Chapter 48.2
ပထမတွင် ပြောစရာစကားမရှိကြပေ။ နှစ်ယောက်သားက အစားအစာကိုသာ တောင့်တင်းစွာ စားနေကြသည်။ နှင်းဆီပန်းများဖြင့် အလှဆင်ထားသော အချိုပွဲပန်းကန် တည်ခင်းလာချိန်တွင် စားပွဲထိုးလေးက သူတို့နှစ်ဦးအတွက် ကျမ်းကျိန်လွှာ ဖတ်ပေးရမလားဟု မေးလာ၏။ ယီဟွေ့က လက်ဦးမှုရယူကာ. ငြင်းပယ်လိုက်သည်။ စားပွဲထိုးလေး ထွက်သွားပြီးနောက် သူက မထူးခြားသလို ရှင်းပြလာ၏။
"ဒါက ငါ့သူငယ်ချင်း ကြိုတင်မှာထားတာ ဒီလိုပုံစံဆိုတာ မသိခဲ့ဘူး"
ကျိုးကျင်ဟမ်မှ ခေါင်းညိတ်ကာ အေးအေးဆေးဆေးပြောလိုက်သည်။
"အင်း ကိုယ်ရောပဲ"
ဟင်းလျာမှာ အလျင်အမြန်ပင် ကုန်စင်အောင် အစားခံလိုက်ရသည်။ မုန်းတီးခြင်းဟူသည် အလျဥ်းမရှိသကဲ့သို့ အမှောင်ထု၏ဒီရေမှာလည်း တိုးမလာပေ။ ယီဟွေ့မှာလည်း ပါဝင်ပတ်သက်နေသူတစ်ဦး ဖြစ်သည့်တိုင် သူနှင့်ကျိုးကျင်ဟမ့် ဤသို့မျက်နှာချင်းဆိုင်ထိုင်လျက် ဗိုက်ဖြည့်နေကြသည်ကို စိတ်ကူးကြည့်နိုင်ခဲ့သည်။
စားသောက်ပြီးနောက် ယီဟွေ့က ထရပ်ကာ တံခါးထံလျှောက်သွားလိုက်ပြီး အောက်သို့ငုံ့ကြည့်ကာ ဇစ်ဆွဲတင်လိုက်သည်။ သူခေါင်းမော့လိုက်သည်နှင့် သူ့ရှေ့တွင်ရပ်နေသော ကျိုးကျင်ဟမ့်နှင့် တိုက်မိသွား၏။ သူ၏လေကာအင်္ကျီမှ ခါးပတ်မှာ ယီဟွေ့ရင်ဘတ်ပေါ်ရှိ သံမှိုများနှင့် ငြိသွားသည်။
နှစ်ယောက်သားက အတော်ကြာအောင် ရုန်းကန်ပြီးနောက် ရင်ဘတ်ကို နောက်ပြန်ဆုတ်လိုက်ရာ နောက်ဆုံးတွင် ဝန်ထမ်းလေး၏အကူအညီဖြင့် ခါးပတ်ကို ဆွဲထုတ်ကာ ခွဲထုတ်လိုက်နိုင်သည်။
ကျိုးကျင်ဟမ့်က ခေါင်းလှည့်ကာ သူ့ရင်ဘတ်ထက်မှ ထူးထူးဆန်းဆန်း အဆင်တန်ဆာတို့အား ကြည့်လာသည်။
ယီဟွေ့ကတော့ ခက်ခက်ခဲခဲအသက်ရှူနေရဆဲပင်။ ယခုလေးပင် သူ့မျက်နှာမှာ ကျိုးကျင်ဟမ့်၏ပုခုံးနှင့် ဖိမိထားခဲ့ရပြီး သူ၏နားသန်သီးလေးများမှာ နီရဲလာကာ သူ၏ဇက်ပိုးမှာလည်း အပူချိန်တက်လာသလို ခံစားလိုက်ရ၏။
လမ်းဘေးမှနေ၍ အတော်ကြာအောင် လမ်းလျှောက်ပြီးနောက် ယီဟွေ့ သူ့အလှဆင်ကြိုး၌ငြိနေသည့် ခါးပတ်ကြိုးအား ဖြုတ်ချနိုင်သွားပြီး ကျိုးကျင်ဟမ့်အား ပြန်ပေးတော့မည့်အချိန်တွင် လမ်းဘေးရှိအဘွားအိုတစ်ဦးထံမှ တားဆီးခံလိုက်ရသည်။
"လူငယ်လေး ဒီကိုလာ ဒီအဘွားအိုကြီးက မင်းရဲ့အနာဂတ်ကိူ ပြောပြပေးမယ်"
နေ့လည်ခင်း၌ လမ်းမထက်တွင် သွားလာနေကြသူ အနည်းအကျဥ်းသာ ရှိလေ၏။ ယီဟွေ့က ဘယ်ညာကြည့်ပြီးနောက် သူ့ကိုယ်သူ ညွှန်ပြလိုက်ရင်း
"ကျွန်တော်လား"
ပန်းပွင့်ရိုက်အဝတ်အစားဖြင့် အမျိုးသမီးအိုကြီးက ပြုံးကာ ခေါင်းညိတ်ပြသည်။
ယင်းက အမျိုးသမီးအိုကြီးအား ကြင်နာတတ်သည့်နှလုံးသားရှိသူနှင့် တူသွားစေပြီး လူလိမ်ဟုမထင်ရချေ။ ထို့ကြောင့် ယီဟွေ့က လျှောက်သွားလိုက်ပြီး သူ့လက်ဝါးများကို ဖြန့်ပြလိုက်လေ၏။
မိနစ်ဝက်အတွင်းမှာပင် သူမ၏မျက်ခုံးများ ခေတ္တမျှ တွန့်ချိုးသွားပြီး ပြန်ဖြေလျော့လိုက်ကာဖြင့် သူမကပြုံးသည်။ နောက်ဆုံးတွင် ယီဟွေ့၏လက်ဝါးအား သူမ၏ပိန်ပါးပါးလက်ဖြင့် ပုတ်လိုက်ပြီး
"လူလိမ္မာလေး ဆင်းရဲဒုက္ခဆိုတာ ခဏတာလေးပါပဲ အခုကစ လမ်းခရီးက ချောမွေ့နေလိမ့်မယ်"
သူက လှည့်စားရလွယ်ပုံရ၍ဖြစ်၏။ ယီဟွေ့မှာ သူ့ယခင်ဘဝ၌လည်း ဤသို့ပင် ဗေဒင်ဆရာများထံမှ တားမြစ်ခံခဲ့ရပြီး အလားတူစကားမျိုးကို ကြားခဲ့ရ၏။
သို့ပေသိ ထူးဆန်းသည့် ပြန်လည်မွေးဖွားမှုက သူ့ထံ၌ ဖြစ်လာခဲ့ရာ ယီဟွေ့ ယုံကြည်လာခဲ့သည်။ သူက အိတ်ကပ်ထဲလက်နှိုက်ကာ banknotes အချို့ကို ထုတ်ယူလိုက်သည်။ သူက အမျိုးသမီးအိုကြီးထံ လက်ဆန့်ထုတ်လျက် သူမ၏ဆုမွန်ကောင်းအတွက် ကျေးဇူးတင်လိုက်စဥ် လှပသွယ်လျသည့် လက်တစ်ဖက်က သူ့ထက်အရင် လက်ဆန့်ထုတ်လာသည်ကို တွေ့လိုက်ရ၏။
"ကျွန်တော့်ကိုပါ တစ်ချက်ကြည့်ပေး"
ယင်းက ကျိုးကျင်ဟမ့်ပင်။ ကျိုးကျင်ဟမ့်မှာ ဤသို့သော အနာဂတ်ဟောပြောသူတို့ကို မည်သည့်အခါကမှ ဂရုမစိုက်ခဲ့ပေ။
ယီဟွေ့က ဘေးသို့ဖယ်ကာ သူ့အတွက်နေရာလုပ်ပေးလိုက်သည်။ သူမူလက တွေးခဲ့သည်မှာ အဖွားကြီးက သူတုန်းကကဲ့သို့ပင် ကောက်ချက်မချမှီ ခေတ္တမျှသာ ကြည့်လိမ့်မည်ဟုပင်။ မမျှော်လင့်စွာဖြင့် သူမ၏မျက်လုံးများ ကျယ်သွားကာ အသက်ပြင်းပြင်းရှူလိုက်သည်။
"ဒါက စည်းစိမ်နှင့်ကြွယ်ဝမှုရဲ့ လက္ခဏာဖြစ်သင့်ပေမယ့် သွေးတွေမြင်နေရတယ် ဒါကိုမဖြေရှင်းနိုင်ခင်မှာ ဘဝရဲ့သေခြင်းကိုးပါး(လွတ်မြောက်ရန်ခက်ခဲခြင်း၊ ဘဝအငှားစာချုပ်)ကို ခေါ်ဆောင်လာမှာ စိုးရိမ်မိတယ်"
အိမ်ပြန်လမ်းတွင် ယီဟွေ့က ကားမောင်းနေသည့် ကျိုးကျင်ဟမ့်အားပြောလိုက်၏။
"လမ်းပေါ်က အနာဂတ်ဟောပြောမှုတွေက မမှန်ပါဘူး အဖွားပြောတာကို စိတ်ထဲသိပ်ထည့်မထားနဲ့"
ကျိုးကျင်ဟမ့်က ခေတ္တမျှ ထိတ်လန့်သွားကာ သူ့ကိုလှည့်ကြည့်လာပြီး သူ့နှုတ်ခမ်းထောင့်လေးများက မသိမသာကော့တက်သွားသည်။
"အဆင်ပြေပါတယ် ကိုယ်မကြောက်ပါဘူး"
ထိုအဖြေကို ကြားပြီးနောက် ယီဟွေ့မှာ ပြောလိုက်မိသည်ကို ထပ်မံနောင်တရသွားရပြန်သည်။ သူကတုံးနေလျှင်ပင် ကျိုးကျင်ဟမ့်၏လေသံထဲမှ ကျေနပ်နေသည့်အရိပ်အငွေ့တို့အား ကြားနိုင်ပါသေး၏။ သူက သူ့ကိုစိုးရိမ်နေခြင်းဟု တွေးနေသည်မှာ သေချာသည်။
သူ့တွင် 'ကျေးဇူးကိုပြန်ပေးဆပ်ရမည်'ဟူသော ခံယူချက်ရှိသည်ဟု ယီဟွေ့ယုံကြည်လာခဲ့သည်။ သူက ဦးစွာ လက္ခဏာဖတ်စေခဲ့သူဖြစ်ပါသော်ငြား ဤသိူ့သောကျိန်စာမျိုးကို ကြားရသည့်မည်သူကမှ ပျော်နိုင်လိမ့်မည်မဟုတ်ပေ။ သူကတော့ သူ့အသိစိတ်ကို သေချာသိနိုင်ရန်ဟုသာ ပြောခဲ့၏။
“ပြီးတော့ –”
ကျိုးကျင်ဟမ့်က အကြည့်ကို ရှေ့သို့ပို့ကာ သူ့ကိုယ်သူ ဆက်ပြောနေလေသည်။
"တစ်ယောက်ယောက်ကပြောဖူးတယ် ကိုယ်ကအသက်ရှည်မှာတဲ့ ပြီးတော့ကိုယ့်ဘဝက သာယာချောမွေ့နေလိမ့်မယ်တဲ့ အချစ်လမ်းကြောင်းက နည်းနည်းလေးတိုနေရုံပဲ ပြီးတော့ အစမှာတင် ကျိုးပျက်သွားတယ်လေ"
ပြောနေရင်း သူက ရပ်လိုက်သည်မှာ စပ်စပ်စုစုမေးလာမည့် မေးခွန်းကို စောင့်နေသည့်အလားပင်။ သေချာပေါက်ပင် ယီဟွေ့ကလည်း မမေးပါချေ။ သူကမျက်လွှာချလိုက်ရင်း ခေါင်းငုံ့ပြီး မျက်လုံးတို့အား ကျဥ်းမြောင်းလိုက်ကာဖြင့် အနှီစကားလုံးတို့၏ရည်ရွယ်ချက်ကို မည်သည့်အခါကမှ မကြားခဲ့သယောင် ဟန်ဆောင်လိုက်သည်။
ကျိုးကျင်ဟမ့်ကပြုံးကာ မည်သူကမှ မမေးသည့်တိုင် လက်ကျန်စကားတို့ကို ပြောလာခဲ့သည်။
"ဒါပေမယ့် ကျိုးပျက်သွားလည်း ပြဿနာမရှိပါဘူး ကိုယ်အဲဒါကို ဘယ်ရောက်နေနေ အစကပြန်စမှာပဲ"
ယီဟွေ့က အသံတစ်သံပင်မတုံ့ပြန်ချေ။ ကျိုးကျင်ဟမ့်က ကားစတီရီယိုကိုဖွင့်ပြီး ချိုသာသည့်သီချင်းသံအောက်၌ သူ့အား နေ့လည်တွင် ဘယ်နေရာကိုသွားမလဲဟု မေးလာခဲ့သည်။
"အနုပညာအသင်းကို"
ယီဟွေ့က အလိုက်သင့်ပင် ပြန်ဖြေလိုက်သည်။
နေရာမှာ ဤနေရာနှင့် အလွန်နီးကာ ကျိုးကျင်ဟမ့်က နာရီဝက်အတွင်း အမြန်မောင်းပြီး အရောက်သွားလိုက်သည်။ ကျိုးကျင်ဟမ့်က ဘယ်အချိန် လာကြိုရမလဲဟု မေးလာချိန်တွင် ယီဟွေ့က ပြောလိုက်သည်။
"မလိုအပ်ပါဘူး ငါ့ဟာငါ ပြန်လာမယ်"
အနုပညာအသင်းဧရိယာအတွင်း၌ လမ်းလျှောက်နေရင်း ယီဟွေ့တစ်ယောက် နောက်လေးလတွင်တော့ ကျိုးကျင်ဟမ့် သူ့အား တက်တက်ကြွကြွ မနှောင့်ယှက်နိုင်တော့ဟု တွေးနေမိသည်။ စကားလုံးဝမပြောရပါက ပိုကောင်းသည်။ အနှီလူမှာ ထိုကျွမ်းကျင်မှုတို့အား မည်သည့်နေရာက သင်ယူခဲ့မည်ကို မည်သူသိမည်နည်း။ သူက သူ့ကိုယ်သူ နှစ်သိမ့်ရုံမျှမက အခြားလူ၏ စကားများကိုလည်း သူ့ကိုအားပေးသလို အလှည့်အပြောင်း လုပ်ပစ်သေးသည်။ ရိုးရှင်းသောစကားစုလေးကပင် သူ့အား အဓိပ္ပါယ် လွဲမှားစွာ ကောက်ယူသွားစေနိုင်၏။
ယခင်က ဤသို့မဟုတ်သည်မှာ ထင်ရှား၍နေပါ၏။ သူအလိုရှိပါက လေတွေမိုးတွေအားလုံးကို ရနိုင်ပြီး ဤသိူ့သော သာမန်လူများသုံးလေ့ရှိသည့်နည်းဖြင့် သူ့ကိုယ်သူ စိတ်ဓာတ်ရေးရာ မြှင့်တင်စရာမလိုပေ။
ယီဟွေ့မှာ လတ်တလောတွင် ဘဝနှစ်ခုကို နှိုင်းယှဉ်မိသည့်အကြိမ်ရေ ပိုများလာကြောင်းအား တွေ့ရှိလိုက်ရ၏။ ဤသို့သော မသိစိတ်က ပူပန်မှုကို ဖော်ပြသည့်စကားလုံးများအား ပြောဆိုမိချိန်တွင် အခြားအဓိပ္ပါယ်ရှိမရှိကိုပင် စတင်စိတ်ဝင်စားမိလာသည်။
ထိုအတွေးက ယီဟွေ့အား တုန်လှုပ်သွားစေ၏။ အနုပညာအသင်း၏အဆောက်အအုံထဲ၌ အနုပညာဖလှယ်ပွဲ ပြုလုပ်ခဲ့သည်။ ထန်ဝမ်းရှီက ထိုနေရာ၌ မရှိပေ။ သင်ခန်းစာများကို နားထောင်ပြီးနောက် သူကထောင့်သို့သွားကာ ထိုင်ချလိုက်ပြီး တစ်ခါသုံးခွက်အား ကြောင်အအဖြင့် ကိုင်ထားမိသည်။
"ဒီမှာထိုင်လို့ရနိုင်မလား"
အသံတစ်ခုက သူ့နားနားတွင် ထွက်ပေါ်လာပြီး ယီဟွေ့က မတွေးဘဲ ဖြေလိုက်၏။
"ထိုင်လို့ရပါတယ်"
အမျိုးသားက သူ့ဘေးရှိခုံတွင် ထိုင်ချလိုက်မှ ယီဟွေ့လှည့်ကြည့်မိပြီး ထိတ်လန့်သွားရသည်။
အမျိုးသားက ပြုံးကာ လက်ကို ဆန့်တန်းပေးလာသည်။
"ဟယ်လို ငါ့နာမည်က ဖန်ယွီချင်းပါ"
စက္ကန့်အနည်းငယ်မျှ တုန့်ဆိုင်းနေပြီးနောက် ယီဟွေ့ သူနှင့်လက်ဆွဲနှုတ်ဆက်လိုက်သည်။
"ငါ့နာမည်က ကျန်းယီဟွေ့"
ဤသည်မှာ အနုပညာကို သဘောကျသူတိုင်းအတွက် ဖလှယ်ပွဲဖြစ်ပြီး သူ့အားဤနေရာ၌တွေ့ရသည်မှာ သာမန်မျှသာဖြစ်၏။ ယီဟွေ့ စဥ်းစားလိုက်ကာ ရေတစ်ငုံမျှသောက်လိုက်ရင်း တစ်ဖက်လူ၏အမည်ကို ကြားပြီးကတည်းကမြန်ဆန်စွာခုန်နေသည့် သူ့နှလုံးခုန်သံတို့အား နှေးသွားအောင် ပြုလိုက်သည်။
ယင်းက သူဖန်ယွီချင်း၏အမည်ကို ကြားရသည့် ဒုတိယအချိန်ပင်။ ပထမဆုံးကြားခဲ့ရသည်က သူ့ယခင်ဘဝ၌ ဖြစ်ချေ၏။ သူကအခြားလူများထံမှ ဖန်ယွီချင်းမည်မျှ တော်ထက်ကြောင်းနှင့် ကျိုးကျင်ဟမ့်တစ်ယောက် သူ့အားမေ့မရကြောင်းကို ကြားခဲ့ရခြင်းပင်။ တစ်ချိန်တည်းမှာပင် ယီဟွေ့ သူ့ကိုယ်သူ ရှက်မိသလို သူ့နှလုံးသားထဲတွင်လည်း မျှော်လင့်ချက်အချို့ကို ဖမ်းဆုပ်ထားမိသည်။ အရာအားလုံးက အတိတ်တွေပါဟူ၍ တွေးနေမိသည်။ ကျိုးကျင်ဟမ့်က သူ့အားလက်ထပ်ပြီးဖြစ်ကာ အဆုံးတွင် ကျရှုံးပြီးနောက် သူ၏အချစ်ဦးကို တဖြည်းဖြည်း မေ့သွားလိမ့်မည်။
ရလဒ်မှာ သူက အကောင်းမြင်လွန်းသူသာဖြစ်ကြောင်း ထွက်ပေါ်လာ၏။ ထို သုံးနှစ်တာကို ကြည့်လိုက်ပါက သူအကောင်အထည်မဖော်နိုင်ခဲ့သဖြင့် ရလိုက်သောနောင်တတို့ကြောင့် ကျိုးကျင်ဟမ့် သူ့အားဒေါသမထွက်သည့် အချိန်ဟူ၍ အဘယ်မှာရှိ၍များလဲ။ သနားစရာကောင်းစွာပင် သူတို့စပ်ယှက်ချိန်၌ ညင်သာစွာဆက်ဆံပေးခြင်းကပင် တူညီမှုကြောင့် ဖြစ်ချေ၏။
သူ့ဘေးတွင် ထိုင်နေသောအမျိုးသားအား ကြည့်ကာ သူက အလွန်တူကြောင်း ယီဟွေ့သတိပြုမိလိုက်သည်။ တူညီသည့်ပယင်းရောင်မျက်ဝန်းများ ၊ အထက်သို့တက်သွားသည့် နှာတံ၊ စကားပြောမနေချိန်တွင် အထက်သို့လှိုင်းသဏ္ဌာန် တွန့်ကွေးတက်နေသည့် နှုတ်ခမ်းတို့ကပင် တူညီနေခဲ့သည်။ သူ၏မေးမှလည်တိုင်အထိ တစ်လိုင်းလုံးက တူညီနေသည်မှာ မှန်ထဲတွင် ကြည့်နေရသည့်အတိုင်းပင်။
ကျိုးကျင်ဟမ့် သူ၏နောက်မှနေ၍ ကာမစပ်ယှက်နိုင်သည်မှာ မထူးဆန်းတော့ပေ။ ယီဟွေ့က သူ့ကိုယ်သူ နှိမ့်ချစွာ တွေးလိုက်မိ၏။ ထိုအချိန်တွင် သူရှက်နေသဖြင့် အချစ်ပြုလုပ်သည့်ကစားနည်းဟုပင် သူကခေါ်ဆိုခဲ့သည်။ အတိတ်အားပြန်ကြည့်ပါက အနှီကစားနည်းက သူတို့ကြားရှိရယ်စရာကောင်းသော ဆက်ဆံရေး၏ အနှစ်ချုပ်ပင်။
အချစ်ဟူ၍မရှိ ၊ စာချုပ်သာရှိပေသည်။ ထိုဂိမ်းမှလွဲ၍ ကျန်ရစ်ခဲ့သည်မှာ လက်ရှိသဘောတူညီချက်သာ ရှိလေသည်။ အကယ်၍ ယင်းကကံကြမ္မာဖြစ်ပါမူ သူနှင့်ကျိုးကျင်ဟမ့်တို့မှာ ကံကြမ္မာက ထိပ်တိုက်တွေ့ရန် ရည်ရွယ်ထားသူများဖြစ်နိုင်သည်။ သူတို့တွင် ဘဝမည်မျှပင်ရှိစေကာမူ ကိစ္စမရှိပါချေ။ သူတို့အနေဖြင့် ကောင်းမွန်စွာ အဆုံးသတ်ရန် ရည်ရွယ်မထားပေ။
"ငါ မှတ်မိတာမှန်ရင် မစ္စတာကျန်းက အရင်နှစ်အနုပညာအသင်းမှာလုပ်တဲ့ လက်တွေ့ပန်းချီပြိုင်ပွဲရဲ့ ရွှေတံဆိပ်ဆုရှင်မလား"
ဖန်ယွီချင်း၏စကားလုံးတို့က ကျန်းယီဟွေ့၏အတွေးတို့အား လက်တွေ့ကိူ ပြန်ခေါ်ဆောင်လာခဲ့သည်။ သူက ခေါင်းညိတ်ပြလိုက်ရာ ဖန်ယွီချင်းမှ ပြုံးပြလာသည်။
"အဲ့အချိန်တုန်းက ငါလည်း နောက်ဆုံးပြန်လည်ဆန်းစစ်မှုမှာပါတယ်လေ 'Sunrise'က တကယ့်ကို အံ့သြဖွယ်ရာပါပဲ ဒါပေမယ့် သုံးထားတဲ့အရောင်ကတော့ အတော်လေးပျင်းဖို့ကောင်းတယ် အကဲဖြတ်အသင်းက အစကတော့ အဲတာကို ငွေတံဆိပ်ပေးဖို့ စီစဥ်ထားပေမယ့် ငါက ရွှေတံဆိပ်ပေးဖို့ အကြံပြုခဲ့တာလေ ပြီးတော့ အမှတ်ပိုထည့်ပေးဖို့ ပြောခဲ့တာ"