Ch 248
Viewers 33k

အခန်း(၂၄၈) - အကူအညီ ယူခြင်း


ဝူမိသားစု၏ ကိစ္စများ ပြီးဆုံးသွားပြီးနောက် စီရင်စုမြို့မှာ ပြန်လည် အေးချမ်းသွားခဲ့သည်။ မော့ချင်းလင်က ထိုသေတ္တာကို မြင်းစီးကာ မြို့တော်သို့ သွားပို့ခဲ့သည်။ ဘယ်လို ဖြေရှင်းမည်ဆိုတာကတော့ သူနှင့် မသက်ဆိုင်တော့ပေ။


ထို့နောက် သံသတ္တုတွင်းကို သူ ရှာဖွေတွေ့ရှိခဲ့ကြောင်း လူထုကို ကြေညာခဲ့ပြီး အလုပ်သမားများ ငှားရမ်းကာ တူးဖော်စေခဲ့သည်။ သူ၏လက်ထဲတွင် ဘုရင်ကြီး ပေးအပ်ထားခဲ့သည့် သံမဏိ သန့်စင်ထုတ်လုပ်နည်းလည်း ရှိနေပြီး လုပ်ငန်းစီမံဌာနက သူ့ကို ကူညီရန်အတွက် လူနှစ်ယောက် စေလွှတ်ပေးခဲ့သည်။ မကြာခင်မှာပင် သံထုတ်လုပ်သည့် အလုပ်ရုံကို ဆောက်လုပ်ပြီးစီးသွားခဲ့သည်။


ရှစ်ချင်းလျို့သည် ဆွယ်တာအင်္ကျီနှင့်အတူ သူမ၏ ခင်ပွန်း မြို့တော်သို့ လူလွှတ်ကာ အထူးမှာယူပေးထားသည့် အမွေးပွခြုံထည်ကိုပါ ဝတ်ဆင်ထားသော်လည်း အအေးဒဏ်ကို ခံစားနေရဆဲ ဖြစ်သည်။ ဤခေတ်တွင် အကုန်လုံးက မီးလင်းဖိုကိုသာ အသုံးပြုနေကြကြောင်း သူမ နားလည်ထားသည်။


သို့သော် သာမန် ကျောက်မီးသွေးကိုသာ အသုံးပြုမည်ဆိုပါက မီးတောက်ကြီးကာ မီးခိုးများ မွှန်ထူပြီး သီးကုန်ကြလိမ့်မည်။ ထိုပြဿနာများကို ရှောင်ရှားနိုင်ရန် အကောင်းဆုံး ကျောက်မီးသွေးကို အသုံးပြုခဲ့သော်လည်း မီးလင်းဖိုကတော့ အေးနေဆဲပင် ဖြစ်သည်။ မီးလင်းဖို ထပ်ထည့်မည်ဆိုလျှင်လည်း ပို၍ ဈေးကြီးသွားနိုင်သည်။


သူမက မီးလင်းဖိုလေးကို ပိုက်ထားရင်း ဆိုဖာပေါ်ရှိ ရှောင်ဟန်ကျန့်အနားသို့ တိုးထိုင်လိုက်လိုက်သည်။


"အဖိုးကြီးရှောင်... သံသွားယူဖို့အတွက် မော့ချင်းလင်ကို သွားတွေ့ကြရအောင်။"


ရှောင်ဟန်ကျန့်က စာအုပ်ဆီမှ အကြည့်လွှဲပြီး သူမကို မေးလိုက်သည်။


"သံကို ဘာလုပ်မလို့လဲ။"


ရှစ်ချင်းလျို့က ပြန်ဖြေသည်။


"သံမီးဖို လုပ်ဖို့ပေါ့။ ရာသီဥတုက ပိုပိုပြီး အေးလာပြီ။ မီးလင်းဖိုတွေက သံမီးဖိုလောက် မကောင်းဘူးလေ။"


မီးဖိုချောင်ထဲတွင် ရွှံ့ သို့မဟုတ် အုတ်ဖြင့် ပြုလုပ်ထားသည့် ကျောက်မီးသွေး မီးဖိုသာ ရှိသည်။ သံမီးဖို သို့မဟုတ် ပျားလပို့မီးဖို ဆိုသည်မှာ မရှိသေးပေ။


သူမက ဆက်ပြောသည်။


"အချိန်ရမှ ပျားလပို့မီးဖို လုပ်ကြတာပေါ့။ တခြားမီးဖိုတွေထက်တော့ ပိုဈေးပေါတယ်။ သံမီးဖိုကို စားပွဲလိုပုံစံမျိုး လုပ်ရအောင်။ စားပွဲပေါ်မှာ ရှင့်စာအုပ်တွေကိုလည်း တင်ထားလို့ ရတာပေါ့။ တစ်ကိုယ်လုံး နွေးထွေးသွားရုံသာမက လက်တွေပါ နွေးသွားသလို ခံစားရလိမ့်မယ်။ မီးဖိုချောင်ထဲမှာလည်း တစ်ခုလိုတယ်။ ထမင်းစားတဲ့အခါ အဲဒီအပေါ်မှာ တင်စားလို့ ရတာပေါ့။ အစားအသောက်တွေလည်း အမြဲတမ်း ပူနွေးနေပြီး အေးသွားမှာ မဟုတ်တော့ဘူးလေ။"


သူမက ပြောရင်းဆိုရင်းဖြင့် သံမီးဖိုနှင့် ပျားလပို့မီးဖိုကို လိုချင်နေပြီ ဖြစ်သည်။ ဤအရာများသည် သူတို့အတွက် အဆင်ပြေစေရုံသာမက လူအများအတွက်လည်း အကျိုးရှိစေလိမ့်မည်။


သူ့ဇနီးက အအေးကြောက်တတ်ကြောင်းကို ရှောင်ဟန်ကျန့် သိထားသည်။ သူမ၏ တောက်ပနေသည့် မျက်လုံးများကို မြင်သောအခါ သူက စာအုပ်ကိုချထားပြီး ပြုံးကာ ပြောလိုက်သည်။


"ကောင်းပါပြီ... မော့ချင်းလင်ကို အခုပဲ သွားရှာကြတာပေါ့။"


သူက ဆောင်းရာသီနှင့် အသားကျနေပြီ ဖြစ်သော်လည်း သူ့ဇနီးလေးကတော့ အသားမကျသေးပေ။ တခြားဘာများ တတ်နိုင်ဦးမည်နည်း။ သူ့ဇနီးလေးကို အလိုလိုက်ရုံသာ ရှိတော့သည်။


ရှစ်ချင်းလျို့က သူ့ပါးကို လှမ်းနမ်းလိုက်သည်။


"ရှင်က အကောင်းဆုံးပဲ။"


သူတို့နှစ်ယောက် စီရင်စုမြို့သို့ ထွက်လာခဲ့ကြရာ မော့ချင်းလင်မှာ အမှုဆောင်အလုပ်များကို လုပ်ကိုင်နေသည်။ သူ၏ စားပွဲအောက်တွင် မီးလင်းဖိုလေး တစ်ခု ရှိနေသည်။ သူက သိုးမွေးဆွယ်တာကို ဝတ်ဆင်ထားပြီး ရှောင်ဟန်ကျန့် ပေးထားခဲ့သည့် သိုးမွေးလက်အိတ်များကိုပါ စွပ်ထားသည်။ ထို့ကြောင့် သူက ပုံမှန်ထက်ပို၍ နွေးထွေးနေသည်ဟု ခံစားရသည်။


သူတို့နှစ်ယောက် လာလည်ကြောင်း ကြားသိရသောအခါ သူက အလုပ်များကို ခဏရပ်နားထားပြီး သူတို့ကို လှိုက်လှဲစွာ ကြိုဆိုခဲ့သည်။ လက်ဖက်ရည်ပူပူလေး တစ်ခွက်စီ သောက်ပြီးနောက် ရှစ်ချင်းလျို့က သူမ၏ ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်းပင် ပြောပြခဲ့လေသည်။


သူမက သံဖြင့် သံမီးဖိုပြုလုပ်ချင်ကြောင်း ကြားသောအခါ မော့ချင်းလင်က သဘောတူခဲ့သည်။ သူက သဘောကောင်းစွာဖြင့် ဆက်ပြောသည်။


"ငါတို့မှာ ပန်းပဲဆရာတွေနဲ့ သံထုတ်လုပ်တဲ့ အလုပ်ရုံ ရှိတယ်။ လိုချင်တဲ့ပုံစံကိုသာ ဆွဲပေးလိုက်လေ။ ကူလုပ်ပေးပါ့မယ်။"


ရှစ်ချင်းလျို့က ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။


"ကောင်းပြီ၊ ဒါဆိုလည်း တရားသူကြီးမင်းကိုပဲ ဒုက္ခပေးပါရစေ။ အခုပဲ ပုံဆွဲပေးလိုက်ပါ့မယ်။"


ထို့ကြောင့် မော့ချင်းလင်က လူတစ်ယောက်ကို စုတ်တံများနှင့် စာရွက်များ ပြင်ဆင်ခိုင်းလိုက်သည်။


ရှစ်ချင်းလျို့က သူမ လိုချင်သည့် လေးထောင့်ပုံ သံမီးဖို စားပွဲလေးကို ဆွဲပေးခဲ့သည်။ ထိုပုံစံက သံပြားများကို ပိုပြီး မျက်နှာပြင် ချောမွေ့အောင် ပြုလုပ်ရမည် ဖြစ်သည်။


သူမက ပုံဆွဲထားသည့် စာရွက်ကို မော့ချင်းလင်ထံ ပေးပြီး မေးလိုက်သည်။


"နည်းနည်းလောက် အပိုလုပ်ချင်လို့ပါ။ ပိုက်ဆံ ဘယ်လောက် ပေးရမလဲဟင်။"


မော့ချင်းလင်က ရယ်မောလိုက်သည်။


"မလိုပါဘူး။ မင်း သံမဏိသန့်စင်ထုတ်လုပ်နည်းကို လုပ်ငန်းစီမံဌာနကို ပေးလိုက်ကတည်းက သံထုတ်လုပ်နှုန်းက အရင်ကထက် နှစ်ဆဖြစ်သွားတာကို သူတို့ သိခဲ့ကြတယ်။ ပြီးတော့ သံရဲ့ သန်မာမှုနဲ့ ခံနိုင်ရည်ကလည်း အများကြီး တိုးလာခဲ့တယ်။ ဒါကြောင့် သံမီးဖို နည်းနည်းလောက် ပိုလုပ်ပေးရတာက မင်းရဲ့ ထောက်ပံ့မှုတွေနဲ့ ယှဉ်လိုက်ရင် အသေးအမွှားလေးပါ။"


ယခု အသစ်ထုတ်လုပ်ထားသည့် သံဖြင့် ပြုလုပ်ထားသော လက်နက်များက အရင်ကထက် နှစ်ဆပိုမို သန်မာကြသည်။ ယခု ထုတ်လုပ်ထားသည့် သံဖြင့် ပြုလုပ်ထားသော ဓားများက အရင်က ထုတ်လုပ်ခဲ့သည့် သံဖြင့် ပြုလုပ်ထားသော ဓားများကိုပင် ပြန်လည် ခုတ်ဖြတ်နိုင်သည်။ ထိုအရာက သူတို့ကို အလွန် စိတ်လှုပ်ရှားစေခဲ့သည်။


သူတို့က ထိုကိစ္စကို အစောပိုင်းကတည်းက ဘုရင်ကြီးထံသို့ တင်ပြထားခဲ့ပြီး ဖြစ်ကာ၊ ဘုရင်ကြီး ကိုယ်တိုင်လည်း စိတ်လှုပ်ရှား ပျော်ရွှင်နေလိမ့်မည်ဟု သူ ယုံကြည်သည်။ ဒါတွေ အကုန်လုံးက ရှစ်ချင်းလျို့ ဆက်သခဲ့သည့် သံထုတ်လုပ်သည့်နည်းပညာ၏ ကျေးဇူးများကြောင့်ပင် ဖြစ်သည်။


သူ၏ အမူအရာက တည်ကြည်လေးနက်နေသောကြောင့် ရှစ်ချင်းလျို့က စကားမများတော့ပေ။


"ဒါဆိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။"


မော့ချင်းလင်က ပုံကြမ်းကို ကြည့်ရှုပြီး သက်ပြင်းချလိုက်သည်။


"ဒီလို မီးဖိုမျိုးက သံ အများကြီး လိုအပ်တယ်။ ဒါပေမဲ့ ဒါက အသုံးပြုရလွယ်ကူပြီး ကျောက်မီးသွေးကိုလည်း ချွေတာနိုင်မယ်ဆိုရင် လူထုကို ချပြပေးလိုက်မယ်။"


ရှစ်ချင်းလျို့က ပြန်ပြောသည်။


"ဒါကြောင့်ပဲ ကျွန်မက တည်ဆောက်ချင်တာပါ။ အဲဒီလို မီးဖိုမျိုးက သံပြားမီးဖို လုပ်လို့လည်း ရတယ်။ အပြင်မှာ သံပြားကာပြီး အထဲကို ရွှံ့ဝါတွေ ထည့်လို့ရတယ်။ မီးခိုးတိုင်လည်း တပ်ဆင်လို့ရတယ်။ သွားတဲ့ နေရာတိုင်းကို သယ်သွားလို့လည်း ရတယ်။ မီးခိုးတိုင် မရှိရင်လည်း လေဝင်လေထွက် ကောင်းအောင် မကြာခဏ ပြတင်းပေါက် ဖွင့်ပေးလို့ ရတယ်။ ပျားလပို့မီးဖိုကို သုံးပြီး ကျောက်မီးသွေးကို ချွေတာလို့ရသလို အချိန်အကြာကြီးလည်း လောင်ကျွမ်းစေတယ်။"


ရှစ်ချင်းလျို့ ပြောသည့် မီးဖိုကို ဆောက်လုပ်ရန်အတွက် မော့ချင်းလင်မှာ အသင့်ဖြစ်နေပြီ ဖြစ်သည်။


"ကောင်းပြီ... မင်းရဲ့ ညွှန်ကြားချက်တွေအတိုင်း အလုပ်ရုံက အလုပ်သမားတွေကို တည်ဆောက်ခိုင်းလိုက်ပါ့မယ်။"


သူက ထပ်မေးလိုက်သည်။


"ဒါနဲ့ ပျားလပို့မီးဖိုကျတော့ ဘယ်လို လုပ်ရမှာလဲ။"


ရှစ်ချင်းလျို့က ပြန်ဖြေသည်။


"ပျားလပို့မီးဖိုကို ဖိထားဖို့အတွက် ပုံစံခွက်လေးတော့ လိုတယ်။"


ထို့နောက် ပျားလပို့မီးဖိုအတွက် ပုံစံခွက်ပုံကြမ်းလေးကို ဆွဲပေးခဲ့ပြီး ပြုလုပ်ပုံအဆင့်ဆင့်ကိုပါ စာရွက်ပေါ်တွင် ချရေးပေးခဲ့သည်။


"ဒီအတိုင်းသာ လုပ်လိုက်ပါ။"


မော့ချင်းလင်ကို လွှဲအပ်လိုက်ပါက အချိန်တိုတိုအတွင်း ထိရောက်မှု ရှိလိမ့်မည်။ သူမက အကျိုးအမြတ်ကို ရိတ်သိမ်းရန်သာ စောင့်ဆိုင်းဖို့ လိုသည်။


နှစ်သစ်ကူးပြီးပါက သူမခင်ပွန်း မြို့တော်သို့ စာမေးပွဲသွားဖြေသည့်အခါ လိုက်သွားပေးရမည် ဖြစ်သည်။ ထို့ကြောင့် သူမ ကိုယ်တိုင် လုပ်ကိုင်ရန်အတွက် အလုပ်ရုံအသစ် ထပ်မဖွင့်နိုင်တော့ပေ。 ထို့အပြင် ယခုအချိန်တွင် သံနှင့်ပတ်သက်၍ အစိုးရကလည်း တင်းကျပ်စွာ ထိန်းချုပ်ထားသည်။ သံမီးဖိုလုပ်ရန် ဆိုပါက သံအမြောက်အမြား လိုအပ်ပေသည်။


အကယ်၍ မော့ချင်းလင်က သံထုတ်ပေးရန် သဘောတူခဲ့လျှင်တောင်မှ သူတို့ ရှာ့ရှီရွာမှ ထွက်သွားပြီးနောက် သူတို့ကို တမင်ထောင်ချောက်ဆင်တာမျိုး၊ အခွင့်ကောင်းယူတာမျိုးတွေ ဖြစ်လာခဲ့လျှင် မကောင်းပေ။ အလုပ်ရုံမှ သံများကို တိတ်တဆိတ် ယူဆောင်ကာ လက်နက်များအဖြစ် ဖန်တီးပစ်နိုင်သည်။ ထို့ကြောင့် ထိုသို့သော စီးပွားရေးမျိုးကို အစိုးရကသာ လုပ်ဆောင်သည်က ပို၍ သင့်လျော်ပေသည်။


မော့ချင်းလင်က စာရွက်ကို သိမ်းဆည်းပြီး ပြောလိုက်သည်။


"သံမီးဖိုနဲ့ ပျားလပို့မီးဖို ပြီးသွားရင် လူလွှတ်ပြီး အကြောင်းကြားခိုင်းလိုက်ပါ့မယ်။"


ရှစ်ချင်းလျို့က ခေါင်းညိတ်ပြလိုက်သည်။


"ကျေးဇူးတင်ပါတယ်။"


ထိုစဉ် မော့ချင်းလင်က တစ်ခုခုကို တွေးမိသွားခဲ့သည်။


"ဟုတ်သားပဲ... မင်းရဲ့ အလုပ်ရုံက သိုးမွေးဆွယ်တာတွေ၊ သိုးမွေးလက်အိတ်တွေနဲ့ ခြေအိတ်တွေ နည်းနည်းလောက် ရောင်းပေးပါဦး။"


သူ၏ အမေဘက်မှ အဘိုး၊ အဘွားများနှင့် တခြားမိသားစုဝင်များ၊ သူငယ်ချင်းများအတွက် လက်ဆောင် ဝယ်ပေးချင်သောကြောင့် ဖြစ်သည်။ မှူးမတ်စံအိမ်မှ ဆွေမျိုးများအတွက်တော့ မလိုအပ်ပေ။ သူ၏ အဖေဘက်မှ အဘွားနှင့်ကတော့ ခပ်တန်းတန်း ဆက်ဆံရေးမျိုးသာ ရှိသည်။


ရှစ်ချင်းလျို့က ပြုံးကာ ပြောလိုက်သည်။


"ရပါတယ်... မြို့တော်ကို ပို့မလို့လားဟင်။"


မော့ချင်းလင်က ခေါင်းညိတ်ပြလိုက်သည်။


"အင်း။"


ရှစ်ချင်းလျို့က ပြုံးကာ ဆက်ပြောသည်။


"ဒါဆိုရင် ကျွန်မရဲ့ ပစ္စည်းတချို့ကိုပါ ရောပြီး ပို့ပေးလို့ ရမလားဟင်။ အစကတော့ မြို့တော်ကိုသွားမယ့် ကုန်သည်တွေကို နှစ်ရက်အတွင်း စုံစမ်းမလို့ပါပဲ။ အခု တရားသူကြီးမင်းက ပို့စရာရှိတယ်ဆိုတော့ ကူညီပေးလို့ ရနိုင်မလား။"


သိုးမွေးအလုပ်ရုံက ဖွင့်ထားသည်မှာ သိပ်မကြာသေးပေ။ အစောပိုင်းက သူတို့ ထိုးခဲ့သည့် ဆွယ်တာနှင့် ဘောင်းဘီများမှာ မသပ်ရပ်သေးပေ။ ထို့ကြောင့် ရှစ်ချင်းလျို့က မြို့တော်သို့ အလောတကြီး မပို့ခဲ့ခြင်း ဖြစ်သည်။


ယခုတော့ အလုပ်ရုံမှ အမျိုးသမီးများက သိုးမွေးထိုးရာတွင် အသားကျလာပြီဖြစ်ပြီး သူမ ပြောပြသည့်အတိုင်း တခြားပုံစံများကိုပါ ထိုးတတ်နေကြပြီ ဖြစ်သည်။ ထို့အပြင် ရှစ်ချင်းလျို့က ရှီလွေ့နှင့် ကျန်လူများထံသို့ သိုးမွေးအစုံ တော်တော်များများကို ပို့ပြီးပြီဖြစ်သောကြောင့် ထုတ်လုပ်ရေးအပိုင်းက အနည်းငယ် နောက်ကျနေခဲ့သည်။ သူတို့သည် မူလက ဒီနေ့ စီရင်စုမြို့သို့လာကာ မြို့တော်သို့ဝင်မည့် ကုန်သည်များ ရှိ၊ မရှိ စုံစမ်းရန် လုပ်ခဲ့ခြင်း ဖြစ်သည်။


သို့သော် မော့ချင်းလင်က အချိန်ကိုက် ရောက်လာခဲ့လေသည်။


မော့ချင်းလင်က ရယ်မောလိုက်သည်။


"ကိစ္စမရှိပါဘူး၊ ဒါပေမဲ့ နည်းနည်းတော့ ကြာဦးမယ်။"


သူက လက်ထဲမှ စာရွက်ကို ယမ်းပြလိုက်လိုက်သည်။


"သံမီးဖိုနဲ့ ပျားလပို့မီးဖို ဆောက်လုပ်ပြီးတာကို စောင့်ပြီးတော့မှ တချို့ကို မြို့တော်ကို ပို့ရဦးမှာမို့လို့လေ။"


ဘုရင်ကြီးထံတွင် အသေးစိတ် ရေးဆွဲထားသည့် ပုံစံရှိနေပြီဖြစ်သောကြောင့် မယ်တော်ကြီး၊ အိမ်ရှေ့စံ၊ သူ၏အဘွားနှင့် ကျန်လူများအတွက်ပါ သူ ကိုယ်တိုင် ပြင်ဆင်ပေးချင်သည်။ ရှစ်ချင်းလျို့ သူ့ကိုပေးခဲ့သည့် ပစ္စည်းက အသင့်မဖြစ်သေးသော်လည်း၊ မဆိုးဘူးဟု သူ ခံစားမိသည်။


သူ၏စကားကို ကြားသောအခါ ရှစ်ချင်းလျို့၏ မျက်လုံးများ တောက်ပသွားခဲ့သည်။


"ဒါဆို သံမီးဖို တစ်ဒါဇင်လောက် လုပ်ပြီး ထည့်ပေးချင်တယ်။ အဲဒါပါ ပို့ပေးလို့ ရမလား။"


သံမီးဖိုကို ရှီရုံနှင့် ကျန်လူများကိုလည်း သူမ လက်ဆောင်ပေးချင်သည်။ စားပွဲပုံစံ မီးဖိုလေးတွင် လေထွက်ပေါက် ပါရှိသည်။ ပျားလပို့မီးဖိုက လွယ်လွယ်နှင့် မလောင်ကျွမ်းတတ်သောကြောင့် မပူနိုင်ပေ။


အပေါ်တွင် မာကျောက်တင်ကာ ကစားလို့ရသလို၊ ခြေနှင့် လက်များလည်း နွေးထွေးနေလိမ့်မည်။


"အဲဒါတွေနဲ့ လဲလှယ်ဖို့အတွက် လက်ထဲက စာရွက်ကို သုံးရင် ဘယ်လိုလဲ။"


မော့ချင်းလင်က ငွေကြေး လက်ခံမည် မဟုတ်ပေ။ သူမမိသားစုအနေဖြင့် အလုပ်ရုံ မဖွင့်နိုင်မှတော့ သူမလက်ထဲရှိ နည်းပညာကို အကူအညီနှင့် လဲလှယ်ရမည် ဖြစ်သည်။ ဘုရင်ကြီးကလည်း ထိုကိစ္စကို အသိအမှတ်ပြုမည် ဖြစ်သောကြောင့် ထိုက်တန်ပါသည်။


မော့ချင်းလင်က ခေါင်းညိတ်ပြလိုက်သည်။


"ကောင်းပြီ... စာထဲမှာ သေချာ ထည့်ပြီး ရှင်းပြပေးလိုက်ပါ့မယ်။"


ဒါက ဤကိစ္စကို ဘုရင်ကြီးအား အသိပေးကာ ခွင့်ပြုချက် တောင်းခံသည့်စာ ဖြစ်နိုင်သည်။

***