Ch 246
Viewers 33k

အခန်း(၂၄၆) - ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ


အကြီးဆုံးသခင်လေးဝူက တတ်နိုင်သမျှ အမြန်ဆုံး လှုပ်ရှားလိုက်သည်။


သူက အချိန်ဆွဲမနေတော့ဘဲ အမိန့်ပေးလိုက်လေသည်။


"ဒီမှာရှိတဲ့ လူတွေအကုန်လုံးကို သတ်လိုက်၊ အကုန်သတ်ပစ်။"


"ဟုတ်ကဲ့ပါ သခင်လေး။"


လူရမ်းကားများသည် တရားရုံးစာရေးများနှင့် ရှောင်ဟန်ကျန့်ရှိရာသို့ အလောတကြီး ချီတက်လာကြသည်။


ရှစ်ချင်းလျို့က ရှောင်ပိုင်လီကို သူမ၏ အနောက်သို့ ဆွဲယူလိုက်သည်။


"မကြောက်နဲ့နော်။ နင့်အစ်ကိုနဲ့ ငါ ရှိတယ်။ ငါ့နောက်မှာသာ ပုန်းနေ။"


ရှောင်ပိုင်လီသည် ထိုသို့သော အခြေအနေမျိုးကို တစ်ခါမှ မကြုံဖူးခဲ့ပေ။ သို့သော် သူမ၏ ပြောစကားနှင့် အကာအကွယ်ပေးမှုတို့ကြောင့် သူမ၏ နှလုံးသားလေးမှာ နွေးထွေးသွားခဲ့ရသည်။ အကြောင်းတစ်ခုခုကြောင့် သူမ ရင်ထဲမှ ကြောက်ရွံ့စိတ်နှင့် စိုးရိမ်စိတ်များ လျော့ကျသွားခဲ့ရသည်။


"ဟုတ်ကဲ့။"


သူမအနေဖြင့် သူမ၏ အစ်ကိုနှင့် ယောက်မကို အထိခိုက်ခံမည် မဟုတ်ပေ။


ထိုစဉ် ဓားတစ်ချောင်းက သူမထံသို့ ဦးတည်လာခဲ့သည်။ ရှစ်ချင်းလျို့က ခြေထောက်ကိုမြှောက်ကာ ရန်သူကို ကန်ထုတ်ပြီး လက်ကိုဆွဲကာ လိမ်ချိုးလိုက်သည်။ ထို့နောက် သူမက ရန်သူ၏ ဓားကို လုယူလိုက်သည်။


အလွန် လျင်မြန်စွာပင် သူတို့ကို တိုက်ခိုက်ရန် လာနေသည့် လူများကို သူမက ပြန်လည် တိုက်ခိုက်နိုင်ခဲ့သည်။


သူ့ဇနီး၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန် ကောင်းမွန်ကြောင်း ရှောင်ဟန်ကျန့် သိထားပြီး ဒီရက်ပိုင်းတွေထဲမှာ သူ့ဇနီးကို သူ ကိုယ်တိုင် အများကြီး သင်ကြားပြသပေးခဲ့သည်။ ဤလူများလောက်ကို ရှင်းထုတ်ပစ်ရန် သူမအတွက် ခက်ခဲမည်မဟုတ်ပေ။


မျှော်လင့်ထားသည့်အတိုင်းပင် လူအနည်းငယ်နှင့် တိုက်ခိုက်ပြီးသည်အထိ သူမ အကောင်းတိုင်း ရှိနေသေးသည်ကို မြင်တွေ့ရမှသာ သူ စိတ်အေးသွားပြီး သက်ပြင်းချလိုက်လေသည်။


သူသည်လည်း သူ့ကို လာရောက်တိုက်ခိုက်သည့် လူထံမှ ဓားကို လုယူပြီး တိုက်ပွဲထဲသို့ ဝင်ရောက်လာခဲ့လေသည်။ သူက ဒဏ်ရာရခါနီးဖြစ်နေသော တရားရုံးစာရေးများကိုလည်း ကူညီပေးခဲ့သည်။


မော့ချင်းလင်သည် မှူးမတ်စံအိမ်တွင် မွေးဖွားလာခဲ့သူဖြစ်သည်။ သူငယ်ငယ်တုန်းက သူ့အဖေက သူ့ကို ဂရုမစိုက်ခဲ့သော်လည်း သူ့အမေဘက်မှ ဆွေမျိုးများက လူများကို ငှားရမ်းကာ သူ့ကို အထူးလေ့ကျင့် သင်ကြားပေးခဲ့ကြသည်။ အထူးသဖြင့် ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားဘဝကို စွန့်လွှတ်လိုက်ပြီးကတည်းက တိုက်ခိုက်ရေးပညာရပ်များကို ဇွဲကြီးစွာဖြင့် အချိန်အကြာကြီး သင်ယူခဲ့သည်။


သူက ရှောင်ဟန်ကျန့်လောက် မကျွမ်းကျင်သော်လည်း အားနည်းသူတော့ မဟုတ်ပေ။ သူက သူ့ကို လာတိုက်ခိုက်သည့် လူနှစ်ယောက်ကို အနိုင်ယူနိုင်ခဲ့သည်။ သူ ဓားကို ရယူပြီးသည်နှင့် ဆက်လက် တိုက်ခိုက်လေတော့သည်။ သူသည် တရားရုံးစာရေး တချို့ကို ကယ်တင်ရန်ပင် အလောတကြီး ပြေးသွားခဲ့သေးသည်။


အကြီးဆုံးသခင်လေးဝူသည် ကျွမ်းကျင်ပိုင်နိုင်လှသည့် ထိုလူသုံးဦးကို ကြည့်ပြီး အံ့သြဆွံ့အနေမိသည်။


"ဟင်... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။"


အားနည်းလှသည်ဟု ထင်ရသော စီရင်စုနယ် တရားသူကြီးမင်း၊ စာသင်သားတစ်ယောက်နှင့် တောသူမတို့က ဘယ်လိုများ ဖြစ်သွားကြတာလဲ။ သူတို့က ဘယ်လိုလုပ် ကျွမ်းကျင်ပညာရှင်တွေ ဖြစ်နေရတာလဲ။ ဒီလူသုံးယောက်က သိပ်ကို အရှက်မဲ့ကြတာပဲ။ သူတို့က ကောင်းကောင်းကို လျှို့ဝှက်ထားနိုင်ခဲ့ကြတာပဲ။


သူ နားမလည်နိုင်အောင် ဖြစ်နေရသည်။ အထူးသဖြင့် ရှစ်ချင်းလျို့လို ရွာသူတစ်ယောက်က လူသုံးယောက်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်နိုင်စွမ်းရှိပြီး သူမကို အနောက်ကနေ စောင့်ရှောက်ပေးမည့်သူ တစ်ဦးလည်း ရှိနေသေးသည်။


သူက အိပ်မက်မက်နေသလို ခံစားနေရကာ အမှန်တကယ် ဖြစ်ပျက်နေသည်ဟုပင် မထင်မိပေ။


သူတို့သုံးယောက်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန် ကျွမ်းကျင်သပ်ရပ်လွန်းလှပြီး အလောတကြီး ထတိုက်ခိုက်နေရသည့်ပုံပင် မပေါ်ပေ။ သူတို့က တရားရုံးစာရေး ဆယ်ယောက်ကျော်ခန့်နှင့်အတူ ခုခံတိုက်ခိုက်ခဲ့ကြရာ လူရမ်းကား အယောက် (၃၀) ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့ကြလေသည်။


အကြီးဆုံးသခင်လေးဝူမှာ ထိတ်ထိတ်ပျာပျာဖြစ်ကာ ဝင်ပေါက်ဆီသို့ ပြေးသွားခဲ့သည်။ သူက သူ့ဖခင်ထံသို့ အမြန်ဆုံး သတင်းသွားပို့ချင်နေသည်။ သို့ပေမယ့် သူ အလွတ်ပေးခြင်း မခံခဲ့ရပေ။


ရှောင်ဟန်ကျန့်က မြေပေါ်ရှိ ခဲနှစ်လုံးကို ကန်လိုက်ရာ အကြီးဆုံးသခင်လေးဝူ၏ ခြေထောက်ကို သွားမှန်လေသည်။


"အား..."


အကြီးဆုံးသခင်လေးဝူမှာ ခြေထောက်ကို ခဲမှန်သွားသဖြင့် အော်ဟစ်ကာ မြေပေါ်သို့ လဲကျသွားခဲ့သည်။


မျက်စိလျင်သည့် တရားရုံးစာရေး တစ်ဦးက အမြန်ပြေးသွားကာ သူ့ကို ကြိုးတုပ်လိုက်လေသည်။ သူတို့က မြေပေါ်တွင် သေဆုံးနေသည့် လူရမ်းကားများကို ဂရုမစိုက်တော့ဘဲ ဒဏ်ရာရနေသူများနှင့် သတိလစ်နေသူများကိုပါ အတူတကွ ရောနှော၍ ကြိုးချည်နှောင်လိုက်ကြသည်။


ဝူမိသားစုထံတွင် လူရမ်းကားများစွာ ရှိနေသည်။ ယခု သူတို့ ရှာဖွေတွေ့ရှိခဲ့သည်မှာ ရေခဲစိုင်ကြီး၏ ထိပ်ဖျားလေးမျှသာ ဖြစ်ပုံရသည်။


မော့ချင်းလင်က မြေအောက်ထဲတွင် ရှိနေမည့်အရာကို ပို၍ စိတ်ဝင်စားသွားခဲ့သည်။


"အောက်ဆင်းပြီး သွားကြည့်ကြရအောင်။"


ရှောင်ဟန်ကျန့်က ရှစ်ချင်းလျို့ကို ဆွဲခေါ်လိုက်သည်။


"ကောင်းပြီ။"


တရားရုံးစာရေး တစ်ဝက်က အပေါ်တွင် ကျန်ခဲ့ပြီး နောက်တစ်ဝက်က မြေအောက်သို့ လိုက်ဆင်းသွားခဲ့ကြသည်။


မြေအောက်ခန်းထဲတွင် လူများ နေထိုင်ကြသောကြောင့် နံရံပေါ်တွင် ဆီမီးများကို ထွန်းညှိထားလေသည်။ စင်္ကြံလမ်းကို ဖြတ်ကျော်ပြီးနောက် သူတို့ မြင်တွေ့လိုက်ရသည်မှာ ထောင်နှင့်တူသည့် အခန်းငယ်လေးများပင် ဖြစ်သည်။ အရှေ့ဘက်တွင် အခန်းအနည်းငယ်ရှိပြီး အနောက်ဘက်တွင်မူ လှောင်အိမ်အနည်းငယ် ရှိနေသည်။


အထဲတွင် အသက် (၃) နှစ်အရွယ်မှစ၍ (၁၀) နှစ်အရွယ်အထိ ကလေးများနှင့် ဆယ်ကျော်သက်လေးများ ပါဝင်သည်။ တော်တော်လေး ချောမောလှပသည့် လူငယ်လေးများကို သီးသန့် ပိတ်လှောင်ထားသည့် လှောင်အိမ်တချို့လည်း ရှိသေးသည်။


အရာရှိဝတ်စုံကို ဝတ်ဆင်ထားသည့် မော့ချင်းလင်နှင့် တရားရုံးစာရေးများကို မြင်လိုက်ရပြီးနောက် ထိုလူများ၏ မျှော်လင့်ချက် ကုန်ဆုံးနေသော မျက်လုံးများထဲတွင် အလင်းရောင်များ ထင်ဟပ်လာခဲ့လေသည်။


"အရာရှိကြီး... ကျွန်တော်တို့ကို ကယ်ဖို့ ရောက်လာကြတာလားဟင်။"


မော့ချင်းလင်က ထိုလူများကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာအမူအရာကို အတတ်နိုင်ဆုံး နူးညံ့သွားအောင် လုပ်လိုက်လေသည်။


"ဟုတ်ပါတယ်၊ ကျွန်တော်တို့က မင်းတို့ကို ကယ်တင်ဖို့ ရောက်လာကြတာပါ။"


ထို့နောက် သူက လှောင်ချိုင့်သော့များကို ဖျက်ဆီးကာ အထဲမှလူများကို အရင် ကယ်တင်ရန် တရားရုံးစာရေးများကို အမိန့်ပေးလိုက်သည်။ မော့ချင်းလင်၊ ရှောင်ဟန်ကျန့်နှင့် လူတချို့က အရှေ့သို့ လျှောက်သွားကာ အခန်းတချို့ကို သေချာ ဝင်ကြည့်ကြသည်။


အခန်းများထဲမှ တစ်ခန်းက စာဖတ်ခန်းနှင့်တူပြီး ကျန်သည့်အခန်းများမှာ ဝရမ်းပြေး လူရမ်းကားများ နေထိုင်သည့်ပုံ ပေါက်နေသည်။


မော့ချင်းလင်က တရားရုံးစာရေးများကို စာဖတ်ခန်းကို ရှာဖွေခိုင်းလိုက်သည်။ ထို့နောက် သူက ရှောင်ဟန်ကျန့်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။


"ကျင်းယွီ... ဒီအခန်းထဲမှာ ထောင်ချောက်တွေ ရှိ၊ မရှိ ကြည့်ပေးဖို့ ဒုက္ခပေးပါရစေ။"


ရှောင်ဟန်ကျန့်နှင့် သူ့ဇနီးက တိုက်ခိုက်ရေးစွမ်းရည် တော်ရုံသာမက ဤနေရာမျိုးတွင်လည်း ကျွမ်းကျင်ကြလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။ ရှောင်ဟန်ကျန့်က ထောင်ချောက်များ ရှာဖွေရာတွင် ပို၍ တော်ပုံရသည်။


ရှောင်ဟန်ကျန့်က ခေါင်းညိတ်ပြလိုက်သည်။


"ဟုတ်ပြီ။"


သူ၏ အရင်ဘဝတုန်းက ဝူမိသားစုကို လက်စားချေသည့် အချိန်မှာ ဝူမိသားစုက မြို့တော်သို့ ပြောင်းရွှေ့သွားပြီဖြစ်ကာ ကျောက်တောင်ဥယျာဉ် မြေအောက်ခန်းရှိ စာဖတ်ခန်းမှာလည်း စွန့်ပစ်ခံခဲ့ရသည်မှာ ကြာပြီဖြစ်သည်။


စာရင်းစာအုပ်များ ဘယ်နေရာတွင် ရှိနေသလဲဆိုတာ သူ အတိအကျ မသိပေမယ့် ရှာတွေ့နိုင်လိမ့်မည်ဟုတော့ ယုံကြည်သည်။ သူက ပတ်ပတ်လည်ကို သေချာကြည့်ရှုပြီး လိုက်လံ ထိတွေ့ကြည့်လေသည်။ သို့သော် အခန်းထဲတွင် မည်သည့် လျှို့ဝှက်ယန္တရားများကိုမှ သူ မတွေ့ရှိခဲ့ပေ။


သူက ခဏလောက် စဉ်းစားပြီးနောက် ပြောလိုက်သည်။


"ကျွန်တော် တခြားအခန်းတွေကို သွားကြည့်လိုက်ပါဦးမယ်။"


စာဖတ်ခန်းက အပေါ်ယံအဖြစ် တမင်သက်သက် ဖန်တီးထားဟန်တူသည်။ မော့ချင်းလင်ထံတွင်လည်း တူညီသည့် အတွေးရှိနေသည်။


"ကောင်းပြီ။"


ရှောင်ဟန်ကျန့်က တခြားအခန်းများကို စစ်ဆေးရန် ထွက်သွားခဲ့သည်။


သူ တွေးထားသည့်အတိုင်းပင် မထင်မရှား အခန်းငယ်လေးတစ်ခုထဲတွင် တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိပြီး လျှို့ဝှက်ယန္တရားကို ဖော်ထုတ်နိုင်ခဲ့လေသည်။


ရုတ်တရက်ပင် ဘေးနံရံမှနေ၍ လျှို့ဝှက်အကန့်လေး တစ်ခု ထွက်ပေါ်လာခဲ့သည်။ လျှို့ဝှက်အကန့်လေးထဲတွင် သော့ပိတ်ထားသည့် သေတ္တာတစ်လုံး ရှိနေသည်။ ထိုအရာကို သူက အထဲမှနေ၍ ဆွဲထုတ်ယူလိုက်သည်။


အပေါ်တွင် စက်ယန္တရားဖြင့် သော့ခတ်ထားသည်ကို တွေ့လိုက်ရလေသည်။ အကယ်၍ ထိုသော့ကို ဖျက်ဆီးလိုက်ပါက အထဲမှ ပစ္စည်းများပါ ပျက်စီးသွားမည့်ပုံ ပေါက်နေသည်။


သူက မော့ချင်းလင်ကို အမှန်အတိုင်း ပြန်လည် ပြောပြခဲ့သည်။ ဝူမိသားစုသည် အလွန် သတိထားတတ်ကြောင်း မော့ချင်းလင် သိရှိထားသည်။ စက်ယန္တရားများဖြင့် အထပ်ထပ် ပိတ်လှောင်ထားသည်ဆိုမှတော့ အထဲကပစ္စည်းသည် သာမန် မဟုတ်နိုင်ပေ။


သူက အရိုအသေပေးသည့် လက်ဟန်ပြကာ ပြောလိုက်သည်။


"ကျင်းယွီ... ဒီသော့ကို ဖွင့်ပေးဖို့ ထပ်ပြီးတော့ ဒုက္ခပေးပါရစေ။"


ရှောင်ဟန်ကျန့်က ပြုံးကာ ပြောလိုက်သည်။


"ကျွန်တော် ကြိုးစားကြည့်ပါ့မယ်။"


တစ်နာရီခန့် ရှာဖွေသုတေသန ပြုပြီးနောက် သေတ္တာက အသံမြည်သွားခဲ့ရာ လူတိုင်းက လှည့်ကြည့်လိုက်ကြသည်။ ရှောင်ဟန်ကျန့်က လက်ဆန့်ကာ သေတ္တာအဖုံးကို ဖွင့်လိုက်သည်။ ထို့နောက် စာတချို့နှင့် စာရင်းစာအုပ်များအပြင် တော်တော်လေး ထူထဲသည့် ငွေစက္ကူအထပ်လိုက်ကိုပါ တွေ့လိုက်ရလေသည်။


သူက လှန်လှောကြည့်ရှုခြင်း မပြုတော့ဘဲ မော့ချင်းလင်ကို တိုက်ရိုက် ပေးအပ်လိုက်လေသည်။


မော့ချင်းလင်က ငွေစက္ကူအထပ်လိုက်ကို ကျော်သွားပြီး စာရင်းစာအုပ်များနှင့် စာစောင်များကိုသာ ဖတ်ရှုခဲ့သည်။ သူက ကြည့်လေလေ သူ၏ မျက်နှာအမူအရာက ပိုမို အကျည်းတန်လာလေလေ ဖြစ်သည်။


"ချီးပဲ... ဝူမိသားစုက အကြင်နာမဲ့တဲ့ လုပ်ရပ်ပေါင်းများစွာကို လုပ်ထားခဲ့တာပဲ။ အနိုင်ကျင့် ဗိုလ်ကျတာထက်တောင် ပိုဆိုးရွားသေးတယ်။"


မော့ချင်းလင်၏ မျက်လုံးထဲတွင် သိချင်စိတ်များ ပြင်းပြနေသည်ကို မြင်သောအခါ ရှောင်ဟန်ကျန့်က မေးလိုက်သည်။


"လူကုန်ကူးတာအပြင် ဘာတွေများ ထပ်လုပ်သေးလို့လဲ။"


မော့ချင်းလင်က ဘာကိုမှ ဖုံးကွယ်မထားပေ။


"အတိုးကြီးကြီးနဲ့ ငွေတိုးချေးစားတာ၊ လူကုန်ကူးတာ၊ လူသတ်ဖြတ်မှုတွေနဲ့ စီးပွားရေးလမ်းကြောင်း လုယက်မှုတွေအတွက် လူသတ်သမားတွေကို မွေးမြူထားတာတွေပေါ့။"


သူက လေသံကို တိုးချလိုက်သည်။


"ပိုဆိုးတာက သူတို့က ဆားနဲ့ သံတွေကို မှောင်ခိုသွင်းပြီး တာ့ချန်ရဲ့ အပြင်ဘက်ကို ရောင်းချတာတွေပါ လုပ်နေတာ ဖြစ်မယ်။ ငါတို့ ဒီကိစ္စကို အသေးစိတ် သေချာ စုံစမ်းရမှာပဲ။"


ရှောင်ဟန်ကျန့်က မျက်မှောင်ကြုတ်လိုက်သည်။


"ဝူမိသားစုက တော်တော်ကို ရဲတင်းကြတာပဲ။"


သူက သတိပေးစကား ဆိုလိုက်သည်။


"ကျွန်တော်တို့ ဒီကိစ္စကို တစ်ခါတည်း အပြတ်ဖြတ်ပစ်မှ ရမယ်။ မဟုတ်ရင် ကျွန်တော်တို့ပဲ ဒုက္ခရောက်နိုင်တယ်။"


မော့ချင်းလင်၏ မျက်လုံးများ မည်းနက်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။


"အင်း... ဒီကိစ္စကို အထက်ကို တင်ပြလိုက်မယ်။ ဒီကိစ္စကို ပိုပြီး စစ်ဆေးစုံစမ်းနိုင်ဖို့ အရှင်မင်းကြီးဆီကနေ လူတွေ ထပ်တောင်းလိုက်ဦးမယ်။"


စာရင်းစာအုပ်များထဲတွင် အမြတ်ငွေများ ဘယ်ကရရှိကြောင်း မှတ်တမ်းမှတ်ရာများနှင့်တကွ စာတချို့လည်း ရှိနေသေးသည်။ စီရင်စုနယ် အုပ်ချုပ်ရေးမှူးသာမက အဆင့် (၇) နှင့် အဆင့် (၇) အထက် အရာရှိများပါ ဤကိစ္စတွင် ပါဝင်ပတ်သက်နေကြသည်။


သူ၏ ဦးလေးမှာ ဘုရင်ကြီးဖြစ်သော်လည်း သူကတော့ အဆင့် (၇) တရားသူကြီးမင်း တစ်ဦးသာ ဖြစ်သည်။ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရန် သူ၏ အရည်အချင်းက မပြည့်ဝသေးသလို၊ ထိုသို့ လုပ်ဆောင်ရန်အတွက် သူ့လက်အောက်တွင် လူအင်အား အများကြီးလည်း မရှိပေ။

***