Ch 252
Viewers 33k

အခန်း(၂၅၂) - တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး


မြို့တော်မှ လူအများအပြား သံမီးဖိုလာဝယ်ကြရာ တဖြည်းဖြည်းဖြင့် မော့ချင်းလင်ထံသို့ ရောက်ရှိလာခဲ့ကြသည်။


မော့ချင်းလင်က သံထုတ်လုပ်သည့် စက်ရုံသို့ သွားရောက်ကာ လက်မှုပညာသည်များကို မေးမြန်းစုံစမ်းခဲ့သည်။


နောက်ဆုံးတွင်တော့ လက်နက်လုပ်ရာမှ ကြွင်းကျန်ရစ်သည့် သံများဖြင့် သံမီးဖိုများ ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ သံတိုသံစများ၏ သန်မာမှုမှာ လက်နက်လုပ်နိုင်သည်အထိ မကောင်းမွန်ပေ။ လက်နက်အတွက် မကောင်းသော်လည်း သံမီးဖိုတော့ လုပ်လို့ရသည်။ ဒါဟာ သူတို့၏ စီရင်စုရုံးတော်ကိုလည်း အကျိုးအမြတ် အကြီးကြီး ရရှိစေနိုင်သည်။


ထို့ကြောင့် မော့ချင်းလင်က သံစားပွဲမီးဖိုလုပ်ရန်အတွက် အလုပ်ရုံတစ်ခု တည်ဆောက်ခဲ့ပြီး ထိုနေရာသို့ လက်မှုပညာသည်များကို ပြောင်းရွှေ့ပေးခဲ့သည်။


ရှစ်ချင်းလျို့၏ သိုးမွေးအလုပ်ရုံကလည်း လမ်းမှန်ပေါ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။


သူတို့ရွာရှိ သိုးမွေးအလုပ်ရုံမှ အမျိုးသမီးများနှင့် မိန်းကလေးများက နေ့တိုင်း အိမ်ပြန်နိုင်သည်။ သူတို့ အကုန်လုံးက အနီးအနားရွာမှ လူများသာ ဖြစ်သည်။ အကယ်၍ သူတို့သာ ဆွယ်တာထိုးနည်းကို အပြင်သို့ ထုတ်ဖော်ပြောဆိုခဲ့မည် ဆိုပါက သူတို့ တစ်ရွာလုံး၏ ရွံရှာအထင်သေးခြင်းကို ခံကြရမည် ဖြစ်သည်။ သက်ဆိုင်ရာရွာမှ ရွာသူကြီးများနှင့် အကြီးအကဲများကလည်း သူတို့ကို ကြီးကြပ်ပေးကြလိမ့်မည်။


စီရင်စုမြို့တွင်မူ သိုးမွေးချည်မျှင်လုပ်ခြင်း၊ သိုးမွေးဆွယ်တာ အရောင်ဆိုးခြင်း၊ သိုးမွေးဘောင်းဘီထိုးခြင်း၊ သိုးမွေးခြေအိတ်၊ သိုးမွေးဖိနပ်၊ သိုးမွေးမာဖလာ ထိုးခြင်း စသည်တို့ကို ရှစ်ချင်းလျို့က အလုပ်ရုံ အသီးသီး ခွဲခြားထားခဲ့သည်။


ထို့ကြောင့် အချိန်တိုအတွင်းမှာ ဘယ်သူကမှ ကြိုးကိုင်ခြယ်လှယ်ဖို့ မလွယ်ကူပေ။


သူမက ပိုင်ရွှီကို သူ့ဦးလေးထံမှ သိုးမွေးများကို များများ စုဆောင်းခိုင်းကာ သူမ၏ အလုပ်ရုံများသို့ လာရောင်းရန်လည်း တောင်းဆိုခဲ့သည်။ သို့သော်လည်း မလုံလောက်သေးသောကြောင့် ရှောင်ဟန်ကျန့်က ပွဲစားများကို သွားတွေ့ကာ ရသမျှ သိုးမွေးများအကုန်လုံးကို သူတို့အလုပ်ရုံသို့ ရောင်းပေးရန် သွားရောက် ပြောဆိုခဲ့သည်။


စီးပွားရေးလောကထဲဝင်ရန် လျန်သခင်ကြီး၏ ခွင့်ပြုချက်ကို ရရှိထားပြီးသည့် လျန်ယို့ရှောင်က မြို့တော်တွင် သံစားပွဲမီးဖိုများနှင့် သိုးမွေးအထည်ပစ္စည်းများ ရောင်းချရန် ဆိုင်ဖွင့်ခဲ့သည်။


ပထမတစ်သုတ်အဖြစ် မြို့တော်သို့ ရောက်ရှိလာသည့် သံမီးဖိုစားပွဲများနှင့် သိုးမွေးဆွယ်တာ၊ ဘောင်းဘီများက ဈေးမနည်းသော်လည်း မြန်မြန်ဆန်ဆန်ပင် ရောင်းကုန်သွားခဲ့သည်။ လျန်ယို့ရှောင်က ငွေအမြောက်အမြား ရှာဖွေနိုင်ခဲ့သည်။


လျန်ယို့ရှောင်က အိမ်သို့ ဇိမ်ကျကျ ပြန်လာပြီးနောက် လျန်သခင်မကြီး၏ အဆောင်သို့ ညစာစားရန် သွားလိုက်သည့်အချိန်မှာပင် လူတိုင်းက သူ့ကို မနာလိုစွာ စိုက်ကြည့်နေကြသည်။


"အလုပ်ရှုပ်နေတဲ့လူ ပြန်လာပြီလား။"


"နင့်ဆိုင်ရဲ့ စီးပွားရေးက သိပ်ကောင်းနေတော့ ငွေတွေ အများကြီး ရှာနိုင်ခဲ့တယ်မလား။"


"စကိတ်ဘုတ်ပြားနဲ့ စကူတာဆိုင်ကနေလည်း ငွေတွေ အများကြီး ဝင်နေတာပဲလေ။"


"အိမ်ကို ပိုက်ဆံအပ်သင့်တယ် မဟုတ်လား။ ငါတို့အဆောင်ကို သံမီးဖိုလေးတွေ၊ သိုးမွေးအထည်လေးတွေတောင် တစ်ခုမှ မပေးဘဲ အကုန်ရောင်းပစ်ရတယ်လို့။ ယို့ရှောင်... နင် ငွေကြောင့် ကန်းသွားပြီလား။ ပြည်သူ့အုပ်ချုပ်ရေးမှူးစံအိမ်က သခင်လေးက စီးပွားရေးလောကထဲ ဝင်သွားတယ်ဆိုပြီး လူတွေ ဝိုင်းစော်ကားကြမှာကို နင် မကြောက်ဘူးလား။"


ဤအရာများကို လျန်ယို့ရှောင်က ကြိုတင် တွေးထားမိပြီးသား ဖြစ်သည်။


သူက ရဲတင်းစွာပင် ပြန်ပြောလိုက်သည်။


"စီးပွားရေးလုပ်ဖို့ အဘိုးကိုယ်တိုင် ခွင့်ပြုထားတာ။ ကန့်ကွက်ချင်ရင် သူ့ကို သွားရှာကြလေ။ ငါက ပိုက်ဆံ၊ ရွှေ၊ ငွေတွေကို ကြိုက်တယ်။ မင်းတို့က မကြိုက်လို့လား။"


ထို့နောက် သူက ဆက်ပြောလိုက်သည်။


"ငါက မင်းတို့လို ကြောင်သူတော် မယောင်ဆောင်ဘူး။ မင်းတို့က ရွှေ၊ ငွေတွေကို ကြိုက်ပေမယ့် သူတော်ကောင်း ယောင်ဆောင်နေကြတာလေ။ ပိုက်ဆံ မကြိုက်ရင်လည်း ငါ့အမေဆီက လစဉ်သုံးငွေတွေကို ယူမနေနဲ့တော့လေ။ ငါ စီးပွားရေးလုပ်တာကို မင်းတို့က အထင်သေးနေတာဆိုတော့၊ ငါ့ပစ္စည်းတွေကို ဘာလို့ မင်းတို့အဆောင်ကို ပို့ပေးရမှာလဲ။ ငါက ပိုက်ဆံတွေ သိပ်ပေါနေပြီး သုံးစရာနေရာ မရှိဖြစ်နေတာ မဟုတ်ဘူး။ ဒါ့အပြင် ငါ့ပိုက်ဆံနဲ့ ဝယ်ထားတဲ့ ဟာတွေကို မင်းတို့က သုံးနေပြီး ငါ့နောက်ကွယ်မှာ ငါ့ကို ဆဲဆိုနေတာမျိုးကို ငါက ခံနေရလောက်အောင် မရူးဘူး။ ငါက ဘာကိစ္စ အိမ်ကို ပိုက်ဆံအပ်ရမှာလဲ။ ဆိုင်ဖွင့်ဖို့အတွက် အိမ်က ပိုက်ဆံကို ငါ တစ်ပြားမှ မသုံးထားခဲ့ဘူး။ မင်းတို့လည်း ကိုယ်ပိုင်ဆိုင်တွေ ဖွင့်ထားကြပေမယ့် အိမ်ကို ပိုက်ဆံလာအပ်တာမျိုး ငါ တစ်ခါမှ မတွေ့ဖူးပါဘူး။ ကောင်းတာကိုပဲ တွေးနေကြတယ်။ ဘာတွေ အိပ်မက်မက်နေကြတာလဲ။"


ရှစ်ချင်းလျို့နှင့် သူငယ်ချင်း ဖြစ်ပြီးကတည်းက သူက သူများကို အပြစ်ရှာရာတွင် ပို၍ တော်လာခဲ့သည်။ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးဆိုတာ သိပ်မှန်သည်။ ကောင်းသည့်လူနားနေလျှင် ကောင်းသည့်လူ ဖြစ်လာသည်။ သူများကို အပြစ်ရှာရတာ တကယ်ကောင်းသည်။ နောက်ကျလျှင် ပါးစပ်ကို အသုံးပြုပြီး ရန်ဖြစ်နေစရာပင် မလိုတော့ပေ။


သူ့စကားကြောင့် လူတိုင်း၏ မျက်နှာမှာ မည်းမှောင်သွားခဲ့သည်။


"မင်း..."


လျန်ယို့ရှောင်က လူတိုင်းကို အပြစ်ရှာပြီးနောက် နစ်နာသည့် မျက်နှာထားဖြင့် လျန်သခင်မကြီး၏ အနားသို့ သွားလိုက်သည်။


"အဘွား... ကျွန်တော်က ပိုက်ဆံရှာပြီး အဘိုးနဲ့ အဘွားအတွက် ပစ္စည်းကောင်းလေးတွေ ရှာပေးချင်တာပါ။ ကျွန်တော် ကောင်းကောင်းမွန်မွန် အလုပ်လုပ်နေတာကို သူတို့က မလိုလားသလို ဖြစ်နေတယ်။"


သူက ခြေတစ်လှမ်း နောက်ဆုတ်ကာ ဆက်ပြောသည်။


"ကျွန်တော် အပြင်မှာပဲ သွားနေရမလား။ သူတို့ကို မျက်စိဆံပင်မွေး မဆူးစေချင်တော့ဘူး။"


သူ့အဖေက ပြည်သူ့အုပ်ချုပ်ရေးမှူးစံအိမ်၏ အနာဂတ် ဆက်ခံသူ ဖြစ်သည်။ ထို့ကြောင့် တခြားနေရာတွင် သွားနေဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်ပေ။ သူကလည်း ထိုသို့လုပ်ရန် ဆန္ဒမရှိပေ။


သို့ပေမယ့် ကျားအရေခွံကို အောင်လံတံခွန်လို အသုံးပြုရမည်။ တစ်နည်းအားဖြင့် ဆိုရလျှင် သူ့အဘိုး၊ အဘွားများကို အသုံးပြုကာ သူ့လမ်းကြောင်းကို သူ ရှင်းလင်းထားရမည်။ အနာဂတ်တွင် သူ ရှာဖွေထားသမျှ ပိုက်ဆံများက တခြားလူများနှင့် သက်ဆိုင်မည် မဟုတ်ပေ။


ယခုဆိုလျှင် လျန်ယို့ရှောင်က လျန်သခင်မကြီး၏ ရတနာလေးပင် ဖြစ်နေပြီ။ ဒါ့အပြင် သူမက ဉာဏ်ပိုကောင်းသည့်လူ ဖြစ်သည်။


ထို့ကြောင့် သူမက စတင်၍ ဇာတ်ဝင်ကလေသည်။ သူမက လျန်ယို့ရှောင်ကို အရင်ဆုံး ကြည့်လိုက်သည်။


"ဘာလို့ အပြင်မှာ သွားနေရမှာလဲ။ သူတို့တွေ ထွက်သွားရင်တောင် နင်ကတော့ ငါ့အနားမှာပဲ နေရမယ်။"


ကျန်သည့် လျန်မိသားစုဝင်များက သက်ပြင်းချလိုက်ကြသည်။ သူတို့ အကုန်လုံးကိုကျတော့ လမ်းဘေးက ကောက်လာတာလို့ ထင်နေသလား။


လျန်သခင်မကြီးက ကျန်သည့် လျန်မိသားစုဝင်များကို ကြည့်ကာ ပြောလိုက်သည်။


"မကျေမနပ် ဖြစ်မနေကြနဲ့။ ယို့ရှောင်ကို လျန်သခင်ကြီးက စီးပွားရေးလောကထဲ ဝင်ဖို့ ခွင့်ပြုထားပြီးသား။ နင်တို့တွေ စီးပွားရေး လုပ်ချင်တယ်ဆိုရင် လျန်သခင်ကြီးဆီကနေ ခွင့်ပြုချက် သွားတောင်းပေးမယ်။ နင်တို့ကိုယ်တိုင် ဒီလိုမလုပ်နိုင်ရင် ယို့ရှောင် ပိုက်ဆံရှာနိုင်တာကို မကျေမနပ် ဖြစ်မနေကြနဲ့။ ရှေ့လျှောက် ယို့ရှောင် စီးပွားရေးလုပ်လို့ ရလာတဲ့ ပိုက်ဆံတွေ အကုန်လုံးက သူ့ဟာပဲ။ ဘယ်သူမှ ဝင်မပါကြနဲ့။ မဟုတ်ရင်တော့ လျန်သခင်ကြီးနဲ့တိုင်ပြီး အပြစ်ပေးခိုင်းမယ်။"


'သူတို့တွေ အကုန်လုံးက ရက်စက်လွန်းလှတယ်။ လျန်သခင်မကြီးက သိပ်ကို ဘက်လိုက်တာပဲ' ဟု ကျန်သည့် လျန်မိသားစုဝင်များက တွေးလိုက်မိကြသည်။ သို့ပေမယ့် သူတို့က ဘာမှတော့ မပြောရဲခဲ့ပေ။


မူလတုန်းက လျန်ယို့ရှောင် ရှာသည့် ပိုက်ဆံများက လျန်သခင်ကြီး၏ ပထမဇနီးအတွက် ဖြစ်လိမ့်မည်ဟု သူတို့ ထင်ခဲ့ကြသည်။ သို့ပေမယ့် လျန်သခင်မကြီး ထိုသို့ ပြောလိုက်ပြီးနောက် လျန်ယို့ရှောင် ရှာသမျှ ပိုက်ဆံများ အားလုံးသည် လျန်ယို့ရှောင်၏ သီးသန့်အပိုင်သာ ဖြစ်လာခဲ့သည်။


ထိုအချင်းအရာက လျန်ယို့ရှောင်၏ မရီးနှစ်ယောက်ကို မသက်မသာ ဖြစ်သွားစေခဲ့သည်။ လျန်ယို့ရှောင်၏ အမေကတော့ စိတ်အေးသွားပြီး သက်ပြင်းချလိုက်သည်။ တခြား ကိုယ်လုပ်တော်များက သူ့သားကို ဂုတ်သွေးစုပ် အမြတ်ထုတ်သွားမှာကို သူမ ကြောက်နေခဲ့တာ ဖြစ်သည်။ အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် သူမ အလွန် ရင်နာရလိမ့်မည်။


သားသုံးယောက်ထဲတွင် သူမ၏ သားအငယ်ဆုံးလေးက စကားချိုချိုလေးများဖြင့် သူမကို အချွဲတတ်ဆုံး ဖြစ်သည်။ သူ့တွင် ပစ္စည်းကောင်းလေးများ ရှိလာတိုင်း သူမကို အမြဲတမ်း ခွဲပေးတတ်သည်။ ထို့ကြောင့် သူမက အငယ်ဆုံးသားလေးကို အလိုအလိုက်ဆုံး ဖြစ်သည်။


သူမ ချွေးမနှစ်ယောက် မျက်နှာပျက်နေတာကို မြင်သောအခါ သူမက ပြုံးနေသည့် နှုတ်ခမ်းကို လက်ကိုင်ပုဝါဖြင့် ဖုံးကွယ်ကာ ပါးစပ်သုတ်ချင်ယောင် ဆောင်လိုက်သည်။


မူလက သူမက သူတို့ကို ရိုက်နှက်ရန် စီစဉ်ခဲ့ပေမယ့် လျန်သခင်မကြီး ပြောလိုက်သည့် စကားများကြောင့် သူမက ဘာမှ ဝင်မပြောတော့ပေ။ မျှော်လင့်ထားသည့်အတိုင်း တစ်မိသားစုလုံးထဲတွင် သူမ၏ အငယ်ဆုံးသားလေးက လျန်သခင်မကြီး၏ အချစ်ဆုံးလေး ဖြစ်နေခဲ့သည်။


လျန်သခင်ကြီး၏ နောက်ဇနီးအဆောင်မှ လူများ၏ မချိမဆန့် အကြည့်များကို မြင်လိုက်ရတော့ သူမ ရင်ထဲတွင် ပို၍ သက်သောင့်သက်သာ ရှိသွားခဲ့သည်။


လျန်သခင်မကြီးက သူ့ဘက်မှ ပါဝင်ပေးမည်ကို လျန်ယို့ရှောင်က သိထားခဲ့သည်။ သူက ပြုံးဖြီးဖြီးဖြင့် မြှောက်ပင့်လိုက်သည်။


"တစ်မိသားစုလုံးမှာ အဘိုးနဲ့ အဘွားက စဉ်းစားတွေးခေါ် အတတ်ဆုံးလူဆိုတာ သိသာတယ်။"


သူ့အမေ၏ မျက်စောင်းကို မြင်လိုက်ရတော့ လျန်ယို့ရှောင် အသက်ရှင်လိုစိတ် ပြင်းပြစွာဖြင့် အမြန် ထပ်ပြောလိုက်သည်။


"အမေလည်း ပါတာပေါ့။"


လျန်သခင်ကြီးနှင့် အတူတူ ဝင်လာသည့် လျန်မင်ချန်က သူ့သား၏ စကားကို ကြားသွားခဲ့သည်။


သူ့မျက်နှာက မည်းမှောင်သွားခဲ့သည်။


"မျိုးမစစ်လေး... ငါ့ကိုကျတော့ စဉ်းစားတွေးခေါ် မတတ်ဘူးလို့ ပြောချင်နေတာလား။"


ဘယ်ညာနှစ်ဖက်လုံးတွင် အကာအကွယ် ရထားသည့် လျန်ယို့ရှောင်က သူ့အဖေကို မကြောက်တော့ပေ။


"ကျွန်တော့်ကို ဆဲဆိုရိုက်နှက်တဲ့ ကျန်တဲ့လူတွေကတော့ အဘိုး၊ အဘွားလောက် စဉ်းစားတွေးခေါ်တတ်ခြင်း မရှိဘူးလေ။"


သူ့အဖေက လက်ကို ခါးနားသို့ လှမ်းသွားသည်ကို တွေ့လိုက်ရတော့၊ သူ့အဖေ ကြာပွတ် ဆွဲထုတ်တော့မည်မှန်း သူ သိလိုက်သည်။ သူက ချက်ချင်းပင် လျန်သခင်မကြီး၏ လက်ကိုဖက်ကာ သနားစဖွယ် အော်ဟစ်လိုက်သည်။


"အဘွား... အမေ... အဖေက ကျွန်တော့်ကို ထပ်ရိုက်မလို့ လုပ်နေပြန်ပြီ။"


လျန်မင်ချန်မှာ ဆွံ့အသွားခဲ့ရသည်။ သူ ဘယ်လို သက်ရှိ မကောင်းဆိုးဝါးလေးကိုများ ပျိုးထောင်မိခဲ့တာလဲ။


လျန်သခင်မကြီးက သူမ၏ အကြီးဆုံးသားကို စိုက်ကြည့်လိုက်သည်။


"တော်တော့... ယို့ရှောင်က အမှန်ပြောတာလေ။ သူ့ကို အပြစ်ရှာမနေနဲ့။ ငါ့မြေးလိမ္မာလေးက သိပ်သိတတ်တာ။ သူက နင့်ရဲ့ အရာရှိအသက်မွေးဝမ်းကျောင်းကို မလိုက်ချင်ရုံပါပဲ။ သူ စီးပွားရေး လုပ်မယ်ဆိုလည်း အဆင်ပြေပါတယ်။ သူက ရွှေတွေ ငွေတွေကို သဘောကျတယ်ဆိုမှတော့ လွှတ်ထားလိုက်ပါ။ ငါတို့ မိသားစုမှာ အရာရှိတွေ မရှိတာမှ မဟုတ်တာ။"


လျန်သခင်ကြီး၏ ပထမဇနီးကလည်း ဝင်ပြောသည်။


"ဟုတ်တယ်။ ယို့ရှောင်က သိပ်သိတတ်တာ။ သူ့ကို အပြစ်ရှာမနေနဲ့တော့။"


လျန်မင်ချန်က အလွန် ဒေါသထွက်သွားခဲ့သည်။


"ဒီကောင်က လက်ဖွာပြီးတော့ အသုံးအဖြုန်း ကြီးနေတာ။"


ဒီမကောင်းဆိုးဝါးက တကယ့် မျိုးမစစ်လေး ဖြစ်သည်။ ထိုကောင်စုတ်လေးက သူ့အမေနှင့် ဇနီးဖြစ်သူ၏ အလိုလိုက်ခြင်းကို အလွန်အမင်း ခံထားရသည်။


လျန်သခင်ကြီး၏ ပထမဇနီးက သူ့ကို စိုက်ကြည့်လိုက်သည်။


"ကျွန်မသားက ဘယ်နေရာမှာများ လက်ဖွာနေလို့လဲ။ လွန်ခဲ့တဲ့နှစ်က သူက ပိုက်ဆံတွေ အများကြီး ရှာနိုင်ခဲ့တယ်။ လွန်ခဲ့တဲ့ လအနည်းငယ်က ကျွန်မကိုတောင် ငွေ (၅၀၀၀) လာပေးခဲ့သေးတယ်။"


သူမက ငွေ (၅၀၀၀) မချို့တဲ့သော်လည်း သူမ၏သားက သူမကို ပထမဆုံး သိတတ်စွာဖြင့် ပေးလာသည့် ပိုက်ဆံဖြစ်သောကြောင့် ပျော်ရွှင်စွာ လက်ခံခဲ့သည်။


ထိုစကားများက တခြားဇနီးများကို ပို၍ မနာလိုဖြစ်သွားစေခဲ့သည်။ သူတို့၏သားများက ငွေတစ်ပြားမျှတောင် မပေးသည့်အပြင်၊ မကြာခဏပင် အကြောင်းမဲ့သက်သက် ငွေလာတောင်းလေ့ ရှိကြသည်။ အကယ်၍ မနှိုင်းယှဉ်ခဲ့ပါက မသိနိုင်သော်လည်း ယခုတော့ သိနားလည်သွားခဲ့ကြကာ သူတို့၏ သားများကို လွှင့်ပစ်ချင်စိတ်များပင် ပေါက်လာကြသည်။

***