Ch 244
Viewers 33k

အခန်း(၂၄၄) - ဘယ်သူ့ကို စွပ်စွဲဖို့ ကြိုးစားနေတာလဲ


အကြီးဆုံးသခင်လေးဝူသည် ရှစ်ချင်းလျို့၏ တားမြစ်ခြင်းကို ခံလိုက်ရသည်။ သူက ရှစ်ချင်းလျို့ကို အရှင်လတ်လတ် ဆွဲဖြဲပစ်ချင်စိတ် ပေါက်နေသည်။


သူက မည်းမှောင်သည့် မျက်နှာထားဖြင့် ဆူပူကြိမ်းမောင်းလိုက်သည်။


"မိန်းမတစ်ယောက်ကို လက်ပါမိအောင် ငါ့ကို လာမဆွနဲ့နော်။"


ရှစ်ချင်းလျို့က သူ့ကို မျက်လုံးပြူးပြလိုက်သည်။


"ဒါဆိုလည်း လာရိုက်လှည့်လေ။"


သူမအနေဖြင့် ခွန်အားနည်းပါးသည့် အကြီးဆုံးသခင်လေးဝူကို အချက်အနည်းငယ် ထိုးနှက်ရုံဖြင့် လဲကျသွားအောင် လုပ်နိုင်စွမ်းရှိသည်။


အကြီးဆုံးသခင်လေးဝူမှာ ရူးချင်နေပြီ ဖြစ်သည်။


"ငါ မင်းကို ပြောပြီးပြီလေ။ အဆိပ်ခတ်တာ ငါတို့မဟုတ်ဘူးလို့။ ငါ့အဖေက မိသားစုခေါင်းဆောင်ပဲ။ တစ်ခုခု ပြောစရာရှိရင် သူ့ကိုသာ သွားရှာလိုက်တော့။"


ရှစ်ချင်းလျို့က ခေါင်းခါပြလိုက်သည်။


"မသွားဘူး၊ ရှင့်အဖေက စစ်ဆေးဖို့ တရားရုံးစာရေးတွေနဲ့ ပါသွားပြီလေ။ သူ့နောက်လိုက်လို့ ဘယ်လိုလုပ် ဖြေဆေးရမှာလဲ။ ရှင့်နောက်ပဲ လိုက်မှာ။"


သူမက နားလည်ပေးသည့်ဟန်ဖြင့် လက်ခါယမ်းပြလိုက်သည်။


"ရပါတယ်၊ ရှင် လုပ်စရာရှိတာသာ လုပ်ပါ။ ကျွန်မ အနောက်ကနေ လိုက်ခဲ့မယ်။"


အကြီးဆုံးသခင်လေးဝူ ဆွံ့အသွားခဲ့ရသည်။ 'ဒါဆိုလည်း ကျေးဇူးတင်ပါတယ်ပေါ့လေ။ မင်း ဒီထက်ပိုပြီး လူသားဆန်လို့ မရတော့ဘူးလား။'


သို့ပေမယ့် ရှစ်ချင်းလျို့နှင့် အဓိပ္ပာယ်မရှိသည်များကို ရပ်ပြောနေရန် သူ့တွင် အချိန်မရှိပေ။ သူက စွန့်ပစ်ခြံဝန်းဆီသို့ ခပ်သွက်သွက် ထွက်လာခဲ့လိုက်သည်။


အကြီးဆုံးသခင်လေးဝူ ထွက်သွားပြီးသည်နှင့် ရှစ်မိသားစု အကြီးဆုံးသား၏ အငယ်ဆုံးသားဖြစ်သူ ရှစ်လျိုလန်က တိုင်လုံးအနောက်မှ ပေါ်ထွက်လာခဲ့သည်။


သူက ရှစ်ချင်းလျို့ရှေ့သို့ မြန်မြန်သွားကာ အသံတိုးတိုးဖြင့် ကပ်ပြောလိုက်သည်။


"အစ်မ... အဲဒီတရားရုံးစာရေးတွေ ခြံထဲမှာ ဘာမှ ရှာမတွေ့ခဲ့ကြဘူး။"


ဒီကိုလာစဉ်က ရှစ်သခင်မကြီးနှင့် ကျန်လူများ ရုတ်ရုတ်သဲသဲဖြစ်အောင် ဖန်တီးနေချိန်အတွင်း တရားရုံးစာရေးများကို စောင့်ကြည့်ထားရန် ရှစ်လျိုလန်အား သူမ မှာကြားထားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ တစ်ခုခုထူးခြားပါက သူမထံ အမြန်လာရောက် အကြောင်းကြားရန် ဖြစ်သည်။


ထို့နောက် သူမက ရှစ်လျိုလန်ကို ဆက်လက် ညွှန်ကြားလိုက်သည်။


"စံအိမ်အပြင်ကိုထွက်ပြီး လမ်းနဲ့မျက်စောင်းထိုးမှာရှိတဲ့ လက်ဖက်ရည်ဆိုင်မှာ ငါ့ယောက်ျားကို သွားရှာပေး။ ပြီးရင် ငါ အကြီးဆုံးသခင်လေးဝူ ရိုက်တာ ခံလိုက်ရတယ်လို့ သွားပြောလိုက်။"


ထို့နောက် သူမက ပိုက်ဆံအိတ်ထဲမှ ကြေးဒင်္ဂါးပြား တစ်ဆုပ်စာကိုယူ၍ ရှစ်လျိုလန်အား ပေးလိုက်သည်။ နွားကို အလုပ်ခိုင်းချင်လျှင် အစာကျွေးရမည် မဟုတ်ပါလား။


"ကောင်းပါပြီ၊ အခုပဲ သွားလိုက်ပါ့မယ်။"


ရှစ်လျိုလန်က ကြေးဒင်္ဂါးပြားများကိုယူကာ အင်္ကျီရင်ဘတ်ထဲ ထိုးထည့်ပြီး ပြေးထွက်သွားသည်။ ထို့နောက် ရှစ်ချင်းလျို့က ရှောင်ပိုင်လီကိုခေါ်ကာ အကြီးဆုံးသခင်လေးဝူ နောက်သို့ လိုက်သွားခဲ့သည်။


အကြီးဆုံးသခင်လေးဝူ စွန့်ပစ်ခြံဝန်းထဲသို့ ရောက်သောအခါ တရားရုံးစာရေးတချို့ တစ်စုံတစ်ခုကို ရှာဖွေနေကြသည်ကို တွေ့လိုက်ရသဖြင့် ရင်တုန်သွားခဲ့သည်။


သူက မည်းမှောင်သည့်မျက်နှာထားဖြင့် လျှောက်သွားလိုက်သည်။


"စာရေးကြီးတို့ ဒီမှာ ဘာလုပ်နေကြတာလဲ။"


စီရင်စုနယ် အုပ်ချုပ်ရေးမှူးကြီး၏ အရှိန်အဝါကြောင့် သူက တရားရုံးမှ စာရေးများကို အမြဲတမ်း အထက်စီးမှ ပြောဆိုဆက်ဆံတတ်သည်။


တရားရုံးစာရေးတစ်ယောက်က ပြန်ဖြေသည်။


"စာသင်သားရှစ်ကို နှုတ်ပိတ်ဖို့ လုပ်ကြံခဲ့တဲ့ လူသတ်သမားက အကြံမအောင်မြင်ဘဲ ဒီအဆောင်ခြံဝန်းထဲ ပြေးဝင်သွားတယ်လို့ ကြားရလို့ လာရှာတာပါ။"


'ဇာတ်လမ်းကို ဒီထက်ပိုပြီး လက်တွေ့ဆန်အောင် ဖန်တီးလို့ မရတော့ဘူးလား' ဟု အကြီးဆုံးသခင်လေးဝူက တွေးလိုက်မိသည်။


သူတို့၏ အဆောင်ခြံဝန်းတစ်ခုခု မူမမှန်သည်ကို မော့ချင်းလင် ရိပ်မိသွားပြီဖြစ်ကြောင်း ယခုမှ သူ သဘောပေါက်လိုက်လေသည်။


သို့ပေမယ့် ထိုလူများ၏ အမူအရာကို ကြည့်ခြင်းအားဖြင့် ဤနေရာမှ လျှို့ဝှက်စက်ယန္တရားများကို သူတို့ ရှာတွေ့ပုံမရသေးပေ။ ဤလူများ၏ အရည်အချင်းလောက်ဖြင့် သူတို့ အထူးငှားရမ်းထားသော အလုပ်သမားများ တပ်ဆင်ထားသည့် လျှို့ဝှက်ယန္တရားများကို ရှာတွေ့နိုင်မည်ဟု သူ မထင်ထားပေ။


သူက ခဏလောက် စဉ်းစားလိုက်ပြီးနောက် "အားလုံးပဲ မြန်မြန် ရှာကြပါ။ ပြီးရင် တခြားအဆောင်ခြံဝန်းတွေကို သွားရှာကြတာပေါ့။" ဟု လောဆော်လိုက်သည်။


ဤစစ်ဆေးမှု ပြီးဆုံးသွားပါက နောင်တွင် မော့ချင်းလင် ထပ်မံသံသယဝင်တော့မည် မဟုတ်ပေ။ ထို့အပြင် နောက်ရက်အနည်းငယ် ကြာပြီးပါက သူတို့သည်လည်း မြို့တော်သို့ ပြောင်းရွှေ့ကြတော့မည် ဖြစ်သည်။ သူတို့၏ အိမ်တော်ကို လာရောက်ရှာဖွေခွင့်ရအောင် အခွင့်အရေး ပေးတော့မည် မဟုတ်ပေ။


သူက ရှစ်မိသားစု၏ စတုတ္ထသားနှင့်တကွ ဘိုးဘေး (၁၈) ဆက်လုံးကို ရင်ထဲမှနေ၍ ကျိန်ဆဲလိုက်သည်။


'အဲဒီ မျိုးမစစ်က တကယ့်ကို သစ္စာဖောက်ပဲ။'


သူက ရှစ်ချင်းလျို့ လင်မယား၊ မော့ချင်းလင်တို့နှင့် ပေါင်းကာ ပြဿနာလာရှာခြင်း ဖြစ်သည်။


'သောက်ချီးကို အဆိပ်မိတာလား။ ဒါက ဆင်ခြေသက်သက်ပဲ။ အဆိပ်မိတယ်ဆိုတာ သေချာပေါက် ရှောင်ဟန်ကျန့် လုပ်ပေးလိုက်တာပဲ ဖြစ်ရမယ်။'


ဘာပဲဖြစ်ဖြစ် ရှောင်ဟန်ကျန့်က အစွမ်းထက်သည့် ဆေးဆရာ၏ တပည့်မဟုတ်ပါလား။


သို့ပေမယ့် ဒီဆင်ခြေက သိပ်ကောင်းသွားသည်ကိုတော့ သူ ဝန်ခံရမည်။ ဝူမိသားစုအိမ်ထဲတွင် ရှစ်မိသားစု၏ စတုတ္ထသား အဆိပ်မိကြောင်း တိုင်တန်းခံရပါက တရားရုံးက သူတို့၏ စံအိမ်ကို သေချာပေါက် ဝင်စစ်မည်ဖြစ်သည်။ အလွန်ကောင်းမွန်သည့် အစီအစဉ်ပင် ဖြစ်သည်။


တရားရုံးစာရေးများ ဟိုဟိုဒီဒီ လိုက်ရှာနေကြသည်ကို မြင်သောအခါ သူက ဂုဏ်ယူဝင့်ကြွားကာ အထက်စီးဆန်သည့် အမူအရာကို ပြသလိုက်လေသည်။ သို့သော် အကယ်၍ သူတို့သာ ရှာတွေ့သွားခဲ့ပါက သူတို့တစ်မိသားစုလုံး သေရနိုင်သည်။


ထိုအချိန်မှာပင် အကြီးဆုံးသခင်လေးဝူ၏ မျက်လုံးထဲမှ ဂုဏ်ယူဝင့်ကြွားနေသည့် အရိပ်အယောင်ကို ရှစ်ချင်းလျို့ မြင်တွေ့လိုက်ရသည်။ သူမ ယခင်က သံသယဝင်နေခဲ့သည်များကို အတည်ပြုနိုင်လိုက်ပြီဖြစ်သဖြင့် အခြားအစီအစဉ် တစ်ခုကို ပြောင်းလဲအသုံးပြုရန် စီစဉ်လိုက်လေသည်။ သူမက ထောင်ချောက်များ ရှာဖွေရာတွင် မကျွမ်းကျင်သောကြောင့် ခင်ပွန်းဖြစ်သူကိုသာ မှီခိုရမည် ဖြစ်သည်။


ထို့ကြောင့် သူမက ချက်ချင်း ပြေးသွားကာ အကြီးဆုံးသခင်လေးဝူကို ဆွဲထားလိုက်သည်။


"ဘာလို့ ထွက်ပြေးတာလဲ၊ မလုံမလဲဖြစ်နေလို့လား။ လာစမ်း... ကျွန်မအတွက် အဆိပ်ဖြေဆေး သွားယူပေး။"


ထို့နောက် သူမက အကြီးဆုံးသခင်လေးဝူ၏ လက်မောင်းကိုဆွဲကာ အတင်း ဆွဲထုတ်ရန် ပြင်လေသည်။


သူမက ရည်ရွယ်ချက်ရှိရှိဖြင့် အတင်းဆွဲထုတ်ချင်ဟန် ဆောင်နေခြင်း ဖြစ်သည်။ အကြီးဆုံးသခင်လေးဝူက စိတ်ထဲမှနေ၍ ကြိတ်လှောင်လိုက်လေသည်။ ဤလူများသည် တကယ်ပင် မော့ချင်းလင်နှင့် ပေါင်းကာ ဤအဆောင်ခြံဝန်းကို စစ်ဆေးရန် လုပ်နေကြခြင်း ဖြစ်သည်။ ယခု တရားရုံးစာရေးများ၏ စစ်ဆေးမှုကို သူ ဝင်မနှောင့်ယှက်နိုင်စေရန် အမြန်ဆွဲထုတ်နေခြင်း ဖြစ်ရမည်။ ထို့ကြောင့် သူက လုံးဝ ထွက်မသွားခဲ့ပေ။


"နောက်ဆုံးတစ်ခေါက်ပဲ ထပ်ပြောမယ်။ ငါတို့ အဆိပ်မခတ်ခဲ့ဘူး။ ငါ့ကို လာမရှုပ်နဲ့။ မဟုတ်ရင်တော့ သည်းခံနေမှာ မဟုတ်ဘူးနော်။"


ထိုသို့ပြောပြီးနောက် ရှစ်ချင်းလျို့ထံမှ ဆတ်ခနဲ ရုန်းထွက်လိုက်သည်။ ထိုအခါ ရှစ်ချင်းလျို့သည် မြေပေါ်သို့ လဲကျသွားပြီး ပြန်မထလာတော့ပေ။


သူမက ခေါင်းမော့ကာ အကြီးဆုံးသခင်လေးဝူကို စိုက်ကြည့်လိုက်သည်။


"ရှင် ကျွန်မကို ရိုက်တယ်ပေါ့လေ။ ကျွန်မယောက်ျားက ရှင့်ကို သေချာပေါက် သင်ခန်းစာ ပေးလိမ့်မယ်။"


သူမသည် တကယ့်ကို ရှစ်မိသားစုဝင် အစစ်ဖြစ်ကြောင်း အကြီးဆုံးသခင်လေး သဘောပေါက်သွားခဲ့သည်။ သူမကလည်း သူ့ကို အဆက်မပြတ် နှောင့်ယှက်နေတော့သည်။


"မင်းယောက်ျား ဘယ်မှာလဲဆိုတာ ငါမသိဘူး။"


အကြီးဆုံးသခင်လေးဝူ စကားပြောပြီးသည်နှင့် ရှောင်ဟန်ကျန့်၏အသံက အဆောင်တံခါးဝမှ ထွက်ပေါ်လာခဲ့သည်။


"အကြီးဆုံးသခင်လေးဝူ... ခင်ဗျားက တော်တော်လေး အနိုင်ကျင့် ဗိုလ်ကျလွန်းတာပဲ။ ကျုပ်မိန်းမက ခင်ဗျားကို ဘာများ ရန်စမိလို့လဲ။ သူ့ကိုတောင် ရိုက်နှက်ရက်တယ်။"


ရှောင်ဟန်ကျန့် ဝင်လာသည်ကို မြင်သောအခါ ရှစ်ချင်းလျို့က ချက်ချင်းထလိုက်ပြီး နီရဲနေသည့် မျက်လုံးများဖြင့် တိုင်တန်းလေသည်။


"သူ ကျွန်မကို ဆဲဆိုရိုက်နှက်တယ်။ ကျွန်မရဲ့ စတုတ္ထဦးလေးအတွက်လည်း ဖြေဆေးမပေးဘူး။"


ရှောင်ဟန်ကျန့်က ရင်နာသည့်ဟန်ဖြင့် သူမကို ကြည့်လိုက်သည်။ ထို့နောက် သူက မည်းမှောင်နေသည့် မျက်နှာထားဖြင့် ရှေ့သို့ လျှောက်လာသည်။


"အကြီးဆုံးသခင်လေးဝူ... ကျေးဇူးပြုပြီး ကျွန်တော့်ကို ရှင်းပြချက်လေး ပေးပါဦး။"


အကြီးဆုံးသခင်လေးဝူ သက်ပြင်းချလိုက်မိသည်။ 'မင်းတို့တွေ မပြီးကြသေးဘူးလား။ တစ်ယောက်ပြီး တစ်ယောက် လာနေကြတာ၊ တကယ်ကို ကြိုတင် ကြံစည်ထားကြတာပဲ။'


သူကလည်း မျက်နှာပုပ်သိုးသိုးဖြင့် ပြန်ဖြေလိုက်သည်။


"ငါ သူ့ကို ဆဲလည်းမဆဲဘူး၊ ရိုက်လည်း မရိုက်နှက်ခဲ့ဘူး။"


ရှစ်ချင်းလျို့က သူ့ကို စိုက်ကြည့်ကာ အော်ပြောလိုက်သည်။


"ရှင် ကျွန်မကို မရိုက်ရင် ကျွန်မက ဘာလို့ မြေပေါ် လဲကျသွားရမှာလဲ။"


အကြီးဆုံးသခင်လေးဝူမှာ ဆွံ့အသွားခဲ့ရသည်။ 'ငါ ဘယ်သိမှာလဲ။' ရှင်းပြနေရသည်ကိုပင် သူ အလွန် ပင်ပန်းနေပြီ ဖြစ်သည်။


ရှစ်ချင်းလျို့က သူပြန်ဖြေသည်ကိုပင် မစောင့်တော့ပေ။ မော့ချင်းလင် ဝင်လာသည်ကို မြင်လိုက်ရသဖြင့် သူမက ချက်ချင်း အော်ပြောလိုက်သည်။


"တရားသူကြီးမင်းမော့... ကျွန်မအတွက် တရားမျှတမှု ရှာပေးပါ။ ဝူမိသားစုက ကျွန်မရဲ့ စတုတ္ထဦးလေးကို အဆိပ်ခတ်ခဲ့ပြီး သူ့ကိုနှုတ်ပိတ်ဖို့ လူသတ်သမား ငှားခဲ့ပါတယ်။ ကျွန်မလို အမျိုးသမီးကိုလည်း ဆဲဆိုရိုက်နှက်ပါတယ်။ ကျွန်မရဲ့ စတုတ္ထဦးလေးကိုယ်စား သူ့ကို ကျွန်မ တရားစွဲပါမယ်။"


အကြီးဆုံးသခင်လေးဝူ၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။


"ရှစ်ချင်းလျို့... ငါတို့ကို ဒီလို မဟုတ်မမှန် မစွပ်စွဲနဲ့။ ဒီလိုဆက်လုပ်နေရင် ငါက မင်းတို့ကို ပြန်ပြီး တရားစွဲရလိမ့်မယ်။"


ရှစ်ချင်းလျို့က အလေးမထားသည့်ဟန်ဖြင့် ပြန်ပြောသည်။


"လုပ်လိုက်လေ၊ ဘာပဲဖြစ်ဖြစ် ရှင်ကသာ သူများကို အန္တရာယ်ပြုတဲ့လူလို့ ကျွန်မရဲ့ စတုတ္ထဦးလေးက စွပ်စွဲခဲ့တာလေ။ ကျွန်မနဲ့ ဘာမှမဆိုင်ဘူး။"


အကြီးဆုံးသခင်လေးဝူမှာ အသံတိတ်သွားခဲ့ရသည်။ သူသည် အရှက်မရှိသည့် လူများစွာကို တွေ့ဖူးခဲ့သော်လည်း ရှစ်ချင်းလျို့လောက် အရှက်မဲ့သည့်လူကို တစ်ခါမှ မတွေ့ဖူးသေးပေ။


ရှစ်ချင်းလျို့ ကိုယ်တိုင် ဝင်ရှုပ်ကာ အမှန်တရားကို ပြောင်းပြန်လှန်ပစ်လိုက်သည်ကို မော့ချင်းလင် ယခုမှ ပထမဆုံး တွေ့ဖူးခြင်း ဖြစ်သည်။ သူ၏ မျက်လုံးထဲတွင် ရယ်ချင်စိတ်များ သန်းနေပေမယ့်လည်း မျက်နှာကို တည်ထားလိုက်သည်။


"စာသင်သားရှစ်က တရားစွဲမယ်ဆိုတော့လည်း ကျွန်တော်တို့က စုံစမ်းစစ်ဆေးရမှာပဲ။ သူ့ကို လုပ်ကြံတဲ့ လူသတ်သမားက ဒီဘက်ကို ပြေးသွားတယ်လို့ ပြောတယ်။ ခင်ဗျား ဘာပြောစရာ ရှိသေးလဲ။"


အကြီးဆုံးသခင်လေးဝူက ချက်ချင်း ရှင်းပြလေသည်။


"တရားသူကြီးမင်း... ဒါက ရှစ်မိသားစုက မှားယွင်းစွပ်စွဲတာပါ။ စာသင်သားရှစ် အဆိပ်မိတာက ကျွန်တော်တို့ မိသားစုနဲ့ ဘာမှမဆိုင်ပါဘူး။ သူ့ကို လုပ်ကြံဖို့ လူမငှားဖူးသလို ဒီမှာ လူသတ်သမားကို ဝှက်ထားတာလည်း မရှိပါဘူး။ ကျွန်တော်တို့ မိသားစုက လုံးဝ အပြစ်ကင်းပါတယ်။ မယုံရင် အခုပဲ ဝင်ရှာနိုင်ပါတယ်။"


ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ဘာမှ ရှာတွေ့မည် မဟုတ်ပေ။ တရားရုံးစာရေး တချို့က စောစောလေးတင် ရှာဖွေပြီးသွားပြီ မဟုတ်ပါလား။


ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ကို ဆွဲလိုက်သည်။


"ယောက်ျားရယ်... ကျွန်မရဲ့ စတုတ္ထဦးလေးရဲ့ ဘဝက အရမ်းကို စိတ်သောကရောက်ဖို့ ကောင်းတာပဲ။ ရှင် လူသတ်သမားကို သွားရှာလိုက်ပါဦး။ ဒါမှ သူတို့အကြံ မအောင်မြင်မှာ။"


ရှောင်ဟန်ကျန့်က သူမ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။


"ကောင်းပါပြီ။ ကိုယ် မင်းဦးလေးကို သေချာပေါက် ကူညီပေးပါ့မယ်။"


'ဘယ်သူက ဘယ်သူ့ကို စွပ်စွဲဖို့ ကြိုးစားနေတာလဲ' ဟု အကြီးဆုံးသခင်လေးဝူက တွေးလိုက်မိသည်။ အရှက်ကို မရှိကြတာပဲ။ သို့သော် ရှောင်ဟန်ကျန့် သွားရှာမည်ဆိုလျှင်လည်း သူ စိတ်ထဲ သိပ်မထားပေ။


စာသင်သားတစ်ယောက်က ဘယ်လိုလုပ် ဒီလိုလှည့်ကွက်မျိုးတွေကို သိနိုင်မှာတဲ့လဲ။ ဒီလူတွေ ရှာဖွေပြီးသွားလို့ ဘာမှမတွေ့တဲ့အခါ သူ့ကို မဟုတ်မမှန် အပြစ်ဖို့သည့်အတွက် သေချာပေါက် တရားပြန်စွဲပစ်မယ်... ဟမ့်။

***