Ch 239
Viewers 33k

အခန်း (၂၃၉) - ဒါဆိုလည်း တစ်ယောက်ချင်းစီကို နာကျင်အောင် လုပ်တာပေါ့


သူတို့ထိုအရာတွေလုပ်ခဲ့ပါက နောက်ကွယ်မှာ မှတ်တမ်းတွေကျန်ခဲ့နိုင်သည်။


ထိုအရာကိုသာ ရှာတွေ့ပါက ဝူမိသားစုက လွတ်မြောက်နိုင်မည် မဟုတ်ပေ။


ထိုအကြံက မဆိုးဘူးဟု ရှစ်သခင်မကြီးက တွေးလိုက်လေသည်။ "ဒါဆို ငါတို့ဘယ်လိုလုပ်ရမလဲ၊ ဝူမိသားစုက သမားတော်ပင့်ပြီး ရှစ်မိသားစုရဲ့စတုတ္ထသားကို စမ်းသပ်ခိုင်းရင် ဘယ်လိုလုပ်မလဲ။"


ရှစ်ချင်းလျို့က ပြောခဲ့သည်။ "ကျွန်မယောက်ျားက သမားတော်ဆိုတာ ရှင်တို့မေ့နေတာလား၊ အချိန်ကျရင် လူကို အန္တရာယ်မပြုဘဲ အဆိပ်နဲ့လက္ခဏာတူတဲ့ ဆေးကို ညွှန်းပေးခိုင်းမယ်၊ ဒီကိစ္စပြီးသွားရင် အဆိပ်ဖြေဆေးသောက်လိုက်ရုံပဲ။"


ရှောင်သခင်မကြီးက အနည်းငယ်စိုးရိမ်နေသည်။ "ဒါဆို သူတကယ်အဆိပ်မှာလား။"


ရှစ်မိသားစုရဲ့တတိယသားက ပြောခဲ့သည်။ "အမေ ကျွန်တော့် သမက်ဆီက ဆေးကုသမှုယူဖို့ မြို့တော်ကတောင် လာရှာကြတာ၊ သူက သူ့ဂုဏ်သတင်းသူတော့ မဖျက်စီးပါဘူး၊ ပြီးတော့ မစွန့်စားဘဲနဲ့ အကျိုးအမြတ်အကြီးကြီးရမှာ မဟုတ်ဘူး၊ ဝူမိသားစုအိမ်က ရွှေ၊ ငွေ၊ ကျောက်မျက် ရတနာတွေကို တွေးကြည့်လိုက်ဦး၊ ရှစ်မိသားစုရဲ့ စတုတ္ထသားကကော မလိုချင်ဘူးလား။"


သူ့သမီးရဲ့အကြင်နာမဲ့မှုကို ကိုယ်တိုင်မြင်တွေ့ပြီးကတည်းက မကောင်းသည့်အတွေးတွေ မတွေးရဲတော့ဘဲ သူမ ဘက်မှာ လုံးဝရပ်တည်ခဲ့လေသည်။


ရှစ်မိသားစုရဲ့ ပထမသားနှင့် ဒုတိယသားကလည်းပြောခဲ့သည်။ "ဟုတ်တယ်၊ အဆိပ်မိချင်ယောင်ဆောင်တာပဲကို၊ ဘာပြဿနာရှိလို့လဲ၊ ကျွန်တော်တို့ရဲ့ စတုတ္ထညီလေးကို မစွန့်စားခိုင်းရင် ကျွန်တော်တို့မိသားစုလည်း ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာတွေ မရနိုင်ဘူး။"


သူတို့ညီလေး နောက်ကျရင် ဘာလုပ်မလဲဆိုတာ သူတို့စိတ်မဝင်စားပေ။


သူတို့စိတ်ဝင်စားတာက ဝူမိသားစုဆီကနေ ဘယ်လောက်ရမလဲဆိုတာသာဖြစ်သည်။


ရှစ်သခင်မကြီးက တွေးတောပြီးနောက် ပြောခဲ့သည်။ "ကောင်းပြီ၊ ဒါဆို မနက်ဖြန် စီရင်စုမြို့ကိုသွားပြီး စတုတ္ထသားနဲ့ ဆွေးနွေးလိုက်မယ်။"


ရှစ်ချင်းလျို့ သတိပေးခဲ့သည်။ "သူတို့စကားသီးသန့်ပြော၊ တခြားလူတွေ မကြားစေနဲ့။"


ရှစ်သခင်မကြီးက ခေါင်းငြိမ့်ပြခဲ့သည်။ "ကိစ္စ မရှိဘူး။"


သူမ ဘာလုပ်သင့်သလဲ ဘာတွေသိသင့်သလဲဆိုတာ မေးမြန်းပြီးနောက် ရှစ်ချင်းလျို့က ထရပ်လိုက်သည်။ "ကောင်းပြီ ဒါဆို ကျွန်မ ပြန်တော့မယ်။"


ရှစ်သခင်မကြီးက ဟန်ဆောင်မေးခဲ့လေသည်။ "ထပ်မနေတော့ဘူးလား။"


ရှစ်ချင်းလျို့က ခေါင်းခါပြခဲ့သည်။ "မနေတော့ဘူး။"


သူမ မပြန်ခင် သိပ်မဝေးသည့်နေရာမှာ ကိုယ့်ကိုကျုံ့ကာရပ်နေသည့် ရှစ်မိသားစုရဲ့ စတုတ္ထသမီးကို လက်ဝေ့ယမ်းပြလိုက်သည်။ "လမ်းလျှောက်ဖို့ အဖော်လိုက်ခဲ့။"


ရှစ်မိသားစုရဲ့ စတုတ္ထသမီးက ခဏလောက် ကြက်သေသေသွားပြီးမှ သူမရဲ့ မျက်လုံးထဲမှာ ပျော်ရွှင်ရိပ်တွေသန်းသွားခဲ့သည်။


သို့သော်လည်း သူမ သဘာမတူရဲပေ။


ထိုအစား သူမက ရှစ်သခင်မကြီးနှင့် အမျိုးသမီးနျိုကို ကြည့်လိုက်သည်။


အမျိုးသမီးနျိုက စကားသိပ်မပြောသည့် ဒီသမီးကို သိပ်သဘောမကျသဖြင့် အေးတိအေးစက်သာ ဆက်ဆံသည်။


ရှစ်သခင်မကြီးက ခေါင်းငြိမ့်ပြခဲ့သည်။ "နင့်အစ်မက လမ်းလျှောက်ဖို့ ခေါ်နေမှတော့ လိုက်သွားလေ။"


ထိုအခါမှ ရှစ်မိသားစုရဲ့စတုတ္ထသမီးက ရှစ်ချင်းလျို့နောက်ကနေ လိုက်ခဲ့လေသည်။


ရှစ်မိသားစုရဲ့ ကျန်သည့်သမီးတွေက တံခါးကိုပေါက်ဆီကို မနာလိုသည့် မျက်လုံးတွေဖြင့် ကြည့်ခဲ့လေသည်။


လမ်းခဏလျှောက်ပြီးနောက် ရှစ်ချင်းလျို့က ရပ်ကာမေးခဲ့သည်။ "နင့်မှာ အစီအစဥ်တွေရှိလား။"


ရှစ်မိသားစုရဲ့ စတုတ္ထသမီးက သူမရဲ့အစ်မကိုအားကျစွာကြည့်ခဲ့သည်။


သူမက ခဏလောက်တုံ့ဆိုင်းပြီးနောက် မေးခဲ့သည်။ "အစ်မက သိုးမွေးအလုပ်ရုံဖွင့်ပြီး အိမ်ထောင်မရှိတဲ့အမျိုးသမီးတွေကို အလုပ်ခန့်မယ်လို့ကြားတယ်၊ ကျွန်မ လုပ်လို့ရမလား။"


သိပ်မကြာခင်က သူမ အဖေနှင့်အမေက သူမနှင့် ကျန်သည့်အစ်မတွေအတွက် အိမ်ထောင်ဖက်ရှာပေးမည့်အကြောင်း ကြားခဲ့သည်။


သူမ ကြားခဲ့သည့်စကားအရ ဘယ်မိသားစုရဲ့တင်တောင်းမှုက ပိုများလဲဆိုတာအပေါ်မူတည်ပြီး အိမ်ထောင်ချပေးမှာဖြစ်သည်။


သူမရဲ့ဒုတိယအစ်မက အမေဖြစ်သူရဲ့အဖိုးတန်လေးဖြစ်ကာ တတိယအစ်မကလည်း ကျန်လူတွေကို ဘယ်လိုချွဲရမလဲဆိုတာသိသည်။


ထို့ကြောင့် အနာဂတ်မှာ သူတို့မှာက ကောင်းမွန်သည့် မိသားစု အိမ်ထောင်ဖက်ကောင်းရဖို့ မျှော်လင့်ချက်ရှိသည်။


သူမကတော့ အစ်မကြီးဖြစ်သူကလွဲရင် ကျန်သည့်လူတွေနှင့် မတူပေ။ ထို့ကြောင့် သူမက တင်တောင်းငွေအများကြီးဖြင့် ရောင်းစားခံရမှာစိုးနေသည်။


အကယ်၍ သူမသာ အလုပ်ရုံမှာ အလုပ်လုပ်ပြီး လတိုင်းလစာရမည်ဆိုပါက သူမ အမေကသူမကို စောစောအိမ်ထောင်ချပေးဖို့ တုံ့ဆိုင်းသွားနိုင်သည်။


ရှစ်ချင်းလျို့က တခစ်ခစ်ရယ်ကာပြောခဲ့သည်။ "ဘာဖြစ်လို့လဲ၊ နင်သာ ဆန္ဒရှိရင် ရတာပေါ့။"


သူမက စကားလမ်းကြောင်း ပြောင်းခဲ့သည်။ "ဒါပေမဲ့ တစ်ခုတော့ရှိတယ်၊ အလုပ်ရုံမှာ သင်ခဲ့ရတဲ့ ပညာရပ်တွေကို ငါ့ခွင့်ပြုချက်မရဘဲ တခြားလူတွေကို ဝေမျှလို့မရဘူး။"


ဒီခေတ်မှာ အမျိုးသမီးတွေ ကောင်းကောင်းနေထိုင်နိုင်ဖို့ဆိုတာ မလွယ်ပေ။


သူမက ရှစ်မိသားစုပြဿနာကောင်ထဲက မိသားစုဝင်ဆိုသော်လည်း သူမရဲ့ စတုတ္ထညီမရဲ့ဘဝ ပိုကောင်းမွန်အောင် သူမဆန္ဒကိုဖြည့်ဆည်းပေးခဲ့သည်။


ဒါ့အပြင် သူမရဲ့ကျေးဇူးတရားကို မှတ်ထားဖို့ သဲလွန်စပေးခဲ့တာဖြစ်သည်။


ရှစ်မိသားစုရဲ့ စတုတ္ထသမီးရဲ့မျက်လုံးတွေက လက်သွားကာ စိတ်လှုပ်ရှားစွာ ပြောခဲ့သည်။ "ကျွန်.. ကျွန်မ လုံးဝ မဖြန့်ပါဘူး။"


သူမက ထပ်ပြောခဲ့သည်။ "အမေ တုတ်နဲ့ရိုက်ရင်တောင် လုံးဝ မပြောပြပါဘူး။"


ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ကောင်းပြီ ငါနင့်ကိုယုံတယ်၊ နောက်ထပ် ရက်အနည်းငယ်ကြာပြီးရင် သိုးမွေးအလုပ်ရုံကိုလာခဲ့၊ ငါကရှစ်မိသားစုကို ပြောထားလိုက်မယ်။"


ရှစ်မိသားစုရဲ့ စတုတ္ထသမီးက စိတ်လှုပ်ရှားစွာ ပြောခဲ့သည်။ "ကျေးဇူးတင်ပါတယ် အစ်မကြီး၊ ကျွန်မ အလုပ်ကြိုးစားပါ့မယ်။"


အခုဆိုရင် ရှစ်ချင်းလျို့ရဲ့စကားတွေက အိမ်မှာသက်ရောင်မှုရှိနေပြီဖြစ်ကာ သူမရဲ့အဖွားကတောင် စကားနားထောင်သဖြင့် သူမက အစ်မကြီးဖြစ်သူကို ချည်းကပ်ခဲ့တာကြောင့် အကုန်အဆင်ပြေလိမ့်မည်။


ရှစ်ချင်းလျို့က လက်ဝေ့ယမ်းပြလိုက်သည်။ "နင်အရင်ပြန်လိုက်တော့။"


ရှစ်မိသားစုရဲ့ စတုတ္ထသမီးက ပြုံးကာပြောခဲ့သည်။ "အရင်ပြန်ပို့ပေးပါ့မယ်။"


ရှစ်ချင်းလျို့က မငြင်းခဲ့ပေ။


အိမ်တံခါးမကြီးဆီရောင်ပြီးနောက် ရှစ်ချင်းလျို့က ပျော်ရွှင်စွာ ပြန်သွားခဲ့သည်။


သူမဘေးပတ်ဝန်းကျင်က အမျိုးသမီးတွေရဲ့ အခြေအနေကို ပိုကောင်းမွန်အောင် လုပ်ပေးရမည်ဟု ရှစ်ချင်းလျို့က တွေးလိုက်သည်။


သိုးမွေးလုပ်ငန်းအပြင် ဆပ်ပြာတွေလုပ်ဖို့အတွက်ပါ အမျိုးသမီးတွေနှင့် မိန်းမငယ်လေးတွေကို စုဆောင်းရမည်။


နေ့လည်ပိုင်းကျတော့ ရှောင်ဟန်ကျန့်က စီရင်စုမြို့ကနေ ပြန်လာခဲ့သည်။


ရှစ်ချင်းလျို့က စာဖတ်ခန်းထဲနေကာ ငွေစာရင်းလုပ်နေပြီး ရှောင်ဟန်ကျန့်ဝင်လာတာတွေ့တော့ သူမက စုတ်တံကို ချထားလိုက်သည်။


"ဘယ်လိုလဲ။"


ရှောင်ဟန်ကျန့်က သူမနားလျှောက်သွားပြီး ထိုင်လိုက်သည်။ "ရှောင်းချင်လည်း အဲကိစ္စကို နည်းနည်းသိနေတယ်၊ မကြာခင်က သူက ဝူမိသားစုရဲ့ သက်သေနဲ့ငွေစာရင်းစာအုပ်တွေရှာနေတာ၊ သူရှာမတွေ့ခဲ့ဘူး၊ ဝူမိသားစုက ကောင်းကောင်းဝှက်ထားတာ။"


ရှစ်ချင်းလျို့က ပြောခဲ့သည်။ "ရှစ်မိသားစုဆီကနေ အရေးကြီးတဲ့ အချက်နှစ်ချက်ရခဲ့တယ်၊ ဒီလိုဆိုရင် မော့ချင်းလင်က သက်သေနဲ့စာရင်းစာအုပ်တွေ ရှာဖို့လွယ်မယ်ထင်တယ်။"


ရှောင်ဟန်ကျန့်က မေးခဲ့သည်။ "ဘာများလဲ။"


ရှစ်ချင်းလျို့က သူမ ရှစ်မိသားစုဆီက ကြားသမျှကို ရှောင်ဟန်ကျန့်ကိုပြန်ပြောပြခဲ့သည်။


ရှောင်ဟန်ကျန့်ရဲ့ မျက်လုံးတွေက အေးစက်သွားခဲ့သည်။ "ဒီတစ်ခါလည်း ကာချွန်းရုပဲပေါ့၊ ဒီလိုဆိုမှတော့ သူ့ကို သင်ခန်းစာပေးရမှာပေါ့။"


ကောချွန်းရုက သူမ မောင်နှမတွေကို အစိုးရိမ်ဆုံးဖြစ်ပြီး ပြီးမှ ရှောင်ယွမ်ရှစ်ဖြစ်သည်။


ထို့ကြောင့် သူမ ထိုသုံးယောက်ကို အရင်ဆုံး ပစ်မှတ်ထားနိုင်သည်။



ရှစ်ချင်းလျို့က သဘောတူစွာခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တယ်၊ သူတို့တစ်ယောက်ချင်းစီကို နာကျင်အောင်လုပ်ကြတာပေါ့။"


အဆုံးသတ်ကျရင် ဘယ်သူ နာကျင်မလဲဆိုတာ ကြည့်ကြတာပေါ့။


"ကောချွန်းယီကိုသင်ခန်းစာပေးဖို့ ရှောင်မိသားစုဆီ စာရေးလိုက်မယ်။"


သူမက ထပ်ပြောခဲ့သည်။ "မြို့တော်က သူ့ကို ဒုက္ခပေးဖို့တော့ ရှင့်ကိုလွှဲထားလိုက်မယ်။"


ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြခဲ့သည်။ "ကိစ္စမရှိပါဘူး။"


ရှစ်ချင်းလျို့က ပြောခဲ့သည်။ "ဆေးညွှန်းပေးဦး၊ မော့ချင်းလင်ဘက်က အဆင်သင့်ဖြစ်ရင် ကျွန်မတို့ ရှစ်မိသားစုရဲ့စတုတ္ထသားကို အဆိပ်ခတ်ရမှာ။"


ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြခဲ့သည်။ "ဒီကိစ္စဆွေးနွေးဖို့ မနက်ဖြန် သွားလိုက်မယ်။"


ရှစ်ချင်းလျို့က ခဏလောက်တွေးပြီးနောက် ပြောခဲ့သည်။ "ကောချွန်းရုနဲ့ ဝူမိသားစုရဲ့ အစီအစဥ်တွေကို အမေ့ကို ပြောပြသင့်တယ်ထင်လား။"


ရှောင်ဟန်ကျန့်က ခဏလောက်တွေးခဲ့သည်။ "ပြောပြရမလား။"


သူက အမျိုးသားတစ်ယောက်ဖြစ်သည်။


သူ့အမေကို ပြောပြသင့်မပြောပြသင့်ကြောင်း သူ မသိပေ။


ရှစ်ချင်းလျို့က အမှန်အတိုင်းဖြေခဲ့သည်။ "ပြောပြရမယ်၊ နောက်နှစ်ဆိုရင် ရင်က မြို့တော်မှာ တော်ဝင်စာမေးပွဲ သွားဖြေတော့မှာ၊ ရှင်မြို့တော်မှာနေတာဖြစ်ဖြစ် မနေတာဖြစ်ဖြစ် ကျွန်မတို့ အမေတို့ကို ခေါ်သွားရမှာ၊ ဒါကြောင့် အရင်ဆုံး ရှင့်အမေကို ရင်ဆိုင်ခိုင်းရမယ်၊ ဖြည်းဖြည်းချင်း သူသတိရှိလာလိမ့်မယ်၊ သူများတွေကို သတိထားရမှာ။"


သူမရဲ့ယောက္ခမက ဖြူစင်လွန်းကာ ကြင်နာတတ်သည်။


ရွာမှာနေရင် ကိစ္စမရှိပေမယ့် တခြားနေရာဆိုပါက သူတို့ ကာကွယ်ပေးရင်တောင် မကောင်းမှုတွေက လာပတ်သက်တာခံရနိုင်သည်။


အထူးသဖြင့် သူတို့သာ မြို့တော်ကိုသွားပါက ရှောင်ယွမ်ရှစ်နှင့် ကောချွန်းရုကို မဖြစ်မနေ တွေ့ရမည်ဖြစ်သည်။


အကယ်၍ သူမယောက္ခမသာ အရင်လိုပျော့ညံ့နေသေးပါက သူတို့နှစ်ယောက်ရဲ့ အနိုင်ကျင့်မှုကို ခံရနိုင်သည်။ ထိုသို့ဆိုပါက အဆင်မပြေပေ။


ရှောင်ဟန်ကျန့်က သူမ လက်ကိုဆုပ်ကိုင်ခဲ့သည်။ "ကောင်းပြီ မင်းရဲ့စကားနားထောင်ပါ့မယ်၊ ဒီကိစ္စကို အမေ့ကိုပြောဖို့ မင်းကိုဒုက္ခပေးရမှာပဲ။"


အမျိုးသားတစ်ယောက်အနေနှင့် ဒီကိစ္စကိုသူပြောဖို့ မသင့်လျော်ပေ။


ဒါ့အပြင် သူ့ဇနီးလေးက သူ့အမေကို ပိုပြီးကောင်းကောင်းနားချနိုင်မည်ဟု သူယုံသည်။


စိတ်ချပ်ဟူသောအကြည့်ဖြင့် ရှစ်ချင်းလျို့က သူ့ကို ကြည့်ခဲ့သည်။ "ကျွန်မ တာဝန်ထားပါ၊ ဒါပေမဲ့ အနာဂတ်မှာ ရှင့်အမေ ပိုပြီး သန်မာလာရင်တော့ ကျွန်မကို အပြစ်မတင်နဲ့နော်။"


ရှောင်ယွမ်ရှစ်တို့ လင်မယားနှင့်ဆုံသည့်နေ့ကျရင် သူမ ယောက္ခမကိုယ်တိုင် သင်ခန်းစာပေးတာကို သူမ အရမ်းမျှော်လင့်နေမိသည်။


ရှောင်ဟန်ကျန့်က အသံတိတ်သွားပြီး ရုတ်တရက်ကြီး မကောင်းသည့် အငွေ့အသက်တွေရနေလေသည်။ 


ထို့နောက် သူက ရယ်ရမလား ငိုရမလား မသိတော့ပေ။ "စိတ်မပူပါနဲ့၊ အဲ့တာ မင်းရဲ့အမှား မဟုတ်ပါဘူး။"


ပိုသန်မာတာက အနိုင်ကျင့်ခံရတာထက် ပိုကောင်းသည်။


သူ့ဇနီးသဘောကျသာဖြစ်ပါစေ။

***