အခန်း (၂၃၁) - အမှန်တရားအား အစစ်အမှန် ပြောင်းပြန်လှန်ခြင်း
နံရံထောင့်လေးမှာ နားထောင်နေသည့် ရှီလွေ့နှင့် တခြားလူတွေက ကြက်သေသေသွားခဲ့သည်။
ရှစ်ချင်းလျို့ကအမှန်တကယ်ကို ဒေါသထွက်နေတာဖြစ်သည်။
သို့သော် သူတို့က ဆဲဆိုနေတာတွေကို ကောင်းကောင်းနားထောင်ကာ သင်ယူစရာရှိတာကို သင်ယူခဲ့ကြသည်။
တစ်ချိန်တည်းမှာပဲ သူတို့က ရှောင်ယွမ်ရှစ်ကို ဖယောင်းတိုင်ထွန်းကာ ဆုတောင်းပေးလိုက်လေသည်။
ရှစ်ချင်းလျို့ရဲ့ ယောက္ခထီးဟောင်းကြီးက အလွန်စိတ်သောကရောက်နေသည်။
ရှောင်ယွမ်ရှစ်က သူ့ချွေးမရဲ့ တိုက်ခိုက်စွမ်းရည်က အားမနည်းကြောင်းသိထားပေမယ့် သူအထင်သေးမိခဲ့သည်။
ရှောင်ဟန်ကျန့်က ဒေါသပေါက်ကွဲကာ သွေးအန်မတတ်ဖြစ်နေသည့် သူ့ရဲ့ဆန်ကုန်မြေလေးအဖေကို ကြည့်နေကာ ရယ်ချင်နေခဲ့သည်။
သူ့ဇနီးက တကယ့်အံ့ဖွယ်ကောင်းလှသည်။
သူ့ဇနီးက သူ့ဆန်ကုန်မြေလေးအဖေကို "ကျွန်မကရှင့်ကိုဆဲတယ်၊ ဒေါသထွက်တယ်၊ လှောင်ပြောင်တယ်၊ အဲတော့ရှင်ဘာလုပ်နိုင်လို့လဲ"ဟု ပြောနေဟန်ပေါက်သည်။
တကယ်လည်း သူ့ရဲ့ ဆန်ကုန်မြေလေး အဖေက သူမကို ဘာမှ မလုပ်နိုင်ခဲ့ပေ။
သူ့ဇနီးက ပြောင်းစေ့တွေဆက်သပြီး သံသန့်စင်ခြင်းနည်းပညာကို မျှဝေပေးခဲ့ကတည်းက အကယ်၍ သူ့ရဲ့ဆန်ကုန်မြေလေးအဖေက သူမကိုထိခဲ့ပါက ဘုရင်ကြီးရဲ့ အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်သည်။
ထိုအချိန်မှာပဲ ရှောင်ယွမ်ရှစ်က ရင်ဘတ်ထဲအနည်းငယ်နာကျင်သွားကာ သွေးအန်ချင်နေလေသည်။
ဒီနေ့ သူ တကယ်ကို ထွက်မလာသင့်ခဲ့ပေ။
ဒီရွာသူအရိုင်းအစိုင်းဖြင့် အကျိုးအကြောင်းသင့်စရာ နည်းလမ်းမရှိပေ။
အခုပြန်လည်သင့်မြတ်ဖို့ မလိုတော့ပေ။
အကယ်၍ သူတို့ဆက်ဆံရေးပြန်ပြေလည်ကာ မကြာခဏ အဆက်အဆံရှိမည်ဆိုပါက သူ့ချွေးမကြောင့် ဒေါသထွက်ကာ သေသွားမှာစိုးရိမ်ရသည်။
ရှောင်ယွမ်ရှစ်က ထိုးထွက်နေသည့် သတ်ဖြတ်ချင်စိတ်ကို ဖိနှိပ်ပြီး ရှစ်ချင်းလျို့ကို အေးစက်စွာ ကြည့်ခဲ့သည်။ "အနာဂတ်မှာ ဒီနေ့ မင်းရဲ့မောက်မာတဲ့လုပ်ရပ်ကို မမေ့ဖို့ မျှော်လင့်တယ်။"
ရှစ်ချင်းလျို့က မကြောက်ဘဲ သူ့ကို အေးစက်စွာ ပြန်ကြည့်ခဲ့သည်။ "မမေ့ပါဘူး၊ အနာဂတ်ကျရင် ရှင်နောင်တရမလားတော့ မသိပါဘူး၊ ရှင့်ရဲ့ကြင်နာဖြောင့်မတ်ပြီး နူးညံ့တဲ့ဇနီးကို ချစ်ခင်သင့်တယ်၊ ရှင့်ရဲ့ အလားအလာကောင်းတဲ့ အကြီးဆုံးသား၊ တွေးတောစဥ်ဆင်တတ်တဲ့ အငယ်ဆုံးသားနဲ့ ချစ်ဖို့ကောင်းတဲ့သမီးငယ်လေးကို ရင်ဝယ်ပိုက်ပြီး ချစ်ခင်သင့်တယ်။"
ထို့နောက် သူမက တစ်ခုခုကို အမှတ်ရသွားဟန်ဖြင့် ပြောလိုက်သည်။ "စိတ်မကောင်းလိုက်တာရှင်၊ ကျွန်မ မေ့တော့မလို့ အခု လက်ရှိ ရှင့်ဇနီး ရှောင်သခင်မကြီးက သူ့ကိုယ်ခန္ဓာကိုယ် ဖျက်စီးမိခဲ့လို့ ရှင့်ကို ကလေးတစ်ယောက်တောင် မမွေးပေးနိုင်ခဲ့ဘူးလို့ကြားတယ်၊ ဒါဆို ရှင်က အနာဂတ်မှာ တရားဝင်ကလေး မရှိနိုင်ဘူးပေါ့နော်၊ သူများကလေးတွေကိုပဲ တပ်မက်နေရတော့မှာ၊ အလှလေးဆီက အပြုံးလေးကိုရဖို့အတွက် ဇနီးဟောင်းနဲ့ ရတဲ့ တရားဝင် ကလေးတွေကို စွန့်ပစ်ခဲ့တဲ့အတွက် ရှင်နောင်တရလိမ့်မယ်။"
သူမက ပိုပိုပြီး ဒေါသထွက်ဟန်ဖြင့် ပြောခဲ့သည်။ "အကယ်၍ ကျွန်မ ယောက္ခမသာ နောက်အိမ်ထောင်ပြုသွားရင် ရှင့်ရဲ့တရားဝင်ကလေးတွေဆီမှာ အဖေခေါ်စရာ ရှိလာမှာ။"
သူမက သူ့ရင်ထဲကို ဆူးတစ်ချောင်း စိုက်ပေးခဲ့သည်။
သူအနာဂတ်မှာ ဒီအကြောင်းကိုတွေးမိသည့်အခါ ကလေးတစ်ယောက်တောင် မမွေးပေးနိုင်ခဲ့သည့် ကောချွန်းရုကို သူဒေါသပုံချလိမ့်မည်။
ရှောင်ဟန်ကျန့်ရဲ့ဆန်ကုန်မြေလေးအဖေမှာသာ သားတစ်ယောက် မွေးပေးနိုင်တဲ့ နောက်ထပ် ဇနီးတစ်ယောက်ရှိလာခဲ့ရင် ကောချွန်းရုကို ကိုယ်လုပ်တော်ရာထူးချပစ်မှာလား။
အိုက်ယား ဉာဏ်ကောင်းလိုက်တဲ့ငါလေး။
မျှော်လင့်ထားသည့်အတိုင်း ထိုစကားတွေက ရှောင်ယွမ်ရှစ်ကို ဆတ်ဆတ်ခါသွားစေခဲ့သည်။
နှလုံးကိုအားနှင့်ဆွဲဖြုတ်လိမ်ညှစ်နေတာနှင့်တူသည်။
သူ့အတွက် နောင်တအရဆုံးအရာက ကောချွန်းရုအတွက်ကြောင့် သူ့ရဲ့ ကလေးတွေနှင့် ဆွေခန်းမျိုးခန်းဖြတ်တောက်မိခဲ့တာဖြစ်သည်။
အကယ်၍ သူ့ဇနီးသာ ကိုယ်ဝန်မဆောင်နိုင်တော့ပါက သူ့မှာ တရားဝင်သားရှိလာတော့မည် မဟုတ်ပေ။
ရှစ်ချင်းလျို့က သူ့ကိုအလွန်ဒေါသထွက်အောင် လုပ်ထားခဲ့တာကြောင့် သူ့မျက်လုံးတွေပင် အမည်းရောင်ပြောင်းမတတ်ဖြစ်နေသည်။
ထို့ကြောင့် သူက နှစ်ခါမစဥ်းစားဘဲ ရှောင်ဟန်ကျန့်ကိုကြည့်ကာ စိတ်လိုက်မာန်ပါ မေးခဲ့သည်။ "မင်းက တကယ်ပဲ အံ့ဖွယ်သမားတော်ရဲ့ တပည့်လား။"
ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တယ်။"
သူက ထပ်ထည့်ပြောခဲ့သည်။ "ခင်ဗျားရဲ့ မိန်းမကို ကုခိုင်းမလို့ဆိုရင်တော့ စဥ်းတောင်မစဥ်းစားနဲ့၊ လုံးဝ မဖြစ်နိုင်ဘူး။"
ရှစ်ချင်းလျို့က မျက်လုံး ပြူးကျယ်သွားခဲ့သည်။ "ရှင်က ကျွန်မကို အပြစ်ရှာရုံသာမက ကျွန်မ ယောက်ျားကို သူ့အမေရဲ့ ရန်သူကိုပါ ဆေးကုခိုင်းနေတာလား၊ ဘာလို့ အဲလောက်တောင် အရှက်မရှိရတာလဲ။"
ငါဘယ်တုန်းက မင်းကို အပြစ်ရှာလို့လဲဟု ရှောင်ယွမ်ရှစ်ကတွေးလိုက်လေသည်။
မင်းကသာ ငါ့ကို အပြစ်ရှာတဲ့လူ မဟုတ်လား။
ဒါ့အပြင် ဒီနေ့လာလည်တဲ့အချိန် ဒီကိစ္စကို ထုတ်ပြောဖို့လည်း သူ မရည်ရွယ်ခဲ့ပေ။
သူတို့ဆက်ဆံရေး အဆင်ပြေချောမွေ့သွားမှ ဒီကိစ္စကိုပြောဖို့ မူလက စီစဥ်ခဲ့တာဖြစ်သည်။
သူမက သူ့ကိုနောက်ကျောက ဓားနှင့်ထိုးခဲ့တာဖြစ်သည်။
သူမက တကယ် အရှက်မရှိပေ။
အကြောင်းတချို့ကြောင့် ရှောင်ယွမ်ရှစ်က မကောင်းသည့်အငွေ့အသက် ခံစားရနေသည်။
သူက မတ်တပ်ထရပ်ပြီး ပြန်တော့မည့်အချိန်မှာပဲ မှုန်ကုပ်သည့်မျက်နှာဖြင့် ပြောခဲ့သည်။ "တော်တော် အကျိုးအကြောင်း မဆီလျော်တာပဲ၊ အဓိပ္ပာယ်မရှိတာတွေပဲ ပြောနေတယ်၊ ဒီနေ့ ငါမလာခဲ့ဘူးလို့ သဘောထားလိုက်။"
သူဆက်သည်းမခံနိုင်တော့ပေ။ သူထွက်သွားချင်နေပြီဖြစ်သည်။
ဒီထက်ကြာကြာသာ ဆက်နေရပါက သူဒေါသထွက်ကာ သေသွားမှာ စိုးရိမ်ရသည်။
ရှစ်ချင်းလျို့က မျက်လုံးကို လက်တွေဖြင့် ချက်ချင်းပွတ်ခဲ့သည်။
သူမ မျက်လုံးတွေက အနီရောင်ပြောင်းသွားခဲ့သည်။ "သူများကို အနိုင်ကျင့်ပြီး ပြန်တော့မလို့လား၊ မရဘူး။"
ထို့နောက် သူမက ရှောင်ယွမ်ရှစ်ထက်အရင်တံခါးကနေထွက်သွားခဲ့သည်။
ရှီလွေ့နှင့် တခြားလူတွေ ထောင့်လေးနားမှာ ဆောင့်ကြောင့်ထိုင်ကာ ခိုးနားထောင်နေတာကို သူမ တွေ့ခဲ့သည်။
သူမက သူတို့ကို မျက်လုံး မှိတ်ပြခဲ့သည်။ "စစ်သူကြီးရှောင် ကျွန်မတို့ကို ပြဿနာရှာတာ ရှင်တို့အကုန်ကြားလိုက်တယ်မလား။"
သူမက အမှန်တရားကို ပြောင်းပြန်လှန်သည်ဟု သူမ ယောက္ခထီးကပြောမှတော့ သူ့ကို ပြသပေးရမည်။
ရှီလွေ့နှင့် ကျန်လူတွေက ပွဲကြီးပွဲကောင်းကြည့်နေသလို စိတ်လှုပ်ရှားစွာ ကြည့်ခဲ့သည်။ "ဒါ့ပေါ့ မြင်လည်းမြင်ပြီး ကြားလည်းကြားခဲ့တယ်။"
အပြင်ကအသံတွေကြားလိုက်တော့ ရှောင်ယွမ်ရှစ်က တခြားလူတွေရှိနေတာကိုသိလိုက်ပြီး ကိုယ်ခန္ဓာက တောင့်တင်းသွားခဲ့သည်။
သူ့ချွေးမက ဒီအထက်တန်းလွှာတွေကို ဘာလို့ ခေါ်ထားရတာလဲ။
သူဘာလုပ်ချင်လို့လဲ။
သူအဖြေမထွက်သေးခင်မှာပဲ ရှစ်ချင်းလျို့က မျက်နှာကို လက်ကိုင်ပဝါဖြင့်အုပ်ပြီး တံခါးမကြီးဆီ ပြေးသွားခဲ့သည်။
လမ်းမှာ ဘယ်သူမှ သူမကို အာရုံမစိုက်သည့်အချိန်မှာပဲ နွေဦးစမ်းရေပုလင်းကိုထုတ်ပြီး မျက်ရည်အဖြစ် မျက်နှာပေါ် လောင်းချခဲ့လေသည်။
ဆရာဟုန်ရဲ့အိမ်က ရှုပ်ထွေးလှသည့် လမ်းမထက်မှာ မဟုတ်သော်လည်း နေ့လည်နေ့ခင်း ဖြတ်သွားဖြတ်လာ တချို့တော့ ရှိသည်။
ရှစ်ချင်းလျို့က အော်ငိုနေပြီး ရှီရုံက အလိုက်သိစွာ အနောက်က ပြေးလိုက်သွားခဲ့သည်။
ရှီရုံက စိုးရိမ်ပူပန်ဟန်ဖြင့် ဟန်ဆောင်ကာ မေးလိုက်လေသည်။ "လျို့လျို့ စစ်သူကြီးက သိပ်လွန်တယ်၊ ဒေါသ မထွက်နဲ့၊ ဝမ်းမနည်းနဲ့နော်။"
ထိုကိစ္စကြောင့် ဖြတ်သွားဖြတ်လာတွေက ရပ်ကာ ကြည့်ခဲ့သည်။
ရှစ်ချင်းလျို့က အော်ငိုကာ ပြောခဲ့သည်။ "စစ်သူကြီးရှောင်က အရမ်းအနိုင်ကျင့်တာပဲ၊ ငါက ရွာကလာတယ်ဆိုပေမယ့် ငါ့ယောက်ျားနဲ့ လက်ထပ်ပြီးသားပါ၊ သူက ငါ့ယောက်ျားမိသားစုနဲ့ ဆွေခန်းမျိုးခန်း ဖြတ်တောက်ထားတဲ့ ယောက္ခထီးဟောင်းလေ၊ သူက ငါ့ယောက်ျားကိုဖိအားပေးပြီး ငါနဲ့ ကွာရှင်းခိုင်းနေတယ်၊ သူ စစ်သူကြီးမဖြစ်ခင်က သူကလည်း ရွာကလာတဲ့လူပါပဲ၊ ငါ့ယောက်ျားက သဘာမတူဘူးလို့ပြောတော့ ငါ့ယောက်ျားကို အနာဂတ်မှာ တော်ဝင်စာမေးပွဲဖြေဖို့ ခွင့်မပြုဘူးလို့ ပြောတယ်။"
ရှီရုံက သံယောင်လိုက်ခဲ့သည်။ "သူက အောက်ခြေလွတ်ရုံတင်မကဘူး၊ အာဏာသုံးပြီး သူများကို ဖိနှိပ်သေးတယ်၊ သိပ်တရားလွန်တာပဲ။"
ရှီလွေ့က ထွက်လာပြီးနောက် မခံမရပ်နိုင်ဟန် ဟန်ဆောင်ခဲ့သည်။ "ဟုတ်တယ် ဒါတော့ သိပ်လွန်တယ်၊ မင်းက ရှောင်ဟန်ကျန့်ရဲ့ တရားဝင်ဇနီးပဲလေ၊ သူက သူ့ မယားငယ်အတွက်နဲ့ မင်းယောက်ျားရဲ့မောင်နှမတွေကို သူကပဲအရင်ဆုံး ဆွေခန်းမျိုးခန်းဖြတ်တောက်ခဲ့တာလေ၊ အခု ဒါကိုတောင် မင်းကိုအထင်သေးပြီး ရှောင်ဟန်ကျန့်နဲ့ ကွာရှင်းခိုင်းချင်နေသေးတယ်၊ ကြားရတဲ့ ငါတောင် ဆက်သည်းမခံနိုင်တာ ရှစ်ချင်းလျို့ဆိုရင်တော့ ပြောမနေပါနဲ့တော့။"
လျန်ယို့ရှောင်ဟာလည်း ဒေါသဖြင့် ပြောခဲ့သည်။ "မင်းက မကြာခင်ကပဲပြောင်းစေ့ဆက်သပြီး အထောက်အပံ့ကောင်းကောင်းပေးခဲ့တာလေ၊ ဒါထက် သူက အကဲဖြတ်စစ်ဆေးတဲ့လူ မဟုတ်ဘူး၊ မင်းရဲ့ယောက်ျားက ဘာလို့ တော်ဝင်စာမေးပွဲကို မဖြေရမှာလဲ၊ အကြီးတန်းစစ်သူကြီးက ဒီလိုနှိပ်ကွပ်လို့ရလား။"
ဒီလူတွေက သူမကို စိတ်မပျက်စေကြောင်း ရှစ်ချင်းလျို့ သဘောပေါက်သွားခဲ့သည်။
သူမက ဆက်လက်ကာ ရှိုက်ငိုခဲ့သည်။ "သူက ငါ့ယောက်ျားကို ငါနဲ့ ကွာရှင်းခိုင်းခဲ့တယ်၊ ဒီကိစ္စကို ပြောတောင် မပြောချင်ပါဘူး၊ သူက ငါ့ယောက္ခမကို အန္တရာယ်ပေးခဲ့တဲ့လူကို ဆေးကုပေးဖို့ ငါ့ယောက်ျားကို အတင်းပြောဆိုခဲ့တယ်၊ စိတ်ဆန္ဒမပါဘဲ အတင်းလုပ်ခိုင်းတာက ဖိအားပေးတာ မဟုတ်လား၊ မယားငယ်က သူ့ဘာသာသူ ကိုယ်ဝန်ပျက်ကျအောင်လုပ်ပြီး ငါ့ယောက္ခမကို အပြစ်မတင်ခဲ့ရင်၊ စစ်သူကြီးရှောင်သာ မယားငယ်ကြောင့် ငါ့ယောက္ခမကို ကိုယ်လုပ်တော်ရာထူး မချခဲ့ရင် ငါ့ယောက္ခမက ထွက်သွားရမှာ မဟုတ်သလို ကလေးတွေကို မိသားစုစာရင်းက မဖယ်ထုတ်ဖို့ တောင်းပန်ပြီး နေ့တိုင်း ငိုနေခဲ့ရမှာလည်း မဟုတ်ဘူး၊ အခုတော့ တစ်ချိန်က မယားငယ်ဖြစ်ခဲ့တဲ့ စစ်သူကြီးရဲ့ မိန်းမက ကလေးမမွေးနိုင်တော့ ငါ့ယောက်ျားကို ဖိအားပေးပြီး အတင်းဆေးကုပေးခိုင်းနေတယ်၊ ငါတို့က အနိုင်ကျင့်ရလွယ်လို့ သူတို့က ပစ်မှတ်ထားနေတာ၊ ပြည်သူလူထုတွေ အမှန်တရားမသိအောင် ဖုံးကွယ်ထားဖို့ စစ်သူကြီးမှာ အာဏာရှိလား၊ သူဆွေခန်းမျိုးခန်းဖြတ်တောက်ဖို့ ပြောခဲ့တုန်းက ငါ့ယောက်ျားက ခြေတစ်လှမ်း နောက်ဆုတ်ပေးပြီး သူ့ကို အရှုံးပေးခဲ့တယ်၊ ငါတို့ကို သေအောင်ဖိအားပေးပြီးမှပဲ လွှတ်ပေးဖို့ ဆန္ဒရှိမှာလား။"
ရှီလွေ့နှင့် ကျန်သည့်လူတွေက မျက်ရည်တွေပြည့်နှက်နေသည့် ရှစ်ချင်းလျို့ရဲ့ မျက်နှာကို ကြည့်နေခဲ့သည်။
သူမက အလွန်အမင်း အနိုင်ကျင့်ခံထားရသလို အမူအရာတွေက ခါးသက်ကာ အကူအညီမဲ့နေသည်။
သူတို့သာ သူမက ရှောင်ယွမ်ရှစ်ကို ဆွံ့အသွားအောင် ပြောဆိုခဲ့တာကို ကိုယ့်နားနှင့်ကိုယ် မကြားခဲ့ပါက သူမ အခုပြောနေတာတွေက အမှန်ဟု ထင်မိသွားနိုင်သည်။
သူတို့ ပတ်ပတ်လည်ကိုကြည့်လိုက်တော့ ဖြတ်သွားဖြတ်လာတွေက သူမကို ဂရုဏာသက်စွာ ကြည့်နေတာကို မြင်လိုက်ရလေသည်။
သူတို့လည်း ရွေးချယ်စရာမရှိဘဲ လက်ခံလိုက်ရလေသည်။
အံ့ဖွယ်ပဲ သူက တကယ့် အံ့ဖွယ်ပဲ။
ဒါကို အမှန်တရားကို ပြောင်းပြန်လှန်ပစ်ခြင်းဟု ခေါ်သည်။
ရှောင်ယွမ်ရှစ်က သွားနားအထိလျှံတက်လာသည့် သွေးတွေကို မျိုချပစ်ရမည်ဖြစ်ကာ သူ့မှာ ပါးစပ်ပါရင်တောင် ရှင်းပြလို့မရပေ။
ဒါ့အပြင် သူတို့က မျက်မြင်သက်သေတွေဖြစ်သည်။
ထို့ကြောင့် သူတို့က သူများကို သူတို့ထက်မသာလွန်စေချင်တာကြောင့် စောနက ရှောင်ယွမ်ရှစ် မျက်နှာသေဖြင့် ကျူးလွန်ခဲ့သမျှကို မကောင်းသည့်ဇာတ်လမ်းမျိုးစုံထွင်ကာ ဖြီးဖြန်ခဲ့ကြသည်။
လူတွေက ပိုဝိုင်းအုံလာကာကြည့်ခဲ့ကြသည်။
မျက်ရည်တွေကျအောင် အတင်းညှစ်နေသည့် ရှစ်ချင်းလျို့ကို လူတွေအများကြီးကကြည့်ကာ သနားနေကြသည်။
သူမမှာ ထိုကဲ့သို့သော ယောက္ခထီးရှိတာကံဆိုးခြင်းဖြစ်သည်။
ရှောင်ယွမ်ရှစ်က ရှီလွေ့၊ ရှစ်ချင်းလျို့နှင့် ကျန်လူတွေရဲ့စကားတွေကိုကြားတော့ သူတို့ကို လည်ပင်းညှစ်သတ်ပစ်ချင်နေသည်။
သူက သည်းမခံနိုင်စွာ ဒေါသကြောင့် သွေးတစ်ပွက်အန်ချမိလိုက်လေသည်။
***