Ch 226
Viewers 33k

အခန်း (၂၂၆) - မင်းတကယ်တော်ပါတယ်


ထိုစကားတွေက အခန်းထဲရှိနေသည့် အစေခံမလေးတွေရဲ့ အမူအရာကို ပြောင်းလဲသွားစေခဲ့ကာ အထူးသဖြင့် ဖူဝန်ကျန်း ဖူအိမ်တော်က ခေါ်လာခဲ့သည့် အစေခံမလေးရဲ့ မျက်နှာ ဖြစ်လေသည်။


သူတို့တွေက ပါးစပ်ကို လက်ဖြင့် အုပ်ကွယ်ထားခဲ့သည်။


ဘာဖြစ်လို့ ဒီစကားတွေကို လက်လွတ်စပယ် ပြောနိုင်ရတာလဲ။


အကယ်၍ သူတို့လည်း ထိုအတိုင်းတွေးရင်တောင်မှ ထုတ်ပြောလိမ့်မည် မဟုတ်ပေ။


မဟုတ်ပါက ထိုစကားတွေသာ ပြန့်သွားပါက သူတို့သခင်မ ဒုက္ခရောက်လိမ့်မည်။


သူမက အစေခံမလေးတွေကို ချက်ချင်းပြောခဲ့သည်။ "ဒီအခန်းထဲက ထွက်သွားပြီးတာနဲ့ ငါပြောခဲ့တာတွေကို မေ့လိုက်။"


သူမက ရက်စက်စွာ ထပ်ပြောခဲ့သည်။ "အကယ်၍ တစ်ယောက်ယောက်သာ အဲစကားတွေကို ဖြန့်လို့ကတော့ အဲလူတစ်ယောက်တည်းမကဘဲ တစ်မိသားစုလုံးကို သတ်ပစ်မယ်။"


အစေခံမလေးတွေရဲ့ တုံ့ပြန်ချက်ကိုကြည့်ပြီးနောက် ဖူဝန်ကျန်းရဲ့ စိတ်က ပိုကြည်လင်လာခဲ့သည်။


သူမက အေးစက်စွာနှာမှုတ်ပြီး ခနဲ့ခဲ့သည်။ "ဟုတ်တယ်၊ ငါ ဒီနေ့ပြောခဲ့တဲ့စကားကို ပြန်ဖြန့်လို့ကတော့ တစ်မိသားစုလုံး သေရမယ့်နေ့ကို စောင့်မျှော်နေလိုက်။"


ဒီလိုကိစ္စမျိုးကို သူမ အရင်ကလည်း လုပ်ခဲ့ဖူးသည်။


သူမက ဒုတိယမင်းသားကို လက်လွှဲပေးလိုက်မည်ဖြစ်သည်။


အစေခံမလေးတွေက သူတို့ ဘယ်လိုသခင်မကို အမှုထမ်းနေရလဲဆိုတာ ကောင်းကောင်းသိသည်။


တစ်ယောက်ပြီးတစ်ယောက် အမူအရာတွေပြောင်းသွားခဲ့ကာ ဒူးထောက်ခဲ့လေသည်။ "အဲလိုမလုပ်ရဲပါဘူး သခင်မ။"


အမွှေးတိုင်မီးညှိခဲ့သည့် အစေခံမလေးပင် ဒူးထောက်ကာ ခေါင်းငုံ့ထားခဲ့သည်။


သူမက ခေါင်းငုံ့ထားပြီး နှုတ်ခမ်းတွေက လှောင်ပြုံးပြုံးနေကာ မျက်လုံးတွေက အမုန်းတရားတွေပြည့်နေခဲ့သည်။


တကယ်လည်း သူတို့က စကားတွေကို လျှောက်မဖြန့်ပေ။


သို့ပေမယ့် တတိယမင်းသားက သူ့ဘာသာသူ ကြားသွားခဲ့တာဆိုရင်တော့ သူတို့နှင့် မသက်ဆိုင်ပေ။


သူမ၏ အစ်မဖြစ်သူက ဖူဝန်ကျန်း မှူးမတ်စံအိမ်မှာနေတုန်းက သူမရဲ့ အစေခံမလေး ဖြစ်ခဲ့ဖူးသည်။


သူမက ဖူဝန်ကျန်းကို ဘယ်လိုအပြစ်ပြုမိခဲ့လည်း မသိပေမယ့် သူမရဲ့အစ်မက ဖူဝန်ကျန်းရဲ့ ကြာပွတ်နဲ့ သေအောင် ရိုက်နှက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။


ဒါ့အပြင် သူတို့၏ မိသားစုနေအိမ်ဟာလည်း မီးရှို့ခံခဲ့ရသည်။


သူမရဲ့ အဖေ၊ အမေနဲ့ မောင်လေးက မီးလောင်ကာ သေဆုံးသွားခဲ့ရသည်။


အကယ်၍ ထိုညသန်းခေါင်က သူမသာ လူလုံးထွက်ပြခဲ့ရင် သူမသည်လည်း မီးရှို့ကာ အသတ်ခံရနိုင်သည်။


နောက်တော့ သူမက ကိုယ်ရေးရာဇဝင်ကို ဖုံးကွယ်ပြီး လက်စားချေဖို့အတွက် သူမကိုယ်သူမ မှူးမတ်စံအိမ်ကို အစေခံအဖြစ် ရောင်းချခဲ့သည်။


ဖူဝန်ကျန်းနှင့် တတိယမင်းသား လက်ထပ်ပြီးနောက် သူမပါ နန်းတော်ကို လိုက်ဝင်လာခဲ့သည်။


နောက်နှစ်အနည်းငယ်ကြာပြီးမှ မီးရှို့ဖို့ ဒုတိယသခင်လေးကို ခိုင်းစေခဲ့သူက ဖူဝန်ကျန်းဖြစ်နေမှန်း သူမ သိခဲ့ရသည်။


ဒီနေ့လိုပဲ ဖူဝန်ကျန်းက အစေခံမလေးတွေကို ခြိမ်းခြောက်ခဲ့သလို အလကားပြောတာ မဟုတ်ဘဲ သူမ တကယ်လုပ်ရဲတာ ဖြစ်သည်။


သူမက ဖူဝန်ကျန်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်ဖို့ ဆန္ဒရှိသည်။


တတိယမင်းသားက အလွန်အသုံးမကျသည့်လူ မဖြစ်ဖို့သာ သူမ မျှော်လင့်ထားသည်။


"တတိယမင်းသားနဲ့ လက်ထပ်လိုက်ရတာ တကယ်ကံဆိုးတာပဲ။"


ဖူဝန်ကျန်းက အနည်းငယ် မူးဝေနေသလို ခံစားခဲ့ရသည်။


သူမက မတ်တပ်ထရပ်ကာပြောခဲ့သည်။ "ငါ့ကို သန့်ရှင်းရေး လုပ်ပေးကြစမ်း။"


"ဟုတ်ကဲ့ပါရှင့်။" သူမရဲ့ ကိုယ်ပိုင်အစေခံမလေးက ရှေ့တိုးလာခဲ့သည်။


တတိယမင်းသားက တံခါးရှေ့မှာ အရိပ်လေးလို ရပ်နေခဲ့သည်။


တစ်စုံတစ်ယောက်သာ သေချာမကြည့်ပါက သူ့ကို သတိထားမိမည် မဟုတ်ပေ။


ထို့ကြောင့် ဖူဝန်ကျန်းနှင့် ကျန်သည့် အစေခံတွေက သူတို့ပြောခဲ့သည့် စကားတွေအကုန်လုံးကို တတိယမင်းသား ကြားသွားခဲ့မှန်း မသိခဲ့ကြပေ။


လျန့်ဟန်ရှောင်ရဲ့ မျက်နှာက ဖြူဖပ်နေခဲ့သည်။


သူက လက်သီးကို တင်းတင်းဆုပ်ကာ တံခါးရှေ့မှာ ရပ်နေခဲ့သည်။


သူက နန်းတွင်းအစေခံရဲ့ ကလေးဖြစ်ကာ မိခင်ဖြစ်သူက မီးဖွားရင်းပင် ဆုံးသွားခဲ့တာကြောင့် နန်းတော်မှာ သူက အလေးပေးမခံခဲ့ရပေ။


မိန်းမစိုးတွေရဲ့ အနိုင်ကျင့်ခြင်းကို အမြဲခံခဲ့ရသည်။


အလွန်အေးသည့် နေ့တစ်နေ့မှာ သူက အဝတ်ပါးလေးသာ ဝတ်ထားပြီး သူ့လက်တစ်ခုလုံး နှင်းကိုက်နာတွေ ဖြစ်နေသည့် နေ့တစ်နေ့ကို သူမှတ်မိသေးသည်။


တစ်စုံတစ်ယောက်က သူ့ကို လက်အနွေးဓာတ်ပေးမီးဖိုလေး လာပို့ပေးလိမ့်မည်ဟု သူ မထင်မိခဲ့ပေ။


နောက်ရက်အနည်းငယ်ကြာပြီးနောက် နှင်းကိုက်နာအတွက် လိမ်းဆေးပုလင်းလေးရခဲ့ကာ သူ့နှလုံးသားလေး နွေးထွေးသွားခဲ့သည်။


ထိုနွေးထွေးမှုလေးကြောင့်ပဲ သူက ဖူဝန်ကျန်းကို လက်ထပ်ခဲ့တာဖြစ်ပြီး သူ့ကို ပိုချစ်မြတ်နိုးပေးချင်ခဲ့တာ ဖြစ်သည်။


သူ့အဆင့်အတန်းအတွက် ဖူဝန်ကျန်းရဲ့ မိသားစုနောက်ခံကို မက်မောလို့ မဟုတ်ဘဲ ထိုရာထူးကို လိုချင်ခဲ့တာလည်း အဓိကအချက်က သူမကြောင့်သာဖြစ်သည်။


အနာဂတ်မှာ သူမကို တခြားလူတွေရဲ့ ကြိုးကိုင်ခြယ်လှယ်ခြင်း မခံရစေချင်လို့ ဖြစ်သည်။ 


သူမက အလွန်မောက်မာကာ ဝင့်ကြွားလွန်းသည်။


အတိတ်က အမှန်တရားတွေက အလွန်မခံမရပ်နိုင်ဖြစ်စေလိမ့်မည်ဟု သူ မထင်မိခဲ့ပေ။


ထိုနေ့က သူ့ကို အနွေးဓာတ်ပေးခဲ့သည့်လူကို သူ အမှတ်မှားခဲ့သည်။


ဖူဝန်ကျန်း သူ့ကို ထိတွေ့ခွင့်မပေးခဲ့တာလည်း မဆန်းတော့ပေ။


သူက သူမကို လေးစားချင်တာကြောင့် အတင်းဖိအားပေးကာ ထိတွေ့ခဲ့ခြင်း မရှိခဲ့ပေ။


အခု ဖူဝန်ကျန်းရဲ့ စကားတွေကို ကြားပြီးနောက် သူ ဒေါသထွက်ခဲ့သော်လည်း နားလည်ရခက်စွာ စိတ်အေးခဲ့ရသည်။


သူ့နှလုံးသားက နာကျင်နေတာမျိုး မရှိခဲ့ပေ။


ဒီနှစ်တွေထဲ သူမကို သူ အလွန်သဘောကျကြောင်း သူ့ကိုယ်သူ လိမ်လည်ခဲ့ပုံရသည်။


မဟုတ်ပါက ဒေါသအပြင် တခြားအတွေးတွေ မရှိရသနည်း။


သူက မျက်လုံး ပိတ်ခဲ့သည်။


သူက မျက်လုံးထပ်ဖွင့်ပြီးသည့်နောက် ရှေ့တိုးသွားပြီး တံခါးကိုဖွင့်ကန်ခဲ့သည်။


အခန်းထဲလူတွေ အကုန်လုံးက ထိတ်လန့်သွားခဲ့ကြသည်။


လျန့်ဟန်ရှောင်ရဲ့ ဖြူဖပ်နေသည့်မျက်နှာကို ဖူဝန်ကျန်းမြင်ပြီးနောက် စိတ်မလုံစွာမေးခဲ့သည်။ "ရှင် ရှင်ဘာလာလုပ်တာလဲ။"


လျန့်ဟန်ရှောင်က သူမကို တည်ငြိမ်စွာ ကြည့်ခဲ့သည်။ "စောနက မင်းပြောခဲ့တာတွေအကုန် ငါကြားခဲ့တယ်။"


ဖူဝန်ကျန်းရဲ့ အမူအရာက ပြောင်းလဲသွားခဲ့သည်။


သူမက အကြောမခံဘဲ ပြောခဲ့သည်။ "အဲတော့ ဘာဖြစ်လဲ။"


လွန်ခဲ့သည့်နှစ်တွေကတည်းက လျန့်ဟန်ရှောင်က သူမကို အလိုလိုက်ခဲ့တာကြောင့် သူမက အကျင့်ပါနေကာ သူမကို အလျော့ပေးလိမ့်မည်ဟု ထင်နေခဲ့သည်။


သူ့အဆင့်အတန်းကို မှိုချိုးမျှစ်ချိုးပြောတာ အခုမှ ပထမဆုံး မဟုတ်ပေ။


လျန့်ဟန်ရှောင်က အခန်းထဲမှ အစေခံတွေအကုန်လုံးကို ပြောလိုက်သည်။ "အားလုံးထွက်သွားကြ။"


သူမက ကိုယ်ပိုင်အစေခံကလွဲ၍ ကျန်သည့်အစေခံတွေအားလုံး အပြေးထွက်သွားခဲ့သည်။


သူတို့ ထိုစကားတွေကို မကြားချင်ပေ။


စပ်စုချင်စိတ်က သူတို့ကို သတ်ပစ်နိုင်သည်။


လျန့်ဟန်ရှောင် ဤသို့ဖြစ်နေတာကို ဖူဝန်ကျန်း ပထမဆုံးတွေ့ဖူးတာဖြစ်သည်။


သူမက သူမရဲ့ ကိုယ်ပိုင်အစေခံကို ဆွဲထားခဲ့သည်။ "ပြောစရာရှိတာပြော၊ သူ ထွက်သွားစရာ မလိုဘူး။"


လျန့်ဟန်ရှောင်က သူမကို ဖိအားမပေးခဲ့ပေ။


ကျန်သည့်လူတွေ ထွက်သွားပြီးသည်နှင့် သူက တံခါးကို အရင်ပိတ်ခဲ့လေသည်။


အမွှေးတိုင် ပူဇော်ခဲ့သည့် အစေခံမလေးက အိမ်သာသွားချင်ယောင်ဆောင်ကာ ရှောင်ထွက်ခဲ့သည်။


သူမက ရှောင်ဟန်ကျန့်၏ လူတွေရဲ့ အကူအညီဖြင့် တတိယမင်းသားရဲ့ နန်းဆောင်က ထွက်သွားခဲ့သည်။


မဟုတ်ပါက ဖူဝန်ကျန်း အသိစိတ်ပြန်ကပ်လာသည့်အခါ အတိတ်ကိုစပြီး တူးဖော်ခဲ့သည့် သူမအတွက် အဆုံးသတ်ကောင်းမည် မဟုတ်ပေ။


အခန်းထဲမှာ လျန့်ဟန်ရှောင်က တကယ်ကို တည်ငြိမ်နေခဲ့သည်။


ဖူဝန်ကျန်းက သူ့ကိုကြည့်ခဲ့သည်။ "ရှင် ဘာလိုချင်လို့လဲ။"


အရင်ကဖြစ်ပျက်ခဲ့တာတွေကို လျန့်ဟန်ရှောင်က မပြောခဲ့ပေ။


သူက ရုတ်တရက်ကြီးမေးခဲ့သည်။ "လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ့စာဖတ်ခန်းကို မင်းသွားခဲ့တာ သက်သေတွေ လိုချင်လို့လား။"


သူ့စကားတွေက ရုတ်တရက် ဆန်လွန်းသည်။


အရက်ရှိန်နှင့် အမွှေးတိုင်နံ့ကြောင့် ရီဝေဝေဖြစ်နေသည့် ဖူဝန်ကျန်းက မျက်လုံးပြူးသွားခဲ့သည်။


သူမက လွှတ်ခနဲ ပြောခဲ့မိသည်။ "ရှင် ဘယ်လိုသိတာလဲ။"


သူမက ပြောပြီးသွားသည်နှင့် တုန်ယင်သွားကာ အမြန်ထိန်းချုပ်ခဲ့သည်။


သူမက အမူအရာကို ပြန်ထိန်းချုပ်ပြီး ရှောင်ဖယ်ခဲ့သည်။ "ရှင်ပြောတာကို ကျွန်မ နားမလည်ဘူး။"


လျန့်ဟန်ရှောင်က ငတုံး မဟုတ်ပေ။ "ကိုယ်လုပ်တော်ဖြစ်သွားတာတောင် မင်းက ငါ့ကို လှည့်စားဖို့ ကြံစည်နေတုန်းပဲ၊ မင်း သိပ်တော်ပါတယ်။"


သူက ဒေါသထွက်လေလေ ပိုဆင်ခြင်နိုင်လေလေ ဖြစ်သည်။


ဖူဝန်ကျန်းရဲ့ အစ်ကိုကသာ ကျန်းနန်က ကြိုးတချို့ကို သူ ဆွဲနိုင်အောင် ကူညီခဲ့သူ ဖြစ်သည်။


သူ့ကိုနောက်ကျောက ဓားဖြင့် ထိုးချင်နေသူကလည်း ဖူမိသားစုဖြစ်နေလိမ့်မည်ဟု သူ မထင်မိခဲ့ပေ။


ဒါတွေဟာ သူ့ရဲ့ ဒုတိယအစ်ကို လုပ်ခဲ့တာ သေချာပေါက်ဖြစ်နိုင်ပြီး ဖူမိသားစုလည်း ပါဝင်လိမ့်မည်။


မဟုတ်ပါက ဒါတွေကို ဖူဝန်ကျန်းက မည်သို့ သိမည်နည်း။


သူက ဒီကိစ္စကို ရှင်းချင်နေတာသိတော့ ဖူဝန်ကျန်းက ပြောခဲ့သည်။ "အဲတော့ ဘာဖြစ်လဲ၊ ကျွန်မကို လက်ထပ်ဖို့ တောင်းခဲ့တဲ့လူက ရှင်ပဲလေ။"


လျန့်ဟန်ရှောင် ရှေ့မှာအခုထိတောင် သူမက ယုံကြည်ချက် ရှိနေသေးသည်။


လျန့်ဟန်ရှောင်က အလွန်ဒေါသထွက်ကာရယ်ခဲ့သည်။ "ငါမင်းကို ဘာဖြစ်လို့ လက်ထပ်ချင်ခဲ့လဲဆိုတာကို မင်းသိလား။"


ဖူဝန်ကျန်းက နည်းလမ်းတကျ ပြောခဲ့သည်။ "ရှင် ကျွန်မကိုကြိုက်လို့လေ၊ ကျွန်မက မြောက်ပိုင်းကျင်းမှူးမတ်စံအိမ်ရဲ့ အကြီးဆုံးသမီး ဖြစ်လို့လေ။"


လျန့်ဟန်ရှောင် သူမကို သဘောကျတာဟာ သူမက မှူးမတ်စံအိမ်ရဲ့ အကြီးဆုံးသမီးဖြစ်လို့ဟူသည့် အကြောင်းပြချက်ကို သူမက အခုထိ ယုံကြည်နေဆဲ ဖြစ်သည်။


လျန့်ဟန်ရှောင်က ခနဲ့ခဲ့သည်။ "မင်း မှားတယ်၊ လက်အနွေးဓာတ်ပေးမီးဖိုလေးနဲ့ နှင်းကိုက်နာလိမ်းဆေးပုလင်းကြောင့် မင်းကို လက်ထပ်ချင်ခဲ့တာ၊ အခု ငါအရင်က လူမှားခဲ့တာကို သိလိုက်ပြီ၊ မင်း အရင်လို မောက်မာနိုင်ဦးမယ်လို့ထင်နေလား၊ ဖူဝန်ကျန်း မင်း တကယ်နိုးထသင့်ပြီ။"


သူက မျက်လုံး မှေးကျဉ်းကာ ပြောခဲ့သည်။ "ငါ့အမေက နန်းတွင်းအစေခံဆိုရင်တောင် ငါ့အဖေက ဘုရက်မင်းမြတ်ကြီးဆိုတာ မင်း မမေ့နဲ့၊ မင်းက ဘာမလို့ ငါ့အဆင့်အတန်းကို သိမ်ငယ်လှောင်ပြောင်နိုင်မှာလဲ၊ မှူးမတ်စံအိမ်ရဲ့ တရားဝင်သမီးဆိုတဲ့ အဆင့်အတန်းနဲ့လား။"


သူ့ခမည်းတော်က သူ့ကိုအလွန်စိတ်ပျက်ကာ ဘာအလုပ်မှ မလုပ်ခိုင်းတာလည်း မဆန်းတော့ပေ။


အခုပြန်တွေးကြည့်လိုကတော့ ထိုသို့ဖြစ်ဖို့ သူနဲ့ ထိုက်တန်သည်။

***