အခန်း(၂၄၂) - အရင်ဆုံး စလှုပ်ရှားခြင်း
ရှစ်မိသားစု၏ တတိယသားသည် စီရင်စုမြို့သို့ ရောက်သည်နှင့်တစ်ပြိုင်နက် လောင်းကစားရုံသို့သွားကာ ရှစ်မိသားစု၏ စတုတ္ထသားကို သွားရှာခဲ့သည်။
ရှစ်မိသားစု၏ စတုတ္ထသား လောင်းကစားစွဲလမ်းနေကတည်းက နောင်တစ်ချိန်တွင် ဒုက္ခရောက်တော့မည်ကို ရှစ်မိသားစု၏ တတိယသားက ကြိုမြင်ခဲ့သည်။ သူက အကြိမ်များစွာ ဖျောင်းဖျခဲ့သော်လည်း ထိုမျိုးမစစ်လေးက သူ့စကားကို နားမထောင်ခဲ့ပေ။ ထို့ကြောင့် သူက ညီဖြစ်သူကို လူသူကင်းမဲ့သည့် လမ်းကြားလေးထဲသို့ ဆွဲခေါ်လာခဲ့သည်။
ရှစ်မိသားစု၏ တတိယသားက စတုတ္ထသားအား ဆေးပေးပြီး ပြောလိုက်သည်။
"သောက်လိုက်။"
စတုတ္ထသားသည် စောစောက လောင်းကစားလုပ်ရင်း အချိန်ကောင်းရနေခဲ့သဖြင့် စိတ်မရှည်စွာဖြင့် မေးလိုက်သည်။
"ဒါက ဘာလဲ။"
တတိယသားက ရှည်ရှည်ဝေးဝေး မရှင်းပြချင်တော့ဘဲ အကျိုးအမြတ်ကိုသာ တည့်ပြောချလိုက်သည်။
"ဝူမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို မင်း လိုချင်သေးလား။"
ထိုအခါမှ စတုတ္ထသားသည် သူ၏အမေ မြို့သို့လာစဉ်က ပြောခဲ့သည့်စကားများကို ပြန်လည်အမှတ်ရသွားခဲ့သည်။ ထို့ကြောင့် သူက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
"တကယ် အဆိပ်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။"
တတိယသားက စုတ်သပ်လိုက်သည်။
"တကယ် အဆိပ် မဟုတ်ဘူး၊ သောက်စမ်းပါကွာ။ ဝူမိသားစုကို ဆွဲချပြီးတာနဲ့ မင်းကို အဆိပ်ဖြေဆေး ပေးမယ်။ ပြီးရင် မင်းမိန်းမကိုခေါ်၊ ဝူမိသားစုရဲ့ ပိုင်ဆိုင်မှုတွေယူပြီး ရွာကိုသာ ပြန်သွားလိုက်တော့။"
စတုတ္ထသားက တုံ့ဆိုင်းနေဆဲပင် ဖြစ်သည်။
"သောက်လိုက်ပြီးမှ ပြဿနာတစ်ခုခု ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။"
တတိယသားက စိတ်မရှည်တော့ပေ။
"မင်း မသောက်ချင်လည်း ရတယ်။ အေး... နောက်ကျရင်တော့ ဝူမိသားစုက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို မင်းကို ခွဲဝေပေးမှာ မဟုတ်ဘူး။ လောင်းကစားလုပ်လို့ ပိုက်ဆံကုန်သွားရင် လမ်းဘေးမှာသာ သွားတောင်းစားလိုက်တော့။"
ထိုစကားကို ကြားလိုက်ရချိန်တွင် စတုတ္ထသားက အံကြိတ်ကာ ပြောလိုက်သည်။
"ကောင်းပြီ... သောက်မယ်။"
သူသည် မကြာသေးမီကမှ ပျော်ရွှင်စရာကောင်းသည့် ဘဝတွင် နေထိုင်ခဲ့ရသူဖြစ်ရာ ငွေမရှိသည့်ဘဝတွင် ထပ်မနေချင်တော့ပေ။ ထို့ကြောင့် သူက ဆေးကိုယူကာ သောက်ချလိုက်လေသည်။ သူ ဆေးသောက်လိုက်တာကို မြင်တွေ့မှသာ တတိယသားလည်း စိတ်အေးသွားခဲ့သည်။
ထို့နောက် သူက လေသံကိုလျှော့ကာ ပြောလိုက်သည်။
"အခု ဝူမိသားစုအိမ်ကို ပြန်တော့။ မနက်ဖြန်ကျရင် ငါတို့အမေက ငါတို့ကိုခေါ်ပြီး လာလည်တဲ့အခါ ရုတ်ရုတ်သဲသဲပွဲဖြစ်အောင် လုပ်လိမ့်မယ်။"
လောင်းကစားရုံသို့ ပြန်သွားချင်နေသည့် စတုတ္ထသားက ခေါင်းငြိမ့်ပြလိုက်သည်။
"သိပြီ။"
တတိယသားသည် စိုးရိမ်စိတ်ရှိနေသေးသဖြင့် ဝူမိသားစု၏အိမ်ရှိရာလမ်းအထိ လိုက်ပို့ပေးခဲ့သည်။ သူ အိမ်ထဲသို့ ဝင်သွားသည်ကို မြင်ပြီးမှသာ သူလည်း အိမ်ပြန်လာခဲ့လေသည်။
နောက်တစ်နေ့တွင် ရှစ်ချင်းလျို့က ခဏလောက် တွေးတောပြီးနောက် ရှောင်ပိုင်လီကိုခေါ်ကာ ရှစ်မိသားစု၏ အိမ်သို့ ထွက်လာခဲ့လေသည်။
သူမသည် ဝူမိသားစုအိမ်သို့သွား၍ ကိုယ်တိုင် ပြဿနာရှာရန် စီစဉ်ခဲ့ပြီး ယောက်မဖြစ်သူကိုလည်း အပြင်ကမ္ဘာနှင့် ပိုမိုထိတွေ့စေချင်ခဲ့သည်။ ထို့အပြင် သူမက မော့ချင်းလင်နှင့် ပူးပေါင်းထားသည်ဖြစ်ရာ ရှစ်မိသားစုဘက်မှ အစီအစဉ် ပြောင်းသွားမည်ကို စိုးရိမ်နေခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် သူမ ကိုယ်တိုင်လိုက်သွားပြီး သူတို့ကို အစီအစဉ်အတိုင်း ရှိနေစေရန် လုပ်ဆောင်ရမည် ဖြစ်သည်။
ရှစ်ချင်းလျို့ပါ လိုက်မည့်အကြောင်းကို ရှစ်မိသားစု ကြားသိရသောအခါ သူတို့က လှိုက်လှဲစွာ ကြိုဆိုခဲ့ကြလေသည်။ သူမပါ လိုက်လာပါက ပို၍ အဆင်ပြေချောမွေ့နိုင်မည် မဟုတ်ပါလား။
ထို့ကြောင့် ရှစ်မိသားစုက မြင်းရထားအချို့ကို ပြင်ဆင်ကာ မြင်းရထားနှစ်စီးဖြင့် စီရင်စုမြို့သို့ ထွက်ခွာလာခဲ့ကြသည်။
ရှစ်သခင်မကြီးနှင့် အခြားလူများသည် ဝူမိသားစုထံမှ အမြတ်ထုတ်ရန်အတွက် ဝူမိသားစုအိမ်သို့ မကြာခဏ သွားရောက်ခဲ့ဖူးသည်။ ထို့ကြောင့် အိမ်တော်ထိန်းနှင့် ကျန်အစေခံများသည် သူတို့နှင့် အသားကျနေပြီ ဖြစ်သည်။
မူလကတော့ သူတို့က အိမ်ထဲသို့ ပေးမဝင်ခဲ့ပေ။ ထိုအခါ ရှစ်သခင်မကြီးက သူမ၏ ချွေးမများကိုခေါ်ကာ တံခါးမကြီးရှေ့တွင် ထိုင်ငိုခိုင်းပြီး ဝူမိသားစု အရှက်ကွဲအောင် လုပ်ခိုင်းခဲ့သည်။ ထိုအခါမှသာ ဝူသခင်ကြီးက သူတို့ကို အိမ်ထဲပေးဝင်ရန် ညွှန်ကြားလိုက်သဖြင့် ဝင်ခွင့်ရခဲ့လေသည်။ အပြင်လူများရှေ့တွင် မျက်စိဆံပင်မွေးစူးစရာ မဖြစ်လျှင် ပြီးရောဆိုသည့် သဘောပင် ဖြစ်သည်။
ထို့ကြောင့် သူတို့သည် ဝူမိသားစု၏ အိမ်ထဲသို့ အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ခဲ့ကြပြီး စတုတ္ထသားရှိနေသည့် အဆောင်သို့ သွားခဲ့ကြလေသည်။
စတုတ္ထသားသည် အိပ်ရာထဲတွင် အားနည်းစွာ လဲလျောင်းနေပြီး ဤကမ္ဘာလောကကြီးထဲမှ အချိန်မရွေး ထွက်ခွာသွားတော့မည့်ပုံ ပေါက်နေသည်။ ရှစ်သခင်မကြီးသည် အိမ်ထဲသို့ ဝင်လိုက်သည်နှင့် သားဖြစ်သူ၏ အခြေအနေကိုမြင်ကာ ရင်နာသွားခဲ့ရသည်။
သူမက 'တကယ် အဆင်ပြေပါ့မလား' ဟူသော အကြည့်ဖြင့် ရှစ်ချင်းလျို့ကို လှမ်းကြည့်လိုက်သည်။ ရှစ်ချင်းလျို့ကလည်း သူမကို နှစ်သိမ့်သည့်အကြည့် ပြန်ပေးလိုက်လေသည်။ ထို့နောက် သူမက စတုတ္ထဦးလေးဖြစ်သူကို အံ့သြသွားသည့်ဟန်ဖြင့် ကြည့်လိုက်သည်။
"စတုတ္ထဦးလေး... ဘာဖြစ်တာလဲ။"
စတုတ္ထသားမှာ မျက်လုံးသာ လန်ပြလိုက်ချင်တော့သည်။ ယခုလို မေးနေမည့်အစား ဤကောင်မလေးက အခြေအနေအရပ်ရပ်ကို ပိုပြီး ကောင်းကောင်းသိနေသည် မဟုတ်ပါလား။
ဆေးသောက်ပြီးနောက် မနေ့ညက သူ တော်တော်လေး ခံစားခဲ့ရသည်။ သူသည် ဝမ်းလျှော၊ အော့အန်ကာ ဗိုက်များနာပြီး မူးဝေနေခဲ့သည်။
"ငါ... ငါ အဆိပ်မိတာ ထင်တယ်။"
သူက အသက်လုရှူနေရသည့်ကြားမှ ပြတ်တောင်းပြတ်တောင်း ပြောလိုက်သည်။
ရှစ်သခင်မကြီးက သားဖြစ်သူကို ပြေးဖက်ကာ အော်ဟစ်ငိုယိုလေတော့သည်။
"အမလေး... ဝူမိသားစုက ဘယ်လိုတောင် အကြင်နာမဲ့တဲ့လုပ်ရပ်ကို လုပ်ရက်တာလဲ။"
ထို့နောက် သူမက စတင်၍ ဆဲရေးတိုင်းထွာတော့သည်။ ထိုအဆဲစကားများကို ကြားလိုက်ရသည့် အနီးအနားမှ အစေခံများပင် သူတို့၏နားများ ညစ်ညမ်းသွားသလို ခံစားလိုက်ကြရသည်။
ရှစ်သခင်မကြီးသည် သရုပ်ဆောင်ရသည့်အထဲတွင် အလွန်နစ်မြောသွားကာ အပြင်ပြန်မထွက်နိုင်တော့သည်ကို ရှစ်ချင်းလျို့ တွေ့လိုက်ရလေသည်။ ထို့ကြောင့် သူမက ကျန်သည့်လူများကို လှမ်းပြောလိုက်သည်။
"သမားတော်ကို မြန်မြန်သွားပင့်ပြီး လာကြည့်ခိုင်းလိုက်ကြဦးလေ။"
တတိယသားက ဒုတိယသားအား သမားတော်သွားပင့်ရန် အကြည့်ဖြင့် အချက်ပြလိုက်လေသည်။
သမားတော်ကို ပင့်လာပြီးနောက်တွင် သမားတော်က သွေးခုန်နှုန်းများကို စမ်းသပ်ပေးခဲ့ပြီး အဆိပ်မိထားကြောင်း အတည်ပြုပေးခဲ့ကာ ကုသနိုင်မည့်နည်းလမ်း မရှိတော့ကြောင်း ပြောဆိုခဲ့လေသည်။ ထိုအခါ ရှစ်သခင်မကြီးသည် ပြဿနာရှာရန်အတွက် ဝူမိသားစု၏ ပင်မစံအိမ်ဆီသို့ ချက်ချင်း ထွက်သွားခဲ့သည်။
ထိုအချိန် ဝူမိသားစု၏ စာဖတ်ခန်းထဲတွင် ဝူမိသားစုခေါင်းဆောင်ဖြစ်သူက အကြီးဆုံးသခင်လေးဝူကို မေးမြန်းနေသည်။
"မင်းရဲ့ ထောင်ချောက်က ဘယ်တော့ အကောင်အထည်ပေါ်မှာလဲ။"
အကြီးဆုံးသခင်လေးဝူက အပြုံးဖြင့် ပြန်ဖြေသည်။
"နောက်ထပ် နှစ်ရက်လောက်ဆိုရင် လုပ်လို့ရပါပြီ။ ရှစ်မိသားစုရဲ့ စတုတ္ထသားက လောင်းကစားအကြွေး ရာချီတင်နေပါပြီ။ အကြွေး (၁၀၀၀) လောက် တင်သွားတဲ့အခါ ကျုပ်တို့ သူ့ကို ဒုက္ခပေးလို့ရပါပြီ။"
သူက နှုတ်ခမ်းတစ်ဖက်ကို ကော့ညွတ်အောင်ပြုံးကာ ဆက်ပြောသည်။
"အချိန်တန်လို့ သူ အကြွေးမဆပ်နိုင်ဘူးဆိုရင် လောင်းကစားရုံက သတင်းဖြန့်လိမ့်မယ်။ ပြီးရင် ရွာကိုဆင်းပြီး ရှစ်သခင်မကြီးနဲ့ ကျန်တဲ့လူတွေဆီကနေ အကြွေးသွားတောင်းလိမ့်မယ်။ တကယ်လို့ ရှစ်မိသားစုကသာ မဆပ်နိုင်ဘူးဆိုရင် ရှစ်ချင်းလျို့တို့ဆီက သွားတောင်းကြလိမ့်မယ်လေ။"
ထို့နောက် သူက မျက်လုံးကိုမှေးကျဉ်းကာ ယုတ်မာစွာဖြင့် ပြောလိုက်သည်။
"သူတို့လင်မယားကပါ မပေးဘူးဆိုရင်တော့ အကြွေးရှင်က လက်သီးသုံးပြီး ဖြေရှင်းကြလိမ့်မယ်။ ရှောင်ဟန်ကျန့် တော်ဝင်စာမေးပွဲ ဖြေမယ့်အချိန်မှာ ကျွန်တော်တို့က မတော်တဆဖြစ်သလိုလိုနဲ့ သူ့ရဲ့အစီအစဉ်ကို ဝင်ဖျက်လို့ရတယ်။ သူတို့ကံဆိုးသွားတာကို ရှစ်မိသားစုရဲ့ စတုတ္ထသားအပေါ်ပဲ အပြစ်ပုံချရမှာပေါ့။"
သူတို့သည် ရှောင်ဟန်ကျန့်ကို အလွန်သတိထားနေကြပြီး အထူးသဖြင့် နောက်နှစ်တွင် အထူးစာမေးပွဲရှိကြောင်း ကြားလိုက်ရချိန်၌ ပို၍စိုးရိမ်သွားခဲ့ကြသည်။ ရှောင်ဟန်ကျန့်ထံတွင် သင်ကြားပြသပေးမည့် ဆရာရှိနေသောကြောင့် သူက စာမေးပွဲကို သေချာပေါက် ဝင်ဖြေလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သူတို့ အနည်းငယ် ပျာယာခတ်နေကြသည်။
သူတို့သည် မြို့တော်မှလူများ၏ အကြံအစည်များနှင့် ပူးပေါင်းကာ သူတို့၏ ဉာဏ်နီဉာဏ်နက်များကို တီထွင်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့သာ ရှောင်ဟန်ကျန့်၏ တော်ဝင်စာမေးပွဲဖြေဆိုမည့် လမ်းကြောင်းကို ဖြတ်တောက်နိုင်ပါက သူသည် အသုံးမဝင်သည့်လူတစ်ယောက် ဖြစ်သွားပေလိမ့်မည်။ အနာဂတ်တွင် ရှောင်ဟန်ကျန့် လက်စားမချေနိုင်အောင် တားဆီးနိုင်ရုံသာမက မြို့တော်၌လည်း သူတို့၏ဂုဏ်သိက္ခာကို မြှင့်တင်နိုင်မည် ဖြစ်သည်။
သခင်ဝူက ကျေနပ်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
"ငါတို့သာ ဒီကိစ္စကို စောစောပြီးအောင် လုပ်နိုင်မယ်ဆိုရင် မြို့တော်ကိုသွားတဲ့အခါ ဘာမှစိုးရိမ်စရာ မရှိတော့ဘူး။"
သို့သော် ရှစ်ချင်းလျို့နှင့် သူမ၏ခင်ပွန်းတို့က အရင်ဦးအောင် စတင်လှုပ်ရှားသွားပြီဆိုသည်ကိုတော့ သူတို့ထဲမှ ဘယ်သူမှ မသိခဲ့ကြပေ။
ထိုစဉ် ရုတ်တရက်ပင် ဘေးဘက်အဆောင်ဆီမှ ရုတ်ရုတ်သဲသဲ အသံများ ထွက်ပေါ်လာခဲ့လေသည်။ သခင်ဝူက လူတစ်ယောက်လွှတ်ကာ သွားရောက်ကြည့်ရှုခိုင်းလိုက်သည်။
ရှစ်သခင်မကြီးက သူမ၏မိသားစုကိုခေါ်ကာ ပြဿနာလာရှာခြင်းဖြစ်ကြောင်းနှင့် ဝူမိသားစုမှ စတုတ္ထသားကို အဆိပ်ခတ်လိုက်သည်ဟု စွပ်စွဲနေကြောင်း စသည့်တင်ပြချက်များကို ကြားလိုက်ရသောအခါ သခင်ဝူမှာ ခေါင်းကိုက်သွားခဲ့ရလေသည်။
သူ၏မျက်နှာအမူအရာသည် အလွန် မည်းမှောင်သွားခဲ့သည်။
"အဲဒီရှစ်မိသားစုကတော့ သေဖို့ပဲ ရှိတော့တယ်။"
ယခုကိစ္စများ ရှင်းလင်းပြီးသွားပါက ထိုလူများအားလုံး တစ်ယောက်ချင်းစီ မတော်တဆမှုများနှင့် ကြုံတွေ့ရပေလိမ့်မည်။ သူက ထိုလူများကို တကယ်ပင် စိတ်ကုန်နေပြီ ဖြစ်သည်။
အကြီးဆုံးသခင်လေးဝူကတော့ စိတ်မတိုပေ။ သူ၏ အကြံအစည်များကြောင့် ထိုလူများ မကြာခင် သေရတော့မည်ကို သူ သိနေသောကြောင့် ဖြစ်သည်။
"အဖေ... အပြင်ထွက်ပြီး သွားကြည့်ရအောင်။ သူတို့ကို အပြင်ထွက်ပြီး ရုတ်ရုတ်သဲသဲလုပ်ခွင့်၊ အရှက်ခွဲခွင့် ပေးထားလို့ မဖြစ်ဘူး။"
သူတို့၏ စီးပွားရေးလုပ်ငန်းများကို မြို့တော်သို့ ရွှေ့ပြောင်းထားပြီးဖြစ်ကာ အိမ်ကိုလည်း ထိုနေရာသို့ ချက်ချင်းရွှေ့ပြောင်းရန် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ မော့ချင်းလင်၏ စောင့်ကြည့်မှုအောက်တွင် သူတို့ကို အရင်စတင် ထိပါးလာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ နောက်တစ်ချက်မှာ ရှစ်မိသားစုက သူတို့၏ ဂုဏ်သတင်းကို စီရင်စုမြို့၌ ဖျက်ဆီးထားခဲ့သောကြောင့်လည်း ဖြစ်သည်။
သခင်ဝူက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
"ကောင်းပြီ၊ သွားကြည့်ကြတာပေါ့။"
ဒါက နောက်ဆုံးအကြိမ် ဖြစ်သည်။ ထို့နောက် သူတို့သားအဖနှစ်ယောက်သည် စာဖတ်ခန်းထဲမှထွက်ကာ ဘေးဘက်အဆောင်သို့ သွားခဲ့ကြသည်။
သူတို့ အဆောင်ခြံဝန်းထဲသို့ ဝင်လိုက်သည်နှင့် ရှစ်သခင်မကြီးသည် သူမ၏ ချွေးမများနှင့်အတူ ဝူအိမ်တော်မှ သခင်မကြီးနှင့် ကျန်အမျိုးသမီးများကို မြေပေါ်တွန်းလှဲကာ ရိုက်နှက်နေကြသည်ကို တွေ့လိုက်ရလေသည်။ ထိုမြင်ကွင်းကြောင့် သခင်ဝူ၏ အမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
"ဒီမြေခွေးမတွေ၊ ထွက်သွားကြစမ်း။"
သခင်မကြီးဝူသည် အမြဲတမ်း အလိုလိုက်ခံခဲ့ရသူဖြစ်ကာ ယခုမှ ပထမဆုံးအကြိမ် အရိုက်ခံရခြင်းဖြစ်သောကြောင့် ရူးမတတ် ဖြစ်နေသည်။ သို့သော် ရှစ်သခင်မကြီးက ပြန်အော်လိုက်လေသည်။
"စောက်အဘွားကြီး၊ နင်တို့ကများ ငါ့သားကို အန္တရာယ်ပေးရဲတယ်ပေါ့လေ။ ဒီတိုင်းတော့ အလွတ်မပေးနိုင်ဘူး။"
"အား..."
သခင်မကြီးဝူမှာ ထပ်ခါတလဲလဲ အော်ဟစ်နေရသည်။ သူမသည် အမျိုးသမီးနျိုနှင့် ကျန်လူများ၏ ရိုက်နှက်ခြင်းကိုလည်း ခံနေရသေးသည်။ သူတို့က သခင်မကြီးဝူကို ရိုက်နှက်ချင်နေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း အကြောင်းပြချက် ရှာမရဖြစ်နေခဲ့ရာ ယခုမှ အခွင့်အခါကောင်း သွားလေသည်။
ရှစ်ချင်းလျို့သည် ရှစ်မိသားစု၏ အကြီးဆုံးသားနှင့် ကျန်လူများ ဝင်ကူရန် ပြင်နေသည့် အစေခံများကို တားဆီးထားခဲ့သည်။ အရိုက်ခံနေရသည့် ထိုအမျိုးသမီးနှစ်ယောက်ကို သူမ လုံးဝ မသနားမိပေ။
ရှန်းယွမ်နှင့် သူမ၏ ယောက်မဖြစ်သူတို့ကို မြေမြှုပ်သင်္ဂြိုဟ်ရန် အသေကောင်နှင့် လက်ထပ်ခိုင်းစေခဲ့သူများမှာ ဝူမိသားစုမှ သခင်မကြီးနှင့် သခင်မဝူဆိုသည့် ထိုအမျိုးသမီးနှစ်ယောက်ပင် ဖြစ်ကြောင်း သူမ၏ ခင်ပွန်းက စုံစမ်းတွေ့ရှိထားခဲ့သည်။
"အစေခံများနှင့် လက်ထပ်၍ မရသလို၊ အတူတူ မြေမြှုပ်သင်္ဂြိုဟ်၍လည်း မရဘဲ၊ သန့်စင်သည့် မိန်းကလေးကိုသာ ရှာဖွေရမည်" ဟု တာအိုဘုန်းတော်ကြီးကသာ မဟောပြောခဲ့ပါက ဝူမိသားစုမှ လူများသည် သခင်လေးဝူနှင့်အတူ မြှုပ်နှံပေးရန် အစေခံတချို့ကို ကိုယ်လုပ်တော်အဖြစ် အသက်ရှင်လျက် ထည့်မြှုပ်လိုက်ကြလောက်ပြီ ဖြစ်သည်။
ထို့ကြောင့်ပင် ရှစ်ချင်းလျို့က တခြားလူများကိုပါ ရိုက်နှက်ရန် ရှစ်သခင်မကြီးနှင့် ကျန်လူများကို သွေးထိုးမြှောက်ပင့်ပေးခဲ့ခြင်း ဖြစ်လေသည်။
***