Ch 238
Viewers 33k

အခန်း (၂၃၈) - မမှားယွင်းနိုင်ပေ


ပိုင်ရွှီပြန်သွားပြီးနောက် ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ရဲ့ အနောက်ကို လျှောက်သွားခဲ့သည်။


သူမက သူ့ကို အနောက်ကဖက်ထားပြီး ပုခုံးပေါ် မေးတင်ထားလိုက်၏။ "အခု မတူတော့ဘူး၊ ကျွန်မတို့ မိသားစုက အခြေအနေပိုကောင်းလာပြီ၊ အမေ၊ မောင်လေးနဲ့ညီမလေးတို့လည်းရှိတယ်လေ။"


သူမ ခင်ပွန်းရဲ့မျက်လုံးထဲမှာ ရန်လိုမှုတွေမမြင်ရတာ ကြာခဲ့ပြီဖြစ်သည်။


သူမရဲ့ ယောက္ခမ၊ ယောက်မနှင့် မတ်လေးတို့က အရင်ဘဝက ကောင်းမွန်သည့် အဆုံးသတ်မရှိခဲ့တာကို သူမ ခန့်မှန်းမိသည်။


ရှောင်ဟန်ကျန့်က သူ့ဇနီးလေးရဲ့ပွေ့ဖက်ခြင်းခံလိုက်ရတော့ ကိုယ်ခန္ဓာနွေးသွားရုံတင်သာမက နှလုံးသားလေးပါနွေးထွေးသွားခဲ့သည်။


အခုတော့ တကယ်ကွာခြားသွားပြီဖြစ်သည်။


သူက လက်ဆန့်ကာ သူမရဲ့လက်ကိုဆုပ်ကိုင်လိုက်သည်။ "အင်း အခုဆိုရင် ကိုယ်တို့မိသားစုဘဝက ပိုကောင်းလာပြီ။"


သူတို့နှစ်ယောက်က အချင်းချင်း ခဏလောက်ဖက်တွယ်ထားပြီး ရှစ်ချင်းလျို့က ပြောခဲ့သည်။ "ကျွန်မ ရှစ်မိသားစုဆီ သွားမလို့။"


သူ့ဇနီးက ဝူမိသားစုအကြောင်းသွားစုံစမ်းမှာကို သူသိသည်။ "ဟုတ်ပြီလေ။"


သူက ပြောလိုက်သည်။ "ကိုယ်ကတော့ စီရင်စုမြို့ကိုသွားမယ်။"


သူက ပိုင်ရွှီသူ့ကိုပေးခဲ့သည့် ပစ္စည်းကို မော့ချင်းလင်ကိုပေးဖို့ ပြင်ထားသည်။


ဝူမိသားစုကို ဖြိုချဖို့ဆိုရင် မော့ချင်းလင်ရဲ့ အကူအညီကို လိုသည်။


ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ရဲ့မျက်နှာကို ပွတ်လိုက်သည်။ "ကောင်းပြီ ခွဲသွားကြတာပေါ့။"


သူတို့နှစ်ယောက်လုံးက မြင်းရထားလုံးတစ်စီးတည်းဖြင့် အတူတူသွားခဲ့ကြသည်။


ရှစ်ချင်းလျို့က ရှစ်မိသားစုရဲ့ တံခါးမရှေ့မှာဆင်းလိုက်ပြီး ရှောင်ဟန်ကျန့်က စီရင်စုမြို့ထဲဆက်သွားခဲ့သည်။


ထိုအချိန်မှာ ရှစ်မိသားစုရဲ့စတုတ္ထသားတို့လင်မယားကလွဲရင် အိမ်မှာ ကျန်သည့်လူတွေအကုန်ရှိသည်။


သူတို့က နေ့လည်စာ စားဖို့ပြင်နေတာဖြစ်၏။


ရှစ်ချင်းလျို့ရောက်လာတာတွေ့တော့ ရှစ်မိသားစုက ကြောင်အသွားပြီးမှ ပြုံးပြလိုက်လေသည်။


"ချင်းလျို့ လာတာတပဲ၊ ထိုင်လေ။"


ထို့နောက် ရှစ်သခင်မကြီးက တခြားမြေးမကို ညွှန်ကြားလိုက်သည်။ "နောက်ထပ် ဇွန်းတွေဘာတွေထပ်ယူလာပေးလိုက်ဦး။"


ဒီမြေးမက သိပ်မကြာခင်က မြို့တော်ကိုသွားခဲ့ကာ မျိုးစေ့တွေသွားဆက်သခဲ့သည်။


သူမမှာ တောင်ပသည့် အနာဂတ်ရှိနေတာ သေချာသည်။


အကယ်၍ သူမမှာတောက်ပသည့် အနာဂတ် မရှိရင်တောင် သူမကို ရန်စဖို့ လုပ်မည် မဟုတ်ပေ။


ရှစ်ချင်းလျို့က လက်ယမ်းပြလိုက်သည်။ "ယူမနေနဲ့၊ ကျွန်မက အိမ်ပြန်စားမှာ။"


ရှစ်သခင်မကြီးက စိတ်အားထက်သန်စွာတော့ မဖျောင်းဖျပေ။ "နည်းနည်းစားပါလား၊ ဒီနေ့ နင်ကြိုက်တဲ့အသားဟင်းလေ။"


အရင်တုန်းက ဒီအသားလေးစားရဖို့ ဒီကောင်မလေးက သူတို့ကို အလွန်နှိပ်ဆက်ခဲ့သည်။


ဟိုးတုန်းက သူတို့မိသားစုအခြေအနေက မကောင်းဘဲ တစ်လကို အသားသိပ်မစားနိုင်ခဲ့ပေ။


အခုတော့ ရှစ်မိသားစုရဲ့စတုတ္ထသားက ဝူမိသားစုထဲဝင်သွားပြီးကတည်းက နေ့တိုင်းအသားစားနိုင်ခဲ့သည်။


ရှစ်ချင်းလျို့က အရှက်ခွဲပြောဆိုဖို့ ချုပ်တည်းမထားနိုင်ခဲ့ပေ။ "ရှင်တို့မိသားစုရဲ့ဟင်းတွေက တော်တော်ညံ့တယ်၊ ဒါကြောင့်မစားနိုင်ဘူး။"


ရှစ်မိသားစုရဲ့ပြဿနာကောင်တွေနှင့် ဆက်ဆံရာမှာ ယဥ်ကျေးပျူငှာနေစရာမလိုပေ။


ရှစ်သခင်မကြီးနှင့် ကျန်လူတွေက သက်ပြင်းချလိုက်သည်။ ဒီလို တည့်မပြောလည်းရပါတယ်။


သို့ပေမယ့် သူတို့ရှစ်ချင်းလျို့ကို ဘာမှ မလုပ်နိုင်ပေ။


"ကောင်းပြီ ဒါဆိုလည်း မစားပါနဲ့တော့၊ ငါတို့လည်းနောက်မှစားတော့မယ်။"


ရှစ်သခင်မကြီးက သူမကို ကြည့်ကာမေးခဲ့သည်။ "ဒီကိုလာတာ ကိစ္စရှိလို့လား။"


ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တယ်။"


သူမက မေးခဲ့သည်။ "ဝူမိသားစုအိမ်မှာ ရှစ်မိသားစုရဲ့ စတုတ္ထသား ဘယ်လိုနေလဲ။"


ရှစ်သခင်မကြီးက ပြုံးကာပြောခဲ့သည်။ "တော်တော်အဆင်ပြေပါတယ်၊ နေ့တိုင်း အရည်အသွေးကောင်း ငါးနဲ့အသားတွေစားနေရတယ်။"


သူတို့လည်း မကြာခဏသွားစားလေ့ရှိသည်။


ရှစ်မိသားစုရဲ့ တတိယသားက ပြောခဲ့သည်။ "ကောင်းကောင်းစားနိုင်ရုံသာမက သူ့မှာ ကိုယ်လုပ်တော် နည်းနည်းတောင်ရှိနေပြီ၊ လောင်းကစားရုံကိုလည်း နေ့တိုင်းသွးတာ။"


သူ့ညီရဲ့ လက်ရှိ လှုပ်ရှားမှုတွေကို သူ မကျေနပ်တာ သေချာသည်။


ထိုစကားကြားတော့ ဝူမိသားစုက ရှစ်မိသားစုရဲ့ စတုတ္ထသားကို အချိုသပ်ထားတာကို သူမ သိလိုက်လေသည်။


သူမက မျက်ခုံးပင့်ခဲ့သည်။ "သူက ဝူမိသားစုကို မလိုချင်တော့တာလား၊ ဒီလောက်လေးစားရတာနဲ့ ရှင်တို့ ကျေနပ်နေတာလား။"


ရှစ်သခင်မကြီးက ချက်ချင်းပြောခဲ့သည်။ "လိုချင်ပါတယ်၊ ငါ့သားကို နေ့တိုင်းသတိပေးနေတာမလို့ မစိုးရိမ်ပါနဲ့၊ အို ဟုတ်သား၊ သူရှာတွေခဲ့တဲ့ ကိစ္စတချို့ရှိတယ်။"


သူမက ဆက်ပြောခဲ့သည်။ "ဝူမိသားစုရဲ့  စွန့်ပစ်ဘေးခြံကဥယျာဥ်က ထူးဆန်းတယ်ပြောတယ်၊ သခင်ကြီးဝူနဲ့ သခင်လေးဝူက အဲကို မကြာခဏ တိတ်တိတ်လေးသွားလေ့ရှိတယ်တဲ့။"


သူတို့က ကွေ့ဝိုက်ပြောရတာ မကျေနပ်ပေ။ ထို့ကြောင့် ရှစ်ချင်းလျို့အပေါ် သူတို့ရဲ့ သစ္စာရှိမှုကို  ချက်ချင်းဖော်ထုတ်ခဲ့သည်။


ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ကောင်းပြီ အနည်းဆုံးတော့ ဝူမိသားစုဆီသွားတဲ့ ရည်ရွယ်ချက်ကို မမေ့ဘူးပဲ၊ မကြာခင်က ရှင်တို့လည်း ဝူမိသားစုဆီ မကြာခဏသွားနေတာပဲ၊ တစ်ခုခုတွေ့ခဲ့သေးလား။"


ရှစ်မိသားစုဝင်တွေက အချင်းချင်းကြည့်လိုက်သည်။ "မတွေ့မိပါဘူး။"


သူတို့က ပျော်ဖို့ပါးဖို့အတွက်အဓိကထားကာ ဝူမိသားစုဆီသွားတာကြောင့် ထိုကိစ္စကို သိပ်အာရုံ မစိုက်ခဲ့ပေ။


ထိုအချိန်မှာပဲ ရုတ်တရက်ကြီး သိပ်မဝေးသည့်နေရာကနေ အားနည်းသည့်အသံလေး ထွက်လာခဲ့သည်။


"ကျွန်...ကျွန်မကြားခဲ့တာတော့ရှိတယ်၊ အသုံးဝင်ပါ့မလားတော့ မသိဘူး။"


ရှစ်ချင်းလျို့ ကြည့်လိုက်တော့ သူမရဲ့ စတုတ္ထညီမ ဖြစ်နေတာကို တွေ့လိုက်လေသည်။


သူမကလည်း ရှစ်မိသားစုမှာ အဖတ်လုပ်မခံရသူဖြစ်သည်။


သူမက ရှန်းယွမ်လောက် သနားစရာမကောင်းသော်လည်း သူမရဲ့နေ့ရက်တွေကလည်း လွယ်ကူနေတာ မဟုတ်ပေ။


သူမက မေးလိုက်သည်။ "ဘာကြားခဲ့တာလဲ။"


သူမက အသက်ပြင်းပြင်းရှူကာ ပြောခဲ့သည်။ "လွန်ခဲ့တဲ့လဝက်က အမေနဲ့ ဝူမိသားစုဆီသွားတုန်းက သခင်လေးဝူက လူတစ်ယောက်နဲ့ စကားပြောနေတာကို ကြားခဲ့တာ၊ အရမ်းနီးကပ်နေတာမဟုတ်လို့ တချို့စကားကိုပဲ ဝေဝေဝါးဝါးကြားလိုက်တယ်၊ မြို့တော်က အဲလူက မုဆိုးဖိုတစ်ယောက်နဲ့ ဂုဏ်သတင်းဖျက်စီးခိုင်းဖို့သခင်လေးဝူကိုပြောနေတာ။"


ရှစ်ချင်းလျို့က မျက်လုံးကို ချက်ချင်းမှေးကျဥ်းလိုက်သည်။ "တခြားဘာရှိသေးလဲ။"


ဝူမိသားစုရဲ့ ရက်စက်လွန်းလှသည့် အကွက်တွေက ကောချွန်းရု သင်ပေးခဲ့တာဖြစ်ရမည်။


သူတို့က ရှောင်ယွမ်ရှစ်ဆီကို ထောင်လျိုကိုပို့လိုက်တော့ ထိုမိန်းမက သူမ ယောက္ခမဆီ မုဆိုးဖိုတစ်ယောက်ပြန်ပို့တာဖြစ်မည်။


သေချာတွေးကြည့်လိုက်တော့ ထိုအကွက်တွေက ထိုအမျိုးသမီး သုံးရတာကြိုက်သည့် အကွက်တွေဖြစ်နေသည်။


စစ်သူကြီးစံအိမ်က ကိစ္စလောက်လေးဖြင့် သူမက သိပ်မထိသေးဘဲ ပြဿနာထပ်ရှာနေတာဖြစ်သည်။။


ရှစ်စီမေ့က ခဏလောက်တွေးခဲ့သည်။ "သူတို့က လောင်းကြေးထပ်ချင်နေတယ်ထင်တယ်၊ ပိုက်ဆံအများကြီးလောင်းတာတို့ ခြေတောက်ဖြတ်တာလိုမျိုးပေါ့၊ ကျန်တာတော့ ဘာမှ မကြားခဲ့ဘူး။"


ထိုအချိန်တုန်းက သူမက ထောင့်မှာ ပုန်းနေကာ ရှေ့မထွက်ရဲထဲ့ပေ။


ထိုစကားကို ရှစ်ချင်းလျို့ကြားတော့ သူမက ရှစ်သခင်မကြီးကို ပြောခဲ့သည်။ "ကြားလား၊ ရှင့်သား လောင်းကစားရုံသွားတာက ဝူမိသားစုရဲ့ထပ်ကြံစည်တာခံနေရတာ၊ သူရှုံးသွားခဲ့ရင် အတိုးများများနဲ့ငွေချေးဖို့ချော့မော့ပြောပြီး ပြန်မဆပ်နိုင်ရင်တော့ ခြေထောက်ဖြတ်ခံရမှာလေ၊ သူ့ခြေထောက်သာအဖြတ်ခံခဲ့ရရင် ရှင်တို့ ဝူမိသားစုကို ဘာမှလုပ်မရတော့ဘူး၊ ဘာပဲဖြစ်ဖြစ် လောင်းကစားရုံကိုသွားပြီး လောင်းကစားလုပ်တဲ့လူနဲ့ ငွေချေးတဲ့လူက ရှင့်ရဲ့အဖိုးတန်သား လုပ်တာပဲလေ၊ အရင်က စီရင်စုမြို့က ရှင်တို့ကို သနားနေတဲ့လူတွေက ရှင့်သားကို ဆဲဆိုလာတော့မှာ၊ ဘာလို့ဒီလိုလင်ယောက်ျားကို ယူတာလဲဆိုပြီးတော့ပေါ့၊ အချိန်ကျလို့ ဝူမိသားစုက အနိုင်ယူသွားခဲ့ရင်တောင် ရှစ်မိသားစုရဲ့ စတုတ္ထသားက ဝူမိသားစုအပေါ် ဆက်အမြတ်ထုတ်နိုင်တော့မှာ မဟုတ်ဘူး။"


ရက်စက်သည့် မယားငယ်ဆိုသည့်အတိုင်း ထိုအကြံတွေက ကောချွန်းရုရဲ့ အကြံတွေဖြစ်သည်။


သူမက နောက်ကျောကနေဓားနဲ့ထိုးဖို့ ပြင်နေတာဖြစ်သည်။


အကယ်၍ ရှစ်မိသားစုသာ ခြေဖြတ်ပြီးပြန်ပို့ခံခဲ့ရရင် ရှင်မိသားစုက ရှစ်ချင်းလျို့ကို အပြစ်တင်အောင် ဝူမိသားစုက လှုံ့ဆော်မည်ဖြစ်သည်။


ဉာဏ်နီဉာဏ်နက်များသည့်နေရာမှာ ကောချွန်းရုက သိပ်တော်သည်။


ထိုစကားကြားတော့ ရှစ်သခင်မကြီးနှင့် ကျန်လူတွေက ဒေါသထွက်သွားခဲ့သည်။ "မကြာခင်က ဝူမိသားစုက သိပ်ယဥ်ကျေးလာတာ တစ်ခုခု လုပ်ဖို့ အချိန်ကောင်းစောင့်နေတာကို၊ ဝူမိသားစုကတော့ သိပ်လွန်သွားပြီ။"


ရှစ်သခင်မကြီးက ရှစ်ချင်းလျို့ကို တွေဝေစွာမေးလိုက်သည်။ "ငါတို့ ဘာလုပ်သင့်လဲ။"


ရှစ်ချင်းလျို့က ခဏလောက်တွေးပြီးနောက် အနားတိုးလာဖို့ လက်ညှိုးကွပြလိုက်သည်။


ရှစ်သခင်မကြီးက အနားကပ်သွားတော့ သူမက အသံတိုးတိုးဖြင့်ပြောခဲ့သည်။ "ဝူမိသားစုကို မြန်မြန်ကျရှုံးစေချင်လား၊ ဒါမှ ရှင့်သားက ဝူမိသားစုရဲ့ ပိုင်ဆိုင်မှုတွေရပြီး ထွက်ပြေးလို့ရမှာလေ။"


ရှစ်သခင်မကြီးက ခေါင်းငြိမ့်ပြခဲ့သည်။ "ဒါပေါ့၊ လုပ်ချင်တာပေါ့၊ ဘာလုပ်ရမလဲသာပြော၊ စကားနားထောင်ပါ့မယ်။"


ဟိုးတုန်းက သူတို့ ရှစ်ချင်းလျို့ရဲ့စကားကို နားထောင်ပြီးနောက် ပိုက်ဆံတွေအများကြီးရခဲ့ကာ နေ့တိုင်း အသားစားနေရသည်။


ထိုအရာက မှားယွင်းသည့်ရွေးချယ်မှု မဟုတ်ပေ။


ရှစ်ချင်းလျို့က သူမကို နှစ်လိုဖွယ်ကြည့်လိုက်သည်။ "ရှစ်သခင်မကြီးကတော့ ရှစ်မိသားစုမှာ ဉာဏ်အကောင်းဆုံးလူပဲ။"


ရှစ်သခင်မကြီးက ထိုစကားကြားတော့ သက်သောင့်သက်သာရှိသွားကာ ဂုဏ်ယူစွာ ပြောလိုက်သည်။ "ဟုတ်တယ်၊ ငါစားခဲ့တဲ့ ဆားပမာဏက သူတို့သားခဲ့တဲ့ ထမင်း ပမာဏထက် ပိုများတယ်လေ။"


ဆင်းရဲနေတဲ့အချိန်တုန်းက အိမ်မှာ မကြာခဏ ဆားပြတ်လတ်နေတာပါဟု ကျန်သည့်ရှစ်မိသားစုဝင်တွေက တွေးလိုက်လေသည်။


ငါတို့အမေကတော့ ဒီလိုစကားကို တကယ်ပြောရဲတယ်။


ရှစ်ချင်းလျို့က ပြုံးကာပြောခဲ့သည်။ "ရှစ်မိသားစုရဲ့ စတုတ္ထသားကို အဆိပ်မိချင်ယောင်ဆောင်ခိုင်းလိုက်၊ ပြီးရင် ရှင်တို့က ဇာတ်လမ်းထွင်ကြ၊ ဝူမိသားစုက သူ့ကို တမင်သက်သက် အဆိပ်ခတ်တယ်လို့ပြော၊ သူ့ကိုသတ်မှ သူတို့သမီးက ထပ်အိမ်ထောင်ပြုရမှာလို့ပြော၊ ပြီးရင် အရာရှိတွေဆီသွားတိုင်လိုက်၊ တရားသူကြီးမင်းမော့တို့နဲ့ စုံစမ်းခိုင်းလိုက်။"


ဒီနည်းဖြင့် ဘေးခြံက ဥယျာဥ်ကို စစ်ဆေးနိုင်မည်ဖြစ်သည်။

***