အပိုင်း ၄၉.၁
Viewers 13k

Chapter 49.1



ထိုသို့သောအရာမျိုးဖြစ်ခဲ့သည်ကို ယီဟွေ့မသိခဲ့ပေ။ ခေတ္တမျှ သူ့အားကျေးဇူးတင်ရမည်လား ဘာကြောင့်လဲဟုမေးရမည်လားကိုလည်း သူမသိတော့ချေ။

ကံကောင်းစွာဖြင့် ဖန်ယွီချင်းမှ ရှက်ရွံ့မနေဘဲ တိုက်ရိုက်ပြောလာခဲ့၏။

"ဘာလို့လဲဆိုတော့ ပန်းချီထဲက အမျိုးသားက ငါသိတဲ့လူတစ်ယောက်နဲ့ အတော်လေးတူလို့လေ အဲ့အချိန်မှာပဲ တစ်စုံတစ်ယောက်က လူတစ်ယောက်ရဲ့ပုံတူကို ဒီလို အရမ်းထက်မြက်ပြီး ကမ္ဘာကြီးတစ်ခုလုံးကို အပိုင်စားရထားသလို ဆွဲနိုင်ရင် အဲဒီ့အနုပညာရှင်က အဲ့လူကို အရမ်းချစ်တာပဲလို့ တွေးမိလို့"

ယီဟွေ့၏နှလုံးသားက ရုတ်တရက်ပင် ခုန်လှုပ်သွားကာ သူကခြောက်သွေ့မှုတို့ကို မြိုချရင်း(တံတွေးမြိုချ) ပြောလိုက်လေသည်။ 

"ဟင့်အင်း ငါ သူ့ကိုမချစ်ပါဘူး ဒီအတိုင်းပဲ ပေါ့ပေါ့ပါးပါး ဆွဲလိုက်တာ"

"အာ အဲလိုလား ငါထင်လိုက်တာက ပန်းချီပညာရှင်တွေက ဒီလိုစိတ်ဆန္ဒသေးသေးလေးတွေကို ဖုံးကွယ်ထားလေ့ရှိတယ်ပေါ့"

ဖန်ယွီချင်းက နောင်တအပြည့်ဖြင့်ဆိုပြီးနောက် သူက ထပ်မံ၍ ပြုံးလိုက်ကာ

"ဒါပေမယ့် ငါပြောတဲ့အဲဒီ့ပန်းချီထဲကလူနဲ့ တူတယ်ဆိုတဲ့လူက ငါ့ချစ်သူလေ ငါကသူ့ကို အရမ်းချစ်တာ"

နေ့လည်ပိုင်း၌ ယီဟွေ့က ဆေးရုံရှိ ကျန်းရွှယ်မေ့ထံ သွားလည်ခဲ့သည်။ ကုတင်ဘေး၌ ဒေစီတစ်စည်းကိုတွေ့လိုက်ရသဖြင့် ဘယ်ကရတာလဲဟု မေးလိုက်သည်။ ကျန်းယီမန့်က သူ့ကိုဘေးသို့ဆွဲကာ ပြောလိုက်၏။

"ကျိုးမျိုးရိုးကောင်လေးက ခုပဲလာသွားတယ် အမေအိပ်နေလို့ သူ့ကိုမအော်လိုက်ရဘူး ကံကောင်းချင်တော့ သူကဘာမှမပြောဘူးလေ ပန်းတွေကို ချထားပြီး ပြန်ထွက်သွားတာပဲ"

ကျိုးကျင်ဟမ့်က လတ်တလောတွင် အားနေရမည်ဟု ယီဟွေ့ ခန့်မှန်းလိုက်မိသည်။ မဟုတ်ပါက လက်ထောက်တစ်ဦးအား စေလွှတ်၍ရသည်ကို သူကိုယ်တိုင် အဘယ်ကြောင့် လုပ်စရာလိုသည်လဲ။

ဖျော်ဖြေရေးသတင်းများမှာ ဘတ်စ်ကားပေါ်၌ လွှင့်နေပြီး အရှုပ်အထွေးများကို ဖုံးဖိထားသည့် နာမည်ကြီးအနုပညာရှင်များအကြောင်းကို ဖော်ထုတ်လိုက်၏။ ကျိုးကျင်ဟမ့်သည်လည်း ရုပ်ရှင်ရိုက်ခြင်းမှ ရပ်ဆိုင်းခံလိုက်ရသော နာမည်ကြီးများထဲမှ တစ်ဦးဖြစ်သည်။ ပိုမိုအကျိုးသက်ရောက်စေရန် ရှိုးမှနေ၍ လွန်ခဲ့သောလေးနှစ် ကျိုးကျင်ဟမ့်စတင် ပွဲဦးထွက်ချိန်ကတည်းက အဆိုးမြင်မှတ်ချက်များကို စုစည်းခဲ့သည်မှာ ယခုနှစ်အစတွင် စိတ်ကြိုက်မှာယူ၍ရသည့် လက်ထပ်လက်စွပ်စင်တာသို့ သွားခဲ့သည့်ကိစ္စရောပင်ဖြစ်၏။

ဤသတင်းက တစ်နှစ်မျှပင် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထိုအချိန်၌ ယီဟွေ့က ယင်းအား တမင်တကာပင် ရှောင်နေခဲ့သည်။ နောက်ပိုင်းတွင် သူမတော်တဆမြင်ခဲ့ရသောလက်စွပ်က အနှီဆိုင်မှ လာခဲ့လားဆိုသည်ကို မသိတော့ပေ။

ယခု TVမျက်နှာပြင်ထက်တွင်ပေါ်လာသော ပုံများကိုကြည့်ရသည်မှာ ကျိုးကျင်ဟမ့်နှင့်အတူ ဘားတွင်ထိုင်နေသော မျက်နှာဖုံးဖြင့်လူမှာ ဖန်ယွီချင်းပင် မဟုတ်ပါလား။

သူငယ်ချင်းဆက်ဆံရေးသာ ဖြစ်နိုင်သည်ဟု ငြင်းဆန်နိုင်စွမ်းမရှိသည့်တိုင် ဖန်ယွီချင်းဆိုခဲ့သော'ချစ်သူ'ဟူသော စကားလုံးအားလည်း မျက်စိစုံမှိတ်ကာ ယုံလိုက်၍မရပေ။

ဒါပေမယ့်လည်း အဲဒါက သူနဲ့ဘာဆိုင်လို့လဲ။

ယီဟွေ့ သူ့အကြည့်ကို လွှဲကာ ပြတင်းပေါက် အပြင်ဘက်သို့သာ ကြည့်နေလိုက်သည်။ သူ၏ စိတ်မသက်မသာဖြစ်နေသော အမူအယာက ပိုမိုသိသာလာသည်။ ရုတ်တရက်ကြီး သူပြန်မသွားချင်တော့ချေ။

သူက နောက်မှတ်တိုင်၌ ဆင်းလိုက်သည်။ ယင်းက လူအများပျားပန်းခတ်လှုပ်ရှားနေသည့် မြို့လည်ခေါင်ဧရိယာဖြစ်၏။ နံရံလေးဘက်လေးတန် ပိတ်လှောင်နေသည့်နေရာတွင် ပျင်းရိစွာနေရခြင်းထက် ပတ်ဝန်းကျင်မှာ ပေါ့ပေါ့ပါးပါး လမ်းပတ်လျှောက်ရသည်မှာ စိတ်ဝင်စားဖို့ကောင်း၏။

မြစ်တစ်စင်းက စီးပွားရေးလမ်းအရှေ့ဘက်မှ အနောက်ဘက်သို့ စီးဆင်းသွားကာ သစ်သားတံတားများစွာကို ဖြတ်ကျော်သွားခဲ့သည်။ သူ့ရှေ့ရှိတံတားဘေးတွင် ကုန်းမြေလေးတစ်ခုကို မြင်လိုက်ရပြီး စမ်းချောင်းလေးတစ်စင်းက ဖြတ်သန်းစီးဆင်းနေသည်။

ဤသို့သော လူများစွာ သွားလိုက်လာလိုက်လုပ်နေသည့် နေရာမျိုးက သူ့အတွက်တော့ တားမြစ်နေရာပင်။ သူအလွန်ငယ်ရွယ်စဥ်က သူ့မိခင်ဤနေရာသို့ ခေါ်လာခဲ့ဖူးသည်ကိုသာ မှတ်မိတော့၏။ တစ်ချိန်လုံး သူ့လက်ကို တင်းကြပ်မြဲမြံစွာဆုပ်ကိုင်ထားပြီး သူပျောက်သွားမည်ကို ကြောက်ရွံ့နေခဲ့သည်။ 

ထိုအချိန်က နောက်ကျနေပြီဖြစ်၍ ဖြစ်နိုင်သည်။ ယနေ့ကဲ့သို့ လူများ ပြည့်ကြပ်မနေပေ။ သူကရှေ့ကို လျှောက်သွားလိုက်ပြီး အနားယူရန် သိပ်မသိသာသည့်နေရာတစ်ခုကို ရှာလိုက်သည်။ လူအများကရပ်ကာ ရေကန်အောက်ခြေရှိ ဒင်္ဂါးပြားများကို အံ့သြတကြီးကြည့်ပြီး အဝေးကိုထွက်သွားကြခြင်း သို့မဟုတ် ဆုတောင်းရန် ဒင်္ဂါးအားထုတ်လိုက်ခြင်းတို့ကို မြင်လိုက်ရသည်။

သူတို့ကြား၌ သူ့အရိပ်ကိုမြင်နိုင်သည်။ သူသည်လည်း စိတ်ကူးယဉ်နတ်ဘုရားတို့အပေါ် သူ့မျှော်လင့်ချက်အား ပုံအပ်ထားသူဖြစ်သည်။

"မြန်မြန်လေး ငါ့ကို ဒင်္ဂါးတစ်ပြားပေး ဒီနေရာက ဝိဥာဥ်စွမ်းအင်တွေ ကြွယ်ဝတယ်တဲ့ ဆုနည်းနည်းလောက်တောင်းချင်တယ်"

“…အကုန်ပစ်ချလိုက်မှာလား ”

“ကောင်းပြီ များများပိုပစ်ရင် ရိုးသားမှုကို ပြတာနဲ့တူတယ်လေ...”

“မင်းဘာဆုတောင်းတာလဲ”

“အချိန်မှီ ပြန်ရောက်ချင်တယ်...”

“ဟမ့်”

“ကျောင်းမှာရှိနေတုန်း ပြန်လာရင် အကောင်းဆုံးပဲ ငါမင်းကို စောစောဝန်ခံပြီး မင်းကို မြဲမြဲဖမ်းဆုပ်ထားခဲ့တာ မင်းပြည်ပကို သွားချင်ရင် ငါလည်းမင်းနဲ့လိုက်မယ် မင်းငါ့ကိုခွဲသွားလို့မရဘူး ...”

“အခုလည်း အရမ်းကောင်းနေပါပြီ...”

……


ယင်းက လိင်တူစုံတွဲတစ်တွဲဖြစ်သည်။ ယီဟွေ့က အာရုံစိုက်ကာနားထောင်ပြီးနောက် ရင်းနှီးနေပုံရသည့် အဆုံးမဲ့ခံစားချက်တို့အား လျစ်လျူရှုလိုက်လေသည်။ သူက ရီဝေစွာဖြင့် ရပ်နေမိပြီး `ဟွေ့ ဟွေ့´ဟူသော အသံထွက်လာမှ သတိပြန်ဝင်လာကာ ခေါင်းမော့လိုက်ချိန်၌ အံ့အားသင့်နေသည့်မျက်ဝန်းနှစ်စုံကို တွေ့လိုက်ရလေသည်။ 


တိတ်ဆိတ်နေသော လက်ဖက်ရည်အိမ်လေးထဲတွင် စားပွဲများအားလုံးက အလွတ်ဖြစ်နေပြီး လက်ဖက်ရည်နံ့သင်းသင်းလေးက လေထုကိုစိုစွတ်ကာ နွေးထွေးစေသည်။ အခန်းအလယ်တွင် ဆောင်းဦးအစောပိုင်း၏ အေးစက်စက်လေထုနှင့် လုံးဝကို ကွဲထွက်နေ၏။


ယဲ့ချင်းက လက်ဖက်ရည်ခွက်ထဲမှ တစ်ငုံမျှသောက်လိုက်ရာ အပူလောင်သွားသဖြင့် လျှာကို ဆန့်ထုတ်လိုက်ရသော်လည်း သူ့မျက်နှာထက်တွင်တော့ အပြုံးတစ်ပွင့် ရှိနေဆဲဖြစ်သည်။


"မင်းက မဟုတ်... မင်းမဟုတ်ဘူးပဲ၊ ငါတို့မင်းကိုနှောင့်ယှက်ပြီး အားလပ်ချိန်ကို ယူထားမိတယ် ငါတို့ကို ခွင့်လွှတ်ဖို့ မျှော်လင့်ပါတယ်"


ယီဟွေ့က ခေါင်းကိုငုံ့ထားရင်း မည်သည့်နေရာကို ကြည့်ရမည်မှန်း မသိချေ။

"မင်းပြောနေတဲ့လူက ငါနဲ့အရမ်းတူလို့လား"


"ပုံပန်းသွင်ပြင်အရဆိုရင်တော့ အရမ်းမတူပါဘူး"


တစ်ချိန်လုံး တိတ်ဆိတ်နေသော ချန်ဖေးချီက ရုတ်တရက် ပြောလာခြင်းပေ။

"မင်းတို့က လူနှစ်ယောက်လိုပါပဲ"


ယီဟွေ့၏လည်ချောင်းက စတင်ခြောက်သွေ့လာသည်။


"ဒါဆို..."


ဆန့်ကျင်ဘက်တွင် ထိုင်နေသော ချန်ဖေးချီက လက်ဖက်ရည်ခွက်ကို ကိုင်ထားသည့် သူ့လက်ကိုကြည့်ကာ ပြောလာသည်။


 "အလိုလိုသိစိတ်... အလိုလိုသိစိတ်က ယုတ္တိမရှိဘူး..."

"တကယ်အဓိပ္ပါယ်မရှိတာ..." 


ယဲ့ချင်းက သူ့လက်ကြားထဲမှ ခေါင်းပြူထွက်လာပြီး ယီဟွေ့ကို စိုက်ကြည့်လာသည်။


"တကယ်လို့ ဒီနေ့တွေ့တာ ငါတစ်ယောက်ထဲသာဆိုရင်တော့ ဒါကို တိတ်တဆိတ်ပဲ သံသယဝင်နေမှာ ဒါပေမယ့် သူကလည်း အရမ်းတွေးနေတော့ ငါမင်းကို စိတ်မြန်လက်မြန် တားလိုက်မိတာပဲ"

ယီဟွေ့မှာ အလွန်စိတ်လှုပ်ရှားနေပြီး များများပြောလေ အမှားပိုပါလေဖြစ်မည်ကို ကြောက်ရွံ့နေခဲ့ကာ သူကထပ်မံငြင်းဆိုလိုက်ပြန်သည်။


"ငါက မင်းတို့ရှာနေတဲ့လူမဟုတ်ပါဘူး ငါကတောင်ပိုင်းမှာနေတာ လတ်တလောမှ အလုပ်ကြောင့် ဒီကိုလာတာပါ လနည်းနည်းလောက်ဆို အိမ်ပြန်တော့မှာ"


"ကောင်းပါပြီ ကောင်းပါပြီ မင်းကသူမဟုတ်တာကို သိပါပြီ သူငယ်ချင်းလုပ်ကြရအောင် အရမ်းမကြောက်ပါနဲ့"


ယဲ့ချင်းက ယခုလေးတင်မှ လာတည်ခင်းသည့် သူ့ရှေ့မှအဆာပြေစာကို တွန်းပို့ပေးလိုက်၏။


"မင်း ချိုတာတွေကြိုက်လား"


ယီဟွေ့က ပထမတွင် ခေါင်းညိတ်လိုက်သော်ငြား ထပ်မံခေါင်းယမ်းလိုက်ပြန်သည်။ သူ့မျက်နှာက နီရဲသွားပြီး

"ငါစားလို့ရပါတယ် နည်းနည်းလောက်ပဲ"

ယဲ့ချင်းက ရယ်လိုက်သည်။

 "ဒါဆိုလည်း များများစား..."

လက်ဖက်ရည် သောက်ပြီးနောက်တွင် ယီဟွေ့က ထွက်သွားဖို့ရာ အလျင်လိုနေခဲ့သည်။ ယဲ့ချင်းက ပန်းကန်ထက်ရှိ ဖရဲစေ့များကိုကြည့်ကာ အတွေးများနေခဲ့ရင်း အပြင်သွားပါက ကုတ်ဝတ်ဖို့ရာ သတိပေးလိုက်ပြီး အနှီကြည့်ရဆိုးသောအင်္ကျီကို ဘယ်ကဝယ်လာလဲဟု မေးလိုက်သည်။ ယီဟွေ့က သူ့သူငယ်ချင်း လုပ်ပေးထားတာဖြစ်ကြောင်း ပြန်ဖြေလိုက်ပြီး တံခါးထံ အလျင်အမြန် လှည့်ထွက်သွားတော့သည်။ ခြေနှစ်လှမ်းခန့် လှမ်းပြီးနောက် ထပ်မံ၍ ရပ်လိုက်ရပြန်သည်။


"ငါတို့ဘယ်သူ့ကိုရှာနေလဲဆိုတာ မင်းကမေးတောင်မမေးဘူးပဲ"


ယီဟွေ့က ဖြည်းဖြည်းချင်းလှည့်လိုက်ပြီး သူ့အကြည့်များက မြေပေါ်၌ရှိနေဆဲဖြစ်ကာ


"ဘယ်... ဘယ်သူလဲ"

""သူ့ညီလေး"


ယဲ့ချင်းက ချန်ဖေးချီအားညွှန်ပြပြီးနောက် သူ့ကိုယ်သူ ပြန်ညွှန်ပြလိုက်လေသည်။


"ငါ့ညီလေးလည်းဟုတ်တယ်"


အနှီဇာတ်လမ်းကြောင့် ယီဟွေ့ ရပ်ကွက်တံခါးဝသို့ ဝင်လာချိန်၌ ဆယ်နာရီထိုးနေပြီဖြစ်သည်။


ဆယ့်နှစ်နာရီ ကန့်သတ်ချက်က ကျော်သွားပြီဖြစ်သော်ငြား သူကတော့ ထိုအကြောင်းကို စိတ်မပူပဲ ဖြည်းဖြည်းချင်းစဥ်းစားရင်သာ လျှောက်သွားလိုက်သည်။


လမ်းလျှောက်နေရင်းဖြင့် သူ့အကြည့်များကလည်း မှိုင်းညို့ရီဝေနေသည်။


သူပြန်လည်မွေးဖွားပြီးနောက် သူ၏ယခင်ဘဝက ဟာသတစ်ခုသာသာဟုသာ တွေးခဲ့မိသည်။ သူက ပြီးပြည့်စုံပြီး ကောင်းမွန်သည့်ဘဝတွင် နေခဲ့ရသည်ဟု ထင်ခဲ့သော်ငြားလည်း အဆုံးတွင် အသုံးမကျစွာသေဆုံးခဲ့ရပြီး အားလုံးကို ဆုံးရှုံးခဲ့ရ၏။


ယီဟွေ့က ကောင်းကင်ကိုမော့ကြည့်ပြီး သက်ပြင်းရှိုက်လိုက်၏။ ယင်းက ကိစ္စကြီးမဟုတ်ကြောင်း ထွက်ပေါ်လာခဲ့သည်။ သူ့အကြောင်းတွေးနေဆဲ လူများရှိနေသေးကြောင်းနှင့် သမုဒ္ဒရာကဲ့သို့သော လူအုပ်ကြီးထဲ၌ သူ့အား အကြည့်တစ်ချက်မျှဖြင့် ရှာတွေ့နိုင်သူများ ရှိနေသေးကြောင်း ထွက်ပေါ်လာခဲ့ပါ၏။

သို့ပေမယ့် ရှက်ရွံ့မိ၍ဖြစ်စေ တစ်ကိုယ်ကောင်းဆန်ခြင်းကြောင့်ဖြစ်စေ သူဝန်မခံနိုင်ခဲ့ပါချေ။ ယခုသူက လမ်းကြောင်းကို ရွေးချယ်ပြီးဖြစ်နေပြီဖြစ်ကာ မြဲမြံစွာ ရှေ့ဆက်သွားရုံသာ ရှိတော့သည်။ သူတို့နှစ်ဦး၏အထောက်အထားများကို တတ်နိုင်စွမ်းမရှိသကဲ့သို့ အတိတ်ကိုလည်း ပြန်မသွားနိုင်ချေ။

အချိန်နောက်ပြန်ဆုတ်ခြင်းက လူတိုင်းအိမ်မက်မက်နေသည့် အခွင့်အရေးတစ်ခုဖြစ်သော်ငြား သူကတော့ မလိုချင်ပေ။

ဤသို့သော အချစ်အမုန်းခံစားချက်တို့အား တစ်ကြိမ်မျှခံစားရရုံဖြင့်ပင် လုံလောက်နေပြီဖြစ်ကာ ယီဟွေ့ဟူသော ငမိုက်သားအတွက် ဝမ်းနည်းရခြင်းကလည်း တစ်ကြိမ်နှင့်ပင် လုံလောက်နေပြီဖြစ်၏။ သူတို့ပျော်ရွှင်စွာသာ ရှင်သန်နေသင့်ပါ၏။ ရူးမိုက်စွာသေဆုံးသွားခဲ့ရသူအတွက် ဝမ်းနည်းမှုတို့ထဲတွင် နစ်မြှုပ်မနေစေသင့်ပေ။


သူက တုံးအရူးမိုက်နေခဲ့စဥ်ကလည်း သူ့စကားကိုတည်ရမည်ကို သိပါ၏။ သူက ကျန်းယီဟွေ့ဖြစ်ချင်ကြောင်း ပြောခဲ့စဥ်ကတည်းက သူ့ကိုယ်သူ လှည့်စားနေမိမှန်း သိနေသည့်တိုင် သူ ယင်းအား သူ့လက်ကျန်တစ်ဘဝလုံး၌ လူတိုင်းထံမှ ဖုံးကွယ်ထားရုံသာ ရှိတော့သည်။ 


အတော်ကြာပြီးသည့်နောက်မှာတော့ ယင်းကာ သူ့ကိုယ်၌ထံမှပင် ဖုံးကွယ်နိုင်လာပုံရသည်။
(သူ့ကိုယ်သူ လှည့်စားနိုင်တယ်လို့ပြောချင်တာပါ)


သူက ဝန်းထဲ၌ နှစ်ကြိမ်မျှ လမ်းပတ်လျှောက်ပြီးနောက် ခုံလွတ်တစ်ခုပေါ်တွင် အကြာကြီးထိုင်နေလိုက်သည်။ ယီဟွေ့က သူ၏ယောင်နေသော မျက်လုံးများကိုပွတ်သပ်ကာ ထရပ်လိုက်သည်။ သူကဘယ်ဘက်သို့လှည့်၍ ကြည့်လိုက်ပြီး အကြိမ်ပေါင်းများစွာ လျှောက်ခဲ့သော ကျောက်စရစ်လမ်းတစ်လျှောက် လိုက်သွားလိုက်သည်။


မျက်လုံးကိုပွတ်သပ်ကာ ဖွင့်ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့အိမ်ရှေ့ရှိလမ်းဘေးတွင် ရပ်နေသော ကျိုးကျင်ဟမ့်ကို မြင်လိုက်ရသည်။ လုံခြုံရေးထံမှပန်းကို လက်ခံရပြီးနောက် တံခါးဝတွင် သူနှင့်ဝင်တိုးမိတုန်းကဲ့သို့ပင်။

ယီဟွေ့က ရှေ့တည့်တည့်ကို လျှောက်သွားလိုက်ပြီး သူ့ကိုဖြတ်ကာ တံခါးဖွင့်လျက် ခြံဝန်းထဲသို့ ဝင်မည်အပြုတွင် သူ့နောက်ရှိ ကျိုးကျင်ဟမ့်ထံမှ အမေးကိုကြားလိုက်ရသည်။


"မင်း ဘယ်သွားနေတာလဲ"


ယီဟွေ့က မေးခွန်းကိုပြန်မဖြေသော်လည်း အဓိကအချက်ကိုရွေးကာ ပြောလိုက်သည်။


"လွတ်သွားတဲ့အချိန်တွေအတွက် မနက်ဖြန် ပြန်လုပ်ပေးပါ့မယ်"


ယနေ့တွင် လွတ်သွားသည့်အချိန်တို့အား မနက်ဖြန်၌ အစားထိုးလိုက်မည်။ ယခင်တစ်ပတ်က သူလုပ်ခဲ့သည့် အရာမှာ ကျန်းရွှယ်မေ့အား စောင့်ရှောက်ခြင်းသာဖြစ်သည်။


ထို့ကြောင့် ကျိုးကျင်ဟမ့်မှ ဤတစ်ကြိမ်၌ အဘယ်ကြောင့် လှုံ့ဆော်ခံရသလိုဖြစ်နေသည်ကို သူနားမလည်ပေ။ သူက သူ့လက်ကောက်ဝတ်ကို ဆုပ်လိုက်ပြီး အဝင်တံခါးသို့ ဖိချလိုက်ကာ ရီဝေဝေဖြစ်နေဆဲပင်။


"မင်းဘယ်သွားတာလဲလို့ မေးနေတာ..."