အခန်း (၂၃၀) - ဒီလိုချွေးမမျိုး ဘယ်လိုလုပ် သူ့ဆီမှာ ရှိနေရတာလဲ
ရှစ်ချင်းလျို့ရဲ့ စကားကြောင့် ရှောင်ယွမ်ရှစ်က ထပ်ဆို့နင့်သွားခဲ့ပြန်သည်။
အခု လက်ရှိမှာ ထိုအခြေအနေ နှစ်ခုလုံးကို သူ မလုပ်နိုင်တာ ပြောစရာပင် မလိုပေ။
ဘုရင်ကြီးအတွက် အလေးထားရသည့် သူမကို အကယ်၍ သူသာ သတ်ပစ်ခဲ့ရင် ဘုရင်ကြီးက သူ့ကို အလွှတ်ပေးမည် မဟုတ်ပေ။
သူ့ရဲ့ ချွေးမဆိုးက ရိုင်းစိုင်းပြီး အဆိပ်ပြင်းရုံသာမက သူမရဲ့ အခွင့်အရေးကို ဘယ်လိုအသုံးချရမလဲဆိုတာပါ သိနေလိမ့်မည်ဟု မထင်မိခဲ့ပေ။
ရှောင်ယွမ်ရှစ်က ရှောင်ဟန်ကျန့်ကို ထပ်ကြည့်ခဲ့သည်။ "သူက အကုန်ပြောပြီးပြီ၊ မင်း ဘာမှ မပြောတော့ဘူးလား။"
ရှောင်ဟန်ကျန့်က သူ့ကို နားလည်ရခက်စွာ ပြန်ကြည့်ခဲ့သည်။ "ကျွန်တော်က မိန်းမကြောက်တာကိုသိပြီးပြီမလား၊ ဘာများ ပြောနိုင်ဦးမှာလဲ၊ တကယ်လို့ ကျွန်တော့်ကို ပြောစေချင်တယ်ဆိုရင်လည်း သူပြောတာတွေက ကျွန်တော်ပြောတာတွေကို ကိုယ်စားပြုတာပါပဲ။"
ထောင့်လေးမှာ ဆောင့်ကြောင့်ထိုင်နေသည့် ရှီလွေ့တို့တစ်သိုက် ဆွံ့အသွားခဲ့သည်။
ရှောင်ဟန်ကျန့်က ဒီလိုဖြစ်လိမ့်မည်ဟု သူတို့ မထင်မိခဲ့ပေ။
သူက ထိုစကားတွေကို ဂုဏ်ယူဝင့်ကြွားဖွယ်ကောင်းသလို ပြောနေခဲ့သည်။
ရှောင်ဟန်ကျန့်က ရှစ်ချင်းလျို့ကြောင့် အကျင့်ပျက်သွားပြီဖြစ်သည်။
သူ့ပြန်ဖြေပုံကြောင့် ရှောင်ယွမ်ရှစ်က အလွန်ဒေါသထွက်သွားခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း ရှောင်ယွမ်ရှစ်က အလွန်ဒေါသထွက်ခဲ့သည်။ "ရှောင်ဟန်ကျန့် မင်းရဲ့ မျိုးရိုးနာမည်က ရှောင် ဆိုတာကို မမေ့နဲ့၊ ငါတို့က အရင်က ဆွေခန်းမျိုးခန်း ဖြတ်တောက်ခဲ့ရင်တောင် တူညီတဲ့သွေးတွေ စီးဆင်းနေတုန်းပဲ၊ ဒီလို ဆက်ဖြစ်နေမယ်ဆိုရင် ငါတို့ကိုယ်ငါတို့ အရူးလုပ်နေတာပဲ ဖြစ်လိမ့်မယ်။"
သူတို့က ဆွေခန်းမျိုးခန်း ဖြတ်တောက်ခဲ့ရင်တောင် သားအဖတွေဖြစ်နေဆဲပဲဟု သူဆိုလိုချင်တာ ဖြစ်သည်။
လူတိုင်းပျော်ရွှင်ရမည်ဆိုပါက ထိုစကားက ကောင်းမွန်သည့်စကားဖြစ်သည်။
ရှောင်ဟန်ကျန့်က သူ့ကို လျစ်လျူရှုကာ ရှစ်ချင်းလျို့ကို ကြည့်လိုက်သည်။
ရှစ်ချင်းလျို့က သူ့ကို နှစ်သိမ့်သည့်အကြည့်ပေးခဲ့ပြီး သူမ မျက်လုံးထဲမှာ ကာကွယ်လိုမှုအပြည့်ပါသည်။
သူမက ရှောင်ယွမ်ရှစ်ကို ပြန်ပြောခဲ့သည်။ "ရှင့်စစ်သူကြီးစံအိမ်က လူတွေ လှောင်ပြောင်နေတာကို ခံနေခဲ့ရတာ ကြာပြီ၊ ဒါကို ရှင် မသိဘူးလို့တော့ မပြောနဲ့၊ အထူးသဖြင့် သူတို့က ရှင်နဲ့ ရှင့်မိန်းမကို ပျက်ရယ်ပြုနေကြတာလေ။"
သူမက ပုခုံးတွန့်ပြခဲ့သည်။ "ဒါပေမဲ့ ကလေးနဲ့ မိန်းမကို စွန့်ပစ်ပြီး မယားငယ်ကြောင့် မယားကြီးကို အပြစ်ပုံချခဲ့တဲ့လူက ကျွန်မတို့မှ မဟုတ်တာပဲ။"
ထို့နောက် သူမက ပါးစပ်ကို လက်ဖြင့် အုပ်ကာ ရယ်မောခဲ့သည်။ "ရှင် ကိုယ်လုပ်တော်တွေ အများကြီး ယူလိုက်တယ်လို့ ကြားတယ်၊ အရင်က ရှင် ကျွန်မ ယောက္ခမကို ပြောခဲ့တုန်းက အခု လက်ထပ်ယူထားတဲ့ ဇနီးကို တကယ် ချစ်မိသွားခဲ့တာပါဆို၊ အသက်ကြီးမှ ဝက်သက်ပေါက်တာလည်း လူလှောင်ရယ်စရာပဲ။"
ထိုစကားတွေက သူမ ယောက္ခမဆီက ကြားခဲ့ရတာ ဖြစ်သည်။
"ရှင့်မှာ လှောင်ရယ်စရာတွေမှ အများကြီးပဲ၊ ရှင်က သူများကို စိတ်ပူနေသေးတယ်လား။"
ရှောင်ယွမ်ရှစ်ရဲ့ မျက်နှာက ဒေါသတွေ ပြည့်နှက်နေခဲ့သည်။ "မင်း မင်း၊ တော်တော် နှုတ်သီးကောင်းလျှာပါးတဲ့ မိန်းမပဲ။"
သင့်လျော်သည့် အချိန်ကောင်းဆိုပါက သူက သူ့ချွေးမကို သေအောင် ရိုက်သတ်ပစ်လိုက်ပြီ ဖြစ်သည်။
ရှစ်ချင်းလျို့က ဘဝင်ခိုက်စွာ ပြန်ပြောခဲ့သည်။ "ကျွန်မရဲ့ ပါးစပ်က ကျွန်မရဲ့ ခွန်အားပဲလေ၊ ချီးကျူးပေးတာ ကျေးဇူးတင်ပါတယ်။"
ထို့နောက် သူမက အပြုံးဖြင့် ဆက်ပြောခဲ့သည်။ "ကျွန်မ ပြောခဲ့တဲ့စကားကို ပြန်ရုတ်သိမ်းတယ်၊ ရှင်က အမြဲကန်းနေခဲ့ပေမယ့် အခုလိုမျိုး တစ်ခါတော့ ပုံမှန်ဖြစ်ခဲ့တယ်လေ။”
ရှောင်ယွမ်ရှစ်က သက်ပြင်းချခဲ့သည်။ သူက တော်တော်အရှက်မဲ့တာပဲ။
ဒီလောက်ထိ အရှက်မဲ့သည့်လူကို သူ မတွေ့ဖူးခဲ့ပေ။
ရှစ်ချင်းလျို့က အလွန်အရှက်မဲ့ကာ သူ့ကိုယ်သူ ပြန်ချီးကျူးသည့်နေရာမှာ စံထားလောက်သည်ဟု ရှီလွေ့နှင့် ကျန်လူတွေက တွေးလိုက်လေသည်။
သူတို့တွေ အများကြီး သင်ယူခဲ့ရသည်။
ဟိုးတုန်ကတော့ သူတို့က အနည်းငယ် အရှက်ရှိသေးခဲ့ပြီး ရှစ်ချင်းလျို့ဆီက များများသင်ယူရမည်။
ရှောင်ဟန်ကျန့်က ခပ်ဖွဖွရယ်မောခဲ့သည်။ သူ့ဇနီးက ဘာကြောင့် ဒီလောက် ချစ်ဖို့ကောင်းရတာလဲ။
ရှောင်ယွမ်ရှစ်က တစ်ခါမှ ဤသို့ လှောင်ပြောင် စော်ကားခံခဲ့ရခြင်း မရှိခဲ့ပေ။
သူက ရှောင်ဟန်ကျန့်ကို ဒေါသတကြီး ကြည့်ခဲ့သည်။ "မင်းအမေလို ဆုံးဖြတ်ချက် မချနိုင်တဲ့ အကျင့်စရိုက်မျိုး လုပ်မနေနဲ့၊ အနာဂတ်မှာ မင်းအရာရှိဖြစ်လာခဲ့ရင်ကော မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ရှစ်ချင်းလျို့ကို ဒီလိုဆက်ဆံခွင့်ပေးမှာလား။"
ရှစ်ချင်းလျို့က သူ့ကို မကြည်မသာကြည့်ခဲ့သည်။ "ကျွန်မကို အပြစ်တင်ချင်ရင် ကျွန်မကိုပဲပြောလေ၊ ဘာကိစ္စ ကျွန်မ ယောက္ခမကို ဆွဲထည့်တာလဲ၊ ကျွန်မ ယောက္ခမက ရှင့်ကို ဘာအပြစ်ပြုမိလို့လဲ၊ သူ ငယ်ငယ်တုန်းက ရှင့်ရဲ့ စကားလုံးလှလှတွေကြောင့် လှည့်စားခံခဲ့ရတာလေ၊ သူက ရှင့်အတွက် ရှင့်မိဘတွေကို ပြုစုပေးခဲ့ပြီး ရှင့်ကလေးတွေကို ပျိုးထောင်ပေးခဲ့တယ်၊ ရှင် အောင်မြင်လာတဲ့အချိန်မှာ ကျွန်မ ယောက္ခမက ကောင်းကျိုးတွေကို မခံစားခဲ့ရတဲ့အပြင် ရှင်က သူ့ကိုအထင်သေးပြီး ကိုယ်လုပ်တော်အဖြစ် ရာထူးချဖို့ လုပ်ခဲ့တယ်၊ ကျွန်မ ယောက်ျားက ရှင့်ဆီက နှလုံးသားမဲ့တဲ့ လုပ်ရပ်တွေ မသင်ယူခဲ့မိတာ သိပ်ဝမ်းသာတာပဲ၊ အင်း ရှင်က ကျွန်မ ယောက္ခမကို တကယ် အထင်သေးခဲ့တယ်၊ ကျွန်မယောက္ခမကြောင့်သာ မဟုတ်ရင် ရှင် တိုက်ခိုက်ရေးပညာရပ်ကို သင်ယူနိုင်ပါဦးမလား၊ ကျွန်မယောက္ခမက ရှင့်မိဘတွေကို ဂရုစိုက်ပေးခဲ့လို့ ရှင့်အနာဂတ်အတွက် စိတ်ပူစရာ မလိုဘဲ စစ်မြေပြင်မှာ အောင်မြင်မှု ရနိုင်ခဲ့တာ မဟုတ်လား၊ မဟုတ်ရင်တော့ စစ်မြေပြင်က ရှင့်အရိုးတွေ အမွှေးအတောင်တွေတောင် ပေါက်နေလောက်ပြီ၊ လူသားဆန်စမ်းပါရှင်။"
သူမက အေးစက်စွာ ခနဲ့ပြောဆိုခဲ့သည်။ "ကျွန်မ ယောက္ခမက စိတ်ထားကောင်းတာပဲ ရှင်ကျေးဇူးတင်ရမယ်၊ အကယ်၍ သူသာ အားကြီးလို့ကတော့ ရှင့်ခြေထောက်တွေကို ချိုးပစ်လိုက်တာ ကြာလောက်ပြီ၊ ပြီးတော့ ရှင်က ရှင့်မယားငယ်ကိုတောင် ဘေးမှာ ထားလိုက်သေးတယ်၊ အရင်တုန်းက ရှင် ဘာတွေ တွေးနေခဲ့တာလဲ။”
သူမ တကယ်ပဲ ထိုသို့ထင်သည်။
သူမရဲ့ ယောက္ခမက စိတ်သဘောထားကောင်းလို့သာဖြစ်သည်။ အကယ်၍ ယောက္ခမနေရာမှာသာ သူမ ဆိုပါက သူ့ခြေထောက်ကို ရိုက်ချိုးကာ သင်းကွပ်ပစ်မည်။
ဘယ်လိုလုပ်ပြီး ကိုယ်လုပ်တော်ကို လက်ထပ်ယူရသနည်း။
ရှောင်ယွမ်ရှစ်က အလွန်ဒေါသထွက်ကာ သွေးအန်လုမတတ် ဖြစ်ခဲ့သည်။ "မင်း ဘယ်ကလာတဲ့ သတ္တိတွေနဲ့ ဒီစကားတွေကို ပြောနေတာလဲ။"
နံရံကြီးလို ငြိမ်သက်နေသည့် ရှောင်ဟန်ကျန့်က ပြောခဲ့သည်။ "ကျွန်တော့်ကြောင့်ပေါ့။"
ရှောင်ယွမ်ရှစ်က ပင့်သက်ရှိုက်ခဲ့သည်။
သူ့မှာ ဘယ်လိုလုပ်ပြီး ဒီလိုသားမျိုး ရှိနေရတာလဲ။ ဒါက ကံဆိုးမှုနှင့် ပိုတူသည်။
ရှစ်ချင်းလျို့က နှုတ်ခမ်းဆူခဲ့သည်။ "အနာထိလို့ စပ်သွားပြီး မလုံမလဲဖြစ်နေတာနေမှာပေါ့။"
ရှောင်ယွမ်ရှစ်က အံကြိတ်ကာ ရှစ်ချင်းလျို့ကို ကြည့်ခဲ့သည်။ "မင်းသင်ယူခဲ့တဲ့ အမျိုးသမီးကျင့်ဝတ်တွေကို ခွေးကျွေးလိုက်တာလား။"
သူ့ချွေးမက အမြဲ ဒေါသပေါက်ကွဲတတ်သည့် သူ့အမေထက် ပိုကိုင်တွယ်ရခက်သည်။
အဓိကအချက်က သူမ ပြောသမျှက ငြင်းမရသည့် အချက်တွေ ဖြစ်နေသောကြောင့် ဖြစ်လေသည်။
သူက အလွန်ဒေါသထွက်ကာ သွေးအန်ချင်နေမိသည်။
ရှစ်ချင်းလျို့က မျက်လုံး လည်ပြခဲ့သည်။ "တောင်းပန်ပါတယ်၊ ကျွန်မက တောမှာ ကြီးပြင်းလာတာဆိုတော့ မျိုးရိုးမြင့် အမျိုးသမီးတွေ သင်ယူခဲ့ရတဲ့ ကျင့်ဝတ် ဓလေ့ထုံးတမ်းတွေ မသင်ယူဖူးဘူး၊ ဒါနဲ့ ရှင်က အရမ်းမစပ်စုလွန်းဘူးလား၊ ကျွန်မ ကျင့်ဝတ် ဓလေ့ထုံးတမ်းတွေ မသင်ယူဖူးတာကို ကျွန်မ ယောက်ျားက ဘာမှ မပြောဖူးခဲ့ဘူး၊ ရှင်က ဘာကိစ္စ ကျွန်မကို လာရှုပ်နေတာလဲ၊ သူကြီးသူမဆိုတဲ့စကားကိုတော့ ထပ်မပြောနဲ့နော်။"
သူမက အဓိပ္ပာယ်ပါပါ ပြောခဲ့သည်။ "ရှင်က ကျွန်မရဲ့ ယောက္ခထီးဟောင်းသက်သက်ပဲ။"
ထိုစကားက ရှောင်ယွမ်ရှစ်ကို ထပ်မံ ဆို့နင့်စေကာ ဘာပြောရမှန်းမသိ ဖြစ်စေခဲ့သည်။ "မင်း"
ရှစ်ချင်းလျို့က မတ်တပ်ရပ်ကာ ပြောလာခဲ့သည်။ "မင်း ဘာဖြစ်လဲ၊ ဆက်ပြောလေ၊ ရှင်က ကျွန်မကို ရိုက်ချင်လို့လား၊ ကျွန်မကို ရှောင်ဟန်ကျန့်နဲ့ ကွာရှင်းစေချင်တာလား၊ ကံဆိုးချင်တော့ ရှင်မလုပ်ရဲပါဘူး၊ ကျွန်မယောက်ျားကလည်း ရှင့်ကို လျစ်လျူရှုလိမ့်မယ်။"
သေလောက်အောင် ဒေါသပေါက်ကွဲနေပေမယ့် သူမကို ဘာမှ မလုပ်နိုင်သည့် ရှောင်ယွမ်ရှစ်ကို သူမ စိမ်ပြေနပြေ ကြည့်နေခဲ့သည်။
သူမက စိတ်ချမ်းသာနေခဲ့သည်။
"အရင်က ကျွန်မယောက်ျားနဲ့ ဆွေခန်းမျိုးခန်း ဖြတ်တောက်ခဲ့တာကို နောင်တရ မနေဘူးလား။"
ရှစ်ချင်းလျို့က အနာကို ထပ်ဆွနေခဲ့သည်။ "အဲ့လိုမလုပ်ခဲ့ရင် အခုဆိုရင် ရှင်က ကျွန်မတို့ရဲ့ လူကြီးသူမ ဖြစ်နေတော့ ကျွန်မက အခုလို ဘယ်ပြောရဲပါ့မလဲ၊ ကျွန်မ ယောက်ျားက ကျွန်မကို ကွာရှင်းဖို့ တွန့်ဆုတ်နေချိန်မှာ ရှင်က အဖေဆိုတဲ့ဂုဏ်ပုဒ်နဲ့ ဖိအားပေးပြီး ကျွန်မတို့ကို အတင်းကွာရှင်းခိုင်းပြီး ကျွန်မကို ကျွန်မ မိသားစုအိမ်ကို ပြန်ပို့လို့ရတယ်လေ၊ ဒါမှမဟုတ် ကျွန်မကို စိတ်အနှောက်အယှက်ပေးဖို့ မိဘဆိုတဲ့ခေါင်းစဥ်နဲ့ ကျွန်မ ယောက်ျားဘေးကို ကိုယ်လုပ်တော်တွေ ပို့ပေးနိုင်မယ်လေ။"
သူမက အပြုံးခပ်ကြီးကြီး ပြုံးပြခဲ့သည်။ "အမလေး ရှင့်အတွက် စိတ်မကောင်းလိုက်တာ၊ ကျွန်မတို့ကို ခြယ်လှယ်လို့ရမယ့် အခွင့်အရေးကြီးက ပျောက်သွားခဲ့ပြီ၊ ရှင့်ရဲ့ ယုတ်မာတဲ့မိန်းမကို တကယ်ကျေးဇူးတင်တယ်သိလား၊ သူ့ရဲ့ စိတ်သဘောထားသေးသိမ်မှုကြောင့်သာ မဟုတ်ရင် အခုလို လွတ်လွတ်လပ်လပ် ပြောခွင့်ရမှာ မဟုတ်ဘူး၊ သူနဲ့ ရှင်ရဲ့ ဆုံးဖြတ်ချက်ကို ကျေးဇူးတင်တဲ့အနေနဲ့ ရှောင်သခင်မကြီးတို့ကို ကျွန်မ လက်ဆောင်အဖြစ် ပို့ပေးလိုက်တာလေ။"
ရှစ်ချင်းလျို့က ပြုံးကာ ဆက်ပြောခဲ့သည်။ "ကျွန်မရဲ့ လက်ဆောင်ကို သိပ်အံ့သြသွားတယ်မလား၊ ဘယ်လိုလဲ၊ ရှင် ကြိုက်ရဲ့လား။"
သူ့ယောက္ခထီးဟောင်းက ဒီကိစ္စကို သိပြီးသားဆိုမှတော့ သူ့ရင်ကို ဆွဖို့အတွက် တည့်တိုးပြောတာ ပိုကောင်းသည်။
"ရှင်သိပ်ကြိုက်မယ်လို့ ကျွန်မထင်တယ်၊ မဟုတ်ရင် ရှင့်မိန်းမအပြင် ရှောင်သခင်မကြီး ရွေးပေးတဲ့ ကိုယ်လုပ်တော်တွေ အများကြီး ရှင့်မှာ ဘယ်ရှိမလဲ၊ ရှင့်မိန်းမရှေ့မှာ နစ်နာသူဟန်ဆောင်ပြီး သူတော်ကောင်းယောင်ဆောင်ခဲ့တယ်လေ။"
ရှောင်ယွမ်ရှစ်က ဒေါသထွက်ကာ မေ့လဲကျလုမတတ် ဖြစ်ခဲ့သည်။
မင်းမေကြီးတော်ကို အံ့သြပါလား။ ထင်တဲ့အတိုင်း အကုန်လုံး သူမကြောင့် ဖြစ်နေခဲ့တာပဲ။
မျိုးမစစ်မ။ တကယ့်ကို မျိုးမစစ်မပဲ။
သူ့မှာ ဘယ်လိုလုပ်ပြီး ဒီလိုချွေးမမျိုး ရှိနေရတာလဲ။
ဒါ ချွေးမတစ်ယောက် သို့မဟုတ် အမျိုးသမီးတစ်ယောက် ပြောရမယ့်စကားတွေလား။
သူက အရှက်အကင်းမဲ့ဆုံး မျိုးမစစ်မပဲ။
***