Ch 241
Viewers 33k

အခန်း (၂၄၁) - သူမက ထိုမျှလောက်အထိ စိတ်ထားသေးသိမ်သည်


ရှစ်ချင်းလျို့ သိုးမွေးထိုးသည့် အလုပ်ရုံကို စတင်တည်ထောင်ခဲ့ပြီးနောက် အမျိုးသမီးကြီးများနှင့် မိန်းကလေးတချို့ကို အလုပ်ခန့်ထားခဲ့သည်။ သူတို့သည် မနက်ခင်းအစောပိုင်းတွင် အလုပ်လာဆင်းရပြီး နေ့လယ်စာကို အလုပ်ရုံမှ ကျွေးမွေးသည်။ သိုးမွေးထိုးခြင်းကို ညနေစောင်း ညစာမစားမီအချိန်အထိ လုပ်ကိုင်ကြရသည်။ အလုပ်အားလုံးကို အလုပ်ရုံတွင်သာ အပြီးလုပ်ရပြီး အိမ်သို့ သယ်ယူခွင့် မရှိပေ။


ထို့နောက် သူမက အမေရှောင်နှင့် ရှောင်ပိုင်လီတို့ကို ရှီရုံအတွက် ဆွယ်တာတစ်ထည် ထိုးခိုင်းခဲ့သည်။ ရှီလွေ့နှင့် ကျန်လူများအတွက် ဆွယ်တာများကိုတော့ သိုးမွေးထိုးကျွမ်းကျင်သည့် အမျိုးသမီးကြီးတချို့ကို ထိုးခိုင်းခဲ့သည်။


(၁၀) ရက်ခန့် ကြာပြီးနောက် ရှောင်မိသားစုအိမ်သို့ မော့ချင်းလင်ထံမှ လျှို့ဝှက်စာတစ်စောင် ရောက်လာခဲ့သည်။ စာရွက်ပေါ်တွင် "ကောင်းပြီ" ဟူသော စာတစ်လုံးသာ ပါရှိသည်။


မော့ချင်းလင် အဆင်သင့်ဖြစ်နေပြီဆိုသည်ကို ရှောင်ဟန်ကျန့် သိလိုက်လေသည်။ ထို့နောက် သူက ပြင်ဆင်ထားသည့်ဆေးကို ရှစ်ချင်းလျို့အား ပေးလိုက်သည်။


"မိန်းမ... ရှစ်မိသားစုရဲ့ စတုတ္ထသား ဒီဆေးသောက်ပြီးရင် နည်းနည်းတော့ ခံစားရလိမ့်မယ်။ တကယ့်အဆိပ်ကို သောက်ထားရသလိုမျိုး အားနည်းနေလိမ့်မယ်။ နောက်မှပဲ ဖြေဆေးကို ပေးလိုက်တော့။"


သူတို့လက်ထဲတွင် ဖြေဆေး ကြိုရှိနေပါက ဝူမိသားစု၏ လှည့်စားမှုဖြင့် ရှစ်မိသားစု၏ စတုတ္ထသားက အကောက်ကြံလာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ဖြေဆေးမရှိမှသာ ရှစ်မိသားစု၏ စတုတ္ထသားသည် သေရမည်ကို ပိုကြောက်ပြီး လက်တွေ့ကျကျ သရုပ်ဆောင်နိုင်မည် ဖြစ်သည်။


ရှစ်ချင်းလျို့က ဆေးကို ယူပြီး ပြောလိုက်သည်။


"ကောင်းပြီ၊ ကျွန်မ ရှစ်မိသားစုဆီ သွားပို့လိုက်မယ်။"


ရှစ်ချင်းလျို့ ရှစ်မိသားစုအိမ်သို့ သွားချိန်တွင် ရှစ်တစ်မိသားစုလုံး အိမ်၌ ရှိနေကြသည်။ ရှစ်ချင်းလျို့က ရှစ်သခင်မကြီးထံသို့ ဆေးပေးလိုက်သည်။


"ရှစ်မိသားစု ချမ်းသာလာခြင်း၊ မချမ်းသာလာခြင်းက ရှစ်မိသားစုရဲ့ စတုတ္ထသားအပေါ်မှာပဲ မူတည်တယ်။"


ရှစ်သခင်မကြီးသည် သူမ၏ သားအငယ်ဆုံးလေး တစ်ခုခုဖြစ်သွားမည်စိုးသဖြင့် အစကတော့ တုံ့ဆိုင်းနေခဲ့သေးသည်။ သို့သော် ထိုစကားကို ကြားပြီးနောက် တစ်မိသားစုလုံး၏ ဖျောင်းဖျမှုကို ခံလိုက်ရကာ နောက်ဆုံးတွင်တော့ ဆုံးဖြတ်ချက် ချလိုက်လေသည်။


"ကောင်းပါပြီလေ။ ဒီနေ့ပဲ မြို့ထဲကို ဆေးသွားပို့လိုက်ပါ့မယ်။"


ရှစ်ချင်းလျို့က တားလိုက်သည်။


"မသွားနဲ့၊ ကျွန်မအဖေကိုပဲ သွားခိုင်းလိုက်။ မဟုတ်ရင် ရှင်က ဒီနေ့ဆေးသွားပို့ပြီး သူက မနက်ဖြန် အဆိပ်မိသွားတယ်ဆိုရင် အရူးတောင်မှ ရှင့်ကို သံသယဝင်သွားလိမ့်မယ်။ ဒီလိုဆိုရင် တရားရုံးမှာ သူတို့ဘက်က စပြီးတိုက်ခိုက်လာရင် အခက်တွေ့ကုန်လိမ့်မယ်။"


ရှစ်သခင်မကြီး ကြက်သေသေသွားခဲ့သည်။ သူမ ဤအချက်ကို မတွေးမိခဲ့ပေ။ ထို့နောက် သူမက ဆေးကို ရှစ်မိသားစု၏ တတိယသားထံသို့ လွှဲပေးလိုက်လေသည်။


သူ အိမ်မှမထွက်ခွာမီ ရှစ်ချင်းလျို့ထံမှ မျက်လုံးဖြင့် အချက်ပြမှုကို ရရှိလိုက်လေသည်။ ရှစ်မိသားစု၏ စတုတ္ထသား ဆေးသောက်သည်ကို ကိုယ်တိုင်ကိုယ်ကျ စောင့်ကြပ်ကြည့်ရှုရန် ပြောမှန်း သူ သဘောပေါက်လိုက်သည်။ သို့မဟုတ်ပါက ရှစ်မိသားစု၏ စတုတ္ထသားသည် ဝူမိသားစုအိမ်သို့ ပြန်ခေါ်ခံသွားရလျှင် ဒုက္ခရောက်နိုင်ရုံတင်မကဘဲ သူတို့၏ အစီအစဉ် တစ်ခုလုံးလည်း ပျက်စီးသွားနိုင်သည်။


သူက ရှစ်ချင်းလျို့ကို ခေါင်းငြိမ့်ပြပြီးနောက် ထွက်သွားခဲ့လေသည်။


အမျိုးသမီးနျိုသည် မိန်းကလေးတစ်ယောက်၏ တို့ထိသတိပေးခြင်းကို ခံလိုက်ရပြီးနောက် ရှေ့သို့ တိုးလာကာ ရှစ်ချင်းလျို့ကို ကြည့်လိုက်သည်။


"သမီးကြီး... နင့်ညီမတွေကို သိုးမွေးအလုပ်ရုံမှာ အလုပ်စီစဉ်ပေးလိုက်ပါ။"


ရှစ်ချင်းလျို့က မျက်ခုံးပင့်ပြီး ပြောလိုက်သည်။


"သူတို့ကို ထောက်ပံ့ပေးစေချင်နေတာလား။"


ရှစ်ချင်းလျို့၏ အမူအရာကို မြင်လိုက်ရသဖြင့် အမျိုးသမီးနျို အနည်းငယ် လန့်သွားခဲ့သည်။ အရင်တုန်းက ရှစ်ချင်းလျို့ထံမှ သူမ အကြိမ်များစွာ အရိုက်ခံခဲ့ရဖူးသည်။


"မဟုတ်ရပါဘူး။"


သူမက မလုံမလဲပြုံးကာ ဆက်ပြောသည်။


"နင့်ညီမတွေက အားနေတာဆိုတော့ နင့်ကို ကူညီပေးစေချင်လို့ပါ။"


သူမ၏ စတုတ္ထသမီးက သိုးမွေးအလုပ်ရုံသို့ သွားခဲ့ဖူးသည်။ နေ့လယ်စာအတွက် ဟင်းသီးဟင်းရွက်၊ အသားနှင့် ဟင်းရည်တို့ ပါရှိကြောင်း သူမ သိထားခဲ့သည်။ ၎င်းအပြင် တစ်လလျှင်လည်း ကြေးပြား (၃၀၀) ရသေးသည်။ အလုပ်ကြိုးစားပါက (၃) လ အကြာတွင် ကြေးပြား (၅၀၀) အထိ တိုးပေးမည်ဖြစ်ကြောင်းလည်း ကြားထားခဲ့သည်။


ထို့ကြောင့် အမျိုးသမီးနျိုတွင် အကြံအစည်တချို့ ရှိနေခဲ့ပြီး သူမ၏ ဒုတိယသမီးကပါ မြှောက်ပင့်ပေးခဲ့သောကြောင့် ယနေ့တွင် ထုတ်ပြောလိုက်ရခြင်း ဖြစ်သည်။


ရှစ်ချင်းလျို့က သူတော်စင်တစ်ပါး မဟုတ်ပေ။ သူမသည် အမျိုးသမီးများ၏ အခြေအနေကို ပြောင်းလဲပေးချင်စိတ် ရှိလျှင်တောင်မှ ထိုအထဲတွင် အမျိုးသမီးနျိုအပြင် မူလပိုင်ရှင် 'ရှန်းယွမ်' ၏ ဒုတိယညီမနှင့် တတိယညီမတို့ လုံးဝ မပါဝင်ပေ။


သူမ အိမ်ပြန်ရောက်လာချိန်တုန်းက ရှန်းယွမ်အနေဖြင့် တာအိုဘုန်းကြီးကျောင်းမှ ယူဆောင်လာခဲ့သော အဝတ်အစားများနှင့် တခြားပစ္စည်းများကို ဒုတိယညီမနှင့် တတိယညီမတို့က အကုန်လုံး လုယူသွားခဲ့ကြသည်။ သူတို့က အမျိုးသမီးနျိုမှ ရှန်းယွမ်ကို ပိုမုန်းလာအောင် တိတ်တဆိတ် သွေးထိုးပေးခဲ့ကြပြီး သူတို့ လုပ်ရမည့် အလုပ်များ အကုန်လုံးကိုလည်း ရှန်းယွမ်ကိုသာ လုပ်ခိုင်းခဲ့ကြသည်။


ရှန်းယွမ်၏ အသက်တစ်ချောင်းစာ အကြွေးတင်နေသည့် အမျိုးသမီးနျိုအပေါ်ကိုလည်း ရှစ်ချင်းလျို့ အလွန်အမင်း မကျေနပ်ခဲ့ပေ။ မွေးမိခင်ဖြစ်သည့် အမျိုးသမီးနျိုကို လက်စားမချေလိုသည့် ရှန်းယွမ်၏ မှတ်ဉာဏ်အပိုင်းအစကြောင့်သာ မဟုတ်ပါက သူမအနေဖြင့် အမျိုးသမီးနျိုကို ကောင်းကောင်းကြီး သင်ခန်းစာ ပေးပြီးနေသည်မှာ ကြာလှပြီဖြစ်သည်။


ထို့ကြောင့် ရှစ်ချင်းလျို့က စိတ်ကောင်းဝင်မနေဘဲ အတိတ်ကိုလည်း မမေ့လျော့သေးပေ။ သူမက ထိုမျှလောက်အထိကို စိတ်ထားသေးသိမ်သူ ဖြစ်သည်။


သူမက ခပ်ဖွဖွပြုံးကာ အမျိုးသမီးနျိုကို ကြည့်လိုက်သည်။


"ကျွန်မ ရှင့်ကို သင်ခန်းစာ ပေးခဲ့ပြီးပြီမို့ ကျွန်မဆီကနေ အမြတ်ထုတ်နိုင်မယ်လို့ မထင်နဲ့။ ရှင် ကျွန်မအပေါ် ဘာတွေလုပ်ခဲ့လဲဆိုတာ ဒီလောက်မြန်မြန်ပဲ မေ့သွားတာလား။ ကျွန်မ တာအိုဘုန်းကြီးကျောင်းက ပြန်လာတုန်းက ရှင် ကျွန်မကို ဆဲဆိုရိုက်နှက်ခဲ့တာတွေ၊ ဝူမိသားစုနဲ့ လက်ထပ်ပေးဖို့ ကြံစည်ခဲ့တာတွေကို ရှင်ပြန်မှတ်မိအောင် လုပ်ပေးရဦးမလား။ ကျွန်မကတော့ အကုန်မှတ်မိနေသေးတယ်။ ရှင် ပြန်နားထောင်ချင်သေးလား။"


ထိုအကြောင်းများကို တွေးမိတော့ သူမ သက်ပြင်းချလိုက်မိသည်။ ထိုဆိုးရွားလှသော နေ့ရက်များကို သူမ မှတ်မိနေဆဲ ဖြစ်သည်။ ထို့နောက် ရှစ်ချင်းလျို့က အမျိုးသမီးနျိုကို ခြိမ်းခြောက်လိုက်သည်။


"ကြိမ်လုံးအရသာကို ထပ်မြည်းချင်နေပြန်ပြီလား။ ရှင် သားတစ်ယောက် မလိုချင်တော့ဘူး ထင်တယ်နော်။"


"သူမက ဘယ်လို အကြွေးရှင်မျိုးများလဲ" ဟု အမျိုးသမီးနျိုက တွေးလိုက်မိသည်။ "အမေအရင်းကိုတောင် ပြန်ခြိမ်းခြောက်နေသေးတယ်။" သို့သော်လည်း သူမ ဘယ်လောက်ပင် ဒေါသထွက်နေပါစေ၊ ဤယုတ်မာသည့်သမီးကိုတော့ သူမ မဆန့်ကျင်ရဲပေ။


သူမက အားတင်းပြုံးပြလိုက်သည်။


"နင် နားလည်မှု လွဲနေတာပါ။ သူတို့က အလုပ်ရုံမှာ အလုပ်မလုပ်ချင်ကြပါဘူး။ အိမ်မှာလည်း သူတို့ လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။"


ရှစ်သခင်မကြီးကလည်း ထိုညီအစ်မနှစ်ယောက်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။


"နင့်တို့အစ်မက တစ်နေ့လုံး အလုပ်ရှုပ်နေတာ၊ ဘယ်လိုလုပ်ပြီး နင်တို့ကို ဂရုစိုက်ဖို့ အချိန်ရှိမှာလဲ။ မဟုတ်တာတွေ တွေးမနေကြနဲ့။ မဟုတ်လို့ကတော့ အရှင်လတ်လတ် အရေခွံခွာပစ်လိုက်မယ်။"


ညီအစ်မနှစ်ယောက်ခမျာ ကြောက်လန့်တကြားဖြင့် ခေါင်းပုဝင်သွားကြလေသည်။ ထိုအခါမှ ရှစ်သခင်မကြီးက ရှစ်ချင်းလျို့ကိုကြည့်ကာ မျက်နှာချိုသွေးလိုက်သည်။


"ချင်းလျို့... ဘာမှစိတ်မပူနဲ့။ မဟုတ်တာတွေ မလုပ်အောင် သူတို့ကို ငါသေချာ စောင့်ကြည့်ထားလိုက်မယ်။"


ရှစ်ချင်းလျို့က အမျိုးသမီးနျိုကို ညွှန်ပြပြီး ပြောလိုက်သည်။


"သူ့ကိုရောပဲ။"


ရှစ်သခင်မကြီးက ခေါင်းငြိမ့်ပြလိုက်သည်။


"ကိစ္စမရှိပါဘူး။ သူ မဟုတ်တာ လုပ်လို့ကတော့ ငါ့ရဲ့တတိယသားနဲ့ ချက်ချင်း ကွာရှင်းခိုင်းပစ်လိုက်မယ်။ သားတစ်ယောက်တောင် မမွေးနိုင်တဲ့သူက အသုံးမှမဝင်တာ။"


သမီးများသာ မွေးထားသည့် အမျိုးသမီးနျိုကို ရှစ်သခင်မကြီးက သဘောမတွေ့ပေ။ ထိုစကားကို ကြားလိုက်ရချိန်တွင် အမျိုးသမီးနျို၏ မျက်နှာအမူအရာများ ပျက်ယွင်းသွားသော်လည်း ဘာမှတော့ ပြန်မပြောရဲခဲ့ပေ။


ထိုအခါမှ ရှစ်ချင်းလျို့က ကျေနပ်စွာဖြင့် မတ်တတ်ထရပ်လိုက်သည်။


"ကောင်းပြီ... ရှင်က ဉာဏ်ကောင်းတဲ့လူပါပဲ။ လုပ်သင့်လုပ်ထိုက်တာကို သိတဲ့လူဆိုတော့ ကျွန်မ စိတ်ချသွားပြီ။"


ရှစ်သခင်မကြီးက ရင်ဘတ်ကိုပုတ်ပြကာ အာမခံလိုက်သည်။


"ဒါပေါ့... ဘာမှစိတ်မပူနဲ့၊ ငါ့ကိုသာ အကုန်လွှဲထားလိုက်။"


ရှစ်ချင်းလျို့လည်း ဘာမှဆက်မပြောတော့ဘဲ ပြန်ထွက်လာခဲ့သည်။


ရှစ်ချင်းလျို့ ပြန်သွားပြီးနောက် ရှစ်သခင်မကြီးက အမျိုးသမီးနျိုတို့သားအမိကို စိုက်ကြည့်လိုက်သည်။


"နင်တို့ မပါဝင်နိုင်ရင် သွားပြီး ဖိအားမပေးကြနဲ့။ ငါ့ရဲ့ ရှစ်မိသားစုပါ ငြိစွန်းသွားလို့ကတော့ နင်တို့ကို အလွတ်ပေးမှာ မဟုတ်ဘူးနော်။"


ထို့နောက် အမျိုးသမီးနျိုကိုပါ ထပ်မံသတိပေးလိုက်လေသည်။


"ချင်းလျို့ကို ပြဿနာ ထပ်ရှာနေဦးမယ်ဆိုရင် နင့်သမီးတွေခေါ်ပြီး နင့်မိဘတွေအိမ် ပြန်ဖို့သာ ပြင်ထားလိုက်တော့။ နင့်မိဘတွေရဲ့ အကြံအစည်တွေကို ငါမသိဘူးများ ထင်နေလား။ ရှစ်ချင်းလျို့က မသေမျိုးဘုန်းတော်ကြီးရဲ့ တပည့်ပဲ။ ဒီလောက်ကို သူမမြင်ဘဲ နေပါ့မလား။"


ထို့နောက် သူမက အထင်အမြင်သေး ရွံရှာစွာဖြင့် "ငတုံးမ" ဟု ဆူဆဲလိုက်သည်။


မိသားစုထဲတွင် သူမကသာ ဉာဏ်အကောင်းဆုံးဖြစ်နေရသည်မှာလည်း ပင်ပန်းလှချေပြီ။


အမျိုးသမီးနျိုမှာ ဆွံ့အသွားခဲ့ရသည်။ သူမ တကယ် လုပ်ချင်နေသော်လည်း ဆက်မလုပ်ရဲတော့ပေ။


"အမေ... ကျွန်မ နားလည်ပါပြီ။"


မူလက သူမသည် သမီးများကို အလုပ်ရုံထဲ ထည့်ပေးပြီးပါက မိခင်ဖြစ်သူဘက်မှ တူ၊ တူမများကိုပါ အလုပ်ရုံထဲ ထပ်သွင်းပေးရန် စိတ်ကူးထားခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် သူမ၏ မိခင်နှင့် ယောက်မဖြစ်သူတို့ကို သူမ ကြိုတင်အသိပေးထားပြီး ဖြစ်သော်လည်း၊ ထိုမကောင်းဆိုးဝါးမက မွေးသမိခင်ကိုပင် စော်ကားကာ အတိတ်ဟောင်းများကိုပါ တူးဆွပြီး ခြိမ်းခြောက်သွားလိမ့်မည်ဟု သူမ ထင်မထားခဲ့မိပေ။


အကယ်၍ သူမအနေဖြင့် မိခင်ဖြစ်သူ၏ အိမ်မှ ဘယ်သူ့ကိုမှ အလုပ်မသွင်းပေးနိုင်ပါက အလွန် မျက်နှာပျက်စရာ ဖြစ်သွားနိုင်သည်။ ဘယ်လောက်တောင် ဒေါသထွက်ဖို့ ကောင်းလိုက်သလဲ။


ရှစ်မိသားစု၏ ဒုတိယသမီးနှင့် တတိယသမီးတို့သည်လည်း ရှစ်ချင်းလျို့ကို မကျေနပ်ကြသော်လည်း ဘာမှတော့ ထုတ်မပြောရဲကြပေ။ ယခုအခါ သိုးမွေးအလုပ်ရုံတွင် အလုပ်ရခြင်းက ရွာသူအနည်းငယ်အတွက် ကြီးစွာ ကြွားဝါနိုင်သော ကိစ္စရပ်တစ်ခု ဖြစ်နေပေသည်။ ကံဆိုးချင်တော့ စိတ်ထားသေးသိမ်သည့် သူတို့၏ အစ်မဖြစ်သူက သူတို့ကို အလုပ်ရုံထဲ လုံးဝ မခေါ်သွင်းချင်ပေ။


အရင်တုန်းကဆိုလျှင် ရွာထဲရှိ သူတို့နှင့် သက်တူရွယ်တူများရှေ့တွင် သူတို့က ခေါင်းမော့ရင်ကော့ကာ နေနိုင်ခဲ့ကြသည်။ အခုတော့ အရှက်ခွဲခံလိုက်ရသောကြောင့် အလွန် စိတ်တိုနေကြလေသည်။


သူတို့ နောင်တလည်း အနည်းငယ် ရနေကြသည်။ ဟိုးအရင်တုန်းကသာ သူတို့၏ အစ်မကြီးအပေါ်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပါလျှင်၊ ယခုဆိုလျှင် သူတို့လည်း ဂုဏ်ကျက်သရေရှိစွာ နေထိုင်နိုင်လောက်ပြီ ဖြစ်သည်။

***