပြီး အံကြိတ်ကာ ပြောခဲ့သည်။ "အမေပြောတာကို ကျွန်မ နားမလည်သလို အဲ့လိုမျိုးလည်း ကျွန်မ မလုပ်ဘူး။"
အမှန်တကယ်တော့ သူမ လိမ်နေတာဖြစ်သည်။
သူမက လုပ်ကြံသတ်ဖြတ်သူတွေကို ငွေပေးဖို့ပင် စီစဥ်ပြီးပြီ ဖြစ်သည်။
ထို့နောက် ရှောင်သခင်မကြီးနှင့် ကျန်လူတွေဆီက လုယက်ပြီး ခြေလက်တွေကို ချိုးပစ်စေဖို့ ကြံခဲ့တာဖြစ်သည်။
ဒီအဖွားကြီးဆီမှာ နောက်ထပ် အစီအစဥ်ရှိနေလိမ့်မည်ဟု မထင်မိခဲ့ပေ။
ဒီနေ့ သူမက တမင်သက်သက် သူတို့ကို လာပြောပြတာ ဖြစ်သည်။
သာမာန် သတိပေးမှု မဟုတ်တာကြောင့် သူမက တခြားလူကို အကူအညီတောင်းကာ မလုပ်ရဲဘဲနေမည်လား။
ဒီအဖွားကြီးနှင့် ကျန်လူတွေက သိပ်ကိုအရှက်မဲ့လွန်းသည်။
အကယ်၍ တစ်ခုခုဖြစ်ခဲ့ပါက လူလွှတ်ကာ သူတို့ကို တရားစွဲခိုင်းလိမ့်မည်။
ရှီလွေ့က စစ်သူကြီးစံအိမ်နှင့် သူမ မောင်လေးကို အလွန်အမင်းရန်လိုနေသူ ဖြစ်သည်။
ဒါ့အပြင် သူက ခွေးမ ရှစ်ချင်းလျို့နှင့် ကောင်းမွန်သည့် ဆက်ဆံရေး ရှိသည်။
ဒီသက်သေကိုမယူခဲ့ပါကသာ ထူးဆန်းလိမ့်မည်။
ကောချွန်းရုရဲ့ သည်းခံနေရသည့် အကြည့်ကိုမြင်တော့ ရှောင်သခင်မကြီးက ရင်တုန်သွားခဲ့သည်။
ရှစ်ချင်းလျို့ ပြောသလို ဒီမိန်းမက သူတို့ကို အန္တရာယ်ပြုချင်နေပုံရသည်။
ကံကောင်းချင်တော့ သူတို့က ရှစ်ချင်းလျို့ စကားအတိုင်း စီစဥ်ခဲ့သည်။
မဟုတ်ပါက သူတို့ ဒုက္ခအကြီးအကျယ် ရောက်လိမ့်မည်။
ရှောင်သခင်မကြီးရဲ့ ရင်ထဲက အမုန်းတရားတွေက ပိုနက်နဲသွားခဲ့သည်။
သူမသားက ကောချွန်းယီကိုပါ သူတို့နှင့်အတူ မြောက်ပိုင်းနယ်စပ်ကို ခေါ်သွားခိုင်းကြောင်း သူမ ကြားပြီးပြီဖြစ်သည်။
ထို့ကြောင့် မြောက်ပိုင်းနယ်စပ်ကိုရောက်သည့်အခါ ထိုတိရိစ္ဆာန်လေးကို ကောင်းကောင်းလေး သင်ခန်းစာပေးဖို့ ပြင်ထားခဲ့သည်။
သူမက ရှောင်ယွမ်ရှစ်ကို တမင်တကာပြောခဲ့သည်။ "ဒီနေ့က လျိုရုနဲ့ နင့်ရဲ့ မင်္ဂလာရှိတဲ့ရက်လေးလေ၊ ဒီမှာ ဘာထိုင်လုပ်နေတာလဲ၊ မနေ့က နင့်အမေငါ ငါ့အသက်နဲ့ ရင်းပြီး စွန့်စားခဲ့လို့ လျိုရုက နင့်ကလေးမွေးပေးဖို့ သဘောတူခဲ့တာ။"
သူမက မျက်ခုံးပင့်ခဲ့သည်။ "သွားပြီး မပြင်ဆင်သေးဘူးလား။"
ရှောင်ယွမ်ရှစ်က ထွက်သွားချင်တာ ကြာလှပြီဖြစ်သည်။
သူ့ဇနီးနှင့် သူ့အမေ အတူတူရှိသည့်နေရာမှာ နေရတာ စိတ်ညစ်လှပြီဖြစ်သည်။
သို့ပေမယ့် သူက ကောချွန်းရုကို ဒုက္ခရောက်သည့်အကြည့်ဖြင့် ကြည့်ခဲ့သေးသည်။
ထိုအရာက ရှောင်သခင်မကြီးကို ဒေါသထွက်သွားစေခဲ့သည်။
သူမက စားပွဲကို ပြင်းထန်စွာ ရိုက်ခဲ့သည်။ "သူ့ကို ဘာလို့ ကြည့်နေတာလဲ၊ ငါက နင့်အမေလား၊ သူက နင့်အမေလား၊ နင်က မယားကြောက်လို့ လူတွေပြောနေတာလည်း မဆန်းတော့ပါဘူး၊ တော်တော်ကို အသုံးမကျတာပဲ။"
ထိုစကားလုံးတွေက ရှောင်ယွမ်ရှစ်ရဲ့ မျက်နှာကို ထပ်မံ မည်းမှောင်သွားစေခဲ့သည်။
သူမက အပြင်လူတွေဆီကို မဟုတ်သည့် သတင်း မျိုးစုံ ဖြန့်နေသူ ဖြစ်သည်။
သူ့အမေက အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်ခဲ့တာကြောင့် သူမက ထိုစကားပြောရဲခဲ့သည်။
ရှောင်သခင်မကြီးက ရှောင်ယွမ်ရှစ်ကို ဆွဲခဲ့သည်။ "မြန်မြန်သွား၊ အဲ့မှာ ရပ်မနေနဲ့။"
ထိုအခါမှ ရှောင်ယွမ်ရှစ်က ကူကယ်ရာမဲ့စွာ ထခဲ့သည်။ "ဟုတ်ပါပြီ။"
ထို့နောက် သူကိုယ်တိုင် ရှောင်သခင်မကြီးကို တွဲခေါ်သွားခဲ့သည်။ "အမေ့ကို ကျွန်တော် ပြန်လိုက်ပို့ပေးမယ်။"
သူတစ်ယောက်တည်းသာ ထွက်သွားပါက သူ့အမေက သူ့ဇနီးကို အနိုင်ကျင့်မလားဆိုတာ မပြောနိုင်ပေ။
သူက ထိုသို့ တွေးခဲ့ပေမယ့် ကောချွန်းရုကတော့ ထိုခွေးကောင် ရှောင်ယွမ်ရှစ်က ထောင်လျိုကို အမြန်ယူချင်နေပြီဟု တွေးထင်လိုက်လေသည်။
ထို့ကြောင့် သူမက အော်ပြောခဲ့သည်။ "သွားသွား… သွားပြီးရင် ပြန်မလာနဲ့။"
ကောချွန်းရုရဲ့ အဖေ မသေခင်ကတည်းက သူမက ရှောင်ယွမ်ရှစ်ကို သိပြီး ချစ်ခဲ့ရတာ ဖြစ်သည်။
ထို့ကြောင့် သူမက ရှောင်ယွမ်ရှစ်ကို ချည်းကပ်ကာ ကလူ၏မြူ၏လုပ်ခဲ့ကာ ရှောင်ယွမ်ရှစ်က သူမကို အလိုလိုက်ခဲ့သည်။
အထူးသဖြင့် သူတို့အချင်းချင်း ချစ်ကြိုက်မိသည့်အချိန်ကစ၍ သူမကို ပိုအလိုလိုက်ခဲ့သည်။
ထို့ကြောင့် သူမ ထိုသို့ပြုမူခဲ့ပါက ရှောင်ယွမ်ရှစ်က သူမကိုချော့မြူကာ ထိုမိန်းမပျက်ကို သွားရှာမည့်အစား ထိုညတော့ သူမနှင့် နေလိမ့်မည်ဟု ထင်ခဲ့လေသည်။
ရှောင်သခင်မကြီးက သူမရဲ့ ဟန်ပန်ကို မြင်ခဲ့ကာ ခနဲ့လေသည်။ "နင်က စစ်သူကြီးမိန်းမဖြစ်ရဲ့သားနဲ့ ဘာလို့ ဒီလောက် ယုတ်မာရတာလဲ၊ နင်က ငါတို့ရွာသူတွေထက်တောင် ပိုဆိုးသေးတယ်၊ ငါ့သားကို သူ့ကလေးတွေနဲ့ ဆွေခန်းမျိုးခန်း ဖြတ်တောက်အောင် ဖိအားပေးခဲ့တယ်၊ အခု နင်ကိုယ်တိုင်က ကလေးမမွေးနိုင်တော့ ငါ့သားကိုပါ နင့်ခြေရာနင်းစေချင်နေတာလား၊ နင်က တော်တော်လေးကို တစ်ကိုယ်ကောင်းဆန်ပြီး ရက်စက်တဲ့ မိန်းမပဲ၊ လျိုရုက နင့်ထက် ပိုစဥ်းစားဉာဏ်ရှိတယ်။"
ကောချွန်းရုကို အမြဲချော့မြူနေသည့် ရှောင်ယွမ်ရှစ်ပင် ထိုစကားကြားတော့ ကသိကအောက်ဖြစ်သွားခဲ့သည်။
ကလေးတွေနှင့် ဆွေခန်းမျိုးခန်း ဖြတ်တောက်အောင် သူမက ဖိအားပေးခဲ့တာ ဖြစ်သည်။
အခုတော့ သူ့ကို ကလေးမရှိစေချင်ဘူးလား။
နှိုင်းယှဥ်လိုက်ပါက လျိုရုက ပိုပြီး စဥ်းစားချင့်ချိန်တတ်သည်။
သူ့အမေက သူ့အသက်ကိုရင်းကာ သူ့အတွက် ကိုယ်လုပ်တော်ရစေခဲ့သည်။
သူသာဒီနေ့ပွဲကိုမသွားခဲ့ပါက စစ်သူကြီးစံအိမ်ကလူတွေ သူမကို မည်သို့မြင်ကုန်မည်နည်း။
အကယ်၍ သူမ ထပ်သတ်သေရင်ကော မည်သို့လုပ်မည်နည်း။
ထို့ကြောင့် သူက ကောချွန်းရုကိုကြည့်ကာ ပြောခဲ့သည်။ "အမေ့ကို အရင်ပြန်ပို့လိုက်ဦးမယ်၊ ပြီးမှ မင်းကိုလာတွေ့မယ်။"
ထို့နောက် သူက ရှောင်သခင်မကြီးကို တွဲကာ ထွက်သွားခဲ့သည်။
ကောချွန်းရုက မျက်ရည်တွေဖြိုင်ဖြိုင်ကျဆင်းလာခဲ့သည်။
သို့ပေမယ့် ရှောင်ယွမ်ရှစ်ရဲ့ နှလုံးသားကို သူမ ပိုင်သည်ဟု ယုံကြည်ကာ ပြန်လာလိမ့်မည်ဟု ယုံကြည်ခဲ့သည်။
ထို့နောက် ထိုမိန်းမပျက်ကို သွားမရှာအောင် သူ့ကိုချုပ်ထားဖို့ နည်းမျိုးစုံကို တွေးခဲ့လေသည်။
သို့ပေမယ့် ရှောင်ယွမ်ရှစ်က ညနေအထိ ပေါ်မလာခဲ့ပေ။
ထို့ကြောင့် သူမက သွားစုံစမ်းခိုင်းလိုက်တော့ ရှောင်ယွမ်ရှစ်ကို ရှစ်သခင်မကြီးက ထောင်လျိုရဲ့ ခြံထဲ အတင်းတွန်းပို့ခဲ့ကြောင်း ရှောင်ယွမ်ရှစ်ရဲ့ အဆောင်က အစေခံမလေးဆီက သတင်းရခဲ့လေသည်။
ကောချွန်းရုက ထပ်ငိုခဲ့ပေမယ့် မှိန်ပျပျ မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။
အဲ့ခြံထဲဝင်တာနဲ့ပဲ အဲ့ခွေးမကိုထိတယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူး။
အချိန်တွေ တဖြည်းဖြည်း ကုန်သွားခဲ့သည်။
သူမက အိပ်ရာထက် ထိုင်ကာ သိပ်မဝေးသည့် နေရာက ဖယောင်းတိုင်ကို တွေဝေစွာ ကြည့်နေခဲ့သည်။
ညသန်းခေါင်ယံရောက်ခါနီးမှာ အစေခံမလေးတစ်ယောက်က အရဲစွန့်တင်ပြခဲ့သည်။ "သခင်မ တစ်ဖက်က သတင်းရှိပါတယ်၊ စစ်သူကြီးက သောက်စရာ မှာကြားခဲ့ပါတယ်။"
သူက နှစ်ကြိမ်တောင် မှာခဲ့တာကိုတော့ သူမ ဆက်မပြောရဲပေ။
ထိုစကားကိုကြားတော့ ကောချွန်းရုရဲ့ မျှော်လင့်ချက်တွေ အားလျော့သွားခဲ့သည်။
သူမက သွေးတစ်ပွက်အန်ပြီး မေ့လဲသွားခဲ့သည်။