Ch 245
Viewers 33k

အခန်း(၂၄၅) - ဒီလိုလုပ်အောင် မင်းပဲ ဖိအားပေးခဲ့တာ


အကြီးဆုံးသခင်လေးဝူက သူ့ကို မတားဆီးခဲ့ပေ။ ရှောင်ဟန်ကျန့်လည်း ရှစ်ချင်းလျို့ကို လွှတ်ပေးလိုက်ပြီး တရားရုံးစာရေးများ၏ အနောက်သို့ လိုက်သွားခဲ့လေသည်။ သူတို့ ကျောက်တောင်ဥယျာဉ်နားသို့ မသွားကြသည်ကို မြင်သောအခါ အကြီးဆုံးသခင်လေးဝူ သက်ပြင်းချလိုက်မိသည်။


တစ်ချိန်တည်းမှာပင် သူ၏မျက်လုံးထဲ၌ ဂုဏ်ယူဝင့်ကြွားမှုများ ပိုမို ထင်ဟပ်လာခဲ့သည်။


ထိုစဉ် ရှစ်ချင်းလျို့က စကားစပြောလိုက်သည်။


"ကျွန်မတို့ လူသတ်သမားကို ရှာမတွေ့ရင်တောင် ကျွန်မရဲ့ စတုတ္ထဦးလေးကို အဆိပ်ခတ်တဲ့ ရှင့်ကိုတော့ လုံးဝ အလွတ်မပေးနိုင်ဘူး။ အခု တရားသူကြီးမင်း ရှိနေတုန်း အဆိပ်ဖြေဆေးကို မြန်မြန်ပေးလိုက်စမ်းပါ။ ဒါဆိုရင် ရှင့်ရဲ့ ပြစ်ဒဏ်ပေါ့သွားအောင် ကျွန်မတို့ ပြောပေးပါ့မယ်။"


အကြီးဆုံးသခင်လေးဝူမှာ အသံတိတ်နေခဲ့သည်။ 'ဒီမိန်းမ မပြီးတော့ဘူးလား။ ဘာလို့များ ဒီလောက်တောင် စိတ်ရှုပ်ဖို့ ကောင်းနေရတာလဲ။ အဓိပ္ပာယ်မရှိတာတွေကိုပဲ ဆက်တိုက် ပြောနေတော့တာပဲ။'


သူက စိတ်မရှည်စွာဖြင့် ပြန်ပြောလိုက်သည်။


"ငါ မင်းကို ဘယ်နှခေါက်များ ပြောနေရဦးမှာလဲ။ ငါတို့ သူ့ကို အဆိပ်မခတ်ခဲ့ဘူး။ ဒါကြောင့် ငါတို့မှာ ဖြေဆေးလည်း မရှိဘူး။ ငါက ငါ့အလုပ် ငါရိုးရိုးသားသား လုပ်နေတာ။ အဲဒီတော့ တရားသူကြီးမင်းက စစ်ဆေးမယ်ဆိုရင်တောင် ငါ နည်းနည်းမှ မကြောက်ဘူး။"


ထို့နောက် သူက မော့ချင်းလင်ဘက်သို့ လှည့်ကာ မေးလိုက်သည်။


"တရားသူကြီးမင်း... ကျွန်တော်တို့ ဝူမိသားစုကသာ အပြစ်ကင်းတယ်ဆိုရင် ရှစ်မိသားစုကို ကျွန်တော်တို့အပေါ် သပုပ်လေလွင့် ပြောဆိုတဲ့အတွက် ပြန်လည် တရားစွဲလို့ ရနိုင်ပါသလား။"


မော့ချင်းလင်က ခေါင်းညိတ်ပြလိုက်သည်။


"ရတာပေါ့။"


ရှစ်ချင်းလျို့က ဆက်ပြောသည်။


"ကျွန်မရဲ့ စတုတ္ထဦးလေးက ရှင်တို့အိမ်မှာ အဆိပ်မိသွားတာလေ။ ရှင်တို့က ဘယ်လိုလုပ် အပြစ်ကင်းမှာတဲ့လဲ။"


အကြီးဆုံးသခင်လေးဝူက သူမကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။


"အပြင်မှာ သူ သူများကို ပြစ်မှားစော်ကားမိခဲ့လို့ နေမှာပေါ့။ မင်းတို့ကိုယ်တိုင် လုပ်ကြံခဲ့တာလည်း ဖြစ်နိုင်တာပဲ။"


ရှစ်ချင်းလျို့က မျက်လုံးပြူးပြလိုက်သည်။


"ကျွန်မတို့က ဘာလို့ ကိုယ့်ဦးလေးကို ပြန်လုပ်ရမှာလဲ။ ရှင်..."


ထို့နောက် သူမက ဤကိစ္စနှင့် ပတ်သက်၍ အကြီးဆုံးသခင်လေးဝူကို ဆက်တိုက်ဆိုသလို ပြောဆိုနေတော့သည်။ ရှစ်ချင်းလျို့က သူ့ကို အဆက်မပြတ် အနှောင့်အယှက် ပေးနေသောကြောင့် အကြီးဆုံးသခင်လေးဝူလည်း စိတ်ရှုပ်လာကာ၊ မော့ချင်းလင်ရှေ့တွင် သူ့ကို ဆက်လက်၍ အပြစ်မပုံချစေချင်တော့သဖြင့် သူတို့နှစ်ဦး စတင်၍ စကားများကြလေတော့သည်။


တစ်ချိန်တည်းမှာပင် အဆောင်ခြံဝန်းထဲ၌ ရှာဖွေနေသည့် ရှောင်ဟန်ကျန့်ကို သူ သတိမထားမိလိုက်ပေ။ ယခုဆိုလျှင် ရှောင်ဟန်ကျန့်သည် အနီးအနားရှိ ကျောက်တောင်ဥယျာဉ်ဆီသို့ သွားကာ ကျောက်တုံးများကို လိုက်လံ ထိတွေ့နေလေပြီ။


သူက တစ်ခုခုကို တွေးမိသလိုမျိုး မပီမသဖြင့် ကိုယ့်ဘာသာကိုယ် ရေရွတ်နေသေးသည်။


သူ၏ အတိတ်ဘဝတုန်းက ကျောင်းထုတ်ခံရပြီးနောက် နန်ရှီစီရင်စုမြို့မှ ထွက်ခွာခဲ့ပြီး နေရာများစွာသို့ သွားရောက်ခဲ့ကာ လူပေါင်းများစွာနှင့်လည်း သိကျွမ်းခဲ့ဖူးသည်။ သူသည် အရာများစွာကိုလည်း သင်ယူတတ်မြောက်ခဲ့သည်။ သူက စစ်တပ်ထဲတွင် နေခဲ့ဖူးသောကြောင့် စစ်ဆင်ရေးဗျူဟာများကို သိရှိရုံသာမက 'ချီမင်သွမ့်ကျား' ပညာရပ်အကြောင်းကိုပါ သင်ယူထားခဲ့သည်။


(မှတ်ချက် - 'ချီမင်သွမ့်ကျား' (Qi Men Dun Jia) ဆိုသည်မှာ တိကျသည့် အချိန်အခါကို ရွေးချယ်ခြင်း၊ တုံ့ပြန်ရန် ဦးတည်ချက်ကို ရွေးချယ်ခြင်းနှင့် လိုချင်သည့် ရလဒ်များအား ရရှိအောင် ကြိုတင်ခန့်မှန်းပေးသည့် နေရာများတွင် အသုံးပြုလေ့ရှိသော ရှေးခေတ်တရုတ် ဂမ္ဘီရဉာဏ်နည်းစနစ် တစ်မျိုး ဖြစ်ပါသည်။)


ထို့ကြောင့် ကျောက်တောင်ဥယျာဉ်နားသို့ ရောက်သည့်အချိန်တွင် သဲလွန်စများစွာကို သူ မြင်တွေ့ခဲ့ရလေသည်။ သူက 'ချီမင်တွန်းကျား' စက်ယန္တရားများထဲမှ တစ်ခု၏ အနောက်သို့လိုက်ကာ ကောက်ချက်ချလိုက်သည်။ ထို့နောက် သူ၏ လက်တစ်ဖက်ကို ကျောက်တုံးပေါ်တွင် တင်လိုက်ပြီး အကြိမ်ရေ အနည်းငယ်ခန့် လှည့်လိုက်သည်။


ထို့နောက် သူက ခြေလှမ်းအကြိမ်ရေကို တွက်ချက်ကာ ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။ သူက မြေပေါ်သို့ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး လက်သီးဆုပ်အရွယ်အစားရှိ ကျောက်တုံးကို အရင် လှည့်လိုက်သည်။ ထို့နောက် သူက တခြားတစ်ဖက်သို့ လျှောက်သွားကာ ကျောက်တုံးအစွန်းတစ်ခုကို အောက်သို့ ဖိချလိုက်သည်။


"ဂျိန်း..."


ကျောက်တုံးကြီးမှာ ရုတ်တရက် ရွေ့လျားသွားခဲ့လေသည်။


အကြီးဆုံးသခင်လေးဝူသည် ထိုအသံနှင့် အလွန် ရင်းနှီးနေခဲ့သည်။ သူက အသံလာရာဆီသို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။ မြေအောက်လမ်းကြောင်း မပေါ်လာသေးခင်မှာပင် ကျောက်တုံးကြီး ရွေ့သွားသည်ကို သူ တွေ့လိုက်ရလေသည်။


သူ၏ မျက်လုံးအိမ်များ လှုပ်ရှားသွားခဲ့သည်။ 'ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ရှောင်ဟန်ကျန့်က ဒီလျှို့ဝှက်စက်ယန္တရားတွေကို တကယ်ပဲ သိနေတာလား။'


ကျောက်တုံးအောက်ရှိ ဝင်ပေါက်ကိုဖွင့်ရန်ဆိုလျှင် လူတစ်ယောက်က နေရာသုံးနေရာသို့ ပြောင်းရွှေ့ရန် လိုအပ်သည်။ ပထမဆုံးအနေဖြင့် ကျောက်တုံးကို ငါးခါတိတိ လှည့်ပေးရမည်။ တစ်ကြိမ်ပိုသွားခြင်း သို့မဟုတ် တစ်ကြိမ်လိုသွားခြင်း ဖြစ်ပါက အလုပ်မဖြစ်တော့ပေ။ ထို့ကြောင့် ကြက်ကန်း ဆန်အိုးတိုးသလို ရမ်းသန်းဖွင့်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။


သူက အမြန်ပြေးသွားလိုက်ပြီး ဝင်ပေါက်ကို ပိတ်လိုက်သည်။ ထို့နောက် တရားရုံးစာရေးများကို ခေါ်ဆင်းတော့မည့် ရှောင်ဟန်ကျန့်ကို ကြည့်ကာ အော်ပြောလိုက်သည်။


"မင်း ဘာလုပ်တာလဲ။ ဒါက ငါတို့ ဘိုးဘေးဘီဘင်တွေရဲ့ ကမ္ပည်းတိုင်တွေထားတဲ့ ဘိုးဘေးဘီဘင်ခန်းမပဲ။ အထဲကိုဝင်ပြီး ဘိုးဘေးဘီဘင်တွေရဲ့ ဝိညာဉ်ကို နှောင့်ယှက်လို့ မရဘူး။"


သူ ပြောပြီးသည်နှင့် ရှစ်ချင်းလျို့က ဝင်ပြောလိုက်သည်။


"ဘယ်မိသားစုကများ ဘိုးဘေးဘီဘင်ခန်းမကို ဒီလိုနေရာမျိုးမှာ လာဆောက်လို့လဲ။ ဒါက ကျောက်တောင်ဥယျာဉ်နဲ့ ထောင်ချောက်တွေပဲ။ ဝတ္ထုတွေအရဆိုရင် မကောင်းတာလုပ်ချင်တဲ့ လူဆိုးတွေ ဖန်တီးထားတဲ့ဟာပဲလေ။ ကျွန်မရဲ့ စတုတ္ထဦးလေးကို အန္တရာယ်ပြုတဲ့ လူတွေလည်း ဒီထဲကို ပြေးဝင်သွားတာပဲ ဖြစ်ရမယ်။ အဆိပ်ဖြေဆေးလည်း ဒီအထဲမှာပဲ ရှိလောက်တယ်။"


သူမက မော့ချင်းလင်ကို ကြည့်ကာ ဆက်ပြောသည်။


"တရားသူကြီးမင်း... ကျွန်မရဲ့ စတုတ္ထဦးလေးအတွက် တရားမျှတမှု ရှာပေးပါရှင်။"


အကြီးဆုံးသခင်လေးဝူ ကြက်သေသေသွားခဲ့သည်။ ထိုအချိန်တွင် သူက ရှစ်ချင်းလျို့ကို အစိမ်းလိုက် ဝါးစားပစ်ချင်စိတ် ပေါက်နေသည်။


မော့ချင်းလင်က ချက်ချင်း အတည်ပြုပေးလိုက်သည်။


"ဒီလိုဆိုမှတော့ အောက်ဆင်းသွားပြီး ကြည့်ကြတာပေါ့။ ဒီကိစ္စက လူတစ်ယောက်ရဲ့ အသက်နဲ့ သက်ဆိုင်နေတယ်။ အကြီးဆုံးသခင်လေးဝူ... ကျေးဇူးပြုပြီး ဘေးဖယ်ပေးပါ။"


ထို့နောက် သူက ဆက်ပြောသည်။


"တကယ်လို့ တကယ့် ဘိုးဘေးဘီဘင်ခန်းမဆိုရင်တော့ ကျွန်တော် ကိုယ်တိုင် အမွှေးတိုင်ထွန်းပြီး ပူဇော်တောင်းပန်ပါ့မယ်။"


မော့ချင်းလင်၏ ခိုင်မာသည့် ဆုံးဖြတ်ချက်ချထားသော အကြည့်များကို မြင်လိုက်ရသောအခါ၊ ဒီနေ့ ဤလူများက ကျောက်တုံးအောက်တွင် ဝှက်ထားသည့် အရာအတွက် ရောက်လာခြင်းများလားဟု သူ စဉ်းစားမရအောင် ဖြစ်သွားခဲ့သည်။


အကယ်၍ မော့ချင်းလင်နှင့် တခြားလူများက အထဲမှ ပစ္စည်းများနှင့် သော့ခတ်ပိတ်လှောင်ထားသည့် လူများကို တွေ့သွားခဲ့ပါက သူတို့ ဝူမိသားစု သေချာပေါက် ပျက်စီးကိန်း ကြုံရပေလိမ့်မည်။


"တရားသူကြီးမင်း... ကျွန်တော်တို့ စာသင်သားရှစ်ကို အဆိပ်လည်း မခတ်ခဲ့သလို၊ သတ်ဖြတ်ဖို့လည်း မကြံစည်ခဲ့ပါဘူး။"


သူက နောက်ဆုံးအနေဖြင့် ရုန်းကန်ပြောဆိုလိုက်သည်။


"စီရင်စုနယ် အုပ်ချုပ်ရေးမှူးနဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးကို ထောက်ထားသောအားဖြင့် ကျွန်တော့် ဘိုးဘေးဘီဘင်ရဲ့ ခန်းမကို ဝင်မနှောင့်ယှက်ဘဲ နေပေးလို့ ရနိုင်မလား။"


ရှစ်ချင်းလျို့က ပြုံးလိုက်သည်။


"တရားသူကြီးမင်းရဲ့ ဦးလေးက အရှင်မင်းကြီးလေ။ ရှင့်ရဲ့ စီရင်စုနယ် အုပ်ချုပ်ရေးမှူးက ဘယ်လောက်များ မြင့်မြတ်သာလွန်နေလို့လဲ။"


'ဒီမိန်းမ ဘာလို့များ အမြဲတမ်း ဝင်လျှာရှည်နေရတာလဲ' ဟု အကြီးဆုံးသခင်လေးဝူက ဒေါသတကြီး တွေးလိုက်မိသည်။ သူက ဒေါသထွက်လွန်းသဖြင့် မျက်နှာကြီး မည်းမှောင်သွားသည်။


"မင်း စကားဝင်မပြောလို့လည်း ဘယ်သူကမှ မင်းကို ဆွံ့အနေတယ်လို့ မထင်ပါဘူး။"


ရှစ်ချင်းလျို့က ပခုံးတွန့်ပြလိုက်သည်။


"ဒါပေမဲ့ ဒါက ကျွန်မရဲ့ စတုတ္ထဦးလေးရဲ့ သေရေးရှင်ရေးနဲ့ ပတ်သက်နေတာလေ။ ကျွန်မက ဘယ်လိုလုပ် အသံတိတ်နေနိုင်မှာလဲ။ စောစောက ရှင်ပဲ အပြစ်ကင်းတယ်လို့ ပြောခဲ့တာလေ။ အခုကျမှ ဘာလို့ ကျွန်မတို့ကို လာတားနေရတာလဲ။ ရှင့်ရဲ့ မလုံမလဲဖြစ်နေတဲ့ ရုပ်အရဆိုရင် လူသတ်သမားနဲ့ အဆိပ်ဖြေဆေးက အဲဒီအထဲမှာပဲ ရှိနေမှာ သေချာတယ်။ ဘာပဲဖြစ်ဖြစ် ဒီနေ့ အထဲကိုဝင်ပြီး ဖြေဆေးရအောင် ယူမှကို ရမယ်။"


တော်တော်လေး မလျော်ကန်သည့် ရှစ်ချင်းလျို့ကိုမှ ရန်လာစမိသည့် ဝူမိသားစုက တော်တော်လေး ကံဆိုးနေကြောင်း မော့ချင်းလင် သဘောပေါက်သွားခဲ့သည်။ အဓိကအချက်မှာ သူမက ချက်ချင်း ချေပပြောဆိုလိုက်သောကြောင့် သူ ဘာမှ ရှင်းပြနေစရာ မလိုတော့ခြင်းပင် ဖြစ်သည်။


သူက ခပ်တည်တည်ဖြင့် ပြောလိုက်သည်။


"အကြီးဆုံးသခင်လေးဝူ... စောစောက ခင်ဗျားမိသားစုက အပြစ်ကင်းတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ကျွန်တော်တို့ကို စစ်ဆေးခွင့် ပြုပါ။ ခင်ဗျားရဲ့ နာမည်ကို သန့်ရှင်းသွားအောင် ကျွန်တော် လုပ်ပေးပါ့မယ်။"


အကြီးဆုံးသခင်လေးဝူ၏ မျက်လုံးထဲတွင် အမုန်းတရားများ ပြည့်နှက်သွားခဲ့သည်။


"တရားသူကြီးမင်းမော့... ဒီကိစ္စကို ဒီတိုင်းပဲ ထားလိုက်ပါ။ မဟုတ်ရင်တော့ ကျုပ်တို့အချင်းချင်း ဆန့်ကျင်မိပြီး နှစ်ဖက်လုံး အရှုံးတွေကြီးပဲ ဖြစ်ကုန်လိမ့်မယ်။"


သူက ထိုသို့ ပြောလာသည်ဆိုမှတော့ ဤအောက်တွင် အရေးကြီးသည့်အရာ သေချာပေါက် ရှိနေရမည်။ မော့ချင်းလင်က ခနဲ့သည့်ဟန်ဖြင့် ပြန်ပြောလိုက်သည်။


"ကျုပ်ကတော့ မကြောက်ပါဘူး။"


ထို့နောက် သူက တရားရုံးမှ လူများကို အမိန့်ပေးလိုက်သည်။


"သွားစစ်ဆေးကြ။"


"ဟုတ်ကဲ့ပါ ဆရာ။"


တရားရုံးစာရေးများက အကြီးဆုံးသခင်လေးဝူကို ဘေးသို့ဆွဲဖယ်လိုက်ပြီး အောက်သို့ဆင်းကာ စစ်ဆေးကြလေသည်။


အကြီးဆုံးသခင်လေးဝူက အသက်ပြင်းပြင်း တစ်ချက်ရှူပြီး ပြောလိုက်သည်။


"ဒီလိုလုပ်အောင်လို့ မင်းတို့ကပဲ ငါ့ကို ဖိအားပေးခဲ့ကြတာနော်။"


ထို့နောက် သူက လက်နှစ်ချောင်းကို နှုတ်ခမ်းနားတေ့ပြီး အကြိမ်ရေ အနည်းငယ်ခန့် လေချွန်လိုက်လေသည်။ မော့ချင်းလင်နှင့် ကျန်လူများကတော့ မလှုပ်မရှားဘဲ သူ့ကို ငြိမ်သက်စွာ စောင့်ကြည့်နေခဲ့ကြသည်။


ခဏအကြာတွင် အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ကာ ဓားများကိုင်ဆောင်ထားသည့် လူဆယ်ယောက်ကျော်ခန့် မြေအောက်လမ်းကြောင်းထဲမှ ပြေးထွက်လာခဲ့ကြပြီး ခက်ထန်သည့်အသွင်နှင့် မျက်နှာဖုံးစွပ်ထားသော လူဆယ်ယောက်ကျော်ခန့်ကလည်း အပြင်ဘက်မှနေ၍ အထဲသို့ ပြေးဝင်လာကြလေသည်။


လူရမ်းကားများနှင့်တူသည့် ဓားများကိုင်ဆောင်ထားသော လူအယောက် (၃၀) ကျော်ခန့်ကို မြင်လိုက်ရသောအခါ တရားရုံးစာရေးများမှာ ကြက်သေသေသွားခဲ့ကြသည်။ တရားရုံးစာရေး တစ်ဦးက တံတွေးကို မျိုချလိုက်ကာ မေးလိုက်သည်။


"ဆရာ... ကျွန်တော်တို့ ဘာလုပ်ကြမလဲ။"


ဝူမိသားစုတွင် ဤသို့သော လူရမ်းကားတစ်အုပ် ပိုင်ဆိုင်ထားလိမ့်မည်ဟု သူတို့ ထင်မထားခဲ့မိပေ။ တရားရုံးစာရေးများသည် အိမ်တွင် မိဘနှင့် ကလေးများ ရှိနေကြသေးသောကြောင့် မသေချင်ကြသေးပေ။ ဝူမိသားစုသည် လူရမ်းကားများနှင့် ပူးပေါင်းကြံစည်နေကြောင်း မော့ချင်းလင် အရင်ကတည်းက သံသယရှိခဲ့ပြီး ယခုမှ အမှန်ဖြစ်ကြောင်း သေချာသွားတော့သည်။


မော့ချင်းလင်က အလွန် တည်ငြိမ်နေသည်။


"ငါ ကြောက်နေလို့လည်း အသုံးမဝင်ဘူးလေ။"


သူက ဒေါသထွက်နေသည့် အကြီးဆုံးသခင်လေးဝူကို ကြည့်ကာ မေးလိုက်သည်။


"ကျုပ်တို့ အခု နောက်ပြန်ဆုတ်ရင်တောင်မှ အကြီးဆုံးသခင်လေးဝူက အလွတ်ပေးတော့မှာ မဟုတ်ဘူး မလား။"


အကြီးဆုံးသခင်လေးဝူက ခနဲ့လိုက်သည်။


"ဒါပေါ့... ဟိုးကတည်းက ဒီကိစ္စကို မြင်ခဲ့တဲ့ လူတိုင်း သေရတာချည်းပဲ။ ကျွန်တော် ဒီလိုလုပ်အောင်လို့ တရားသူကြီးမင်းမော့ကပဲ ဖိအားပေးခဲ့တာလေ။"


မြေအောက်ခန်းထဲမှ ပစ္စည်းများကို ဤလူများ ရသွားပါက သူတို့ ဝူမိသားစု၏ အဆုံးသတ်ပင် ဖြစ်ပေမည်။ ထို့ကြောင့် ဤလူများကို အသုံးပြုကာ မော့ချင်းလင်၊ ရှောင်ဟန်ကျန့်၊ ရှစ်ချင်းလျို့နှင့် ရှစ်မိသားစုကိုပါ သတ်ခိုင်းရမည်။ ထို့နောက် ဝူမိသားစုဝင်များ အပါအဝင် အားလုံးကို မီးရှို့သတ်လိုက်သလို ဖြစ်အောင် ဖန်တီးရမည်။


အဆိုးဆုံးအခြေအနေ ဖြစ်လာမှသာ သူတို့ ထွက်ပြေးပြီး ကိုယ်ရေးရာဇဝင်များကို ဖုံးကွယ်ကာ ပြန်မလာခင်အထိ အချိန်ကောင်းကို စောင့်လို့ရမည် ဖြစ်သည်။

***