အခန်း (၂၂၇) - ဖြစ်ရပ်များစွာမှ အခွင့်အရေးပေါ်ပေါက်လာခြင်း
လျန့်ဟန်ရှောင်က ဖူဝန်ကျန်းနှင့် ပတ်သက်ကာ အချိန်ကုန်ဆုံးမနေချင်တော့ပေ။
"အခုကစပြီး ကိုယ်လုပ်တော်တစ်ယောက် ရသင့်တဲ့ ဆက်ဆံမှုကို ခံယူဖို့ ပြင်ဆင်ထားလိုက်၊ မြောက်ပိုင်းကျင်းမှူးမတ်စံအိမ်ရဲ့ ခြိမ်းခြောက်မှုကို ငါမင်းသားခံရမလားဆိုတာ ကြည့်တာပေါ့၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။"
သူက စကားပြောပြီးသည်နှင့် လှည့်ကာ တံခါးဖွင့်ပြီး ထွက်သွားခဲ့သည်။
လျန့်ဟန်ရှောင် သူမကို လက်ထပ်ချင်ခဲ့တာက လက်အနွေးဓာတ်ပေး မီးဖိုလေးကြောင့် ဖြစ်မည်ဟု ဖူဝန်ကျန်း မထင်မိခဲ့ပေ။
အရင်က လျန့်ဟန်ရှောင်က တစ်ခုခုကို အထင်မှားပြီး သူမကိုကြိုက်ခဲ့တာဟု ထင်မိခဲ့သည်။
သို့ပေမယ့် သူက ဘယ်တော့မှ ထုတ်မပြခဲ့ဘဲ သူမကို သဘောကျသလိုသာ ပြုမူခဲ့သည်။
အခုတော့ သူမက ထိုအချက်ကို လက်မခံနိုင်ပေ။ "မရဘူး ရှင်ကျွန်မက ဒီလိုဆက်ဆံလို့ မရဘူး။"
လျန့်ဟန်ရှောင်က သူ့ခြေလှမ်းတွေကို ရပ်ပစ်ခဲ့သည်။ "လက်အနွေးဓာတ်ပေးတဲ့မီးဖိုနဲ့ လိမ်းဆေးကို ပေးတဲ့လူက မင်း မဟုတ်မှတော့ ငါဆက်ဆံချင်သလို ဆက်ဆံမယ်။"
တံခါးကို ကန်ဖွင့်ကာ ဒီကိစ္စကို ဖော်ထုတ်ခဲ့တာဟာ သူ ဖူဝန်ကျန်းနှင့် ဘယ်တော့မှ မျက်နှာချင်းမဆိုင်ချင်တော့လို့ ဖြစ်သည်။
ဖြစ်ပျက်နေတာတွေကို သူမ သိဖို့ သူမျှော်လင့်သည်။
သို့ပေမယ့် ဒီအမျိုးသမီးက သိပ်ကို တကိုယ်ကောင်းဆန်သည်။
ဖူဝန်ကျန်းက အလွန်အမင်း မသက်မသာ ဖြစ်နေသည်။
သူမက ခနဲ့ခဲ့သည်။ "ကျွန်မရဲ့ ဝမ်းကွဲအစ်မကို သွားရှာမလို့လား၊ ဒါဆိုရင်တော့ ရှင်မေ့လိုက်တော့၊ သူက လွန်ခဲ့တဲ့ နှစ်ဝက်ကပဲ အိမ်ထောင်ကျသွားခဲ့ပြီ၊ ရှင် သူတစ်ပါးရဲ့ ဇနီးကို မခိုးယူချင်ဘူးဆိုရင် ရှင်လိုချင်တာကို မေ့လိုက်တော့။"
ထိုအချိန်မှာပဲ လျန့်ဟန်ရှောင်က သူမကို အလိုမလိုက်တော့ဘူးဆိုတာကို သူမ လက်မခံနိုင်ပေ။
လျန့်ဟန်ရှောင်သည်လည်း သူမကို ပြန်ခနဲ့ခဲ့သည်။ "ငါက မင်းလို မောက်မာပြီး မရက်စက်ဘူး၊ အခုကစပြီး အတိတ်က အရာအားလုံးက လေထဲ ပျောက်ကွယ်သွားခဲ့ပြီ။"
သူက စကားပြောပြီးသည်နှင့် ဖူဝန်ကျန်း ပြန်ဖြေတာကို မစောင့်ဘဲ သူ့လက်ကိုဆွဲဖို့ လုပ်ခဲ့သည့် ဖူဝန်ကျန်းရဲ့ လက်ကို အကြမ်းပတမ်း ခါထုတ်ကာ ထွက်သွားခဲ့သည်။
သူ ထွက်သွားပြီးသည်နှင့် နောက်ကျောဘက်က ဖူဝန်ကျန်းရဲ့ အော်ဟစ်သံအကျယ်ကြီးကို ကြားခဲ့ရလေသည်။
ပျောက်ကွယ်သွားသည့် လျန့်ဟန်ရှောင်ရဲ့ ပုံရိပ်ကိုကြည့်ရင်း ဖူဝန်ကျန်းက ဘာကြောင့်မှန်းမသိ ရင်ထဲမှာ နာကျင်သွားခဲ့ရလေသည်။
အရေးကြီးသည့်အရာတစ်ခုက လျန့်ဟန်ရှောင်နဲ့ အတူ ပျောက်ကွယ်သွားသလို ခံစားခဲ့ရသည်။
မြေပြင်ပေါ် ဒူးထောက်ကာ သူမက အော်ဆဲခဲ့သည်။ "ခွေးကောင် နင်က ဘာမလို့ ငါ့ကို ဒီလိုဆက်ဆံတာလဲ၊ ငါ့ကို ဘာလို့ ဆက်ပြီး ကောင်းကောင်း မဆက်ဆံရတာလဲ။"
သူမက တခဏလောက် ငိုပြီးနောက် ဒေါသဖြေလျော့ချင်ခဲ့သည်။
ထို့ကြောင့် သူမက မတ်တပ်ထရပ်ပြီး မေးလိုက်သည်။ "ယန်အာ ဘယ်မှာလဲ။"
ထိုခွေးမသာ ရုတ်တရက်ကြီး အတိတ်ကို မတူးဖော်ခဲ့ပါက သူမလည်း ထိုစကားတွေ ပြောမိမည် မဟုတ်ဘဲ လျန့်ဟန်ရှောင်ကိုလည်း ကြားမိစေမည် မဟုတ်ပေ။
အဲ့ခွေးမကို အရှင်လတ်လတ် အရေခွံခွာပစ်မယ်။
သူမရဲ့ ကိုယ်ပိုင်အစေခံမလေးက ထိတ်လန့်ရာကနေ အသိပြန်ဝင်လာကာ ပြောခဲ့သည်။ "အခုပဲ သူ့ကိုသွားရှာလိုက်ပါ့မယ်။"
သူမက ယခု ကိစ္စကို သေချာတွေးပြီးနောက် ယန်အာကို ရင်ထဲကနေ မုန်းတီးနေခဲ့သည်။
သို့ပေမယ့် နေရာပေါင်းစုံကို ရှာဖွေခဲ့ပေမယ့် ရှာမတွေ့ခဲ့သည့်အခါ ရင်ထဲကနေ မကောင်းသည့် အငွေ့အသက်တွေ ရနေခဲ့လေသည်။
ထိုမိန်းမပျက်က သူတို့သခင်မလေးကို ရည်ရွယ်ချက်ရှိရှိ အန္တရာယ်ပေးချင်တာ ဖြစ်ပေမည်။
ရွေးချယ်စရာ မရှိတာကြောင့် သူမက အားတင်းပြီး ဖူဝန်ကျန်းဆီ ပြန်ခဲ့လေသည်။
ဖူဝန်ကျန်းရဲ့ အမူအရာက ကြမ်းကြုတ်သွားခဲ့သည်။ "သူ့ကိုရှာ၊ မြေကို သုံးပေတူးပြီး ရှာရမယ်ဆိုရင်တောင် သူ့ကို ရအောင် ရှာခဲ့။"
သူမက သူမကို တကယ်အန္တရာယ်ပြုခဲ့တာဖြစ်သည်။
အဲ့မိန်းမပျက်ရဲ့ တစ်မိသားစုလုံးကို ဒုတိယမင်းသားနဲ့ သတ်ခိုင်းပစ်မယ်။
တစ်ဖက်မှာလည်း လျန့်ဟန်ရှောင်က စာဖတ်ခန်းထဲမှာ တစ်ညလုံး ထိုင်နေခဲ့သည်။
အာရုဏ်တက်ပြီးနောက် သူက အခြေအနေကို ကောင်းကောင်း နားလည်သွားခဲ့သည်။
ထိုအကြောင်းကို သူ တစ်ညလုံး စဥ်းစားနေခဲ့သည်။
သူ့အဆင့်အတန်းအပြင် သူကအမျိုးသမီးတစ်ယောက်ရဲ့ အရူးလုပ်ခြင်းနှင့် ဖူမိသားစုရဲ့ ကြံစည်ခြင်းကို ခံခဲ့ရသည်။
သူ့ခမည်းတော်က သူ့ကို ထီးနန်းအတွက် မပျိုးထောင်ခဲ့ပေ။
သူက တခြားလူတွေကို ကြံစည်ရတာကို တကယ်မကြိုက်ခဲ့ပေ။
အတိတ်က သူ လိုချင်တောင့်တခဲ့သည့် အရာတွေ အားလုံးက အဓိပ္ပာယ်မရှိတော့ပေ။
ဖူဝန်ကျန်းရဲ့ ဝမ်းကွဲအစ်မကို သွားရှာဖို့တော့ သူ တွေးတောင် မတွေးဖူးခဲ့ပေ။
သူမက အိမ်ထောင်ကျပြီးပြီဖြစ်ကာ သူမကို မနှောင့်ယှက်ချင်ပေ။
ဒါ့အပြင် အချစ်ဆိုသည့်အရာက သူ ငယ်စဥ်တုန်းက နွေးထွေးပေးခဲ့သည့်အရာဆိုတာကို သဘောပေါက်သွားခဲ့သည်။
ဖူဝန်ကျန်းရဲ့ အစ်မကို စောင့်ရှောက်ဖို့ လူလွှတ်ကာ စောင့်ရှောက်ပေးခိုင်းမည်ဖြစ်ပေမယ့် ဒီထက်ပိုသည့်အတွေးမရှိပေ။
တစ်ချိန်က ရဖူးခဲ့သည့် နွေးထွေးမှုကို ရေပြင်မှာ ထင်ဟပ်နေသည့် လရောင်ကဲ့သို့ မှတ်ယူမည်။
ထီးနန်းနှင့် အာဏာကို သူ ဂရုမစိုက်တော့ပေ။
လျှို့ဝှက်အကန့်လေးထဲကနေ ငွေစာရင်းစာအုပ်တွေကို သူ ထုတ်ယူခဲ့သည်။
ထိုအရာတွေကို မဖျက်စီးဘဲ သေတ္တာတစ်လုံးထဲ ထည့်ခဲ့သည်။
ထိုသေတ္တာကို သယ်ကာ သူ နန်းတော်ကို သွားခဲ့သည်။
ဘုရင်ကြီးက သူ့သားတော်ကို အလွန်စိတ်ပျက်နေသော်လည်း တွေ့ခွင့်ပေးခဲ့သည်။
လျန့်ဟန်ရှောင်က အရင်ဆုံး အရိုအသေပေးပြီးနောက် သူက လူမှားကာ အသိအမှတ်ပြုခဲ့မိပြီး ကျန်းနန်အရာရှိတွေနဲ့ သူ့အဆက်အသွယ်တွေအကြောင်း ပြောပြခဲ့သည်။
ဖူမိသားစုက သူ့ကို ကြံစည်ခဲ့သည့် အကြောင်းကိုလည်း ပြောပြခဲ့လေသည်။
သူက ငွေစာရင်းစာအုပ်တွေနှင့် သက်သေတွေကိုလည်း ထုတ်ပေးခဲ့သည်။
ထိုကိစ္စလေးကြောင့် သူ့သားတော်က ဖူဝန်ကျန်းကို စွဲလမ်းခဲ့မည်ဟု ဘုရင်ကြီးက မထင်မိခဲ့ပေ။
တစ်ချိန်တည်းမှာပဲ ဘုရင်ကြီးက အနည်းငယ် အပြစ်မကင်းသလို ခံစားခဲ့ရပြီး ဖူမိသားစုနှင့် ဖူဝန်ကျန်းကိုလည်း ဒေါသထွက်ခဲ့ရသည်။
သူ့သားတော်က နန်းတွင်းအစေခံက မွေးလာတော့ ဘာဖြစ်လဲ။ ဖူမိသားစုကများ သူ့ကို မလေးမစားနဲ့ ကြံစည်ရဲတယ်ပေါ့လေ။
ဖူမိသားစုက အကြီးဆုံး တားမြစ်ချက်ကို ချိုးဖောက်ခဲ့သည့်အပြင် သူ့သားတော်နှစ်ယောက်ကြားကို ခလောက်ဆန်ပြီး ညီအစ်ကိုဆက်ဆံရေးအား ဖျက်စီးခဲ့သည်။
ဘုရင်ကြီးကလည်း ဖခင်တစ်ယောက်ဖြစ်တာကြောင့် သားဖြစ်သူတွေကို သင့်မြတ်စေချင်သည်။
ဖြစ်နိုင်ခြေ နည်းတာကို သူ သိသော်လည်း တစ်နေ့ကျရင်တော့ ထိုသို့ဖြစ်ဖို့ သူမျှော်လင့်သည်။
သူက ခဏလောက် အသံတိတ်နေပြီးမှ သက်ပြင်းချခဲ့သည်။ "အခု ဘာလုပ်ချင်လဲ။"
လျန့်ဟန်ရှောင်က ခေါင်းခါပြခဲ့သည်။ "မသိတော့ပါဘူး ဖခမည်းတော်။"
ထို့နောက် သူက ထပ်ပြောခဲ့သည်။ "မြို့တော်နဲ့ ဝေးနိုင်သမျှ အဝေးဆုံးကို ထွက်သွားချင်ပါတယ်။"
သူ တကယ်စိတ်ရှုပ်ထွေးနေခဲ့သည်။
ဘုရင်ကြီးက သူ့အတွေးတွေကို မြင်ပေမယ့် အစမ်းသဘောဖြင့် မေးခဲ့သည်။ "တော်ဝင်ဂူသင်္ချိုင်းကို စောင့်ခိုင်းမယ်ဆိုရင်ကော ဘယ်လိုသဘောရလဲ။"
လျန့်ဟန်ရှောင်က အစက ကြက်သေ သေသွားခဲ့ပေမယ့် နောက်တော့ ခါးသက်စွာ ပြုံးခဲ့သည်။ "ဒါဆိုလည်း တော်ဝင်ဂူသင်္ချိုင်းကို စောင့်ပါ့မယ်။"
မောင်မင်း နည်းနည်းလောက် ရည်မှန်းချက်ကြီးလို့ မရဘူးလားဟု ဘုရင်ကြီးက တွေးလိုက်လေသည်။
သူ့ရင်ထဲမှာ စိတ်မကောင်းဖြစ်ခဲ့ရလေသည်။
သူက ဒီသားတော်ကို အလိုမလိုက်ခဲ့သော်လည်း ဒါက သူ့ရဲ့ သားအရင်း ဖြစ်သည်။
"ထားလိုက်တော့၊ တော်ဝင်ဂူသင်္ချိုင်းကို စောင့်တာက မောင်မင်းနဲ့ မကိုက်ညီဘူး။"
သူက နှာမှုတ်ပြီး ပြောခဲ့သည်။ "မင်းအသက်က ငယ်သေးတယ်၊ ရည်မှန်းချက်ကြီးကြီးထားပါ။"
လျန့်ဟန်ရှောင်က အသံတိတ်နေခဲ့သည်။ အကယ်၍ အရင်ကလို သူသာ ရည်မှန်းချက်ကြီးကြီးထားပါက သူ့ခမည်းတော်က သူကို ကြိမ်းမောင်းပြီး ထပ်ပြီး သတိထားကြည့်လိမ့်မည်။
သူက ပြန်မဖြေခဲ့ပေ။
ဘုရင်ကြီးက ခဏလောက် တွေးပြီး ပြောခဲ့သည်။ "မြောက်ပိုင်းနယ်စပ်ကို သွားလိုက်။"
လျန့်ဟန်ရှောင်က ခေါင်းမော့ကြည့်ခဲ့သည်။ "မြောက်ပိုင်းနယ်စပ်ကို သွားရမယ်။"
ဘုရင်ကြီးက ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တယ်၊ မြောက်ပိုင်းနယ်စပ်ကို သွား၊ မိန်းမတစ်ယောက်ကြောင့် ရူးနေတာကလွဲရင် အရပ်ဘက်နဲ့ စစ်ရေးစစ်ရာကိစ္စရပ်တွေကို ကိုယ်တွယ်ရာမှာ သားတော်က တော်တယ်လေ၊ ဒါကြောင့် သားတော်အတွက် အရေးကြီးတာဝန်တစ်ရပ် ရှိတယ်။"
လျန့်ဟန်ရှောင်က ထပ်ပြီး ကြက်သေ သေသွားခဲ့သည်။ "အရေးကြီးတာဝန် ဟုတ်လား၊ သားတော် လုပ်လို့ ရရဲ့လား။"
ဘုရင်ကြီးက သူ့ကိုကြည့်ခဲ့သည်။ "မောင်မင်းက ငါကိုယ်တော်ရဲ့ သားတော်ပါ၊ ငါကိုယ်တော်က လုပ်လို့ရတယ်ဆိုရင် ရတယ်ပေါ့။"
သူ့သားတော်က ထိုလမ်းကြောင်းကို လက်လျော့လိုက်တာ ကောင်းသည်။
သူ့ကို အနာဂတ်မှာ ဝန်ကြီးကောင်းတစ်ယောက် ဖြစ်အောင် ပျိုးထောင်လို့ ရသည်။
"မြောက်ပိုင်းနယ်စပ်ကို သွားပြီး မောင်မင်းရဲ့ ဦးရီးတော်နဲ့ ကောနိုင်ငံကို စောင့်ကြည့်ထား၊ ဒီတာဝန်ကြီးကို မောင်မင်းကို ပေးတယ်။"
သူက ဒီရာထူးအတွက် သင့်လျော်သူကို ရှာနေတာ ဖြစ်သည်။
အစကတော့ သူက ရှောင်ယွမ်ရှစ်ကို တွေးခဲ့သည်။
အခုတော့ ရှောင်ယွမ်ရှစ်ရဲ့ သရုပ်ပြစွမ်းရည်က သိပ်ကောင်းကြောင်း သဘောပေါက်ခဲ့ပြီး သူ့ကိုတောင် လှည့်စားလုနီးပါး ဖြစ်ခဲ့သည်။
ထိုသူ့ကို ယုံကြည်လို့ မရပေ။
ထိုအချိန်မှာပဲ အချိန်ကိုက် သူ့သားတော်က ရောက်လာခဲ့တာ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူက သူ့သားတော် ဖြစ်သည်။
သူဟာ ရှောင်ယွမ်ရှစ်ထက် မနိမ့်ကျပေ။
သူ့အပေါ် အမြဲအေးစက်ခဲ့သည့် ခမည်းတော်က သူ့ကို ရုတ်တရက် ယုံကြည်ခဲ့တာကြောင့် လျန့်ဟန်ရှောင်တစ်ယောက် ခံစားချက်တွေ ရှုပ်ထွေးနေခဲ့သည်။
သူ့ခမည်းတော်က ဒီသားတော်ကို ဂရုစိုက်နေတုန်းပဲလား။
အတိတ်တုန်းက သူနှင့် မသက်ဆိုင်တာတွေကို တောင်းဆိုခဲ့တာကြောင့် သူ့ခမည်းတော်က သူ့အပေါ်ကို အေးစက်ခဲ့ကာ စိတ်ပျက်ခဲ့တာ ဖြစ်လေသည်။
သူနှင့် ထိုက်တန်ခဲ့သည်။
သူက ဒူးတစ်ဝက်ထောက်ကာ ပြောခဲ့သည်။ "မှန်လှပါ၊ ခမည်းတော်ကို စိတ်မပျက်စေရပါဘူး။"
ထို့နောက် တတိယမင်းသား လျန့်ဟန်ရှောင်ကို မြောက်ပိုင်းနယ်စပ် လက်အောက်ခံနယ်ပယ်ရဲ့ ဘုရင်ခံအဖြစ် စေလွှတ်မည့်အကြောင်း အမိန့်ချခဲ့သည်။
၁၀ ရက်အကြာမှာ သူက တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။
ထိုအမိန့်က နန်းတွင်းက လူတွေနှင့် မြို့တော်က မင်းစိုးရာဇာမိသားစုတွေကို ထိတ်လန့်သွားစေခဲ့သည်။
ဘုရင်ကြီးက ဘာဖြစ်လို့ ရုတ်တရက်ကြီး ဒီလိုလုပ်ခဲ့တာလဲ။
လက်အောက်ခံနယ်ပယ်ဘုရင်ခံရဲ့ အုပ်ချုပ်မှုအောက်မှာ စစ်တပ်၊ ပြည်သူနှင့် ဘဏ္ဍာရေးရှိကာ အလွန်အရေးကြီးသည့် ရာထူး ဖြစ်သည်။
ဒါကို ဘာဖြစ်လို့ တတိယမင်းသားကို ပေးလိုက်တာလဲ။
ရှောင်ဟန်ကျန့်လည်း ထိုသတင်းကို ရသည့်အချိန်မှာ အနည်းငယ် အံ့သြသွားခဲ့သည်။
ဖူဝန်ကျန်းကို လက်စားချေဖို့ လုပ်ခဲ့သည့် သူ့အစီအစဥ်က တတိယမင်းသား တော်ဝင်ဂူသင်္ချိုင်းကို စောင့်ရမည့် ကံတရားကို ပြောင်းပေးခဲ့ရုံသာမက တတိယမင်းသားကို ဤလောက် ကြီးမားသည့် အခွင့်အရေးပါ ရစေခဲ့လိမ့်မည်ဟု သူ မထင်မိခဲ့ပေ။
***