အပိုင်း ၄၇.၂
Viewers 13k

Chapter 47.2




ထန်ဝမ်းရှီကမယုံပေ။ သူက ဤသို့သော လုပ်ကြံထားသည့်စကားက ကလေးများကို လှည့်စားရန်အတွက်သက်သက်ဟု ပြောလိုက်သော်ငြား ရိုလာကိုစတာက အမြင့်ဆုံးချက်ကောင်းနေရာသို့ ရောက်ပြီး အလေးချိန်ကင်းမဲ့ကာ အရှိန်အဟုန်ဖြင့် ဆင်းသက်လာသည့် အခိုက်အတန့်၌ အေးမြသော ညနေခင်းလေနုအေးထဲတွင် သူက အော်ဟစ်လိုက်သည်။



"ယန်ချန့်ရွှမ် လူယုတ်မာ! ! "



နောက်ထပ် ဆင်းချသွားသည့် အခြား မတ်စောက်သော ကုန်းစောင်းတစ်ခုတွင် သူက နောက်ထပ်စကားတစ်ခွန်းကို အော်လိုက်ပြန်သည်။



"ယန်ချန့်ရွှမ် ငါ့ကို တွန်းထုတ်နေတာကို ရပ်လိုက်လို့ရမလား"



လူတိုင်းက အော်ဟစ်နေကြသော်လည်း ယီဟွေ့ကမူ အနီးတွင် ရှိနေသဖြင့် ထိုစကားကို သေချာကြားလိုက်ရပါသည်။ သူ့အနေဖြင့် ထန်ဝမ်းရှီတစ်ယောက် သူ့မပျော်ရွှင်မှုများကို ဤနည်းဖြင့်သာ ဖြေဖျောက်နိုင်သည့်အတွက် ဝမ်းနည်းမိသော်လည်း ထန်ဝမ်းရှန်က အနည်းဆုံးတော့ ထိုအရာအား ဖွင့်ထုတ်နိုင်သည့်အတွက်လည်း မနာလိုဖြစ်မိသည်။



သူနှင့်မတူပါချေ။ သူကတော့ ပါးစပ်တင်းတင်းစိကာ မည်သည်ကိုမှ မပြောရဲပေ။



ရိုလာကိုစတာထက်မှ ဆင်းလာပြီးနောက် ထန်ဝမ်းရှီက ယီဟွေ့၏ပုခုံးကို ဘော့စ်တစ်ယောက်ပမာ ပုတ်လိုက်လေသည်။



"အဆင်ပြေပါတယ်ကွာ ဒီလိုဟာမျိုးကိုကစားပြီးတာတောင် အေးဆေးဖြစ်နေတာ ငါ့အမေကိုတွေ့ဖို့အိမ်ကို ပျံတောင်သွားနိုင်တယ်"



ယီဟွေ့ပြုံးကာ မည်သည့်စကားမှမဆိုပေ။



သူလည်း သူ့မြို့ကိုပြန်ကာ အမေနှင့်ညီမလေးအား တွေ့လိုသော်လည်း အချိန်မကျသေးပေ။ ဤဆက်ဆံရေး၌ သူ၏နေရာအား ရှင်းရှင်းလင်းလင်း သိထားပါသည်။ သဘောတူညီချက်၏ ကန့်သတ်ချက်များကို ကျော်လွန်၍ သတ်မှတ်ထားသည့် သဘောတူညီချက်မှလွဲ၍ အခြားတစ်ခုခုကို တောင်းဆိုပါက ၎င်းကို အခြားအရာများနှင့် လဲလှယ်ပေးရမည်မှာ သေချာသည်။

 

ဒဏ်ရာရခဲ့သူကို ဆေးလိမ်းပေးရသလို ကျိုးကျင်ဟမ့်မှ ထုတ်မပြောလျှင်ပင် သူကစတင်၍ လုပ်ပေးရလိမ့်မည်။ သူတို့၏ပါဝင်ပတ်သက်မှုအားလုံးကို ဤရက်များ၌ အဆုံးသတ်ချင်၏။ သူထိုအိမ်မှ ထွက်ခွာမည့်နေ့မှာ ဘာအကြွေးမှတင်မနေဘဲ ပြန်လှည့်မကြည့်ဘဲ နှုတ်ဆက်သွားရမည့်နေ့ပင် ဖြစ်သည်။



ယင်းက ယီဟွေ့ သူ၏ဘဝနှစ်ခုလုံးတွင် နောက်ဆုံး ထိန်းသိမ်းထားသည့်အရာပင်။ သူ ကောင်းကောင်းသိသည့် သူတစ်ယောက်အတွက် ယင်းကအမှန်ဆိုပါက ကျိုးကျင်ဟမ့်အတွက် ပိုတောင်ဖြစ်သင့်သေးသည်။



ထို့ကြောင့် ဆေးရုံတက်နေရသည့် ကျန်းရွှယ်မေ့ နောက်ဆက်တွဲရောဂါများ ဖြစ်ပေါ်လာပြီး ခရိုင်ဆေးရုံတွင် စစ်ဆေးမှုများစွာ ပြုလုပ်ရသည့်အခါတွင် အကြောင်းရင်းကို တိတိကျကျ ဖော်ပြခြင်းမရှိပေ။ ယီဟွေ့က မူလတွင် ခေတ္တအနားယူပြီး ရက်အနည်းငယ်ကြာပါက အိမ်ပြန်ရန် စီစဉ်ခဲ့သည်။ သို့ပေသိ ကျိုးကျင်ဟမ့်က လက်ဦးမှုယူကာ ကျန်းရွှယ်မေ့ကို လွှဲပြောင်းသည့် လုပ်ငန်းစဥ်လုပ်ရန် တစ်စုံတစ်ယောက်အား စေလွှတ်ခဲ့သည်။ ယီဟွေ့ ဖုန်းကိုလက်ခံရချိန်တွင် သူ့အမေနှင့်ညီမက ပြည်ပသွားသည့် လေယာဥ်ထက် ရောက်ပြီးနေပြီဖြစ်၏။

  

ဖုန်းနှင့်ရှင်းပြရသည်မှာ အဆင်မပြေသည့်အတွက် ယီဟွေ့က သူပြောစရာရှိသည်တို့ကို စီစဥ်ကာ ဖုန်းကိုချပြီး ပင်မအိပ်ခန်းတံခါးကို ခေါက်လိုက်၏။ ကျိုးကျင်ဟမ့်က ယနေ့တွင် အလုပ်စောစောပြီး၍ အိမ်၌ရှိနေသည်။



"ငါ့အမေ ဆေးရုံပြောင်းဖို့ကူညီတဲ့အတွက် ကျေးဇူးပဲ"



ယီဟွေ့က တည့်တိုးပင် ပြောလိုက်သည်။ 



"ငါမင်းအတွက် ဘာလုပ်ပေးရမလဲ”



ကျိုးကျင်ဟမ့်က သူလာမည်ကို မျှော်လင့်ထားပုံရသည်။ တံခါးဖွင့်ပြီးနောက် အိပ်ယာထံ ပြန်လျှောက်သွားလေသည်။ သူက ကြယ်သီးကို တစ်လုံးချင်းတပ်ကာ ပြောလိုက်သည်။



"ညစာ အတူထွက်စားကြမလား"



သေချာပေါက်ပင် ယီဟွေ့က သူ၏အမြင်ကို ပေါ့ပေါ့ပါးပါးမေးလာသည်ဟူ၍ မထင်ပေ။ ယင်းက သတိပေးမှုတစ်ခုသာဖြစ်ကြောင်း သူသိသည်။ ထို့ကြောင့် နာနာခံခံပင် ကျိုးကျင်ဟမ့်နှင့်အတူ အပြင်ထွက်လာခဲ့သည်။ 



ဦးတည်ရာက သိပ်မဝေးပေ။မြို့တော်တွင် အသစ်ပြုပြင်ထားသော ဈေးဝယ်ပလာဇာတစ်ခုရှိပြီး စားသောက်ဆိုင်အသစ်လည်း ဖွင့်လှစ်ခဲ့သည်။ ထိပ်ဆုံးထပ်ရှိ အနောက်တောင်ထောင့်တွင် စိတ်ကူးယဉ်ဆန်ပြီး ပြိုးပြိုးပြက်ပြက်ပြက်ပြက်လက်နေသော မှန်အမိုးခုံးကြီးတစ်ခုပေါ်ရှိ ကြီးမားသော မှန်တိုင်ပေါင်းများစွာကို မြင်နိုင်သည်။

  

 ထိုင်ခုံများ၊ အလှဆင်ထားပုံနှင့် မျက်နှာကျက်မှ မီးများ၏ သိမ်မွေ့သော ဒီဇိုင်းသည်ပင် သူ့မှတ်ဉာဏ်ထဲကနှင့် အတူတူပင်။ ယင်းက မြို့တော်ရှိ ဆိုင်ခွဲတစ်ခုဆိုသည်မှာ သေချာ၏။ 



ယီဟွေ့ မှတ်မိနေပါသေးသည်။ မြို့တော်မှာ အတော်လေးဝေးသဖြင့် မကြာခဏမလာနိုင်ရကား Sမြို့တွင် ဆိုင်ခွဲဖွင့်နိုင်မလားဟု သူစာရေးမအား သတ္တိမွေး၍ မေးခဲ့သည်ကိုပင်။ 

စာရေးမက ပြုံးကာ သူတို့နေရာကို နှစ်သက်ပေးသည့်အတွက် ကျေးဇူးတင်ခဲ့ပြီး သူဌေးက မြို့များစွာမှ ဖိတ်ကြားမှကို ငြင်းပယ်ရသည်မှာ ဒုက္ခများလွန်းသဖြင့် ဆိုင်ခွဲမဖွင့်လိုကြောင်း ပြောခဲ့လေသည်။ 



ဒါဆို အခု သူရောက်နေတဲ့နေရာက ဘာများလဲ။



သူထိုအကြောင်းအား အများကြီး တွေးမနေခဲ့ပေ။ မီနူးတစ်ခုက သူ့ရှေ့တွင် ရှိနေပြီး ကျိုးကျင်ဟမ့်က သူ့အားမှာရန်ပြောလာသည်။



"မင်း ဘာစားချင်လဲ"



ယီဟွေ့က မီနူးကို ပြန်တွန်းလိုက်ကာ : ငါဗိုက်မဆာဘူး...”



ကျိုးကျင်ဟမ့်က ဟင်းလျာအချို့ကို မှာလိုက်လေသည်။ ယီဟွေ့ ဂရုတစိုက်နားထောင်ရာ အများစုက အချိုအရသာများဖြစ်၏။ 



အစားအသောက်များ ရောက်လာသည်ကို စောင့်နေစဥ် ကျိုးကျင်ဟမ့်က ယီဟွေ့အတွက် ရေနွေးလောင်းထည့်ပေးလိုက်ပြီး ထမင်းမစားမှီ လက်သုတ်ပုဝါနှင့် အဆာပြေတို့အား တောင်းလိုက်သည်။ ယီဟွေ့က ၎င်းတို့အား မထိပေ။ သူ့လက်အား စားပွဲထက်သို့ပင် မ,မခဲ့ချေ။ ဒူးထက်တွင်သာ တင်ထား၏။

 

“ဒါက သူအကြိုက်ဆုံးဆိုင်လေ...” 



ကျိုးကျင်ဟမ့်ကဆိုသည်။



 “အရင်က Sမြို့မှာမရှိဘူး အရင်လကမှဖွင့်ပြီးတာ ကိုယ်မင်းကို ဒီကိုခေါ်လာချင်လို့ ...”



လေထုသည် ဆိတ်ငြိမ်နေသည်။ ယီဟွေ့က ကျိုးကျင်ဟမ့်အနေဖြင့် သူပြောလိုက်သည့် စကားနှစ်ခွန်းရှိ နာမ်စားများ မတူညီသည်ကို သတိထားမိပုံမရဟု တွေးမိသည်။ သိူ့သော်ငြား ဤတစ်ကြိမ်တွင်တော့ သူက 'မင်းရဲ့'ဆိုသည်ထက် 'သူ့ရဲ့'ဟူသောစကားကို သုံးခဲ့၏။ ဤအကြောင်းအား ယီဟွေ့အငြင်းအခုန် မလုပ်ချင်ပေ။ ယခုအချိန်တွင် သူ၏တည်ငြိမ်မှုကြောင့်လည်း အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့ရသည်။



အနည်းဆုံးတော့ သူ့အား သေဆုံးပြီးသောယီဟွေ့အဖြစ် မဆက်ဆံတော့ပေ။ သူက ထပ်မံ၍ အနှီအရူးဖြစ်ရသည်ထက် အစားထိုးသာ ဖြစ်ချင်မိသည်။



"မင်း သူ့ကိုဒီခေါ်လာသင့်တာ ငါ့ကိုမဟုတ်ဘူး"



ယီဟွေ့က အေးစက်စွာ ပြောလိုက်သည်။



ထိုသို့သောအဖြေကို ရမည်ဟု မမျှော်လင့်ထားခြင်းဖြစ်နိုင်၏။ ကျိုးကျင်ဟမ့်က ပြုံးလိုက်သည်။ ဒုတိယအနေဖြင့် သူ့တုံ့ပြန်မှုက သူ့အတွက် အကျိုးကျေးဇူးကြီးကြီးမားမား ပေးခဲ့သည့်အချက်အတွက် ပြန်လည်တုံ့ပြန်ခြင်းဖြစ်ကာ အပြုံးက အနည်းငယ် ကျဥ်းမြောင်းသွားသည်။



“ကိုယ်သူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့မိတယ် တစ်ခါတစ်လေ ချိန်းထားတာတွေတောင် ပျက်ကွက်ခဲ့သေးတာ အခုဆို သူကိုယ်နဲ့ အပြင်ထွက်ချင်တော့မှာမဟုတ်တာ သေချာတယ် ...”



ကျိုးကျင်ဟမ့်၏ စကားများတွင် အရိပ်အမြွက်များ ပါ၀င်နေမနေကို ယီဟွေ့မသိပါချေ။ သို့ပေသိ သူနှင့် သူ၏မတွေ့ဆုံဖူးသည့် သူ့သူငယ်ချင်း ဒိုရာဟမ်ဟမ်တို့ကြားရှိ ဖလှယ်မှုတစ်ခုပမာ ခံစားရသည်။



အရင်လို နှစ်သိမ့်ဖို့ မဖြစ်နိုင်တော့ပေ။ ယီဟွေ့က သိပ်မတွေးဘဲ မှုန်ကုပ်ကုပ်ဖြင့်



"ဘယ်လောက်တောင် ဆိုးဝါးတာလဲ မတော်တဆ သူ့လက်ပေါ် ရေပူတွေရော မှောက်ကျသွားသေးလား"



ယင်းက ဒိုရာဟမ်ဟမ်က ရှောင်ဟွေ့ရှားကို ပြောခဲ့ခြင်းဖြစ်ပြီး ထိုစကားကိုပြောပြီးနောက် ယီဟွေ့ သတိထားမိသွားသည်။ ထိုစကားက မဆိုင်သည့် အပြင်လူက ပြောနေသည့်အတိုင်း အလွန်ထက်ရှပြီး အဓိပ္ပါယ်ရှိလှ၏။ မိုးသည်းညမှာ "သေ" ဆိုသည့် စကားလုံးကို သူ မပြောသင့်သကဲ့သို့ပင်။ 



သူပြောပြီးသည့်နောက် စိတ်အေးလက်အေး ဖြစ်သွားကာ ကလဲ့စားချေခြင်း၏ သာယာမှုကို ခံစားရလိမ့်မယ်ဟု ထင်ခဲ့သည့်တိုင် ထိုသို့ မဖြစ်ခဲ့ပေ။ ကျိုးကျင်ဟမ့်၏ ချင်ချင်းပင် ကျရှုံးသွားသည့်မျက်နှာကိုကြည့်ကာ ပျော်ရွှင်ရမည့်အစား သူ့ရင်ဘတ်ထဲ၌ ဆို့နင့်နေပြီး အသက်ရှူကြပ်လာသလို ခံစားရသည်။



ယင်းက လူအများပြောလေ့ရှိသည့် ရန်သူတစ်ထောင်ကိုသတ်နိုင်ရန် စစ်သည်ရှစ်ရာ ရင်းရသည့်အတိုင်းဆိုသလို ဖြစ်နိုင်သည်။ မမြင်နိုင်သည့်ဓားကို ကိုင်ထားရင်း အခြားတစ်ယောက်ကို ထိုးလိုက်ချိန်တွက် ဓားကိုင်ထားသော သူ့လက်သည်လည်း သွေးထွက်လာသည့်နှယ်ပင်။



ကျိုးကျင်ဟမ့်က သူအတိတ်အကြောင်းပြောရန် အစပျိုးလာမည်ဟု မျှော်လင့်ထားပုံမရချေ။ သူက ခေတ္တမျှ တိတ်ဆိတ်နေပြီး ပြောလာသည်။ 



"ဟင့်အင်း ကိုယ်ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ"



ယီဟွေ့ အံကြိကတ်ာ စားပွဲအောက်ရှိ သူ့လက်တို့အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်မိသည်။



"တကယ်လား ကြည့်ရတာ မင်းသူ့ကို အရမ်းမုန်းပုံပဲ..."



"အင်း အဲဒီ့အချိန်ကပေါ့"



သူ့အား မည်သည်က လှုံ့ဆော်ပေးနေသလဲ ကျိုးကျင်ဟမ့် မသိပါချေ။ သူက ကရားကိုခွဲကာ သူ့ကိုယ်သူ ဆေးကြောဖို့ရာ အနှောင့်အယှက် ဖြစ်မနေတော့ပေ။



"“ကိုယ့်မှာ လူကြီးတွေကို တိုက်ခိုက်ဖို့ အရည်အချင်းမရှိခဲ့ဘူး ဒါကြောင့် ဖွင့်ထုတ်စရာနေရာမရှိတဲ့ဒေါသတွေကို သူ့ဆီမှာဖြေဖျောက်ခဲ့တာ သူ့ကိုအနိုင်ကျင့်ရင်း တစ်ချိန်တည်းမှာ မသိစိတ်က သူ့အပေါ်ကျရှုံးနေမိပြီ ကိုယ်သူ့ကို ပိုစွဲလန်းလာလေလေ အားနည်းသလို ခံစားလာရလေပဲ ကိုယ်သူ့အပေါ် ဘယ်လိုတွေးနေလဲ၊ ဘာလို့သူ့ကို မုန်းတယ်လို့ပြောမိတာလဲ၊ အလုပ်ပြီးတာနဲ့ ဘာလို့အချိန်တိုင်း အိမ်ပြန်ဖို့ တွေးမိတာလဲဆိုတာတောင် ကိုယ့်ဟာကိုယ် မသိခဲ့ဘူး"



ယီဟွေ့က သူ့ကိုယ်သူ နားထောင်သူအဖြစ် အတင်းအကြပ် လုပ်ယူထားသော်ငြား ဤသည်မှာ သူ့တွင် ဖြစ်ပျက်ခဲ့သော သူ၏ ဇာတ်လမ်းဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်ပါသည်။



ကျိုးကျင်ဟမ့်၏ ရုတ်တရက်ပြတ်သားလာမှုက သူ့ကိုထိတ်လန့်စေပြီး သူလုပ်ခဲ့သည့် မကောင်းမှုတို့အား သူကိုယ်တိုင် ယုံကြည်မှုရှိစွာ ဝန်ခံလာခြင်းက သူ့ကို ပိုမိုထိတ်လန့်စေခဲ့သည်။ 'အိမ်ပြန်ရန်'ဟူသော စကားစုက သူ့နှလုံးသားထဲရှိ ဆူးတစ်ချောင်းပမာပင်။ ယင်းက ပျောက်ကွယ်သွားပြီဟု ထင်ရသော်လည်း တစ်စုံတစ်ယောက်မှ အစဖော်လာသည့်အခါ အလိုလို နာကျင်ခံစားရပေလိမ့်မည်။

 

ယီဟွေ့ တုန်လှုပ်သွားပြီး သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။



"ဘာလို့လဲဆိုတော့ မင်းမှာ အခြားသွားစရာနေရာ မရှိ..."



ကျိုးကျင်ဟမ့်က သူ့အား စကားဆုံးသည်အထိ ပြောခွင့်မပေးခဲ့ပေ။ သူကစကားဖြတ်ပြောလိုက်သည်။



"ဘာလို့လဲဆိုတော့ ကိုယ်သူ့ကိုချစ်လို့လေ"



မပြောလိုက်ရသည့် စကားလုံးတို့က ပျောက်ကွယ်သွားပြီး ဟီဟွေ့ခေါင်းမော့လိုက်ရာ ကျိုးကျင်ဟမ့်၏ မျက်ဆံနက်နက်တို့ဖြင့် အကြည့်ချင်းဆူံးသွားခဲ့သည်။ ကွဲကြေနေသော ဖန်သားပြင်မှ ရောင်ပြန်ဟပ်နေသော အလင်းရောင်မှာ သူ့မျက်လုံးထဲသို့ ကျရောက်နေကာ အိပ်ပျော်နေသော ဝိညာဉ်ကို နှိုးဆွရန် အတတ်နိုင်ဆုံး လုပ်ဆောင်နေသော မုဆိုးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

 

ကျိုးကျင်ဟမ့်က ထပ်မံ၍ဆိုလာသည်။



"ဘာလို့ဆို ကိုယ်သူ့ကို ချစ်နေမိပြီမို့"



သူ့ပါးစပ်က 'သူ' ဟု ပြောနေသော်လည်း မျက်လုံးတို့ကမူ `မင်း´ဟုပြောနေ၏။



ညီမျှသည့် အပေးအယူ သဘောတူညီချက် မရှိခဲ့သလို၊ ကိုယ်တိုင် အစားထိုးအဖြစ် ပေးအပ်ခြင်းလည်း မရှိခဲ့ပေ။ ကျိုးကျင်ဟမ့်၏မျက်လုံးတို့က အစမှအဆုံးထိ အမျိုးသားတစ်ယောက်ထဲအပေါ်၌ ရှိနေခဲ့သည်။



အလွန်ယုံကြည်မှုရှိနေပြီး ၊ အလွန်သေချာစွာဖြင့် ၊ သူတို့ပထမဆုံး တွေ့စဥ်ကကဲ့သို့ ၊ ထိုအရူးလေး သူ့ကို တစ်သက်လုံးစာ ချစ်ခဲ့စဉ်ကကဲ့သို့ပင်။



Xxxxxxxc