အခန်း(၂၄၇) - ကိုယ့်ဇနီးက အတော်ဆုံးပဲ
မော့ချင်းလင်သည် ကောင်းကျိုးအတွက် လောဘမကြီးတတ်သူမှန်း ရှောင်ဟန်ကျန့် သိထားသည်။ သူက ဤကိစ္စအတွက် ဂုဏ်ပြုမှတ်တမ်းများ ရယူနိုင်သော်လည်း၊ ဤကိစ္စထဲသို့ ထဲထဲဝင်ဝင် မပါဝင်သင့်ဘူးဟု သူ ခံစားမိသည်။
မော့ချင်းလင်၏ အုတ်မြစ်သည် မခိုင်ခံ့သေးပေ။ ဘုရင်ကြီးနှင့် အိမ်ရှေ့စံ၏ အကာအကွယ် ရှိနေသော်လည်း မော့ချင်းလင်ကို ထောင်ချောက်ဆင်ချင်ပါက အလွယ်တကူ လုပ်ဆောင်နိုင်သည်။ ထို့ကြောင့် ဘုရင်ကြီး ကိုယ်တိုင်လူလွှတ်ကာ သေချာစုံစမ်းခိုင်းသည်ကသာ ပို၍ သင့်လျော်ပေလိမ့်မည်။
မော့ချင်းလင်က ပစ္စည်းများကို သေတ္တာထဲသို့ ပြန်ထည့်လိုက်ပြီးနောက် လက်ထဲတွင် ပိုက်ထားလိုက်သည်။ ထို့နောက် သူက တရားရုံးစာရေးများကို ညွှန်ကြားလိုက်သည်။
"ဒီလူတွေ အကုန်လုံးကို ရုံးတော်ကို ခေါ်သွားပြီး ဘယ်သူဘယ်ဝါလဲ၊ အိမ်ဘယ်မှာလဲ ဆိုတာတွေကို မေးမြန်းလိုက်ကြ။ ပြီးရင် သူတို့မိသားစုတွေကို သတင်းပေးပြီး ပြန်လာခေါ်ခိုင်းလိုက်ပါ။"
တရားရုံးစာရေးတစ်ဦးက လေးစားစွာဖြင့် ပြန်ဖြေသည်။
"ဟုတ်ကဲ့ပါ ဆရာ။"
ထို့နောက် လူအုပ်ကြီးကို မြေအောက်ခန်းထဲမှ ခေါ်ထုတ်လာခဲ့ကြသည်။ အပြင်ဘက်မှ နေရောင်ခြည်ကို မြင်လိုက်ရသောအခါ လူအများစုမှာ ပျော်ရွှင်လွန်းသဖြင့် ငိုကြွေးကြလေသည်။ အထူးသဖြင့် လူငယ်လေးများပင် ဖြစ်သည်။
အကြီးဆုံးသခင်လေးဝူသည် တရားရုံးစာရေး နှစ်ယောက်၏ ခက်ရင်းခွတုတ်ဖြင့် မြေပေါ်သို့ ဖိချချုပ်နှောင်ခြင်း ခံထားရသည်။ လူများကို အပြင်သို့ ခေါ်ထုတ်လာသည်ကို မြင်သောအခါ သူ၏ အမူအရာက သိပ်ပြီး မပြောင်းလဲသွားပေ။
သို့ပေမယ့် မော့ချင်းလင် ပိုက်ထားသည့် သစ်သားသေတ္တာကို မြင်လိုက်ရပြီးနောက်မှာတော့ သူ၏ အမူအရာက လုံးဝ ပြောင်းလဲသွားခဲ့ကာ နောက်ကျောမှ ချွေးများပင် ဆို့လာခဲ့သည်။ ရှာတွေ့သွားပြီဆိုတော့ သူတို့ အဆုံးသတ်ပြီဟူသော အတွေးတစ်ခုသာ သူ့ခေါင်းထဲတွင် ရှိတော့သည်။
မော့ချင်းလင်က အကြီးဆုံးသခင်လေးဝူကို စိုက်ကြည့်ကာ တရားရုံးစာရေးများကို ညွှန်ကြားလိုက်သည်။
"ဝူမိသားစုက စာသင်သားရှစ်ကို အဆိပ်ခတ်ပြီး နှုတ်ပိတ်ဖို့ လုပ်ခဲ့တယ်။ ဒါကြောင့် ဝူမိသားစုက အမျိုးသားတွေ အကုန်လုံးကို ဖမ်းဆီးပြီး ရုံးတော်မှာ ချုပ်နှောင်ထားလိုက်ကြ။ ဝူမိသားစုက အမျိုးသမီးတွေကိုတော့ အိမ်ပြင်ထွက်ခွင့် မပေးဘဲ အိမ်ထဲမှာပဲ ပိတ်လှောင်ထားလိုက်ပါ။"
"ဟုတ်ကဲ့ပါ ဆရာ။"
မော့ချင်းလင်၏ စကားသံကို ကြားသောအခါ အကြီးဆုံးသခင်လေးဝူက ခေါင်းမော့ကြည့်လိုက်သည်။ ဤပြစ်မှုအတွက် မော့ချင်းလင်က သူတို့ကို ဖမ်းဆီးလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။ မော့ချင်းလင်က သေတ္တာထဲမှ ပစ္စည်းကို မြင်ပြီးသည်နှင့် အထက်လူကြီးများကို မဆန့်ကျင်ဘဲ၊ ကြီးသည့်အမှုကို ငယ်စေ၊ ငယ်သည့်အမှုကို ပပျောက်သွားအောင် လုပ်ပေးသင့်သည် မဟုတ်ပါလား။
သူက အကောင်းမြင်ထားရမည် ဖြစ်သည်။ မော့ချင်းလင်က သူ့အမူအရာကို မြင်တော့ သူ့အတွေးများကို ခန့်မှန်းမိသွားသည်။ သူက ဆွံ့အစွာဖြင့် ခေါင်းခါလိုက်မိသည်။
သူက ရန်သူကို သတိပေးချက် မပေးချင်ပေ။ သိပ်မကြာခင်မှာပင် အကြီးဆုံးသခင်လေးဝူနှင့် အစေခံများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ လူရမ်းကားများကိုတော့ မြေအောက်ခန်းထဲတွင် ယာယီ ပိတ်လှောင်ထားခဲ့သည်။ လူများ ထူးဆန်းသည့် ခန့်မှန်းပြောဆိုမှုများ မလုပ်နိုင်အောင် ရှောင်ရှားသည့်အနေဖြင့် ညဘက်ရောက်မှသာ သူတို့ကို ရုံးတော်သို့ ခေါ်ဆောင်သွားမည် ဖြစ်သည်။
တရားရုံးစာရေးများကို ရှစ်မိသားစု၏ စတုတ္ထသားအခန်းဆီသို့ ဦးဆောင်ခေါ်သွားနေသည့် သခင်ကြီးဝူကိုလည်း ဖမ်းဆီးသွားခဲ့သည်။ ဝူမိသားစုမှ ကျန်ရှိနေသည့် အမျိုးသားများ အကုန်လုံးကိုလည်း တစ်ယောက်မကျန် ဖမ်းဆီးသွားခဲ့လေသည်။
ထိုအချင်းအရာက ဝူမိသားစု တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ကာ ဝူမိသားစုမှ အမျိုးသမီးများအားလုံး ပျာယာခတ်သွားကြလေသည်။ အမျိုးသမီးဝူက သခင်မကြီးဝူကို ကိုယ်တိုင်သွားခေါ်ကာ အခြေအနေ အရပ်ရပ်ကို ပြောပြခဲ့သည်။
သူမကို ဖယ်ရှားရန်အတွက် မော့ချင်းလင်ကလည်း တူညီသည့် ဆင်ခြေကိုသာ အသုံးပြုခဲ့သည်။ ထို့ကြောင့် သခင်မကြီးဝူနှင့် ကျန်လူများက ရှစ်မိသားစုကို မုန်းတီးစွာဖြင့် စိုက်ကြည့်နေကြသည်။
ရှစ်သခင်မကြီးက အေးစက်စွာဖြင့် ပြောလိုက်သည်။
"ဘာကြည့်တာလဲ။ လူကို အဆိပ်ခတ်ခဲ့ပြီးမှ ဒီလို လာကြည့်နေရအောင် ဘာဖြစ်လို့လဲ။"
သူမက ဂုဏ်ယူဝင့်ကြွားစွာ ခနဲ့လိုက်သည်။
"ထွီး... မကောင်းမှုကို မလုပ်ခဲ့ရင် အခုလို တန်ပြန်ခံရမှာ မဟုတ်ဘူး။"
သူမ၏ အဓိပ္ပာယ်မရှိလှသော စကားများကို ကြားပြီးနောက် ရှစ်ချင်းလျို့မှာ ဆွံ့အသွားခဲ့ရသည်။ အတိတ်တုန်းက သူတို့ကပဲ မကောင်းမှုများစွာကို မလုပ်ခဲ့သလိုလိုနှင့် ရှစ်သခင်မကြီးက ထိုစကားများကို ပြောရဲသေးသည်။ ရှစ်သခင်မကြီး၏ စကားများကြောင့် ဝူမိသားစုမှ လူများအားလုံး ဒေါသထွက်သွားခဲ့ကြသည်။
ဝူမိသားစု အရှက်ကွဲသွားသည်ကို မြင်ရမှသာ ရှစ်သခင်မကြီး စိတ်ချမ်းသာသွားလေသည်။
သူမက ရှစ်ချင်းလျို့ဘက်သို့ လှည့်ကာ မေးလိုက်သည်။
"ချင်းလျို့... နင့်ရဲ့ စတုတ္ထဦးလေးက ဝူမိသားစုဝင်လို့ မသတ်မှတ်လည်း ရတယ်မလား။ သူ့ကို ဒီကနေ ခေါ်သွားလို့ ရပြီလား။"
ရှစ်ချင်းလျို့က ခေါင်းညိတ်ပြလိုက်သည်။
"ဒါပေါ့... စတုတ္ထဦးလေးကို ခေါ်ပြီး ပြန်သွားလိုက်တော့လေ။ ကျွန်မတို့ လင်မယားကတော့ လုပ်စရာလေးတွေ ရှိသေးတယ်။"
ကျန်တာတွေကို ရှစ်မိသားစုက သူတို့ဘာသာ ဆုံးဖြတ်ကြလိမ့်မည်။ ဤကိစ္စတွင် သူမ မပါဝင်သောကြောင့် ကြည့်နေရန် မသင့်လျော်ပေ။
ရှစ်သခင်မကြီးက ဖော်ရွေစွာ ပြုံးပြလိုက်သည်။
"ကောင်းပြီ၊ နင်တို့နှစ်ယောက် ပြန်နှင့်လိုက်ကြလေ။ ဒီနေ့တော့ နှစ်ယောက်လုံး တော်တော်လေး ပင်ပန်းသွားကြပြီ။ နင့်ရဲ့ စတုတ္ထဦးလေး နေပြန်ကောင်းလာမှပဲ နင်တို့ဆီကို လာပြီး ကျေးဇူးတင်ခိုင်းတော့မယ်။"
ရှစ်ချင်းလျို့တို့ လင်မယားကြောင့်သာ မဟုတ်ပါက ဝူမိသားစုမှာ အဖမ်းခံရမည် မဟုတ်ပေ။
ရှစ်ချင်းလျို့က ပြုံးလိုက်သည်။
"ရပါတယ်၊ မလိုပါဘူး။"
ရှစ်သခင်မကြီးတို့နှင့် အချိန်ဖြုန်းမနေတော့ဘဲ သူမက ရှောင်ဟန်ကျန့်နှင့် ရှောင်ပိုင်လီကို ဆွဲခေါ်ကာ ဝူမိသားစုအိမ်မှ ပြန်ထွက်လာခဲ့သည်။
ဝူမိသားစုကို ရုံးတော်သို့ ဖမ်းခေါ်မသွားခံရမီအချိန်အထိ ရှစ်သခင်မကြီးက ငိုယိုကာ ရုတ်ရုတ်သဲသဲ လုပ်နေခဲ့သောကြောင့် တစ်စုံတစ်ခုကြောင့် ဤသို့ဖြစ်ရသည်ဟု မည်သူကမှ သံသယ မဝင်ခဲ့ကြပေ။ ဝူမိသားစုက ရှစ်မိသားစု၏ စတုတ္ထသားကို တကယ်ပဲ အဆိပ်ခတ်ခဲ့သည်ဟု လူတိုင်းက ထင်မှတ်ခဲ့ကြလေသည်။
အပြင်လူကို မဆိုထားနှင့်၊ ဝူမိသားစုမှ အမျိုးသမီးများပင် ထိုသို့သာ ထင်နေခဲ့ကြလေသည်။ မြေအောက်ခန်းကိစ္စတွင် ပါဝင်ခဲ့သည့် သခင်ကြီးဝူနှင့် အကြီးဆုံးသခင်လေးတို့သာလျှင် အမှန်တရားကို သိရှိခဲ့ကြသည်။ ဒါသည်လည်း ဤကိစ္စကို လူများ သိသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ရှစ်ချင်းလျို့တို့ ပြန်သွားသည်နှင့်တစ်ပြိုင်နက် ရှစ်သခင်မကြီးက ကျန်သည့်လူများကို စေလွှတ်ကာ ဝူမိသားစု၏ သိုလှောင်ခန်းထဲမှ ပစ္စည်းများကို သွားရောက် လုယက်ခိုင်းလေသည်။ သူမက စတုတ္ထသားအတွက် ဆေးဖိုးလိုချင်သည်ဟူသော အကြောင်းပြချက်ဖြင့် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဤကိစ္စတွင် ပါဝင်ပတ်သက်နေသည့် အစေခံများ အကုန်လုံးကို ဖမ်းဆီးသွားပြီဖြစ်သောကြောင့် အမျိုးသားအများစုဖြင့် လာရောက်လုယက်သည့် ရှစ်မိသားစုကို ဝူမိသားစုမှ အစေခံမလေးများက မတားဆီးရဲခဲ့ကြပေ။
ရလဒ်အနေဖြင့် ပိုက်ဆံ၊ ငွေ၊ ရွှေနှင့် ကျောက်မျက်ရတနာများ အကုန်လုံး၏ တစ်ဝက်ကျော်ခန့်ကို ရှစ်မိသားစုမှ လုယူသွားခြင်း ခံလိုက်ရလေသည်။
တရားရုံးတော်တွင် ပြဿနာဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ရှစ်သခင်မကြီးက အကုန်လုံးကိုတော့ မလုယူရဲခဲ့ပေ။ ပစ္စည်းများ တစ်ဝက်ကျော်ခန့်ကို လုယူပြီးနောက် သူမက ကျန်သည့်သားများနှင့်အတူ ရှစ်မိသားစု၏ စတုတ္ထသားကို သယ်ဆောင်ကာ မြင်းရထားပေါ် တင်ခိုင်းပြီး ပြန်သွားခဲ့ကြသည်။
ရှစ်မိသားစု၏ စတုတ္ထသားမှာ တစ်ကိုယ်လုံး နာကျင်နေသော်လည်း မြင်းရထားပေါ်ရှိ ပိုက်ဆံများနှင့် ရွှေများကို မြင်လိုက်ရပြီးနောက် ချက်ချင်းပင် သက်သာပျောက်ကင်းသွားသလို ခံစားလိုက်ရသည်။ ရှစ်မိသားစုမှ လူတိုင်းသည် စိတ်လှုပ်ရှား ပျော်ရွှင်နေခဲ့ကြသည်။
မြင်းရထား၏ ထောင့်တစ်နေရာတွင် ထိုင်နေသည့် ရှစ်မိသားစု၏ တတိယသားကသာ စားပွဲပေါ်ရှိ ရွှေ၊ ငွေများကို ရှုပ်ထွေးသည့် အမူအရာဖြင့် ကြည့်နေမိသည်။ ဤအရာများကို ယူပြန်လာသည်မှာ ကောင်းသည်ဟု သူ မထင်မိပေ။
ထို့အပြင် သူ၏ အငြိုးကြီးလှသည့်သမီးက အရင်က မိသားစု၏ ဘယ်လိုဆက်ဆံခြင်းကို ခံခဲ့ရသလဲဆိုတာကိုလည်း သူ မှတ်မိနေသေးသည်။ သူမ၏ စိတ်ထားဖြင့်ဆိုလျှင် ရှစ်မိသားစုကို ချမ်းချမ်းသာသာ၊ အပူအပင်ကင်းကင်း နေခွင့်ပေးပါမည်လား။
သူတော့ ထိုသို့ လုံးဝ မထင်ပေ။
သို့ပေမယ့် သူ၏သမီး ဘာတွေလုပ်မည်ကို သူ အတိအကျ မသိသောကြောင့် ကျန်သည့် မိသားစုဝင်များကိုလည်း ဖွင့်မပြောရဲခဲ့ပေ။ သူက ရင်ထဲမှ နာကျင်မှုများကို ဖိနှိပ်ထားလိုက်ရသည်။ အကယ်၍ သူ၏အတွေးများကိုသာ ရှစ်ချင်းလျို့ သိရှိခဲ့ပါက သူ့ကို သေချာပေါက် ချီးကျူးလိမ့်မည်။ ရှစ်မိသားစုထဲတွင် သူမ၏ ဆန်ကုန်မြေလေး ဖခင်ဖြစ်သူကသာ ဉာဏ်အကောင်းဆုံး ဖြစ်နေပေသည်။
တစ်ဖက်တွင်လည်း ရှောင်မိသားစုသည် မြင်းရထားဖြင့် အိမ်သို့ ပြန်နေကြသည်။ ရှောင်ပိုင်လီက ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့ကို အားကျစွာဖြင့် ကြည့်နေမိသည်။ သူမ၏ ယောက်မနှင့် အစ်ကိုဖြစ်သူတို့က သိပ်ကို အံ့သြဖို့ကောင်းလွန်းသည်။
ထိုအချက်ကို ရှစ်ချင်းလျို့ သတိပြုမိသွားသည်။ သူမက ပြုံးပြီး ရှောင်ပိုင်လီ၏ ပါးလေးကို ညှစ်လိုက်သည်။
"နောက်ထပ် နှစ်နှစ်လောက် တိုက်ခိုက်ရေးပညာကို သေချာလေ့ကျင့်လိုက်ရင် ညီမလေးလည်း အစ်မလိုပဲ အံ့သြဖို့ကောင်းလာလိမ့်မယ်။"
ရှောင်ပိုင်လီက အားတက်သရောဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"အင်း... ဒီထက်ပိုပြီး ကြိုးစားလေ့ကျင့်ပါ့မယ်။"
ရှောင်ဟန်ကျန့်က ရှစ်ချင်းလျို့ကို ပြုံးပြကာ မေးလိုက်သည်။
"ကိုယ်တို့ ပြန်လာတော့ ရှစ်မိသားစုက ဝူမိသားစုရဲ့ သိုလှောင်ခန်းကို လုယက်နေကြလောက်ပြီ မလား။"
ရှစ်ချင်းလျို့က ခေါင်းညိတ်ပြလိုက်သည်။
"အမှန်ပဲ။"
ရှောင်ဟန်ကျန့်က ဆက်မေးသည်။
"သူတို့ရခဲ့တဲ့ ပိုက်ဆံတွေကို ဘယ်လို လုပ်ကြမှာလဲ။"
သူ့ဇနီး၏ ဟန်ပန်ကို ကြည့်ရသည့်ပုံအရဆိုလျှင် သူမက ရှစ်မိသားစုကို လုယက်မှုဖြင့် မော့ချင်းလင်ထံ တိုင်တန်းကာ ဖမ်းခိုင်းမည့်ပုံတော့ မပေါ်ပေ။
ရှစ်ချင်းလျို့က ဘာမှ ဖုံးကွယ်မထားပေ။
"သူတို့ ကိုယ့်သေတွင်း ကိုယ်တူးနေတာကို ထိုင်ကြည့်နေရုံပဲ။ ဒီလောက် ငွေအများကြီးနဲ့ဆိုရင် ရှစ်မိသားစုက သေချာပေါက်ကို ရူးသွပ်သွားကြမှာ။ ရုတ်တရက်ကြီး ချမ်းသာလာပြီး ငွေကို လွယ်လွယ်ကူကူ ရလာခဲ့တော့ ပျော်ပျော်ရွှင်ရွှင်နဲ့ သုံးဖြုန်းကြလိမ့်မယ်။ သူတို့ကို ချမ်းသာတဲ့ မိသားစုဘဝလေးကို အရင် ပေးခံစားလိုက်ပါဦး။ ပြီးမှ လောင်းကစားစွဲနေတဲ့ စတုတ္ထဦးလေးက သူတို့ကို ကောင်းကင်ဘုံကနေ မြေအောက်ကို ပြန်ကျသွားအောင် ဆွဲချလိမ့်မယ်။"
လောင်းကစားသမား တစ်ယောက်အတွက် လုံလောက်သည့် ငွေပမာဏဆိုတာ မရှိပေ။
ရှန်းယွမ်က ဝူမိသားစုနှင့် အသေကောင် လက်ထပ်ရန် ရောင်းစားခံခဲ့ရသည်။ ဒါတွေအကုန်လုံးက သူမ၏ စတုတ္ထဦးလေး လုပ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် တရားခံကို သူမ သေချာပေါက် အလွတ်မပေးနိုင်ပေ။ ထို့ကြောင့်ပင် ဝူမိသားစုက သူမ၏ စတုတ္ထဦးလေးကို လောင်းကစားရုံသို့ ခေါ်သွားကာ လောင်းကစားစွဲအောင် လုပ်နေသည်ကို သိသိကြီးနှင့် သူမ ဝင်မနှောင့်ယှက်ခဲ့ခြင်း ဖြစ်သည်။
သူ့ကို လူကောင်း ပြန်ဖြစ်လာအောင် လုပ်ပေးရန် အစီအစဉ်လည်း သူမထံတွင် လုံးဝ မရှိပေ။
ရှစ်သခင်မကြီးနှင့် ကျန်လူများ လုပ်ခဲ့သည့် အတိတ်က ယုတ်မာမှုများအတွက် ရှစ်မိသားစု၏ စတုတ္ထသားက ကိုယ်စား ပြန်လည် ပေးဆပ်ရမည် ဖြစ်သည်။
ရှစ်မိသားစု၏ စတုတ္ထသားသည် သူရခဲ့သည့် ပိုက်ဆံများ အကုန်ကုန်သွားသည့်အခါ မြှားဦးက ရှစ်မိသားစုဆီသို့ လှည့်သွားပေလိမ့်မည်။ အချိန်တန်ပါက ရှစ်သခင်ကြီးနှင့် သခင်မကြီးတို့က သူတို့၏ သားငယ်လေးကို ဘယ်လို ဆက်ဆံကြမလဲဆိုတာ မြင်ရလိမ့်မည်။ တစ်မိသားစုလုံး၏ ကြွယ်ဝချမ်းသာမှုများကို ထိုင်ဖြုန်းနေမည့် စတုတ္ထသားကို ကျန်သည့် ညီအစ်ကိုတွေကရော သည်းခံနိုင်ကြပါမည်လား။
သူမအနေဖြင့် ဘာမှ ဝင်လှုပ်ရှားနေစရာပင် မလိုပေ။
ရှစ်မိသားစုက ကိုယ့်သေတွင်း ကိုယ်တူးကာ ရှုပ်ထွေးလှသည့် အခြေအနေဆီသို့ ကျရောက်သွားလိမ့်မည်။ အဓိကအချက်မှာ သူမ လှုပ်ရှားစရာ မလိုခြင်းပင် ဖြစ်သည်။ ဒါတွေဟာ သူမနှင့် ဘာမှမဆိုင်သလို သူမကို အပြစ်တင်လို့လည်း ရမည်မဟုတ်ပေ။ ဒါတွေ အကုန်လုံးက ရှစ်မိသားစု ကိုယ်တိုင် ဖန်တီးခဲ့ကြခြင်းသာ ဖြစ်သည်။
သူမ၏ စကားများကို ကြားသောအခါ ရှောင်ဟန်ကျန့်က ရယ်မောလိုက်သည်။
"ကိုယ့်မိန်းမက အတော်ဆုံးပဲ။"
ဒီရက်ပိုင်းတွေထဲတွင် ရှစ်ချင်းလျို့၏ လွှမ်းမိုးမှုကို အပြည့်အဝ ခံထားရသည့် ရှောင်ပိုင်လီက သူမ၏ စကားများကို ကောင်းကောင်း နားလည်သဘောပေါက်ခဲ့သည်။
သူမက ရှစ်ချင်းလျို့ကို ကြည့်ရင်း ပိုမို လေးစားအားကျလာခဲ့သည်။
'ငါ့ယောက်မရဲ့ လှုပ်ရှားမှုတွေက သိပ်ကို မိုက်တာပဲ။'
***