အခန်း(၂၅၁) - ညီလာခံလာတက်တယ်ဆိုတာ ဟန်ပြပဲ၊ တကယ်က လာကြွားဝါတာကို
ရှီမိသားစုအိမ်တွင်လည်း အလားတူ ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့သည်။
ရှီရှင်းဟန်က သူ့မာကျောက်ကစားဖော်များကို ရွှင်ပျစွာ ဖိတ်ခေါ်ခဲ့သည်။ ရှီရှင်းဟန်သည် အလုပ်လုပ်သည့်အခါတွင် အသုံးပြုရန်အတွက် သားဖြစ်သူ၏ သံမီးဖိုကို သူ့စာဖတ်ခန်းထဲသို့ ယူသွားချင်နေခဲ့သည်။ ရှီလွေ့က သူ့ကို ငြင်းဆန်ကာ တားမြစ်ခဲ့သည်။
"အဲဒါ ကျွန်တော့်ဟာ... အဖေ ယူလို့ မရဘူး။"
ရှီရှင်းဟန်က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"မင်းက နေ့တိုင်း အပြင်ပဲ လျှောက်သွားနေတာလေ။ လိုမှ မလိုတာ၊ အလကားဖြစ်တယ်။ ငါကမှ စာဖတ်ခန်းထဲမှာ နေ့တိုင်း အလုပ်လုပ်ရတာကွ။"
ရှီလွေ့မှာ ဆို့နင့်သွားခဲ့ရသည်။ 'ကျွန်တော့်လို ပေါ့ပေါ့နေ ပေါ့ပေါ့စား သခင်လေးတစ်ယောက်က သူ့ကို ဘယ်လိုသွားပြီး အနိုင်ယူလို့ ရနိုင်ပါ့မလဲ။'
ထို့နောက် သူက ပြောလိုက်သည်။
"အဖေ့ရဲ့ အဖေကိုသာ သွားရှာလိုက်ပါလား။"
ရှီရှင်းဟန်က လက်ယားနေခဲ့သည်။
"သားက အဖေ့ဆီကနေ သွားတောင်းလို့ ဖြစ်ပါ့မလား။ အဖေကပဲ သားဆီကနေ ပြန်တောင်းရမှာပေါ့။ မင်းရဲ့ ဆွယ်တာ၊ သိုးမွေးဘောင်းဘီနဲ့ သိုးမွေးခြေအိတ်တွေကို သွားကြွားတော့မှာ မဟုတ်လား။ မြန်မြန်သွား။"
ထို့နောက် သူက ဆက်လက် တိုက်တွန်းလိုက်သည်။
"မဟုတ်ရင်တော့ လျန်မိသားစုက ကလေးက ရေပန်းစားမှုကို အရင်လုယူသွားလိမ့်မယ်။"
ဒေါသထွက်နေသည့် ရှီလွေ့မှာ ချက်ချင်းဆိုသလို မျက်လုံးပြူးသွားကာ သူ့ခြေထောက်ကို ပုတ်ရင်း ပြောလိုက်သည်။
"ရေပန်းစားမှုကိုတော့ အလုခံလို့ မဖြစ်ဘူး။"
ထို့နောက် သူက ခြံပြင်သို့ တုံ့ဆိုင်းခြင်းမရှိဘဲ ပြေးထွက်သွားခဲ့သည်။
"နောက်မှ အဖေ့ကို ပြန်လာရှာမယ်။"
ရှီရှင်းဟန်က မြန်မြန် ပြေးထွက်သွားသည့် သားဖြစ်သူကိုကြည့်ကာ အပြုံးဖြင့် စကားဆိုလိုက်သည်။
"ကောင်လေးရာ... မင်းအဖေနဲ့ ပြိုင်ပြီး စကားများဖို့ ဝါနုပါသေးတယ်ကွာ။"
သူက ပျော်ရွှင်စွာဖြင့် ခေါင်းလှည့်လိုက်ပြီးနောက် သံမီးဖိုကို အစေခံကောင်လေးများအား သူ့စာဖတ်ခန်းထဲသို့ ရွှေ့ခိုင်းလိုက်သည်။ ထို့နောက် သူ့မိတ်ဆွေများနှင့် လက်ဖက်ရည်သောက်ရန်အတွက် ဆွယ်တာနှင့် သိုးမွေးဘောင်းဘီကို ဝတ်ဆင်လိုက်သည်။ သူ့သားက သူ့အပေါ် သိတတ်လေ့ရှိတာ ရှားပါးသောကြောင့် သူက အပြင်ထွက်၍ ကြွားဝါရန် မစောင့်နိုင်တော့ပေ။
ဖေးယွီကျယ်နှင့် သူ၏တူဖြစ်သူက နန်ရှီစီရင်စုမြို့၌ပင် ရှိနေသေးသောကြောင့် ဖေးမိသားစုအိမ်တော်တွင်တော့ ထိုသို့သော ဖြစ်ရပ်မျိုး မဖြစ်ပွားခဲ့ပေ။ သို့သော် ထိုအချင်းအရာက ဖေးသခင်ကြီး၏ တခြားမယားငယ်များမှ မွေးဖွားလာသော မိသားစုဝင်များကိုတော့ အလွန် မနာလိုဖြစ်သွားစေခဲ့သည်။
ဖေးသခင်ကြီးကလည်း ဝတ်စုံနှစ်စုံ ရရှိခဲ့သည်။ သူက ထိုနေ့မှာပင် ဝတ်စုံများကို ဝတ်ဆင်ခဲ့ပြီး သူ့ညီအစ်ကိုများရှေ့တွင် တမင် သွားရောက် ကြွားဝါခဲ့သည်။
'ကြည့်စမ်းပါဦး၊ ငါ့သားက သောက်စားပျော်ပါးဖို့ပဲ သိတာမဟုတ်ဘဲ၊ မိဘအပေါ်လည်း သိတတ်သေးတယ်' ဟု ပြောနေသည့်ဟန် ပေါက်နေသည်။
မကြာခင်မှာပင် ရှီလွေ့နှင့် လျန်ယို့ရှောင်တို့သည် သူတို့ ဆုံနေကျ နေရာလေးတွင် တွေ့ဆုံခဲ့ကြသည်။ အဖေဖြစ်သူ၏ သတိပေးချက်ကြောင့် ရှီလွေ့က တစ်လှမ်း ကြိုရောက်နေခဲ့သည်။
သူက တခြားသခင်လေးများကို သူ့အဝတ်အစားအသစ်နှင့် ခြေအိတ်များကို ကြွားဝါခဲ့ပြီးနောက်၊ သူကိုယ်တိုင် ဝတ်ဆင်ရန် မဟုတ်ဘဲ တမင်ကြွားဝါရန်အတွက် ယူဆောင်လာခဲ့သော တခြားအဝတ်အထည်များကို ထုတ်ကာ တခြားသခင်လေးများအား အစမ်းဝတ်ကြည့်ခိုင်းသည်။ ထို့နောက်မှသာ လျန်ယို့ရှောင်က သူ့အဝတ်အစားများ၊ ခြေအိတ်များကို ယူဆောင်လျက် ရောက်လာခဲ့သည်။
ရှီလွေ့က ကြွားလုံးထုတ်ပြီးသွားပြီ ဖြစ်သည်ကို တွေ့လိုက်ရသောအခါ သူ အီလည်လည် ဖြစ်သွားခဲ့ရသည်။ အကယ်၍ သူ့အဖေသာ သံမီးဖိုကို လုယူရန်အတွက် သူ့ကို မတားဆီးခဲ့လျှင် သူ ယခုလို နှောင့်နှေးသွားခဲ့မည် မဟုတ်ပေ။
သူက ရှီလွေ့ကို မေးလိုက်သည်။
"သံမီးဖိုကို ပေးလိုက်ရပြီလား။"
ရှီလွေ့က မျက်လုံးလှန်ပြလိုက်သည်။
"ပြောမနေပါနဲ့တော့ကွာ။ အဘိုးနဲ့ အဘွားကို ပေးလိုက်တော့ နောက်ဆုံး ငါ့အဖေကပါ အာရုံစိုက်လာတော့တာပဲလေ။"
မူလက လုပ်ချင်ကိုင်ချင်စိတ်များ ပျောက်ဆုံးနေခဲ့သည့် လျန်ယို့ရှောင်မှာ ချက်ချင်းပင် တက်ကြွလာခဲ့သည်။
"သံမီးဖိုကို မင်းဆီကနေ လုယူသွားကြတယ် မလား။"
ရှီလွေ့က ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်။"
ထို့နောက် လျန်ယို့ရှောင်က ပျော်ရွှင်စွာ ဆက်ပြောသည်။
"ငါ့ဆွယ်တာနဲ့ သိုးမွေးဘောင်းဘီကိုတော့ အဖေနဲ့ အစ်ကိုကြီးက ဝတ်လို့ မတော်လို့သာပေါ့။ မဟုတ်ရင် ငါ့ကို လုသွားကြလောက်ပြီ။"
သူ့ညီများကလည်း ဝတ်လို့ မတော်ခဲ့ပေ။ မဟုတ်ပါက သူ့မှာ ကြွားလုံးထုတ်စရာပင် ကျန်မည် မဟုတ်ပေ။
လျန်ယို့ရှောင်က ထပ်တူကျသည့် ခံစားချက်ဖြင့် ရှီလွေ့၏ ပခုံးကို ပုတ်ပေးလိုက်သည်။
"စိတ်သောကရောက်ရတဲ့ နေရာမှာတော့ ငါတို့က တကယ့်ကို ညီအစ်ကိုတွေပဲ။"
သူ့ညီနှစ်ယောက်က သူ့အဆောင်သို့လာကာ သိုးမွေးအထည်များကို လာတောင်းခဲ့ကြသေးသည်။ ကံကောင်းချင်တော့ သူတို့နှင့် အချိုးအစား မတော်ခဲ့ပေ။ မဟုတ်ပါက သူ့အတွက် ဘာမှ ကျန်တော့မည် မဟုတ်ပေ။
သူ့အဘိုးနှင့် အဖေဖြစ်သူက ပိုကြီးသည့် အရွယ်အစားကို ဝတ်ဆင်ရသောကြောင့် သူ့အဝတ်အစားများကို ယူဝတ်ဖို့ဆိုတာက ပိုလို့တောင် မဖြစ်နိုင်ပေ။ ထို့ကြောင့် သိုးမွေးအထည်များ ထပ်မံရရှိရန်အတွက် နန်ရှီစီရင်စုမြို့သို့ စာအမြန် ရေးပို့ဖို့ရာ သူ့ကို ခိုင်းစေခဲ့ကြသည်။
ရှီလွေ့က နှာခေါင်းရှုံ့လိုက်သည်။
"ဟုတ်တယ်။ အရှက်မရှိတဲ့ အဖေမျိုးနဲ့ ဆုံခဲ့ရတာကိုး။"
သူ အိမ်ပြန်ရောက်သည့်အခါ သံမီးဖိုစားပွဲလေး ရှိတော့မည်မဟုတ်သည်မှာ သေချာနေသည်။
လျန်ယို့ရှောင်က သက်ပြင်းချလိုက်သည်။
"စိတ်တိုစရာ ကောင်းလိုက်တာ။ ငါက မင်းတို့ကို အိမ်ခေါ်ပြီး မာကျောက်ကစားမလို့ စိတ်ကူးထားတာပါဆိုမှပဲ။"
အခုတော့ သူ့မှာ ရွေးချယ်စရာ မရှိတော့ပေ။ အကယ်၍ သူ့လူများကိုခေါ်ကာ သူ့အဖေ၏ အခန်းထဲ၌ သွားရောက် မာကျောက်ကစားမည် ဆိုပါက အရင်ဆုံး သူ၏ခြေထောက်များ အချိုးခံရနိုင်သည်။
ရှီလွေ့ကလည်း သက်ပြင်းချလိုက်သည်။
"ဟုတ်ပါ့ကွာ။"
သူတို့နှစ်ယောက်မှာ တွေးတောငေးမောနေမိကြသည်။
နောက်ဆုံးတော့ သူတို့၏ အဘိုးများကသာ အပျော်ရွှင်ဆုံး ဖြစ်သွားခဲ့ရသည်။ ရှီသခင်ကြီးနှင့် လျန်သခင်ကြီးတို့သည် သူတို့၏ မိတ်ဆွေများနှင့်အတူ ဇိမ်ကျကျ လက်ဖက်ရည်သောက်ကာ မာကျောက် ကစားနေခဲ့ကြသည်။
မျှော်လင့်ထားသည့်အတိုင်းပင် သူတို့၏ မိတ်ဆွေများထံမှ အားကျသည့် အကြည့်များကို ရရှိခဲ့ကြသည်။ ဆွယ်တာများ၊ သိုးမွေးဘောင်းဘီများနှင့် သံစားပွဲမီးဖိုကို ပို၍ပင် အားကျမနာလို ဖြစ်ခဲ့ကြသည်။ ထို့ကြောင့် သူတို့ကို သိုးမွေးခြေအိတ် တစ်စုံစီလောက် ခွဲပေးရန် ထိုသခင်ကြီးနှစ်ယောက်ကို မရပ်မနား နားပူနားဆာ လုပ်ခဲ့ကြလေသည်။
နောက်တစ်နေ့ နံနက်တွင်တော့ သူတို့သည် ညီလာခံသို့ တက်ရောက်ခဲ့ကြသည်။ ကျန်းမာရေးအရ ခွင့်ယူထားကြသော အရာရှိအိုကြီး သုံးယောက်သည် ဒီနေ့မှ မနက်ခင်းညီလာခံကို သွားတက်ခဲ့ကြသည်။
သူတို့ကို မြင်လိုက်ရသောအခါ လူတိုင်းမှာ ကြက်သေသေသွားခဲ့ရသည်။ ဆောင်းရာသီရောက်တိုင်း အရာရှိအိုကြီးတချို့မှာ နေမကောင်းဖြစ်တတ်သောကြောင့် ခွင့်ယူလေ့ရှိကြသည်။ အထူးသဖြင့် လျန်သခင်ကြီးနှင့် ရှီသခင်ကြီးတို့က ဆောင်းတွင်းတစ်ခုလုံးနီးပါး ခွင့်ယူတတ်ကြသည်။
'ဒီနေ့မှ ဘာကြောင့်များ ညီလာခံကို ရောက်လာကြတာလဲ။'
ရှီသခင်ကြီးနှင့် ဆက်ဆံရေးကောင်းမွန်သည့် လုပ်ဖော်ကိုင်ဖက်တစ်ဦးက ပြုံးကာ မေးလိုက်သည်။
"သခင်ကြီး... ဒီနေ့ မနက်ခင်းညီလာခံကို လာတက်တယ်ပေါ့။"
ရှီသခင်ကြီးက အပေါ်သို့ ထွက်ပေါ်နေသည့် ဆွယ်တာလည်ပင်းကို ညွှန်ပြကာ ပြောလိုက်သည်။
"ကျွန်တော့်မြေးက သိပ်ကို သိတတ်တာလေဗျာ။ ကျွန်တော့်အတွက် သိုးမွေးဆွယ်တာနဲ့ ဘောင်းဘီအစုံတွေကို မြို့ပြင်ထွက်ပြီး သွားဝယ်ပေးခဲ့တာ။ အခု အနွေးဓာတ် ရနေပြီဆိုတော့ ညီလာခံကို လာတက်နိုင်တာပေါ့ဗျာ။"
လုပ်ဖော်ကိုင်ဖက်များမှာ ဆွံ့အသွားခဲ့ကြသည်။ 'ညီလာခံ လာတက်တယ်ဆိုတာ ဟန်ပြသက်သက်ပဲ။ တကယ်က လာကြွားဝါချင်နေတာကိုး။'
လျန်သခင်ကြီးသည်လည်း ထိုအတိုင်းပင် ဖြစ်နေသည်။
ဖေးသခင်ကြီးကတော့ ပို၍ သီးသန့်ဆန်သည်။ သူက အဆင့် (၁) အစိုးရအမှုထမ်း ဖြစ်သောကြောင့် စစ်တပ်မိသားစု နောက်ခံမှ ဆင်းသက်လာသည့် ထိုနှစ်ယောက်နှင့် ကွာခြားသည်။ သို့ပေမယ့်လည်း သူ့မြေးပေးသည့် သိုးမွေးဆွယ်တာနှင့် ဘောင်းဘီက ဘယ်လောက်တောင် နွေးထွေးကာ သက်သောင့်သက်သာ ရှိကြောင်းကို သူကလည်း လိုက်လံ ကြွားဝါနေခဲ့သည်။
မော့ချင်းလင်၏ အမေဘက်မှ အဘိုးနှင့် ဦးလေးများပင် သူတို့မြေး၊ သူတို့တူဖြစ်သူ၏ သိတတ်မှုကို ကြွားဝါနေခဲ့ကြသည်။ မော့ချင်းလင်သည် တခြားနယ်တွင် တာဝန်ကျနေသော်လည်း သူတို့အတွက် တွေးပေးနေဆဲ ဖြစ်သည်။
ဆံပင်တစ်ချောင်းမျှပင် မရရှိခဲ့သည့် မော့ချင်းလင်၏ အဖေကတော့ မျက်နှာကြီး မည်းမှောင်နေခဲ့သည်။ ရှီရှင်းဟန်နှင့် ကျန်အဖေနှစ်ယောက်ကတော့ သူတို့သားများ၏ သိတတ်မှုကို အလွန်အမင်း ကြွားလုံးထုတ်နေခဲ့ကြသည်။
ထိုသူသုံးယောက်ကို မြင်ရသောအခါ မော့ချင်းလင်၏ အဖေမှာ အံကြိတ်ထားရလွန်းသဖြင့် သွားများပင် ကျိန်းလာခဲ့သည်။
'သူတို့ရဲ့ အသုံးမကျတဲ့ သားတွေကိုများ ဘာတွေလာပြီး ကြွားလုံးထုတ်နေကြတာလဲ။'
သူ့ရင်ထဲတွင်တော့ မသိတတ်သည့် နန်ရှီစီရင်စုရောက် သားဖြစ်သူကို ကြိတ်ကာ ဆဲရေးနေမိသည်။ 'အသုံးမကျတဲ့ ကောင်တွေကတောင် သူတို့ရဲ့ အဘိုးတွေ၊ အဖေတွေအတွက် တွေးပေးခဲ့ကြသေးတယ်။ ဟိုမျိုးမစစ်ကတော့ သူ့အမေဘက်က အဘိုးနဲ့ ဦးလေးတွေအတွက်သာ တွေးပေးခဲ့တယ်။'
သိုးမွေးဆွယ်တာနှင့် ဘောင်းဘီများအကြောင်းကို အခြားဝန်ကြီးများပင် သိချင်နေကြသည်။
'ဒါတွေက ဝတ်ရတာ ဘယ်လောက်တောင်များ ကောင်းနေလို့လဲ။'
သူတို့၏ ရင်ထဲတွင် အလွန်ပင် ချဉ်တူးနေခဲ့ရသည်။
'အခု ကမ္ဘာကြီးက ဘာတွေ ဖြစ်ကုန်ကြတာလဲ။ အသုံးမကျတဲ့ သခင်လေးတွေကတောင် မိဘကို သိတတ်နေကြတဲ့အချိန်မှာ၊ သူတို့ရဲ့ အလားအလာရှိတဲ့ သားတွေက အဲဒီအသုံးမကျတဲ့လူတွေကိုတောင် မမီကြတော့ဘူး။ မဖြစ်ဘူး... အိမ်ပြန်ရောက်ရင် သားတွေကို စာကြိုးစားဖို့ ဖိအားပေးရမယ်။ ဒါက တရားလွန်လွန်းတယ်။'
ထို့နောက် မနက်ခင်းညီလာခံသို့ ဘုရင်ကြီး ကြွရောက်လာခဲ့သည်။ သူသည်လည်း နဂါးဝတ်ရုံတော်အောက်တွင် လည်ထောင်ဆွယ်တာကို ဝတ်ဆင်ထားခဲ့သည်။
ဝန်ကြီးများမှာ ဆွံ့အသွားခဲ့ကြသည်။
'အင်း... စပ်စုနေစရာ မလိုတော့ဘူး။ တကယ်ကို ဝတ်လို့ကောင်းတဲ့အရာပဲ ဖြစ်ရမယ်။'
ထို့ကြောင့် ညီလာခံတွင် အရာရှိအိုကြီး လေးယောက်နှင့် အဖေသုံးယောက်ကို လုပ်ဖော်ကိုင်ဖက်များက သိုးမွေးဆွယ်တာနှင့် ဘောင်းဘီအကြောင်း ဝိုင်းဝန်းမေးမြန်းကြလေသည်။ သူတို့က သံစားပွဲမီးဖိုအကြောင်းကိုလည်း ထုတ်ကြွားခဲ့ကြသေးသည်။
'အဟမ်း... အဲဒီစားပွဲမှာ အလုပ်လုပ်ရရင် သိပ်မိုက်တာပဲ' ဟူ၍ ဖြစ်သည်။
ထို့ကြောင့် သိုးမွေးဆွယ်တာနှင့် ဘောင်းဘီကို ဗန်းပြခဲ့သည့် ရှီလွေ့နှင့် ကျန်လူများသည် သိပ်ကို သိတတ်လိမ်မာသည့် သားများ ဖြစ်သွားခဲ့ကြသည်။
ထိုအကြောင်းများကြောင့်ပင် သံစားပွဲမီးဖိုနှင့် သိုးမွေးထည်များက မြို့တော်တွင် ရေပန်းစားလာခဲ့သည်။ သိုးမွေးဆွယ်တာနှင့် ဘောင်းဘီကို ဝတ်ဆင်နိုင်သည့် လူတိုင်းသည် မနာလိုအားကျခြင်းကို ခံခဲ့ကြရသည်။ လူတချို့က သူတို့အတွက်ပါ ဝယ်ပေးရန် ရှီလွေ့နှင့် ကျန်လူများကို တောင်းဆိုခဲ့ကြသည်။
သို့သော် သူတို့သုံးယောက်က အထက်တန်းလွှာ သခင်လေးများ ဖြစ်သောကြောင့် လူအများစုက သူတို့အတွက် ဝယ်ပေးရန် အတင်းအကျပ် မပြောရဲကြပေ။ ခေတ်နောက်ကျ မကျန်ခဲ့ရလေအောင် သူတို့က သူတို့၏ အစေခံလေးများကို နန်ရှီစီရင်စုမြို့သို့ လွှတ်ကာ သွားရောက် ဝယ်ယူခိုင်းကြသည်။ ထို့ကြောင့် စီးပွားရေးအကွက်မြင်သည့် ကုန်သည်အများစုကလည်း နန်ရှီစီရင်စုမြို့သို့ အလောတကြီး ထွက်ခွာသွားခဲ့ကြသည်။
သို့သော် ရှီလွေ့နှင့် ကျန်လူများက ခြေတစ်လှမ်း ပိုသာနေခဲ့သည်။ သူတို့က တစ်ရက်တည်းမှာပင် စာများရေးသားခဲ့ပြီး အမြန်ဆုံးစာတိုက်မှတစ်ဆင့် နန်ရှီစီရင်စုမြို့သို့ စာပို့ခဲ့သည်။
ရှစ်ချင်းလျို့ကလည်း ကြိုတင်ပြင်ဆင်ထားကာ အမျိုးသမီးအလုပ်သမားများ ပိုငှားထားခဲ့သည်။ သို့ပေမယ့် သိုးမွေးအထည် ရောင်းထွက်သည့် ပမာဏကို လိုက်မမီခဲ့ပေ။ မော့ချင်းလင်၊ ဆရာဟုန်နှင့် ပိုင်ရွှီတို့ ဆွယ်တာ ဝတ်ဆင်ပြီးနောက်တွင် ကြော်ငြာအား ပိုကောင်းလာကာ စီရင်စုမြို့မှ အာဏာရှိမိသားစုများနှင့် လူချမ်းသာမိသားစုများက ရှာ့ရှီရွာသို့ လာရောက် ဝယ်ယူခဲ့ကြသည်။
ရှီလွေ့နှင့် ကျန်လူများထံမှ စာကို ရရှိပြီးနောက် ရှစ်ချင်းလျို့မှာလည်း ရွေးချယ်စရာ မရှိတော့ဘဲ ထုတ်လုပ်မှုကို ပိုမို တိုးချဲ့ခဲ့ရသည်။ ဒီတစ်ခါတော့ သူမက အနီးအနားရွာများမှ အမျိုးသမီးအလုပ်သမားများကို ငှားရမ်းရုံသာမက စီရင်စုမြို့တစ်ဝှမ်းရှိ အမျိုးသမီးအလုပ်သမားများကိုပါ ထပ်မံ ငှားရမ်းခဲ့ရသည်။
သူမက စီရင်စုမြို့တွင် ခြံအကြီးကြီးတစ်ခြံကို ငှားရမ်းကာ ရပ်ဝေးမှ အလုပ်လာလုပ်ကြသည့် အမျိုးသမီးအလုပ်သမားများအတွက် နေစရာ၊ စားစရာပါ စီစဉ်ပေးခဲ့သည်။
သိုးမွေးအလုပ်ရုံမှ အမျိုးသမီးအလုပ်သမားများ ငှားရမ်းနေသည့် သတင်းက နန်ရှီစီရင်စုမြို့ အနှံ့အပြားသို့ မြန်ဆန်စွာ ပျံ့နှံ့သွားခဲ့သည်။
ရလဒ်အနေဖြင့် ရှစ်ချင်းလျို့၏ နာမည်မှာ ထပ်ရေပန်းစားလာခဲ့သည်။ သူမသည် အမျိုးသမီးအများစု၏ လေးစားမှုနှင့် ကျေးဇူးတင်မှုတို့ကိုပါ ရရှိခဲ့သည်။
***