Ch 228
Viewers 33k

အခန်း (၂၂၈) - ယောက္ခထီးဟောင်းအား နှုတ်ဆက်ခြင်း


ရှောင်ဟန်ကျန့်က သတင်းရရှိခဲ့တာကြောင့် ရှစ်ချင်းလျို့လည်း သိခဲ့ရလေသည်။


တတိယမင်းသားရဲ့ အထီးကျန်မှုအတွက် မိန်းကလေးတစ်ယောက်ကိုသဘောကျခဲ့မည်ဟု မထင်မိခဲ့ဘဲ အခုလို ဖုံးကွယ်မှု ပေါ်သွားခဲ့တာဟာလည်း ကံကောင်းခြင်းတစ်ခုဖြစ်ကြောင်း မှတ်ယူနိုင်သည်။


သူ့ရဲ့ အတိတ်တွေက အလွန်ဝမ်းနည်းဖို့ကောင်းလှသည်။


မဟုတ်ပါက သူက လူအမှတ်မှားခဲ့ကြောင်း သူ မသေခင်အထိ သိသွားမည်မဟုတ်ပေ။


သူမက ရှောင်ဟန်ကျန့်ရဲ့ ပုခုံးကို ပုတ်ကာ ပြုံးပြီး ပြောခဲ့သည်။ "တတိယမင်းသားက ရှင့်ကို ကျေးဇူးတင်နေမှာပါ။"


ရှောင်ဟန်ကျန့်က ရယ်ခဲ့လေသည်။ "ဟုတ်တယ်။"


ရှစ်ချင်းလျို့က မေးခဲ့သည်။ "အမှန်တရားကို ဖော်ထုတ်ခဲ့တဲ့လူကို အဝေးကို ပို့လိုက်ပြီလား။"


ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြခဲ့သည်။ "တောင်ပိုင်းက စီရင်စုမြို့ငယ်လေးကို ပို့လိုက်ပြီ၊ နောက်ထပ် ဘဝအသစ်နဲ့ ကောင်းကောင်း နေထိုင်နေလိမ့်မယ်။"


"ဖူမိသားစုက သူ့ကို မရှာဖွေနိုင်ဘူးလား။" ဖူဝန်ကျန်းရဲ့ စိတ်ထားအရ ထိုအစေခံမလေးကို လွှတ်ပေးမည် မဟုတ်ပေ။ 


ရှောင်ဟန်ကျန့်က ခပ်ဖွဖွ ရယ်ခဲ့သည်။ "အခု သူ့ဘဝအသစ် ဖန်တီးပေးထားတာ ပြဿနာ မရှိဘူး၊ သူ့ကို ရှာတွေ့မှာ မဟုတ်ဘူး။"


သူက တတိယမင်းသားရဲ့ နန်းဆောင်က ဘုရင့်ရဲ့ သတင်းပေးတွေကို ရှောင်နိုင်ခဲ့တာကြောင့် ဖူမိသားစုက ထိုသို့လုပ်နိုင်စွမ်းမရှိပေ။


ထိုစကားကြားမှ ရှစ်ချင်းလျို့က စိတ်အေးသွားခဲ့သည်။ "ကောင်းတာပေါ့။"


သတင်းတင်ပြချက်တွေကြောင့် သူမက ဖူဝန်ကျန်းနှင့် ဖူမိသားစုကို ပိုရွံရှာသွားခဲ့သည်။


သူတို့က လူကို သတ်ချင်ရုံသာမက သူတို့ရဲ့ တစ်မိသားစုလုံးကို သတ်ပစ်ချင်နေတာဖြစ်သည်။


သူတို့က လူ့အသက်ကို တန်ဖိုးမထားပေ။


နေ့လည်စာစားပြီးနောက် ရှောင်ဟန်ကျန့်က စာဖတ်ခန်းထဲထိုင်ကာ စာဖတ်နေပြီး ရှစ်ချင်းလျို့က လက်ရေးလှ လေ့ကျင့်နေခဲ့သည်။


သူတို့စံအိမ်က အစေခံမလေးက စစ်သူကြီးရှောင် လာလည်ကြောင်း တင်ပြခဲ့လေသည်။


ရှစ်ချင်းလျို့က လက်ထဲက စုတ်တံကို ချခဲ့လေသည်။ "မြန်မြန်ရောက်လာတာပဲ။"


ရှောင်ဟန်ကျန့်ကလည်း စာအုပ်ကို ချလိုက်သည်။ "သွားတွေ့ရအောင်။"


သူ့ရဲ့ ဆန်ကုန်မြေလေးအဖေနှင့် တွေ့ခဲ့သည့်အချိန်က တော်တော်ကြာခဲ့ပြီဖြစ်သည်။


ရှစ်ချင်းလျို့က မတ်တပ်ရပ်ပြီး သူ့လက်ကိုဆုပ်ကိုင်ခဲ့သည်။ "ကျွန်မ သူ့ကို ဒေါသထွက်အောင်လုပ်နေတဲ့အချိန်မှာ ရှင်က မမြင်ချင်ယောင်ဆောင်ပြီး သူ့ကိုလည်း မကူပေးနဲ့နော်။"


သူ့ဇနီးက သူ့ကို ကာကွယ်ပေးပြီး သူ့အစား လက်စားချေပေးချင်နေတာကိုတွေ့တော့ သူ့မျက်လုံးတွေက အပြုံးတွေဖြင့် ပြည့်နှက်သွားခဲ့သည်။ "ကောင်းပြီ။ ကိုယ့်ကို ကာကွယ်ဖို့ ကိုယ့်မိန်းမကိုပဲ အားကိုးပါတယ်။"


တခြားအမျိုးသားဆိုပါက အမျိုးသမီးတစ်ဦးရဲ့ ရှေ့ထွက် ရပ်တည်ပေးခြင်း ခံရတာကို ရှက်ရွံ့နိုင်သော်လည်း သူကတော့ သူ့ဇနီးလေး သူ့ကို ကာကွယ်ပေးတာကို ကျေနပ်သည်။


ရှစ်ချင်းလျို့က ပြုံးကာ ခေါင်းငြိမ့်ပြခဲ့သည်။ "ဒါပေါ့၊ ဟုတ်သားပဲ။ ရှင် လူလွှတ်ပြီး ကျွန်မရဲ့ သူငယ်ချင်းတွေကို ခေါ်ပေးပါဦး၊ ဇာတ်ခုံဆင်ပေးတဲ့လူရှိမှ ပွဲဆက်ကလို့ ရမှာလေ။"


ရှီလွေ့နှင့် ကျန်လူတွေက ပျော်ပွဲရွှင်ပွဲ ဆင်နွှဲရတာကိုကြိုက်သည်။


ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြခဲ့သည်။ "ကောင်းပြီ။"


သူက ခြံထဲဆင်းပြီး အစေခံမလေးအား စကားကို တိုတိုတုတ်တုတ်ပြောကာ ညွှန်ကြားခဲ့သည်။


အစေခံမလေးက ချက်ချင်းဆိုသလို တခြားလူတွေကို သွားခေါ်ခဲ့သည်။


ထို့နောက် ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့်က ဥယျာဥ်ကို ဖြည်းညင်းစွာ ပတ်သွားပြီးနောက် အရှေ့ခန်းမကို ထွက်လာခဲ့သည်။


ရှီလွေ့နှင့် ကျန်လူတွေရောက်ဖို့ အချိန်ဆွဲတာဖြစ်ပြီး ဆန်ကုန်မြေလေးအဖေကို တမင်တကာ ဖော်ထုတ်ချင်သေးသည်။


ဆရာဟုန်က သူ့မိတ်ဆွေတွေဆီ သွားလည်တာကြောင့် အိမ်မှာ မရှိပေ။


ရှောင်ယွမ်ရှစ်ကလည်း ဆရာဟုန် အိမ်မှာမရှိမှန်းသိကာ အချိန်ကိုက်လာခဲ့တာဖြစ်သည်။


ပညာရှင်စစ်သူကြီးဖြစ်သည့် ဆရာဟုန်လို ထိုလျှာစောင်းထက်သည့် ပြည်သူ့အရာရှိတွေနှင့် သူ အဆက်အဆံ မရှိပေ။


အိမ်တော်ထိန်းက သူ့ကို ဧည့်ခန်းထဲ ခေါ်သွားခဲ့ပေမယ့် ခဏလောက် ထိုင်ပြီးတာတောင် ဘယ်သူ့ကိုမှ မတွေ့ခဲ့ပေ။


ရှောင်ယွမ်ရှစ်က မျက်မှောင်ကြုတ်ခဲ့သည်။


သူ့သားကြီးက ရှစ်ချင်းလျို့ကြောင့် တကယ်လမ်းမှားရောက်နေပြီဖြစ်သည်။


အရင်တုန်းကဆိုရင် သူက ဤသို့ မရိုင်းစိုင်းပေ။


ခဏကြာပြီးနောက် ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ရဲ့ လက်ကို ဆွဲကာ ရောက်လာခဲ့သည်။


သူတို့နှစ်ယောက် အချင်းချင်း လက်တွဲထားတာကိုမြင်တော့ ရှောင်ယွမ်ရှစ်က ပိုပြီး မျက်မှောင်ကြုတ်သွားခဲ့သည်။


ဒါကတော့ သိပ်လွန်သွားပြီဖြစ်သည်။


သို့ပေမယ့် သူက ချုပ်တည်းကာ ဘာမှ မပြောခဲ့ပေ။


သူက ဘာစကားမှမပြောဘဲ ထိုနှစ်ယောက်ကို တည်ငြိမ်စွာ ကြည့်နေခဲ့သည်။


ရှောင်ဟန်ကျန့်ကလည်း ကြည့်နေပြီး ဘာမှ မပြောခဲ့ပေ။


သူ့ဆန်ကုန်မြေလေးအဖေကို ရှစ်ချင်းလျို့က အခုမှ ပထမဆုံး တွေ့ဖူးတာ ဖြစ်သည်။


သူမက သူ့ကို အထက်အောက် သေချာကြည့်ခဲ့သည်။


သူက ရုပ်ချောပြီး ခန့်ညားသည်။


သူက ယောက်ျားဆန်စွာ သန်မာတောင့်တင်းရုံသာမက လူကို ရည်မွန်သည့် ခံစားချက် ပေးစွမ်းနိုင်သည်။


သူက ရင့်ကျက်သည့် အမျိုးသားတစ်ဦးရဲ့ အသက်အရွယ်သာ ရှိသေးပြီး သူမသာ ဆန်ကုန်မြေလေးအဖေရဲ့ နောက်ကြောင်းကို မသိပါက ရုပ်ရည်လေးဖြင့်ပင် လှည့်စားခံရနိုင်သည်။


ရှစ်ချင်းလျို့က သူ့ကို သေချာကြည့်ပြီးနောက် အရင်နှုတ်ဆက်ခဲ့သည်။ "မင်္ဂလာပါ ယောက္ခထီးဟောင်း။"


ရှောင်ယွမ်ရှစ်ရဲ့ မျက်နှာက မည်းမှောင်သွားခဲ့သည်။ "ယဥ်ကျေးရည်မွန်မှုကို မရှိဘူး။"


'ယောက္ခထီးဟောင်း'ဆိုသည့် စကားက ထူးဆန်းနေကာ အထူးသဖြင့် ယောက္ခထီးဆိုသည့်စကား ဖြစ်သည်။


ရှစ်ချင်းလျို့က သူမက အလွန်ယဥ်ကျေးရည်မွန်မှုရှိဟန်ဖြင့် ကြည့်လိုက်သည်။ "အဲလိုခေါ်ရမှာပဲ မဟုတ်ဘူးလား၊ ကျွန်မ မှတ်မိသလောက်ဆိုရင် ရှင်နဲ့ ကျွန်မ ယောက်ျားက ဆွေခန်းမျိုးခန်း ဖြတ်တောက်ခဲ့တာ ကြာပြီလေ။"


သူမက စကားလမ်းကြောင်းပြောင်းကာ ပြောခဲ့သည်။ "စစ်သူကြီးရှောင်ဆိုရင်ကော ဘယ်လိုလဲ။"


ရှောင်ယွမ်ရှစ်က သက်ပြင်းချခဲ့သည်။ ဒီချွေးမက တော်တော်လေးကို မနှစ်မြို့ဖွယ်ကောင်းတာပဲ။


သူမရဲ့ စကားတွေက သူတစ်ပါးကို ဆို့နင့်သွားစေခဲ့သည်။


အကယ်၍ သူသာ မိသားစုနှင့် ဆွေမျိုးမဖြတ်တောက်ခဲ့ပါက ဒီလို ရိုင်းစိုင်းသည့်ချွေးမကို ယူခွင့်ပေးမည် မဟုတ်ပေ။


သူ့က အမျိုးသမီးခုန်ကို ထပ်ပြီး အပြစ်တင်မိခဲ့လေသည်။


ကိုယ့်သား သတိမေ့နေတဲ့အချိန်မှာ ဒီလိုရွာသူနဲ့ လက်ထပ်ပေးရလား။ တော်တော်တရားလွန်တာပဲ။


ရှောင်ယွမ်ရှစ်က သူ့ရဲ့ မနှစ်မြို့မှုတွေနှင့် ဒေါသတွေကို ဖိနှိပ်ခဲ့သည်။ 


ဘာပဲဖြစ်ဖြစ် သူ ဒီနေ့လာတာ ရန်ဖြစ်ဖို့ မဟုတ်ပေ။


သူ့သားက ဒီတောသူအပေါ်ကို ခံစားချက်ရှိနေကြောင်း သူပြောနိုင်သည်။


ကိစ္စသေးသေးလေးကနေ ပြဿနာကြီးအောင် လုပ်ဖို့ မလိုအပ်ပေ။


သူက အားတင်းကာ နူးညံ့စွာ ပြုံးပြခဲ့သည်။ "ကြိုက်သလိုခေါ်ပါ။"


ရှစ်ချင်းလျို့က မဏ္ဍိုင်တက်ပြခဲ့သည်။ "ဒါဆို ယောက္ခထီးဟောင်းလို့ခေါ်မယ်၊ အဲ့တာက ပိုသင့်လျော်တယ်။"


ရှောင်ယွမ်ရှစ်က အသံတိတ်နေခဲ့သည်။


စောနက သူပြောခဲ့သည့်စကားကိုပင် ရုတ်တရက် ပြန်ရုတ်သိမ်းသွားချင်ခဲ့သည်။


သူမကို စစ်သူကြီးရှောင်ဟုခေါ်ဖို့သာ ပြောခဲ့သင့်သည်။


သူက အသက်ပြင်းပြင်းရှူပြီး သည်းခံခဲ့သည်။


သူက ရှောင်ဟန်ကျန့်ကို ကြည့်ခဲ့သည်။ "ကျန့်အာ မတွေ့တာကြာပြီ။"


ရှောင်ဟန်ကျန့် ဘာမှ မပြောရသေးခင်မှာပင် ရှစ်ချင်းလျို့က ဖြတ်ပြောခဲ့သည်။ "ယောက္ခထီးဟောင်း ကျွန်မ ယောက်ျားကို နာမည်အပြည့်အစုံပဲ ခေါ်ပေးပါ၊ ရှင်က သူနဲ့ အရင်ဆုံး ဆွေခန်းမျိုးခန်းဖြတ်တောက်ခဲ့တဲ့လူပါ၊ ရင်းနှီးသလို ခေါ်ဝေါ်ပြီး တခြားလူတွေ အထင်မှားအောင် မလုပ်ပါနဲ့၊ ကျွန်မတို့ကို သူများအထင်သေးမှာကို မလိုချင်ဘူး၊ ကျွန်မတို့က စစ်သူကြီးစံအိမ်က လူတွေဆီကနေ အကူအညီလိုချင်နေတယ်လို့ လူတွေအပြောမခံနိုင်ဘူး။"


ရှောင်ယွမ်ရှစ်က ဆို့နင့်သွားခဲ့သည်။ 


သူ့ရဲ့ ချွေးမဆိုးက တော်တော် ပြဿနာပေးတာပဲ။


ဒါက သူနဲ့ သူ့သားကြားကို သွေးခွဲဖို့ လုပ်နေတာပဲ မဟုတ်ပါလား။


ရှောင်ယွမ်ရှစ်က ဒီတစ်ခါတော့ သည်းမခံနိုင်ဘဲ မျက်နှာကြီး ထပ်မံမည်းမှောင်သွားခဲ့သည်။ "ငါ ကျန့်အာကို စကားပြောနေတာ၊ မင်းလိုမိန်းမက စကားဝင်ဖြတ်မပြောနဲ့။"


ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ကိုကြည့်ကာ ချိုမြစွာ မေးခဲ့သည်။ "ကျန့်ကော မိသားစုထဲမှာ ကျွန်မက အရေးအပါဆုံးလူ မဟုတ်လားဟင်။"


ရှောင်ဟန်ကျန့်က သူ့အဖေရဲ့ ဆို့နင့်နေသည့် အမူအရာကို ကြည့်ခဲ့သည်။


သူ့ဇနီးရဲ့ စကားရည်လုနိုင်စွမ်းရည်ဖြင့်ဆိုပါက ဒါက ဘာမှ မဟုတ်သေးပေ။


ထိုချိုမြသည့်အသံလေးကို ထပ်ကြားရလိုက်တော့ သူ့ပတ်ဝန်းကျင် တစ်ခုလုံး ချိုမြိန်သွားသလို ခံစားလိုက်ရလေသည်။


သူက တုံ့ဆိုင်းခြင်းမရှိ ခေါင်းငြိမ့်ပြခဲ့သည်။ "ဒါပေါ့။ မင်းက အိမ်မှာ အရေးအပါဆုံးလူပဲ။"


ရှစ်ချင်းလျို့က သူ့ကို ချိုမြိန်စွာ ပြုံးပြခဲ့သည်။ 


ထို့နောက် သူမရဲ့ ယောက္ခထီးဟောင်းကို ပြန်ကြည့်ခဲ့သည်။ "ယောက္ခထီးဟောင်း ရှင်ကြားလား၊ မိသားစုထဲမှာ ကျွန်မက အရေးအပါဆုံးဖြစ်ပြီး ကျွန်မက ဆုံးဖြတ်ချက်ချတဲ့လူပဲ၊ အမျိုးသားတွေ စကားပြောနေတာကို ဝင်မပါရဘူးဆိုတာ ဘာသဘောလဲ၊ အဲ့တာ ကျွန်မတို့ မိသားစုမှာ အသုံးမဝင်ဘူး။"


ထို့နောက် သူမက လက်မြှောက်ကာ နှုတ်ဆက်သည့်လက်ဟန်ပြခဲ့သည်။ "စကားပြောရတာ အဆင်မပြေရင် ထွက်သွားလို့ ရပါတယ်ရှင်။"


သူတို့စကားတွေကြောင့် ရှောင်ယွမ်ရှစ်တစ်ယောက် လုံးဝ ထိတ်လန့်သွားခဲ့သည်။


သူက ရှောင်ဟန်ကျန့်ကို မယုံကြည်နိုင်စွာကြည့်ပြီး ထပ်မေးခဲ့သည်။ "မင်းအိမ်မှာ မင်းမိန်းမက ဆုံးဖြတ်ချက်ချတာလား။"


ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြကာ ပြောခဲ့သည်။ "ဟုတ်တယ် အခု အိမ်မှာ ကျွန်တော့်မိန်းမက ဆုံးဖြတ်ချက်ချတာပဲ။"


ရှောင်ယွမ်ရှစ်က ဆွံ့အသွားခဲ့သည်။ 


အမျိုးသမီးတစ်ဦးက အိမ်ရဲ့ တာဝန်ခံ ဖြစ်တာကို သူ အခုမှ ကြားဖူးတာဖြစ်သည်။


သူက မေးလိုက်လေသည်။ "မင်းအမေကကော။"


အိမ်မှာ ယောက္ခမကပဲ တာဝန်ခံ ဖြစ်သင့်တာမလား။


ရှောင်ဟန်ကျန့်က ပြန်ဖြေခဲ့သည်။ "ကျွန်တော့် မိန်းမစကားနားထောင်မယ်လို့ အမေက ပြောခဲ့တယ်လေ။"


ရှောင်ယွမ်ရှစ်က မှုန်ကုပ်သည့် မျက်နှာထားဖြင့် မေးခဲ့သည်။ "မင်းကောပဲလား။"


အမျိုးသမီးခုန်က ယောက္ခမတစ်ယောက်အနေဖြင့် တကယ်ကို ဂုဏ်သိက္ခာ မရှိပေ။


ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြခဲ့သည်။ "ဒါပေါ့။ အိမ်မှာ ကျွန်တော့်မိန်းမက အရေးပါဆုံးမလို့ ကျွန်တော် ချမယ့် ဆုံးဖြတ်ချက်တွေကို သူ ချနိုင်တယ်။"


ရှောင်ယွမ်ရှစ်က အသံတိတ်နေခဲ့သည်။


သူ့သားက မိန်းမကြောက်ရလိမ့်မည်ဟု သူ မထင်မိခဲ့ပေ။


သူက အဓိပ္ပာယ်ပါပါဖြင့် ပြောခဲ့သည်။ "မင်းတော်ဝင်စာမေးပွဲဖြေပြီး အစိုးရအမှုထမ်း ဖြစ်ချင်တယ်ဆိုရင် မိန်းမကြောက်ဆိုတဲ့ ဂုဏ်သတင်းရှိရင် မကောင်းဘူး။"


ရှစ်ချင်းလျို့က သူ့ကိုစိုက်ကြည့်ခဲ့သည်။ "ယောက္ခထီးဟောင်း စကားကို ဘယ်လိုပြောရမလဲဆိုတာကို မသိရင် မပြောပါနဲ့။"


သူမက ဂုဏ်ယူစွာ မေးပင့်ခဲ့သည်။ "ဘာကို မိန်းမကြောက်တာလဲ၊ အဲ့တာ ကျွန်မယောက်ျားက သူ့မိန်းမကို လေးစားပြီး ချစ်ခင်တယ်လို့ ပြောရမှာရှင့်။"


ရှောင်ယွမ်ရှစ်တစ်ယောက် ကြက်သေ သေသွားခဲ့သည်။


သူ ရူးတော့မည်။

***