အခန်း (၂၃၆) - ငါက မင်းနဲ့မင်းယောက်ျားနောက်လိုက်ဖို့ အဆင်သင့်ပဲ
ဆရာဟုန်ကလည်း သူတို့နှင့်လိုက်ပြန်ခဲ့သည်။
အပြန်ခရီးက အလျင်လိုစရာမလိုတာကြောင့် မြင်ရထားလုံးက မြန်မြန် မသွားခဲ့ပေ။
ရှာ့ရှီရွာကိုရောက်ဖို့ ၁၅ရက်လောက်ကြာခဲ့လေသည်။
ဆရာဟုန်က သူ့အစေခံတွေဖြင့် ဇာတိကိုလိုက်မပြန်ဘဲ ရှာ့ရှီရွာကို လိုက်သွားခဲ့သည်။
မြို့တော်က သူ့စံအိမ်တောင် ရှောင်ဟန်ကျန့်တို့ရဲ့ အိမ်လောက် သက်သောင့်သက်သာ မရှိဘူးဟု အခု သူသဘောပေါက်သွားခဲ့လေသည်။
ညစာ မစားခင်မှာ သူတို့အိမ်ပြန်ရောက်ခဲ့သည်။
အိမ်အသစ်ရဲ့အပြင်ဘက်မှာ မြင်းနှင့်နွားလှည်းထားရန် တဲအသစ်ဆောက်ထားတာရှိလေသည်။
ရှစ်ချင်းလျို့တို့က မြင်းရထားလုံးထဲက ဆင်းပြီးနောက် အစေခံတွေက မြင်းရထားလုံးကိုသွားထားလေသည်။
တံခါးမကြီးက တင်းတင်းစေ့ပိတ်မထားတာကြောင့် ဖြည်းဖြည်းလေးတွန်းရုံဖြင့် ပွင့်သွားခဲ့သည်။
"ဂတ်။"
ရှစ်ချင်းလျို့က ခြံထဲခြေချလိုက်သည့် အချိန်မှာပဲ အရိပ်မည်းတစ်ခုက အတင်းတိုးဝင်လာခဲ့လေသည်။
ထို့နောက် တဂတ်ဂတ်အော်ဟစ်ရင်း သူမ လက်မောင်းကို ပွတ်သပ်နေခဲ့သည်။
ရှစ်ချင်းလျို့က သူ့ရဲ့ခေါင်းကိုပွတ်ပေးလိုက်လေသည်။ "ဘဲငန်းလိမ္မာလေး။"
"ဂတ်ဂတ်။" ထို့နောက် သူ့နောက်ကနေ ဘဲငန်းအော်သံတွေထပ်ထွက်ခဲ့သည်။
ရှစ်ချင်းလျို့ လှည့်ကြည့်လိုက်တော့ ခြံထဲမှာ ဘဲငန်းဖြူကြီးငါးကောင်နှင့် မျိုးရိုးစပ်ဘဲငန်းနှစ်ကောင်ကို တွေ့ခဲ့လေသည်။
သူမက တွေဝေစွာကြည့်လိုက်လေသည်။ "ဒါတွေအကုန်လုံးက နင့်မိန်းမတွေလား။"
သူမရဲ့ ဘဲငန်းကြီးက ဉာဏ်ကောင်းစွာ မျက်လုံးလည်ပြပြီး ဂုဏ်ယူစွာခေါင်းမော့ကာ အော်ခဲ့လေသည်။ "ဂတ် ဂတ်။"
ဒါပေါ့။
ရှစ်ချင်းလျို့က မျက်လုံးပြူးကျယ်သွားခဲ့သည်။ "နင့်ကို ဒီလို မျက်နှာများတဲ့ဘဲငန်းလို့ မထင်မိခဲ့ဘူး၊ ငါအပြင်ခဏသွားတုန်းပဲရှိသေးတယ် နင့်မှာ မိန်းမသုံးယောက်နဲ့ ကိုယ်လုပ်တော်လေးယောက်တောင် ရှိနေပြီပေါ့။"
သူမရဲ့စကားကိုကြားတော့ ရှောင်ဟန်ကျန့်နှင့်ဆရာဟုန်က ရယ်ရခက် ငိုရခက် ဖြစ်သွားလေသည်။
အမေရှောင်ကလည်းအရင်နေ့တွေတုန်းကထက် ပိုရွှင်ပျလာကာ ပိုသတ္တိရှိလာခဲ့လေသည်။ "ဟုတ်ပါ့ လွန်ခဲ့တဲ့ရက်အနည်းငယ်က ဒမ်ဘီက ဘဲငန်းတချို့ကို အိမ်ခေါ်ပြန်လာတာလေ။"
သူမက ရယ်မောကာ ဆက်ပြောခဲ့သည်။ "ဘဲငန်းဥတွေတောင်ရှိနေပြီ အဲ့တာကို ဒီဘဲငန်းတွေက သေသေချာချာစောင့်ရှောက်တာ၊ သူတို့ဘာသာသူ ဥပေါက်ဖို့ကြံနေတယ်ထင်တယ်၊ ဒမ်ဘီကလည်း နေ့တိုင်းကိုတင်းတင်းကြပ်ကြပ်စောင့်ရှောက်တာ၊ အမေနဲ့ပိုင်လီကလွဲရင် ဘယ်သူ့ကိုမှ အနားပေးမကပ်ဘူး။"
ရှစ်ချင်းလျို့က ပြုံးကာ ပြေခဲ့သည်။ "မကြာခင် ဘဲငန်းပေါက် အုပ်စုလေးရှိတော့မယ်ထင်တယ်။"
သူမ ဘဲငန်းကြီးက ကိုယ်တိုင်မောင်းမဆောင်ဖွင့်ပြီး ဘဲငန်းမတွေခေါ်သွင်းမည့် မျက်နှာများကြီးဘဲငန်းကြီးဖြစ်လိမ့်မည်ဟု ရှစ်ချင်းလျို့ မထင်မိခဲ့ပေ။
ဘဲငန်းမတွေကိုကြည့်လိုက်တော့ သူတို့က ဒမ်ဘီကိုအလွန်နာခံကာ ကာကွယ်ကြလေသည်။
ထို့နောက် ဒမ်ဘီက ဂုဏ်ယူစွာ အကြိမ်အနည်းငယ် မြည်ကြွေးခဲ့လေသည်။
ရှစ်ချင်းလျို့က ချောင်းခြောက်ဆိုးပြီးနောက် သူ့ရဲ့ခေါင်းကို ပွတ်ပေးခဲ့သည်။ "နင်ကဒီလောက်မိန်းမအများကြီးယူထားပြီဆိုမှတော့ အပြင်တွေလျှောက်သွားလို့မရတော့ဘူးနော်၊ သူတို့ကို ကောင်းကောင်းဆက်ဆံရမယ်။"
မောင်းမဆောင်ကြီးဖွင့်ကာ လူနေအိမ်ကို ဘဲငန်းအသိုက်အဖြစ် သူမ မပြောင်းလိုက်ချင်ပေ။
ဒမ်ဘီက မပျော်တော့ပေ။ "ဂတ်။"
ဒီလောက်လေးနဲ့ ဘယ်လိုလုပ် လောက်မှာလဲ။
ရှစ်ချင်းလျို့က ဆွံ့အသွားခဲ့သည်။
သူမရဲ့ဘဲငမ်းကို ဖော်ပြစရာစကားလုံးနှစ်ခုသာရှိသည်။ "စက်ဆုပ်ဖို့ကောင်းတဲ့ ဘဲငန်း။"
ဒမ်ဘီက မပျော်မရွှငခ ခေါင်းလှည့်သွားခဲ့တော့ အရပ်မျက်နှာအရပ်ရပ်က ဘဲငန်းမတွေက သူ့ကို လာနှစ်သိမ့်ခဲ့လေသည်။
ရှစ်ချင်းလျို့က မျှော်လင့်ချက်မဲ့စွာ သက်ပြင်းချခဲ့သည်။
ဆရာဟုန်ရဲ့မျက်နှာက အပြုံးတွေဖြင့် ပြည့်နက်နေခဲ့သည်။
သူ့တပည့်အိမ်မှာနေရတာက တကယ်ကို ပိုစိတ်ဝင်စားစရာကောင်းသည်။
ဒမ်ဘီက တော်တော်လေး ဉာဏ်ထက်ကာ ကျန်သည့်ဘဲငန်းတွေလည်း ဉာဏ်ကောင်းပုံရသည်။
သူက ပြုံးကာ ပြောခဲ့သည်။ "ငါအရင်သွားနားတော့မယ်။"
ခရီးနှင်လာရတာကြောင့် သူ့အရိုးတွေကြိုးမတတ်ညောင်းနေပြီဖြစ်သည်။
သူ့တပည့်နှင့် ဇနီးကလည်းအမေရှောင်နှင့် စကားပြောချင်နေပုံရသည်။
ရှောင်ဟန်ကျန့်က ဆရာဟုန်ကို အရင်တွဲပေးလိုက်သည်။ "ဆရာ ကျွန်တော်လိုက်ပို့ပေးပါ့မယ်။"
သူ့တပည့်ရဲ့ သိတတ်မှုကို ဆရာဟုန်က မငြင်းခဲ့ပေ။ "ကောင်းပြီ။"
သူတို့နှစ်ယောက်က အဆောင်ထဲဝင်သွားခဲ့သည်။ ရှစ်ချင်းလျို့က အမရှောင်ကိုမေးခဲ့သည်။ "အမေ ဒီတလော တစ်ခုခုဖြစ်သေးလား၊ အနိုင်ကျင့်ခံရသးလား။" ဒါဟာသူမ အစိုးရိမ်ရဆုံးကိစ္စဖြစ်သည်။
အမေရှောင်က သူမလက်ကို ဆုပ်ကိုင်ကာ ပြုံးခဲ့သည်။ "ဘာမှမဖြစ်ပါဘူး၊ အမေတို့ သုံးယောက်လုံးအဆင်ပြေတယ်။"
သူမကခဏလောက် စကားတစ်ထောက်ရပ်ပြီးမှ ဆက်ပြောခဲ့သည်။ "ဟိုတစ်ခါက ဝူမိသားစုကအမေတို့ရဲ့ အလုပ်ရုံကို မကောင်းကြံဖို့ လုပ်ခဲ့ပေမယ့် ရွာသားတွေနဲ့သူကြီးက တားခဲ့တယ်လေ၊ သမီးရဲ့ အဖေလည်း လာကူခဲ့တယ်၊ စကားမစပ် အမေတို့အိမ်ဟောင်းဘေးက တောင်ပေါ်ကို ရွာသားတွေ ထယ်ထိုးပြီးပြီ၊ ပိုင်လီနဲ့အမေက သမီးချန်ခဲ့တဲ့ မျိုးစေ့တွေအကုန် စိုက်ပြီးပြီ၊ ရွာသားတွေကလည်း တာအိုဘုန်းကြီးကျောင်းရှိတဲ့ တောင်ပေါ်မှာ သစ်သီးတွေ ကူစိုက်ပေးခဲ့ကြတယ်။"
ရှစ်ချင်းလျို့က ပြုံးကာမေးခဲ့သည်။ "သူတို့တွေအများကြီး ကူညီခဲ့ကြတာလား။"
အမေရှောင်က ခေါင်းငြိမ့်ပြခဲ့သည်။ "အင်း သမီးက တစ်ရွာလုံး ပိုက်ဆံရှာနိုင်အောင် ဦးဆောင်ခဲ့တဲ့လူလို့ သူတို့ကပြောတယ်၊ ဘိလပ်မြေစက်ရုံကလူတိုင်း လတိုင်းအကျိအမြတ် ရတယ်၊ သူတို့တွေကကျေးဇူးတင်နေပြီး အတင်းကို လာကူညီတော့တာပဲ။"
ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ဒါဆိုလည်း ထားလိုက်ပါ။"
ဒီအချက်ကြောင့်ပဲ သူမကဘိလပ်မြေကိုထုတ်ခဲ့ကာ ရွာသားတွေနှင့် အတူတူလုပ်ဖို့ ပြောခဲ့တာဖြစ်သည်။
စိတ်သားသေးသိမ်မှုကြောင့် ဆင်းရဲခြင်းနှင့် ထင်ရာစိုင်းသည်ဟု ဆိုကြသော်လည်း ရွာသားအများစုက ရိုးရှင်းသည့်ဘဝမှာ နေထိုင်ကြသည်။
သူတို့မှာ အိမ်တွင်းရေးပြဿနာ ရှိသော်လည်း သူတို့အချင်းချင်းကူညီနိုင်သည့် ပြဿနာများသည်။
သူမက သူမမိသားစုနှင့်ရွာသားတွေရဲ့အကျိုးအမြတ်ကို အတူတကွစည်းနှောင်ထားသည်။
သူမနှင့်သူမခင်ပွန်းက ရွာအပြင်ဘက်မှာ ကိစ္စရှိနေသည့်အခါ ရွာသားတွေက ဝင်ကူညီပေးခဲ့သည်။
သူတို့အိမ်မှာမရှိသည့်အခါ သူကြီးနှင့်ရွာသားတွေက ဝူမိသားစုရန်ကကာကွယ်ပေးခဲ့ပြီး မြေထွန်ယက်ပေးခဲ့ကာ သစ်သီးပင်တွေ ကူစိုက်ပေးခဲ့သည်။
ထိုအဓိပ္ပာယ်က သူမ မမှားခဲ့သည့် အဓိပ္ပာယ်ဖြစ်သည်။
ရွာသားအများစုက သူမရဲ့ အရင်က အားထုတ်မှုကို မှတ်မိနေခဲ့သည်။
ရှစ်ချင်းလျို့က မေးခဲ့သည်။ "အမေ အာ့လန်ကော။"
အမေရှောင်ကပြုံးကာ ပြောခဲ့သည်။ "သူက မျိုးနွယ်စုကျောင်းကပြန်မလာသေးဘူးလေ။"
ရှောင်မိသားစုရဲ့ အလုပ်ရုံ၊ တို့ဟူးနှင့် ဘိလပ်မြေအလုပ်ရုံကြောင့် ရှာ့ရှီရွာက ပိုပြီး ပိုပြီး နာမည်ကျော်လာခဲ့သည်။
ရွာသူကြီးနှင့် တခြားအကြီးအကဲတွေက မျိုးနွယ်စုကျောင်းဖွင့်ဖို့ ဆွေးနွေးခဲ့သည်။
သူတို့က အခြေခံစာသင်သားတွေကိုဖိတ်ပြီး ကလေးတွေကို စာဖတ်နည်း သင်ခိုင်းမှာဖြစ်သည်။
အလကာ မဟုတ်သော်လည်း အပြင်ကျောင်းပို့ခြင်းထက် ပိုပြီးစျေးသက်သာသည်။
သူတို့က ရွာကနေ တခြားနေရာကိုသွားစရာလည်း မလိုပေ။
ရှောင်ဟန်ကျန့်ကလည်း ဝိုင်းဝန်ကူညီခဲ့ကာ ရှောင်အာ့လန်က မျိုးနွယ်စုကျောင်းမှာသွားသင်ကြားခဲ့သည်။
သို့ပေမယ့် မျိုးနွယ်စုကျောင်းက ဒီလောက်မြန်မြန် ဆောက်ပြီးသွားမည်ဟု သူမ မထင်မိခဲ့ပေ။
သူတိူ့သွားတုန်းကမှ ကျောင်းစတင်ဆောက်နေတုန်းဖြစ်သည်။
"ကောင်းတာပေါ့။"
ရှစ်ချင်းလျို့က သူမ ဝယ်ခဲ့သည့်ပစ္စည်းတွေကို သူတို့နှစ်ယောက်ကို ပေးခဲ့သည်။
အမေရှောင်နှင့် ရှောင်ပိုင်လီက အလွန်ကြိုက်နှစ်သက်ခဲ့သည်။
ရှောင်ဟန်ကျန့်က ဆရာဟုန်ကိုပို့ပြီးနောက် သူတို့နှစ်ယောက်နှင့် ခဏလောက်စကားထပ်ပြောခဲ့သည်။
ရှောင်အာ့လန်က သူ့အစ်ကိုဇနီးမောင်နှံ ပြန်လာသည့်သတင်းကြားတော့ ကျောင်းဆင်းဆင်းချင်း ချက်ချင်းအိမ်ကိုပြန်ခဲ့လေသည်။
အခု အိမ်က အစားအသောက်က ကောင်းမွန်လာသဖြင့် သူက ပိုသန်မာလာကာ ကိုယ်ထည်ပိုတောင့်တင်းလာခဲ့သည်။
သူ့စိတ်လေးကလည်း ပိုပိုပြီးရွှင်ပျတက်ကြွလာခဲ့သည်။
သူက ရှစ်ချင်းလျို့ မြို့တော်က ဝယ်လာပေးသည့် လက်ဆောင်တွေကို အလွန်သဘောကျနေခဲ့သည်။
ညစာစားပြီးနောက် သူ့သူငယ်ချင်းတွေကိုပင် သွားကြွားခဲ့သေးသည်။
နောက်တစ်ရက်ကျတော့ ရှောင်ဟန်ကျန့်နှင့် သူ့အစေခံက ရွာသူကြီးအိမ်ကိုသွားလည်ခဲ့သည်။
ထို့နောက် ပြန်လာပြီး သူတို့မိသားစုရဲ့အလုပ်ရုံတွေကို လှည့်ပတ်ကြည့်ခဲ့သည်။
ရှစ်ချင်းလျို့က အလုပ်ရုံမှာနေကာ နောက်ဆုံးငွေစာရင်းတွေကိုစစ်နေပြီး ရှောင်ဟန်ကျန့်က သိပ်မဝေးသည့်နေရာမှာ စာအုပ်ဖတ်နေသည်။
စာအုပ်ခဏဖတ်ပြီးနောက် ပိုင်ရွှီက ရောက်လာခဲ့သည်။
သူက ရှောင်စစ်နှင့်ဝင်လာပြီး အာမေဋိတ်ပြုလိုက်သည်။ "နောက်ဆုံးတော့ မင်းတို့ ပြန်လာပြီကို။"
ရှစ်ချင်းလျို့က သူ့ကိုမော့ကြည့်လိုက်သည်။ "သတင်းရတာမြန်သားပဲ။"
ပိုင်ရွှီက သူ့အတွက်သူ လက်ဖက်ရည်တစ်ခွက်ငှဲ့လိုက်သည်။ "အခုဆိုရင် မင်းတို့က မြို့တော်မှာကျော်ကြားနေပြီ၊ မင်းတို့ မနေ့ကပြန်လာတာ ငါသိသားပဲ။"
သူက ရှောင်ဟန်ကျန့်ကို ကြည့်ကာ မေးခဲ့သည်။ "အထူးစာမေးပွဲစတာ့မယ်ဆို။"
ရှောင်ဟန်ကျန့်က စာအုပ်ကို အောက်ချလိုက်သည်။ "ဟုတ်တယ်၊ မတ်လမှာစမယ်လို့ အတည်ပြုပြီးပြီ။"
သူကမေးခဲ့သည်။ "မင်းဝင်ဖြေမှာလား။"
ပိုင်ရှီက ခေါင်းခါပြခဲ့သည်။ "မဖြေပါဘူး၊ အကယ်၍ ငါသာ အခြေခံစာသင်သားဖြစ်ခဲ့ရင် ငါ့ဘိုးဘေးတွေရဲ့ ဂူသင်္ချိုင်းက မီးခိုးတွေ အူထွက်နေလိမ့်မယ်၊ စာသင်သားဖြစ်ဖို့က ငါနဲ့ဝေးကွာလွန်းတယ်၊ မဖြစ်နိုင်ဘူး။"
ရှစ်ချင်းလျိ့က တခစ်ခစ်ရယ်ခဲ့သည်။ "ကိုယ့်ကိုယ်ကိုယ်တော့ ကောင်းကောင်းသိသားပဲ၊ ရှင်က စာမေးပွဲဝင်မဖြေဘဲနဲ့ ဘာလို့ အထူးစာမေးပွဲအကြောင်း မေးနေတာလဲ။"
ပိုင်ရွှီက အမှန်အတိုင်းဖြေခဲ့သည်။ "အထူးစာမေးပွဲကို စိတ်ပူတာ မဟုတ်ဘူး၊ နန်ရှီစီရင်စုမြို့မှာ ဘယ်လောက်နေရဦးမှာလဲဆိုတာ စိုးရိမ်တာ၊ အထူးစာမေးပွဲပြီးလို့ အစ်ကိုရှောင် အဆင့်ထပ်မြင့်ချင်ရင် နောက်နှစ်ဆိုရင် မင်းတို့ နန်ရှိစီရင်စုမြို့မှာ မရှိတော့မှာကို စိုးရိမ်တာ။"
ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တယ်။"
သူမက မေးခဲ့သည်။ "ရှင့်မှာ ဘာအစီအစဥ်ရှိလဲ။"
ပိုင်ရွှီက ရယ်မောခဲ့သည်။ "ငါက မင်းနဲ့မင်းယောက်ျားနောက်လိုက်ဖို့ အဆင်သင့်ပဲ၊ နန်ရှီစီရင်စုမြို့က သိပ်သေးတယ်၊ အပြင်ကမ္ဘာကို ပိုပြီးကြည့်ချင်တယ်။"
ဒါဟာ သူသေချာလေး တွေးထားသည့်ကိစ္စဖြစ်သည်။
ရှစ်ချင်းလျို့က မျက်ခုံးပင့်ခဲ့သည်။ "ရှင်က အမြင်တော့ ကောင်းသားပဲ။"
ပိုင်ရွှီက ဆွံ့အသွားခဲ့သည်။
ဒီအမျိုးသမီးက အရှက်မဲ့ပြီး ယုံကြည်ချက် မြင့်မားနေတုန်းပဲ။
***