အပိုင်း ၄၈.၁
Viewers 13k


Chapter 48.1



ကျန်းရွှယ်မေ့နှင့် ကျန်းယီမန့် Sမြို့ကိုရောက်သောအခါ ယီဟွေ့က ကျိုးကျင်ဟမ့်နှင့်အတူ အစာမကြေနိုင်လောက်သည့်ညစာအား စားပြီးသွားခဲ့သည်။



တံခါးဝတွင် ကားအသင့်ပြင်ထားပြီးဖြစ်သည်။ ယီဟွေ့မှာ အလျင်လိုနေပေရာ သူ မငြင်းဆန်တော့ချေ။ သူကနောက်ခုံတွင်ထိုင်ပြီး တစ်ယောက်ယောက်လာမည်ကို စောင့်နေလိုက်သည်။ သူကခေါင်းကို အပြင်ထုတ်လိုက်ရာ ကျိုးကျင်ဟမ့်မှ ဒရိုင်ဘာအား တစ်စုံတစ်ခုရှင်းပြနေသည်ကို တွေ့လိုက်ရသည်။ ပြီးနောက် သူကယီဟွေ့ဘက်လှည့်ကာ ပြောလိုက်၏။



"ကိုယ် လုပ်စရာရှိသေးလို့ မင်းနဲ့အတူ အန်တီ့ကို လိုက်မကြိုပေးနိုင်တော့ဘူး"

 

ယီဟွေ့သည်လည်း သူနှင့်အတူ မသွားချင်သော်ငြား ကျိုးကျင်ဟမ့်မှ ယင်းကို တမင်စီစဉ်ခဲ့သည်မှာ ထင်ရှား၏။ ညရောက်ပါက သူ့အတွက် မည်သည့်တာဝန်တို့က စောင့်ကြိုနေလိမ့်မည်နည်း။



ကားက လမ်းမထက်ကို တဖြည်းဖြည်း မောင်းသွားပြီး ယာဥ်ကြောထဲကို ဝင်ရောက်သွား၏။ ယီဟွေ့ ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်သည်။ ကျိုးကျင်ဟမ့်က နေရာတွင်ရပ်ကာ သူထွက်လာရာဘက်သို့ ကြည့်နေဆဲပင်။ သူ့ပုံရိပ်က ရှည်လျားပြီးဖြောင့်မတ်၍နေ၏။ သို့ပေသိ ညအမှောင်ထဲတွင် သူက အထီးကျန်ဆန်ပြီး တည်ငြိမ်၍နေလေသည်။

 

လမ်းတွင် ယီဟွေ့က တစ်ခါတစ်လေ မျက်လုံးကိုဖွင့်ထားကာ တစ်ခါတစ်လေမှာတော့ ပိတ်၍ထားသည်။ ဖန်ကွက်တို့မှ အလင်းရောင်နှင့်အရိပ်တို့က သူ့ရှေ့တွင်ဖရိုဖရဲမြောလွင့်နေလေရာ အနှီစားသောက်ဆိုင်သို့ သူနောက်ဆုံးအကြိမ် လျှောက်ဝင်သွားခဲ့ချိန်အား တွေးတောမိစေသည်။ ကျိုးကျင်ဟမ့်နှင့်အတူပင် ဖြစ်ချေ၏။



ထိုအချိန်က သူက ၂၃နှစ်ရှိပြီဖြစ်ကာ ကျိုးကျင်ဟမ့်မှာမူ ၁၉နှစ်သာရှိသေး၏။ သူတို့၏ဆက်ဆံရေးကို ဘုန်းတော်ကြီးရှေ့တွင် အတည်ပြုပြီးကာစ၌ဖြစ်သည်။



ယင်းက ယခင်ဘဝ၌ သူ့အတွက်အပျော်ရွှင်ရဆုံးနေ့များဖြစ်သည်။ သူ့ကိုယ်သူ အချစ်အကြောင်းသိလှပြီဟု ထင်ခဲ့မိကာ သူ့တစ်ဘဝလုံးကို ကျိုးကျင်ဟမ့်နှင့်အတူ ကုန်ဆုံးသွားဖို့ပင် တိတ်တဆိတ် ပြင်ဆင်နေခဲ့သေးသည်။ တတိယလူအတွက် ပျော်ရွှင်မှုမရရှိနိုင်သလို ပေးဆပ်ခြင်းကလည်း ကျိန်းသေပေါက် ဆုလဒ်မရရှိနိုင်ကြောင်းအား နောက်ပိုင်းစမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများတွေ့ပြီးမှသာ သိရှိနိုင်ခဲ့သည်။



အတိတ်က အတိတ်မျှသာဖြစ်ပြီး ကံကြမ္မာကလည်း အခြေခံကျကျပင် ဦးရာလူစနစ်ဖြင့် သွားနေသည်ပင်။ ထိုအချိန်က သူခံစားရသောနာကျင်မှုမှာ အခြားလူ မခံစားနိုင်သည့်အရာဖြစ်ပြီး ယခု ထိုအမျိုးသားဆိုလာပါသည့် 'အချစ်'ဆိုသည်မှာလည်း သူ့နားစည်ကိုဖြတ်၍ နှလုံးသားထဲ မရောက်နိုင်တော့ပါချေ။

........

နောက်နေ့မနက်စောစောတွင် ကျန်းရွှယ်မေ့က Sမြို့ရှိ ကင်ဆာရောဂါကုဆေးရုံ၌ ကုသမှုခံယူခဲ့ပြီး တစ်ကိုယ်လုံးကို အသေးစိတ်စစ်ဆေးမှုခံယူခဲ့၏။



ရလဒ်မှာ သူမ၏နှလုံးတွင် ပြဿနာရှိနေဆဲဖြစ်ကြောင်း ပေါ်ထွက်လာသည်။ ဓာတုကုထုံးနှင့် လှုံ့ဆော်ပေးသည့် ဆေးဝါးအမျိုးမျိုး၏ အကျိုးသက်ရောက်မှုအောက်တွင် သူမ၏ ကိုယ်တွင်းအင်္ဂါများမှာ ခံနိုင်ရည်အားနည်းသွားကာ ရုပ်ပိုင်းဆိုင်ရာနှင့် အာရုံခံမှုဆိုင်ရာ အဆင်မပြေမှုအမျိုးမျိုးကို ဖြစ်စေခဲ့သည်။



ဆေးဝါးနှင့် ကုသမှုအစီအစဉ်ကို ချိန်ညှိပြီးနောက် သုံးရက်အတွင်း၌ပင် ရောဂါလက္ခဏာများ သက်သာလာခဲ့သည်။ ကျန်းရွှယ်မေ့၏မျက်နှာသည်လည်း သွေးရောင်သန်းလာသည်။ သူမရောက်သည်နှင့် အကူအညီဖြင့် လမ်းလျှောက်နိုင်နေပေပြီ။ ယခုဆိုလျှင် သူမက အိပ်ရာမှထွက်ကာ အနီးအနားတွင် လမ်းလျှောက်နေနိုင်ပြီဖြစ်သည်။



“သားသူငယ်ချင်းကို ကျေးဇူးတင်ရမယ်” 



ကျန်းရွှယ်မေ့က ယီဟွေ့၏လက်ကိုကိုင်ကာ ပြောလိုက်သည်။



 “အမေတို့ ဆေးရုံကဆင်းတာနဲ့ သုံးယောက်အတူတူသွားပြီး ကျေးဇူးတင်ကြတာပေါ့...”



ယီဟွေ့ကပြောလိုက်၏။



“မလိုပါဘူး မနေ့က သူပြောတာက သူအချိန်ရရင် လာတွေ့မယ်တဲ့...”



စကား၏ဒုတိယတစ်ဝက်လောက်မှာ အဓိပ္ပါယ်မရှိချေ။ ကံကောင်းစွာဖြင့် ကျန်းရွှယ်မေ့က ထပ်မံ၍မည်သည်ကိုမှ မေးမလာခဲ့။ သူမက သူတို့၏ကျေးဇူးရှင်အမည်ကိုသာ မေးလာခဲ့သည်။ ယီဟွေ့၏ဦးနှောက်မှာ သူလိမ်နေချိန်၌ အထုံးများရှိ၍နေ၏။ သူက အတော်ကြာအောင် တုန့်ဆိုင်းနေပြီးမှ သူ၏မျိုးရိုးအမည်က ကျိုးဖြစ်ကြောင်းကို အမှန်အတိုင်း ဖြေလိုက်ဆဲပင်။



သူ မထွက်သွားမှီ ကျန်းယီမန့်မှနေ၍ ဘေးသို့ဆွဲခေါ်ခံလိုက်ရကာ သူမက ခပ်တိုးတိုးမေးလာသည်။



"အဲဒါက သူပဲတော့မဟုတ်ဘူးမလား"



ယီဟွေ့က နားမကြားချင်ယောင် ဆောင်လိုက်လေသည်။



" 'သူ'ဟုတ်လား ဘယ်က'သူ'လဲ ဘယ်သူ့အကြောင်း ပြောနေတာလဲ"



သူ၏ရှက်ရွံ့နေသည့် အမူအယာကို မြင်လိုက်ရလျှင် ကျန်းယီမန့်မှာ သိပ်မကောင်းသလို ခံစားလိုက်ရပြီး နဖူးထက် အသာပုတ်ကာ ပြောလိုက်၏။



"ကျွန်မဆိုတဲ့ ကျန်းယီမန့်က တစ်ဘဝလုံး စမတ်ကျကျနေလာခဲ့တာ(တစ်ဘဝလုံး ဥာဏ်ကောင်းလာခဲ့) ဘယ်လိုလုပ် အရင်က ရှုပ်ထွေးပြီးတော့ အစ်ကို့ရဲ့လှည့်ကွက်ထဲ ကျသွားခဲ့ရပါလိမ့်"



သူ့အနေဖြင့် သူ့ညီမထံမှ ထပ်မံဖုံးကွယ်ထား၍ မရတော့ချေ။ ယီဟွေ့က အရေးမပါသောအသေးစိတ်အရာလေးများကို ဘေးဖယ်ထားလိုက်ပြီ ဖြစ်သော်ငြား ကျန်းယီမန့်ကတော့ မျက်ရည်များကျလျက် နှာတရှုံ့ရှုံ့ဖြစ်နေဆဲဖြစ်ကာ ယီဟွေ့အား သူက လူသားများကိုကယ်တင်ရန် ကမ္ဘာမြေပေါ်ဆင်းလာသည့် နတ်ဘုရားများလားဟူ၍ မေးလာ၏။



ယီဟွေ့သည်လည်း ပြုံးလိုက်ကာ သူမအား ဒဿနိကကျကျဖြေပေးလိုက်သည်။



"ငါက နတ်ဘုရားမဟုတ်ပါဘူး မင်းရဲ့အစ်ကိုလေ"



ကျန်းယီမန့်က သူ့အားဖက်ကာ 'အစ်ကိုနတ်ဘုရား'ဟူ၍ ထပ်ကာထပ်ကာ ခေါ်လိုက်ရင်း သူမ၏မျက်ရည်တို့ကို သုတ်လိုက်လေသည်။ သူမက သူမ၏အိတ်ကပ်ထဲမှ အလင်းပြန်နေသည့်ပစ္စည်းတစ်ခုကို ထုတ်လိုက်ပြီး သူ့လက်ထဲထည့်ပေးလာသည်။



"အခု အစ်ကို ကိုယ့်ဟာကိုယ် ကာကွယ်ရမယ့်အချိန်ပဲ အခုညီမလေးက ဒါကိုမလိုအပ်သေးဘူး အစ်ကို ဒါကိုအကာအကွယ်အနေနဲ့ ယူသွားလိုက်နော် ညီမ အဲဒီ့ကျိုးမျိုးရိုးက အစ်ကို့ကို ဒုက္ခပေးဖို့ စိတ်ကူး လုံးဝမရှိဘူးဆိုတာ မယုံဘူး"


ထိုနေ့က ယီဟွေ့မှာ ၁၂နာရီစည်းကမ်းကြောင့် ပြန်သွားရပြီး ကျန်းယီမန့်သူ့အားပေးသည့် သင်ခန်းစာတို့အတွက် အချိန်မရှိခဲ့ပါချေ။



နောက်တစ်ပတ်၌ အပူချိန်က ထပ်မံကျဆင်းသွားသောကြောင့် တစ်ထည်တည်းဖြင့် နွေးစေမည့်ကုတ်ကို ထုတ်ယူကာ ခါလိုက်ပြီး အပြင်ထွက်ပါက ဝတ်ရန်ပြင်ဆင်လိုက်သည့်အချိန် သူ့အိတ်ကပ်ထဲမှ တစ်စုံတစ်ခု ထွက်ကျလာသည်။ 



ထန်ဝမ်းရှီက ယင်းကိုကောက်ယူကာ ထုလုံးရှည်သဏ္ဌာန် ပစ္စည်းအားကြည့်ရင်း ခပ်တိုးတိုးရယ်လိုက်လေသည်။



"အတန်းဖော်ကျန်း မင်းကအရမ်းချစ်ဖို့ကောင်းတာပဲ ငါမင်းကို ဝံပုလွေရိုက်တုတ်ဝယ်ဖို့ပြောတော့ တကယ်ကြီးဝယ်ခဲ့တယ်"



ယီဟွေ့မှာ မည်သည့်အကြောင်းကြောင့်ဖြစ်စေ သူနှင့်မငြင်းခုန်နိုင်ပါချေ။ သူက အပြုတ်ခံထားရသောပုဇွန်လေးပမာ နီရဲသွားပြီး ကုတ်ကိုပင်မဝတ်တော့ပဲ ဒေါသတကြီး လေမှုတ်ကာ ထွက်သွားတော့သည်။ 



ထန်ဝမ်းရှီက ဤရက်များတွင် မြို့တော်နှင့်Sမြို့ကြား အပြန်ပြန်အလှန်လှန် ခရီးသွားနေခဲ့သည်။ သူသည် ယခင်က ပါမောက္ခတစ်ဦးနှင့်အတူ ဆွေးနွေးပွဲသို့ နှစ်ကြိမ်တိုင်တိုင် လာရောက်ဖူးလေ၏။ ဤတစ်ကြိမ်တွင် သူက အခြားကိစ္စကြောင့် ရောက်နေခြင်းဖြစ်၏။ သူက ယီဟွေ့နှင့်အတူ ကျန်းရွှယ်မေ့အားတွေ့ရန် လိုက်လာပြီး ပျင်းပျင်းရိရိဖြင့် လျှောက်သွားနေလေသည်။ ယီဟွေ့က စိတ်အေးအေးထားလိုက်ပြီး ပုံကြမ်းအတွက် နေရာတစ်ခုရှာချင်လားဟု မေးလိုက်သည်။ သူကခေါင်းယမ်းပြီး သန်းဝေလိုက်ကာ



"ဟင့်အင်း ငါဒီကိုတစ်လမ်းလုံး လာခဲ့ရတာဆိုတော့ ပန်းချီမဆွဲချင်ဘူး"

 

ပင်ကိုယ်အသိစိတ်က ယီဟွေ့အား အနှီယန်မျိုးရိုးနှင့် ပတ်သက်နေရမည်ဟု ပြောပြနေခဲ့သည်။ သေချာပေါက်ကို လုံလောက်နေပါပြီ။ နေ့လည်ခင်းတွင် ထန်ဝမ်းရှီက ဖုန်းကောလ်တစ်ခုကို လက်ခံရရှိခဲ့ပြီး သူ၏အိတ်ထဲမှဂျက်ကပ်ကို ထုတ်ယူလိုက်ကာ ဝတ်ဆင်ပြီး အပြုံးဖြင့်ဆိူလာသည်။



"မင်း ဝံပုလွေတွေကို တိုက်ခိုက်ချင်ရင် ငါ့အဝတ်အစားတွေကို ဝတ်ရုံနဲ့တင် လုံလောက်နေပါပြီ"



သူက ပြောနေရင်းပင် လမ်းတစ်ဖက်ရှိ မျက်စောင်းထိုးစားသောက်ဆိုင်အား ညွှန်ပြကာ



"ငါ အဲဒီ့မှာ နေရာကြိုယူထားတယ် သွားစားလိုက် ငါကတော့ မနက်စာကို,ကို အစာမချေရသေးလို့ နေရထိုင်ရ သိပ်မကောင်းဘူး အရင်အစာကြေလမ်းလေးဘာလေးလျှောက်ဦးမယ်"



ယီဟွေ့ အံကြိတ်ကာ စားသောက်ဆိုင်ထဲ ဝင်လာပြီးနောက် သူထိုင်ချလိုက်သည့်အခါမှသာ သူ့အဝတ်အစားတို့အား ကြည့်ချိန်ရလေသည်။



ဤဂျက်ကတ်အား ထန်ဝမ်းရှီကိုယ်တိုင် လုပ်ထားခြင်းဖြစ်၏။ ဇစ်ကို အဆုံးထိဆွဲတင်လိုက်ပါက 'good luck'ဟူသော စကားလုံးကြီးက ရင်ဘတ်နေရာတွင် ရှိနေသည်။ ဘော်ကြယ်နှင့် ထုပ်သီးတို့အား လက်ဖြင့်လုပ်ထားခြင်းပင်။ ယီဟွေ့ကလက်ဆန့်ကာ ထိကြည့်လိုက်သည်။ သူ့သွားများ ယားယံလာပြီး ရယ်ရမည်လား ငိုရမည်လား မသိတော့ပေ။ ယင်းက တကယ့်ကို ဝံပုလွေရိုက်တုတ်ပင်။

 

ထန်ဝမ်းရှီတစ်ယောက် ယန်ချန့်ရွှမ်နှင့် ဤနေရာတွင် ချိန်းဆိုထားခြင်းဖြစ်ရမည်ဟု သူခန့်မှန်းမိသည်။ သို့သော်ငြားလည်း သူ့လက်ဖြင့် ကိုယ်တိုင် ချုပ်ထားသည့်အထည်တို့အား မအပ်လိုက်နိုင်ပုံပင်။ ဤနေရာမှာ ယန်ချန့်ရွှမ်၏ မွေးရပ်မြေဖြစ်သော်လည်း အနှီလူက ပြည်ပသို့ ထွက်ခွာသွားခဲ့သည်။ ငတုံးကောင် ထွက်မသွားမှီ၌ ထန်ဝမ့်ရှင်းမှာ ကံကောင်းပါစေဟု ဆုမွန်ကောင်းမတောင်းပေးနိုင်ခဲ့သလို ဓားနှင့်ထိုးခြင်းအမှုအားလည်း မပြုနိုင်ပေ။ ယင်းက တကယ်ကိုအနှောင့်အယှက်ဖြစ်ရပြီး စား၍လည်းမဝင်ပါချေ။

  

ယီဟွေ့မှာ ထိုမှာကြားထားသည့် စျေးကြီးသောအစားအစာတို့အား များစွာစားလိုစိတ်ရှိမနေသလို ထသွား၍လည်းမရပေ။



သူက ဓားနှင့်ခက်ရင်းသုံးရာ၌ မကျွမ်းကျင်ပေ။ နောက်ဆုံးတွင် စတိ့ခ်အား အပိုင်းတစ်ခု လှီးဖြတ်နိုင်သွားပြီး ပါးစပ်ထဲထည့်လိုက်၏။ သူ့မော့ကြည့်လိုက်လျှင် တစ်စုံတစ်ယောင်လာနေသည်ကို မြင်လိုက်ရပြီး တုန်လှုပ်သွားသည်။ ခက်ရင်းက သူ၏လက်ချောင်းများကြားမှ ပန်းကန်ပြားထက်သို့ ပြန်ပြုတ်ကျသွားလေသည်။ 



ကျိုးကျင်ဟမ့်မှာလည်း ခက်ခဲကြပ်တည်းသည့်တာဝန်အတွက် ဤနေရာသို့ စေလွှတ်ခံလိုက်ရခြင်းပင်။



ယန်ချန့်ရွှမ်က ဖုန်းထဲမှနေ၍ ပြောလာခဲ့သည်။



"ငါတကယ်မလုပ်နိုင်ဘူး သူကငါ့ကိုဆွဲထားနေတာ သူအဲ့ကိုသွားပါ့မလားတော့ ငါမသိဘူးကွာ သူအဲဒီ့မှာရှိနေရင် ငါ့အစားတောင်းပန်ပေးစမ်းပါ သူမရှိရင်တော့ မင်းပဲစားလိုက်တော့"



မသွားမှီတွင် ကျိုးကျင်ဟမ့်က အထင်အမြင်သေးစွာ ပြောလိုက်သေးသည်။



"ဘယ်သူက မင်းရဲ့စားစရာကို ဂရုစိုက်နေလို့လဲ"



သတ်မှတ်ခုံ၏ တစ်ဖက်ခုံ၌ ယီဟွေ့အား သူမြင်လိုက်ရသော ထိုအခိုက်အတန့်တွင် သူကချက်ချင်းပင် စိတ်ပြောင်းလိုက်လေသည်။ ထိုသို့သွားကာ ထိုင်ချလိုက်ပြီး သူဤနေရာသို့ လာရသည့်ရည်ရွယ်ချက်ကိုပင် လုံးလုံးမေ့သွားရသည်။