Ch 249
Viewers 33k

အခန်း(၂၄၉) - ကွက်၍ မေ့ခြင်း


သံထုတ်လုပ်သည့် အလုပ်ရုံမှ ပန်းပဲဆရာများက အလွန် ကျွမ်းကျင်ကြသည်။


ရှစ်ချင်းလျို့ လိုချင်သည့် သံစားပွဲနှင့် သံမီးဖိုကို (၃) ရက်အတွင်း ပြုလုပ်ပြီးစီးသွားခဲ့သည်။ ရှစ်ချင်းလျို့ ညွှန်ကြားသည့်အတိုင်း ဆေးခြယ်ပြီးနောက် အခြောက်ခံထားလိုက်သည်။


ပျားလပို့မီးဖိုက လွန်ခဲ့သည့် နှစ်ရက်ကတည်းက ပြီးစီးခဲ့ကာ နေရောင်အောက်တွင် အခြောက်ခံထားခဲ့သည်။


သံမီးဖိုများ ရရှိပြီးသည့်နောက် မော့ချင်းလင်က ရှောင်ဟန်ကျန့်တို့ လင်မယားကို စီရင်စုမြို့သို့ လာရောက်ရန် လူလွှတ်ကာ အကြောင်းကြားလိုက်သည်။ သူတို့က သံမီးဖိုနှင့် ပျားလပို့မီးဖိုကို တစ်ခါတည်း စမ်းသပ် အသုံးပြုခဲ့ကြသည်။


မော့ချင်းလင်က လေးထောင့်စားပွဲပုံစံ သံမီးဖိုကို ချက်ချင်း သဘောကျသွားခဲ့သည်။ အပေါ်ဘက်တွင် ထိပ်ပိတ်ထားကာ ထိုအပေါ်တွင် အခင်းလေး ခင်းထားသည်။ သူတို့၏ လက်များနှင့် ခြေထောက်များမှာ နွေးထွေးနေခဲ့သည်။


မော့ချင်းလင်က ပြောလိုက်သည်။


"ဒါတွေကို နောက်တစ်သုတ် အမြန်လုပ်ခိုင်းပြီး မြို့တော်ကို ပို့မယ်။"


ရှစ်ချင်းလျို့က ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။


"ကောင်းပြီ။"


ထို့နောက် မော့ချင်းလင်က ရှစ်ချင်းလျို့၏ ညွှန်ကြားချက်များအတိုင်း ပန်းပဲဆရာများကို သံမီးဖိုများ ဆက်လုပ်ခိုင်းခဲ့သည်။ ပျားအုံပုံစံ ကျောက်မီးသွေးက အလွန်ကောင်းမွန်ကာ သယ်ဆောင်ရလည်း လွယ်ကူသည်။ ရုံးတော်တွင် တာဝန်ကျသည့် စာရေးများအတွက် မီးဖိုတချို့လည်း လုပ်ပေးခိုင်းခဲ့သည်။ သူက ဂိတ်စောင့်များအတွက်လည်း မီးဖိုနှစ်ခု ပေးခဲ့သည်။


လဝက်အတွင်း သံပြားမီးဖိုအချပ် (၃၀) ကျော်ခန့် လုပ်ပြီးသွားခဲ့လေသည်။ ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့ကလည်း ဆွယ်တာ၊ သိုးမွေးဘောင်းဘီ၊ သိုးမွေးခြေအိတ်နှင့် သိုးမွေးလည်စည်းများကို လှည်းတစ်စီးဖြင့် သယ်လာခဲ့သည်။


မော့ချင်းလင်က လူလွှတ်ကာ မြို့တော်သို့ အမြန် တင်ပို့လိုက်လေသည်။


(၁၀) ရက် ကြာပြီးနောက် မြို့တော်တွင်...


နန်ရှန်းမှူးမတ်စံအိမ်၊ ဖေးမိသားစု၊ ရှီမိသားစုနှင့် လန်မိသားစုတို့က ရှစ်ချင်းလျို့ထံမှ လက်ဆောင်များ ရရှိခဲ့ကြလေသည်။ လျန်မိသားစုက လက်ဆောင်ကို အရင်ဆုံး ရရှိခဲ့ခြင်း ဖြစ်သည်။


လျန်ယို့ရှောင်က လူလွှတ်ကာ ပစ္စည်းများကို သူ၏ အဆောင်ခြံဝန်းထဲသို့ ရွှေ့ခိုင်းခဲ့လေသည်။ သံစားပွဲသုံးခုနှင့် အပေါက်ပါသည့် ကျောက်မီးသွေးတချို့ကို မြင်တွေ့လိုက်ရသောအခါ သူ ဆွံ့အသွားခဲ့သည်။ ရှစ်ချင်းလျို့က ဘာလို့ ဒါတွေ ပေးရတာလဲ။ ထို့ကြောင့် သူက စာကို ဖွင့်ဖတ်လိုက်သည်။


သံပြားမီးဖိုပေါ်ရှိ အညွှန်းစာရွက်မှ စာကို ဖတ်ပြီးနောက် သူ၏ မျက်လုံးထဲမှ အပြုံးများက ပိုမို နက်ရှိုင်းသွားခဲ့သည်။


မကြာသေးမီက စီးပွားရေးလောကထဲဝင်ရန် လျန်သခင်မကြီးကို တောင်းပန်ခဲ့ရာ သူမက အလျော့ပေးလာခဲ့သည်။ သူမက ဤကိစ္စနှင့် ပတ်သက်၍ လိုက်လျောပေးရန် လျန်သခင်ကြီးကို သူနှင့်အတူ ကူညီအသနားခံပေးခဲ့ရာ လျန်သခင်ကြီးဘက်မှ နည်းနည်း အလျော့ပေးလာခဲ့သည်။


လျန်သခင်ကြီး ပို၍ အလျော့ပေးလာအောင်၊ ပျော်ရွှင်လာအောင် ပိုလုပ်ပေးရန် သူ တွေးနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူ အကူအညီ လိုအပ်နေသည့်အချိန်တွင် ရှစ်ချင်းလျို့က သူ့ကို ကူညီပေးခဲ့သည်။ ရှစ်ချင်းလျို့က သူ့အတွက်တော့ ကံကောင်းခြင်း ကြယ်ပွင့်လေးပင် ဖြစ်သည်။


လတိုင်း၏ သောကြာနေ့တိုင်း လျန်မိသားစုမှ လူကြီး၊ လူငယ်၊ ကျား၊ မ အကုန်လုံး ထမင်းလက်ဆုံ စားလေ့ရှိကြသည်။ ဒီနေ့က (၂၅) ရက်နေ့ဖြစ်ကာ လျန်သခင်မကြီး၏ အဆောင်တွင် အတူတူ စားကြမည်ဖြစ်သည်။


လျန်ယို့ရှောင်က လူလွှတ်ကာ ဆွယ်တာ၊ သိုးမွေးဘောင်းဘီ၊ သိုးမွေးခြေအိတ်နှင့် သံမီးဖိုနှစ်လုံးကို သယ်ခိုင်းပြီး လျန်သခင်မကြီး၏ အဆောင်သို့ ယူလာခိုင်းခဲ့သည်။


အစာမစားကြသေးသော်လည်း လျန်စံအိမ်မှ လူများက တစ်ယောက်ပြီးတစ်ယောက် လျန်သခင်မကြီး၏ အဆောင်သို့ ရောက်လာခဲ့ကြသည်။ လျန်သခင်ကြီး၏ ပထမဇနီးမှ မွေးသော သမီးနှစ်ယောက်က လျန်သခင်မကြီး ပျော်ရွှင်စေရန် ချွဲနွဲ့နေကြသည်။


လျန်သခင်ကြီးက ပျင်းရိစွာဖြင့် ဘေးတွင်ထိုင်ကာ လက်ဖက်ရည် သောက်နေသည်။ ယခု ရာသီဥတုက အရမ်းအေးနေသောကြောင့် သူ၏ မိတ်ဆွေများနှင့် မာကျောက် မကစားဖြစ်တော့ပေ。 တော်ဝင်ရုံးတော်မှ အရေးကိစ္စများကိုလည်း အိမ်ရှိ သားများကို လွှဲပေးထားသောကြောင့် အိမ်မှာပင် ပျင်းရိစွာ အချိန်ကုန်ဆုံးနေရသည်။


မကြာခင်မှာပင် လျန်ယို့ရှောင် ဝင်လာခဲ့သည်။ လျန်မင်ချန်က သားဖြစ်သူကို မြင်သောအခါ မေးလိုက်လေသည်။


"ဘာတွေ သယ်လာတာလဲ။"


လျန်ယို့ရှောင်က ပြုံးကာ ပြန်ပြောသည်။


"အဘိုးနဲ့ အဘွားကို ပစ္စည်းကောင်းလေးတွေ လာမျှဝေတာပါ။"


သူ၏စကားများက အဘိုးဖြစ်သူ၏ အာရုံကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့လေသည်။ လျန်သခင်ကြီးက ဆေးခြယ်ထားသည့် သံစားပွဲကို ကြည့်ကာ မေးလိုက်လေသည်။


"ဘာပစ္စည်းကောင်းလဲ။"


လျန်ယို့ရှောင်က ပြုံးကာ ပြောလိုက်သည်။


"မကြာသေးခင်က မာကျောက်မကစားရလို့ ပျင်းနေတယ်မလား။ ဒီပစ္စည်းကောင်း ရလာလို့ မြန်မြန် လာပို့ပေးတာ။ ခဏနေရင် သိပါလိမ့်မယ်။"


သူက အစေခံကောင်လေးကို ညွှန်ပြလိုက်သည်။


"မီးဖိုကို ခန်းမရဲ့ ထောင့်ဘေးမှာထားပြီး မီးထည့်လိုက်။"


ခဏအကြာတွင် အစေခံကောင်လေးများက ခန်းမ၏ ဘေးထောင့်သို့ သယ်သွားကြသည်။ လျန်ယို့ရှောင်က လူလွှတ်ကာ အဝတ်အိတ်နှစ်ခုကို ဖွင့်ခိုင်းလိုက်သည်။ သူက ခရမ်းရောင်ဆွယ်တာ၊ သိုးမွေးဘောင်းဘီများနှင့် သိုးမွေးခြေအိတ်များကို ယူကာ လျန်သခင်မကြီးရှေ့သို့ ရတနာဆက်သသလို လျှောက်သွားခဲ့သည်။


"အဘွား... ရှစ်ချင်းလျို့ကို ဒီဆွယ်တာနဲ့ သိုးမွေးဘောင်းဘီတွေကို အထူးထိုးခိုင်းထားတာ။ ဝတ်လိုက်ရင် နွေးနေတာပဲ။ ဝတ်ကြည့်ပါဦး။"


လျန်သခင်မကြီးက သူမမြေး၏ သိတတ်မှုကို မငြင်းဆန်ခဲ့ပေ။


"ကောင်းပြီ... ဒါဆို ဝတ်ကြည့်မယ်။"


ထို့နောက် သူမက အစေခံမလေးအား အဝတ်အထည်များကို အတွင်းခန်းထဲသို့ ကူသယ်ပို့ခိုင်းလိုက်သည်။


ထို့နောက် လျန်ယို့ရှောင်က မီးခိုးရောင် ဝတ်စုံတစ်စုံကို လျန်သခင်ကြီးထံ ပေးလိုက်သည်။


"ဒါ အဘိုးအတွက်... ဝတ်ကြည့်မလား။"


လျန်သခင်ကြီးက ဆွယ်တာနှင့် ဘောင်းဘီကို ကြည့်ပြီး သာမန်ကာလျှံကာဖြင့် ပြောလိုက်သည်။


"မင်းရဲ့ ကြင်နာမှုကို လက်ခံပါတယ်။ မဝတ်ချင်ပါဘူး။"


ထို့နောက် သူက အလေးမထားစွာဖြင့် ဆက်ပြောသည်။


"ဒါတွေက ဘယ်လောက်များ နွေးမှာမို့လို့လဲ... ပါးပါးလေးကို။ ဂျာကင်ဝတ်တာကမှ ပိုကောင်းဦးမယ်။"


လျန်ယို့ရှောင်က သူ့ကို အတင်း မတိုက်တွန်းခဲ့ပေ။


"ဒါဆိုလည်း ကောင်းပါပြီ။"


ကျန်သည့်လူများက ဒီကိစ္စကို စိတ်ထဲမထားခဲ့ပေ။ လျန်ယို့ရှောင်က အဘိုးဖြစ်သူထံမှ အကူအညီလိုချင်သောကြောင့် လက်ဆောင်များဖြင့် ဖားနေသည်ဟု ကျန်လူများက ထင်နေကြသည်။


ကံကောင်းချင်တော့ လျန်သခင်ကြီးက ဉာဏ်ကောင်းကာ လျန်ယို့ရှောင်၏ အရူးလုပ်ခြင်းကို မခံခဲ့ရပေ။


ခဏအကြာတွင် အစေခံမလေးက လျန်သခင်မကြီးကို တွဲကာ ထွက်လာခဲ့သည်။


"ထင်တဲ့အတိုင်းပဲ ယို့ရှောင်က အသိတတ်ဆုံးပဲ။"


လျန်သခင်မကြီး ပျော်နေတာ သိသာသည်။


"ဒီဆွယ်တာနဲ့ ဘောင်းဘီက တကယ် နွေးတယ်။ သိုးမွေးခြေအိတ်ရောပဲ။ အဲဒါ ဝတ်ပြီးတာနဲ့ ခြေထောက်တွေ မအေးတော့ဘူး။"


အသက်ကြီးလာသည်နှင့်အမျှ အအေးဒဏ်ကို ပိုကြောက်လာကြသည်။ ဆွယ်တာ၊ သိုးမွေးဘောင်းဘီနှင့် သိုးမွေးခြေအိတ်ကို ဝတ်ပြီးနောက် ကိုယ်ခန္ဓာနှင့် ကွက်တိဖြစ်နေရုံသာမက ပိုပြီးလည်း နွေးထွေးနေသည်။


လျန်သခင်မကြီး၏ တုံ့ပြန်မှုကြောင့် လျန်သခင်ကြီးက သိချင်စိတ်ဖြင့် မေးလိုက်သည်။


"တကယ် အဲဒီလောက်တောင် နွေးတာလား။"


လျန်သခင်မကြီးက သူ့ကို စိုက်ကြည့်လိုက်သည်။


"ရှင့်ကို ဘာလို့ လိမ်ရမှာလဲ။"


သူ့ရှေ့မှ အဝတ်များကို မြင်ပြီးနောက် သူမက မကျေမချမ်းဖြင့် ဆက်ပြောသည်။


"ကျွန်မမြေးက ရှင့်ကို သိတတ်စွာနဲ့ ပေးတာကို ဘာလို့ မဝတ်ရတာလဲ။"


လျန်သခင်ကြီးက သူ့ဇနီးအကြောင်းကို ကောင်းကောင်း သိသည်။ သူမက ကောင်းသည်ဟု ပြောပါက မဆိုးလှကြောင်း သူ သိသည်။


ထို့ကြောင့် သူက ဆွယ်တာ၊ သိုးမွေးဘောင်းဘီနှင့် သိုးမွေးခြေအိတ်ကို ယူလိုက်သည်။


"ကောင်းပြီ၊ ယို့ရှောင်က သိပ်သိတတ်နေမှတော့ ဝတ်ကြည့်တာပေါ့။"


သိပ်မကြာခင်မှာပင် လျန်သခင်ကြီးက ပျော်ရွှင်စွာ ထွက်လာခဲ့သည်။ သူက လျန်ယို့ရှောင်ကို မေးလိုက်သည်။


"ဘာနဲ့ လုပ်ထားတာလဲ။ ဘာလို့ အဲဒီလောက် နွေးနေရတာလဲ။"


လျန်ယို့ရှောင်က စိတ်ထဲမှ တွေးလိုက်သည်။ 'အဘိုးကို လှောင်ရယ်လိုက်ရမလား။'


သို့ပေမယ့် သူက မျက်နှာပေါ်တွင် အမူအရာ မဖော်ပြခဲ့ပေ။


"သိုးမွေးချည်နဲ့ ထိုးထားတာလေ။"


သူက ဆက်မေးလိုက်သည်။


"အဘိုး... ဝတ်ရတာ အဆင်ပြေလား။"


သူက အဆောင်မှ မထွက်လာခင်ကတည်းက တစ်စုံဝတ်ထားသောကြောင့် ခံစားချက်ကို သူ သိသည်။


လျန်သခင်ကြီးက ပြုံးကာ ပြောလိုက်သည်။


"နွေးပြီးတော့ ကိုယ်ခန္ဓာနဲ့ ကပ်နေတာပဲ။"


လျန်သခင်မကြီးက မျက်ခုံးပင့်လိုက်သည်။


"ဂျာကင် မဝတ်တော့ဘူးလား။"


လျန်သခင်ကြီးက ပြုံးကာ လက်ခါပြလိုက်သည်။


"ဂျာကင်က ထူလွန်းတယ်။ လှုပ်ရှားရတာ မလွယ်ဘူး။ ဒါက ပိုကောင်းတယ်။"


လျန်မိသားစုဝင်များ ဆွံ့အသွားခဲ့ကြသည်။ 'ဂျာကင်ဝတ်ရတာ ပိုကောင်းတယ်လို့ စောစောက ပြောခဲ့တာ ဘယ်သူလဲ။ ဒီအဘိုးက အရမ်းကို အပြောင်းအလဲ လွယ်တာပဲ။'


လျန်ယို့ရှောင်က ပြုံးကာ ပြောလိုက်သည်။


"အဘိုးအတွက်က တစ်စုံ ထပ်ကျန်သေးတယ်။ အဖေ့အတွက်က နှစ်စုံပါ။"


လျန်သခင်ကြီးက တည့်ပြောလေသည်။


"မင်းအဖေရဲ့ ကိုယ်ခန္ဓာက သိပ်သန်မာတာ။ အနွေးထည်တွေ ဝတ်စရာ မလိုဘူး။ သူနဲ့ ငါက ကိုယ်ခန္ဓာအရွယ်အစား အတူတူပဲဆိုတော့ ကျန်တဲ့ နှစ်စုံကိုလည်း ငါပဲ ယူလိုက်မယ်။"


လျန်မင်ချန်မှာ ဆွံ့အနေခဲ့သည်။ 'ကျွန်တော်က သူ့အဖေအရင်းပါ၊ ဟုတ်တယ်မလား။ ဒါဆို လျန်ယို့ရှောင်ကို လမ်းဘေးက ကောက်လာတာ ဖြစ်ရမယ်။'


ထို့အပြင် သူ့သားက သူ့အပေါ် သိတတ်မှုကို ပြသနေခြင်း ဖြစ်သည်။ သူက မည်းမှောင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။


"အဖေ... ယို့ရှောင်က ကျွန်တော့်အပေါ် သိတတ်တာ ရှားပါတယ်။"


သူ့မိဘတွေ အရင်က မတွေ့ဖူးသည့် ပစ္စည်းကောင်းတွေ ဘာများရှိလို့လဲ။ သူက ထိုဝတ်စုံကို ဝတ်ဆင်ကာ မချွတ်ချင်တော့သည့်အပြင်၊ သူ့ဝတ်စုံကိုပါ လိုချင်နေသည်ကို ကြည့်ခြင်းအားဖြင့် တကယ်နွေးတာ သိသာလှသည်။


ဆောင်းရာသီ ဝင်လာစဉ်က သူ့အဖေက ဘုရင်ကြီးကို နေမကောင်းကြောင်း တင်ပြပြီး ရုံးတော်သို့ မသွားတော့ပေ။ သို့ပေမယ့် သူကတော့ သွားနေရဆဲ ဖြစ်သည်။ မနက်တိုင်း ပင်မခန်းမကြီးမှာ မတ်တတ်ရပ်နေရသည်။ မီးလင်းဖိုများ ရှိသော်လည်း အေးနေဆဲပင် ဖြစ်သည်။


အရာရှိဝတ်စုံအပေါ်တွင် ကုတ်အင်္ကျီတို့၊ အမွေးပွခြုံထည်တို့ ထပ်ဝတ်ရန်မှာလည်း မသင့်လျော်ပေ။ ထို့ကြောင့် သူက အနွေးထည်များကို စိတ်မဝင်စားခဲ့ခြင်း ဖြစ်သည်။


လျန်သခင်ကြီးက အရှက်မရှိချင်ယောင် ဆောင်လိုက်သည်။


"မင်းလည်း ငါ့ကို ဘာမှ မပေးဖူးခဲ့ပါဘူး။ ဒါကို မိဘကိုပေးတဲ့ လက်ဆောင်လို့ပဲ သဘောထားလိုက်။"


လျှော်ဖွတ်ပြီး တစ်ထည်ပြီးတစ်ထည် လဲဝတ်ရန် ဆိုပါက နှစ်စုံတည်းဖြင့် မည်သို့ လောက်ငှနိုင်မည်နည်း။


လျန်မင်ချန်မှာ ဆွံ့အသွားခဲ့ရသည်။ 'လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ မြေခွေးမွေးနဲ့ လုပ်ထားတဲ့ ကုတ်အင်္ကျီ ပေးခဲ့သေးတယ်လေ။ ဒီလိုပဲ ကွက်ပြီး မေ့သွားရသလား။'

***