အခန်း(၂၅၃) - အကုန်လုံး အလကား ဖြစ်သွားပြီ
လျန်မိသားစုမှ တခြားညီအစ်ကိုများကလည်း လျန်ယို့ရှောင်ကို မနာလိုဖြစ်ကာ မုန်းတီးနေကြသည်။ သူတို့က အိမ်မှနေ၍ လစဉ် အသုံးစရိတ်များကို တောင်းခံနေရဆဲ ဖြစ်သည်။
'ထိုကောင်စုတ်လေးက ပိုက်ဆံများကို အပြင်တွင် လျှောက်သုံးရုံတင်မက၊ ငွေ (၅၀၀၀) လာအပ်ပြီး အိမ်မှာပါ လာရောက် ကြွားလုံးထုတ်နေသေးတယ်။'
သူတို့ အလွန် ဒေါသထွက်နေကြပြီး ထိုအထဲတွင် လျန်မင်ချန်လည်း ပါဝင်သည်။ ထိုပိုက်ဆံလောက်လေးကို သူ မချို့တဲ့သော်လည်း ထိုမျိုးမစစ်လေးက သူ့အပေါ်တွင်မူ သိတတ်ကြောင်း လာမပြောခဲ့ပေ။
သူက နှာခေါင်းရှုံ့လိုက်သည်။
"အမေတို့က သူ့ကို ကြပ်ကြပ် အလိုလိုက်ထား သိလား။"
လျန်သခင်မကြီးက သူ့ကို မျက်လုံးလှန်ပြလိုက်သည်။
"ယို့ရှောင်က သိပ်ကို သိတတ်တော့ အလိုလိုက်ခံရတာ တန်တာပေါ့။"
လျန်မိသားစုမှ ကျန်မိသားစုဝင်များမှာ ဆွံ့အသွားခဲ့ရသည်။ 'လျန်သခင်မကြီးက သိပ်ကို ဘက်လိုက်တာပဲ။'
ထိုအချိန်မှာပင် လျန်ယို့ရှောင်က လက်ဆောင်ထုတ်လေးကို ဖြည်ပြလိုက်သည်။
"အဘွား... ဒါက အဘွားအတွက် ရှစ်ချင်းလျို့ကို အထူး ပြုလုပ်ခိုင်းထားတဲ့ သိုးမွေးဦးထုပ်၊ လက်အိတ်၊ မာဖလာနဲ့ ဖိနပ်တွေလေ။ အဲဒါတွေ ဝတ်ထားရင် အဘွားကို အမြဲတမ်း နွေးနေစေလိမ့်မယ်။"
ထိုအရာများက ရှစ်ချင်းလျို့ ပို့ပေးလိုက်သည့် ပစ္စည်းအသစ်များ ဖြစ်သည်။ သူက သူများပေးသည့် ပစ္စည်းဖြင့် မျက်နှာလုပ်မည့်သူလို ချက်ချင်းပင် အိမ်သို့ ပြန်သယ်လာခဲ့သည်။
လျန်သခင်မကြီး၏ မျက်နှာပေါ်မှ အပြုံးများက ပို၍ နက်ရှိုင်းသွားခဲ့သည်။ သူမက လက်မြှောက်ကာ သူ့နဖူးကို ခပ်ဖွဖွလေး ပုတ်လိုက်သည်။
"အဘွားကို ဘယ်လို ပျော်အောင်လုပ်ရမလဲဆိုတာ နင်ပဲ သိတယ်။ ပေး... စမ်းဝတ်ကြည့်ရအောင်။"
စမ်းဝတ်ပြီးနောက် လျန်သခင်မကြီးက သိုးမွေးဦးထုပ်နှင့် ဖိနပ်ကို မချွတ်တော့ပေ။
"သိုးမွေးတွေကို ဒီလိုမျိုး အသုံးပြုလို့ ရမယ်မှန်း မသိခဲ့ဘူး။ သိုးမွေးနဲ့ ထိုးထားတဲ့ ကုန်ပစ္စည်းတွေက တကယ် ကောင်းတာပဲ။"
သိုးမွေးဖိနပ်က အလွန် သက်သောင့်သက်သာရှိကာ နွေးထွေးသည်။ လမ်းလျှောက်ရတာလည်း အဆင်ပြေလွယ်ကူလှသည်။
လျန်သခင်မကြီးက ချစ်ခင်စွာ ပြုံးလိုက်ပြီး ပြောသည်။
"ဦးထုပ်ဆောင်းထားတာက နဖူးပေါ်ကို အဝတ်အုပ်ထားတာထက် ပိုနွေးတယ်။ ထင်တဲ့အတိုင်းပဲ... ယို့ရှောင်က အသိတတ်ဆုံးပဲ။"
ထိုစကားက ကျန်သည့် လျန်မိသားစုဝင်များကို ထပ်ပြီး မသက်မသာ ဖြစ်သွားစေခဲ့သည်။
'ယို့ရှောင် တစ်ယောက်တည်းကပဲ သိတတ်ပြီး သူတို့တွေကတော့ ဒီကို အလှတန်ဆာဆင်ဖို့ သက်သက်သာ ရောက်လာတဲ့ဟန် ပေါက်နေတယ်။'
သူတို့တွေ ကောင်းကောင်းမဆက်ဆံခံရတာကိုတော့ ထုတ်မပြောရဲခဲ့ကြပေ။
လျန်ယို့ရှောင်၏ မရီးနှစ်ယောက်ပင် ရင်ထဲ၌ မကျေမနပ်တွေ ဖြစ်နေခဲ့ကြသည်။ ထိုကလေးက လျန်သခင်မကြီး၊ လျန်သခင်ကြီးနှင့် သူတို့အမေကိုပါ အထိုက်အလျောက် ချော့မြူတတ်သည်။ ဒါဟာ အလွန် ဒေါသထွက်စရာ ကောင်းသည်။
လျန်ယို့ရှောင်က သူတို့၏ အတွေးများကို အဖတ်လုပ်မနေပေ။ သူနှင့် သူ့အစ်ကိုနှစ်ယောက်၏ ဆက်ဆံရေးက ကောင်းမွန်နေဆဲ ဖြစ်သည်။ သူ့အမေကို ပိုက်ဆံပေးသည့်အပြင် သူ့အစ်ကိုနှစ်ယောက်ကိုလည်း ပိုက်ဆံ ပေးခဲ့သေးသည်။ ထို့ကြောင့် သူ့ကို ချော့ပြောပြီး မရီးနှစ်ယောက်က သူ့ထံမှ အကျိုးအမြတ် ရယူဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပေ။
လျန်သခင်ကြီးက လမ်းလျှောက်ဝင်လာကာ မျက်ခုံးပင့်လိုက်သည်။
"မင်းအဘွား အတွက်ပဲလား။"
လျန်ယို့ရှောင်က ရင်ထဲမှနေ၍ မျက်လုံးလှန်လိုက်သည်။ 'သူ့အဘိုးက အသက်ကြီးလာလေလေ၊ ပိုပြီး လိုက်ယှဉ်ပြိုင်တတ်လာလေလေ ဖြစ်နေတယ်။'
သူ့အတွေးများကိုတော့ လျန်သခင်ကြီး မသိခဲ့ပေ။ မဟုတ်ပါက သူ့မြေး၏ ခြေထောက်ကို ရိုက်ချိုးပစ်မည်မှာ အသေအချာပင် ဖြစ်သည်။
"ဒါပေါ့... အဘိုးအတွက်လည်း တစ်စုံ ပါတာပေါ့။"
သူက အထုပ်ထဲမှနေ၍ လျန်သခင်ကြီးအတွက် တစ်စုံကို ထုတ်ပေးလိုက်သည်။
"ဒါ... ဟုတ်တယ်မလား။"
သူ့အတွက်လည်း တစ်စုံ ပါသေးသည်။ ဤပြည်သူ့အုပ်ချုပ်ရေးမှူး စံအိမ်တွင် သူ့အမှားများကို ဖုံးကွယ်ပေးပြီး သူ့အဖေထံမှ အရိုက်မခံရအောင် ကာကွယ်ပေးနိုင်သူမှာ သူ့အဘိုး တစ်ယောက်တည်းသာ ရှိသည်။
လျန်သခင်မကြီးက ပစ္စည်းများကိုယူကာ စမ်းဝတ်ကြည့်ခဲ့သည်။ သူက သိုးမွေးဖိနပ်တစ်စုံကို ဝတ်ကြည့်လိုက်သည်။
"မဆိုးဘူးပဲ။"
ထို့နောက် သူက ထပ်ပြောလိုက်သည်။
"ငါ့အဆောင်ကို ဒါဇင်ကျော်လောက် ထပ်ပေးဦး။ အလကား ပေးပစ်မယ်။"
အလကားပေးချင်သည်မှာ အတုအယောင်ဖြစ်ပြီး ကြွားဝါချင်သည်ကသာ အစစ်အမှန် ဖြစ်သည်။
လျန်ယို့ရှောင်က သိုးမွေးဦးထုပ်များနှင့် ဖိနပ်များကို ရောင်းချမည် ဖြစ်သည်။ သူက သက်ကြီးရွယ်အိုများ ကြွားဝါတာကို အရင်ဆုံး စောင့်ကြည့်ချင်တာ ဖြစ်သည်။ ရှစ်ချင်းလျို့၏ စကားကို သုံးရမည်ဆိုပါက 'ဒါက ကြော်ငြာဆင်းနည်း တစ်ခု' ပင် ဖြစ်သည်။ နောက်ဆုံးတော့ ထုတ်ကုန်၏ ကြော်ငြာက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာစေနိုင်သည်။
သူက ချက်ချင်း ရှေ့သို့တိုးသွားကာ လျန်သခင်ကြီးကို နောက်ထပ် သိုးမွေးဖိနပ်တစ်စုံ စီးပေးလိုက်သည်။
သူက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး... အဘိုးအတွက် သီးသန့် ဖယ်ထားပေးမယ်။"
ကျန်သည့်လူများက သက်ပြင်းချလိုက်ကြသည်။ 'သူက တော်တော် မျက်နှာချိုသွေးတတ်တဲ့ လူပဲ။'
လျန်မင်ချန်မှာ အသံတိတ်နေခဲ့သည်။ ဤမြင်ကွင်းကို ဆက်ကြည့်နေရန် သူ အလွန် ကသိကအောက် ဖြစ်နေရသည်။
လျန်ယို့ရှောင်က သူ့အဘိုးကို ဖိနပ်စီးပေးပြီးနောက် လျန်သခင်ကြီးက အော်ရယ်ကာ ပြောလိုက်သည်။
"ယို့ရှောင်က တကယ့်ကို ထောက်ထားညှာတာတတ်ဆုံး လူပဲ။"
ထိုစကားများကြောင့် ကျန်သည့် လျန်မိသားစုဝင်များ၏ နားများမှာ အသားမာပင် တက်တော့မလို ခံစားလိုက်ကြရသည်။
အဆောင်သို့ ပြန်ရောက်သည့်အခါ သူတို့၏ သားများကို လျန်ယို့ရှောင်ထံမှ သင်ယူခိုင်းရမည်ဟု လျန်သခင်ကြီး၏ ကျန်သည့် ဇနီးများက တွေးလိုက်ကြသည်။
'မျက်နှာချိုသွေးရုံနဲ့တင် လျန်သခင်ကြီးရဲ့ နှလုံးသားကို ဘယ်လောက်တောင် အနိုင်ရသွားပြီလဲ ကြည့်ပါဦး။ အကယ်၍ သူတို့သားတွေသာ လျန်သခင်ကြီးရဲ့ ထောက်ပံ့မှုကိုရပြီး သေချာ ပျိုးထောင်ပေးခြင်း ခံရမယ်ဆိုရင် အနာဂတ်မှာ သူတို့မိသားစုရဲ့ ကြွယ်ဝမှုတွေအတွက် စိုးရိမ်စရာ မလိုတော့ဘူး။'
လျန်ယို့ရှောင်က ချက်ချင်း ပြုံးကာ ပြောလိုက်သည်။
"အဘိုး... အကူအညီတစ်ခုလောက် တောင်းလို့ ရမလား။"
လျန်သခင်ကြီးက သူ့ကို ကြည့်ကာ ပြောလိုက်သည်။
"ပြောကြည့်ပါဦး။"
"ကျွန်တော်က ရှစ်ချင်းလျို့နဲ့ အလုပ်တွဲလုပ်နေတာ ဆိုတော့ နောင်လည်း ပစ္စည်းအသစ်အဆန်းတွေ ရလာဦးမှာ သေချာတယ်။ ဒါပေမဲ့ တခြားလူတွေ ကျွန်တော့်ရဲ့ လုပ်ငန်းဆီကနေ အတုခိုးသွားကြမှာ ကြောက်လို့။ အဲဒီကောင်တွေကို ဖိနှိပ်ထားဖို့ အကူအညီ လိုတယ်။"
မကြာသေးမီက သူက ပိုက်ဆံအများကြီး ရှာနိုင်ခဲ့ရာ လူအများအပြားက သူ့ကို မနာလိုဖြစ်နေကြသည်။ မိသားစုဝင်များပင် မနာလိုဖြစ်နေကြမှတော့ အပြင်လူများဆိုလျှင် ပြောစရာကို မလိုတော့ပေ။
မနာလိုသူများက သူ့ကို မနှောင့်ယှက်ရဲကြပေမယ့် ရှစ်ချင်းလျို့ကို သွားရောက် နှောင့်ယှက်မှာကို သူ စိုးရိမ်တာ ဖြစ်သည်။
လျန်သခင်ကြီးက စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပြန်ပြောသည်။
"အဲဒီလောက် ကိစ္စအသေးအမွှားလေးအတွက် မင်းအဖေကို သွားရှာပါလားကွာ။"
လျန်ယို့ရှောင်က မည်သို့လုပ်၍ သူ့အဖေထံမှ အကူအညီ တောင်းရဲမည်နည်း။ သူ့စီးပွားရေးလုပ်ငန်းများကြောင့် သူ့အဖေက သူ့ကို ဒေါသထွက်နေဆဲပင် ဖြစ်သည်။
သူက ချက်ချင်း မျက်နှာချိုသွေးလိုက်သည်။
"အဘိုးကမှ အသက်ပိုကြီးပြီး ပိုအာဏာကြီးတာကိုး။ အဖေက အဘိုးထက် အများကြီး နိမ့်ကျသေးတယ်လေ။"
ခွန်အားငှားကာ တိုက်ခိုက်ရမည့်အကြောင်းကို သူ ရှစ်ချင်းလျို့ထံမှ သင်ယူခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူ့အဖေသာ လုံလုံလောက်လောက် အာဏာကြီးလျှင် သူ့အဖေကို သွားရှာလိုက်မည် ဖြစ်သည်။ အကယ်၍ သူ့အဖေက သူ့ကို တားဆီးဖို့ လုပ်မည်ဆိုပါကလည်း သူ့အဖေကို နားချဖို့ သူ့အဘိုးထံ အကူအညီ တောင်းရဦးမည်ဖြစ်သည်။ သူက အလွန် ဉာဏ်ကောင်းပေသည်။
'တခြားလူတွေကို စော်ကားဖို့ ဒီမကောင်းဆိုးဝါးလေးက ဘာလို့များ အဲဒီလောက် မောက်မာနေရတာလဲ' ဟု လျန်မင်ချန်က တွေးလိုက်သည်။ အဓိကအချက်မှာ သူက သူ့အဖေနှင့် နှိုင်းယှဉ် ပြောဆိုခြင်း ခံလိုက်ရသောကြောင့် ဖြစ်သည်။
ထိုစကားများကို ကြားပြီးနောက် လျန်သခင်ကြီးမှာ သက်သောင့်သက်သာ ဖြစ်သွားခဲ့သည်။ သူက အသက်ပိုကြီးပြီး အာဏာပိုရှိတာက အမှန်ပင် ဖြစ်သည်။
"ကောင်းပြီ... မနက်ဖြန် လမ်းလျှောက်ထွက်ရင်း သူများတွေကို ပြောလိုက်မယ်။"
ရှစ်ချင်းလျို့တို့ လင်မယားအပေါ် သူလည်း အကောင်းမြင်မိသည်။ ထိုလင်မယားကို ကူညီပေးရင်း သူ့မြေးကိုလည်း သူတို့နှင့် ကောင်းမွန်သည့် ဆက်ဆံရေး ရရှိအောင် ကူညီပေးနိုင်သည်။ ပိုက်ဆံတွေ ပိုရှိလာလို့ ဘယ်သူကများ ညည်းညူမှာမို့လို့လဲ။
အကယ်၍ တစ်ယောက်ယောက်က ရှစ်ချင်းလျို့ကို မကောင်းကြံလိုက်ပါက သူ့မြေးလည်း ချောင်ပိတ်ရိုက်ခံရသလို ဖြစ်သွားလိမ့်မည်။ ထိုသို့ ဖြစ်လို့ မရပေ။
လျန်ယို့ရှောင်မှာ ချက်ချင်း ပျော်ရွှင်သွားကာ၊ ချက်ချင်းပင် သူ့အဘိုး၏ နောက်ကျောကို သွားရောက် နှိပ်နယ်ပေးသည်။
"ထင်တဲ့အတိုင်းပဲ... အဘိုးက ကျွန်တော့်ကို အလိုအလိုက်ဆုံးပဲ။"
လျန်သခင်ကြီးက ပြုံးကာ ပြောလိုက်သည်။
"မင်း သိရင် ပြီးတာပဲ။"
ထို့နောက် သူက ညွှန်ကြားလိုက်သည်။
"ဘယ်ဘက်ကို နှိပ်ဦး။"
လျန်မင်ချန်က သူ့အဖေနှင့် သားကိုကြည့်ကာ မသက်မသာ ဖြစ်နေရသည်။ သူ တကယ်ကို ဆက်ကြည့်မနေနိုင်တော့ပေ။
လျန်သခင်ကြီးက ကတိတည်ခဲ့ကာ နောက်နေ့တွင် စကား ဖြန့်လိုက်သည်။ ယေဘုယျ အဓိပ္ပာယ်ကတော့ 'ရှစ်ချင်းလျို့သည် ပြည်သူ့အုပ်ချုပ်ရေးမှူးစံအိမ်မှ သူ့ကာကွယ်မှုအောက်တွင် ရှိသည်' ဟူသည့် အဓိပ္ပာယ် ဖြစ်သည်။
သူမ၏ အလုပ်ရုံများနှင့် သူမကို မကောင်းကြံဖို့ မတွေးသင့်ကြောင်း သူက ပြောဆိုခဲ့သည်။ မဟုတ်ပါက ပြည်သူ့အုပ်ချုပ်ရေးမှူးစံအိမ်ကို ဆန့်ကျင်တာနှင့် တူကြောင်းပင် ဖြစ်သည်။
လျန်သခင်ကြီး ကိုယ်တိုင် လှုပ်ရှားလိမ့်မည်ဟု ဘယ်သူကမှ ထင်မထားခဲ့ကြပေ။ ဘုရင်ကြီး ထီးနန်းတက်ပြီးကတည်းက သူက သိုသိုသိပ်သိပ်သာ နေထိုင်ခဲ့ခြင်း ဖြစ်သည်။ ဒီတစ်ခေါက်တော့ သူ ကိုယ်တိုင် ထွက်လာကာ ထိုစကားများကို ပြောဆိုခဲ့သည်။
သတင်းများအရဆိုလျှင် လျန်သခင်ကြီးက လျန်ယို့ရှောင်ကို အလွန် ချစ်ခင်ခြင်း ဖြစ်သည်။ ထိုကိစ္စက ရှစ်ချင်းလျို့ကို မကောင်းကြံချင်နေသည့် လူအများအပြားကို လက်လျှော့သွားအောင် လုပ်နိုင်ခဲ့သည်။
သူတို့ကို မကြောက်ဘဲ တုံ့ဆိုင်းနေကြသည့် လူတချို့လည်း ရှိနေသေးသည်။
ထို့နောက် ရှီရုံ၏ အလှကုန်ဆိုင်ကလည်း တရားဝင် ဖွင့်လှစ်ခဲ့သည်။ ထိုအထဲတွင် ရှစ်ချင်းလျို့၏ ဝေစုလည်း ပါဝင်ကြောင်း သူမက ကြေညာခဲ့သည်။ ရှစ်ချင်းလျို့သည် သူမ၏ ကာကွယ်မှုအောက်တွင် ရှိသည်။ ရှစ်ချင်းလျို့ကို မကောင်းကြံသည့် လူတိုင်းက သူမကိုပါ ဆန့်ကျင်အပြစ်ပြုတာနှင့် တူသည်။
ထိုအချိန်မှာတော့ တုံ့ဆိုင်းကာ ကျန်ရှိနေသည့် လူအနည်းစုကပါ လုံးဝ လက်လျှော့သွားခဲ့ကြသည်။ မတတ်နိုင်တော့ပေ။ ရှီရုံ၏ အနောက်တွင် ဘုရင်ကြီးနှင့် မယ်တော်ကြီး ရှိနေသည်။
ထိုသတင်းကို ကြားသောအခါ စစ်သူကြီးစံအိမ်မှ ကောချွန်းရုက အလွန် ဒေါသထွက်နေခဲ့သည်။ မကြာမီက ရှစ်ချင်းလျို့ကို ထိပါးချင်နေသည့် မိသားစုတချို့ကို ရှာဖွေကာ ပြဿနာရှာခိုင်းရန်အတွက် သူမက မနည်း ကြိုးစားခဲ့ရခြင်း ဖြစ်သည်။
အခုတော့ သူမ၏ အစီအစဉ်များ အကုန်လုံး အလကား ဖြစ်ကုန်ပြီ ဖြစ်သည်။
'အဲဒီမိန်းမပျက်ရဲ့ ကံက ဘာလို့များ အဲဒီလောက် ကောင်းနေရတာလဲ။'
အစကတည်းက သူမက ရှစ်ချင်းလျို့ကို မထိနိုင်ခဲ့ဘဲ ရှောင်ဟန်ကျန့်ကိုပါ မထိခိုက်ဖို့ ရှောင်ယွမ်ရှစ်က သတိပေးထားခဲ့သည်။ မဟုတ်ပါက ရှောင်ဟန်ကျန့် တစ်ခုခု ဖြစ်သွားလျှင် မြို့တော်မှ လူများက သူတို့လုပ်သည်ဟု ထင်ကြလိမ့်မည်။
သူမက အရှက်ကွဲမှုကို မျိုသိပ်ထားရုံသာ တတ်နိုင်ခဲ့သည်။ ထို့နောက် သူ့ညီမဖြစ်သူကို ဒုတိယမင်းသားနှင့် လက်ထပ်ပေးဖို့သာ အာရုံစိုက်လိုက်သည်။
ရှာ့ရှီရွာတွင်...
ရှောင်ဟန်ကျန့်က မြို့တော်မှ သတင်းများ ရရှိပြီး ရှစ်ချင်းလျို့ကို ပြောပြခဲ့သည်။
ရှစ်ချင်းလျို့က တခစ်ခစ်ရယ်ကာ ပြောလိုက်သည်။
"လျန်ယို့ရှောင်နဲ့ ရှီရုံနဲ့ အလုပ်အတူတူ လုပ်ရတာ ဒုက္ခအများကြီး သက်သာသွားခဲ့တာပဲ။"
ရှေးခေတ်မှာ နောက်ခံကောင်းကောင်းမရှိဘဲ ပိုက်ဆံရှာနိုင်ဖို့ဆိုတာ အလွန် ခက်ခဲလှသည်။
ရှောင်ဟန်ကျန့်က ဆက်ပြောသည်။
"ကောချွန်းရုရဲ့ ညီမက ဒုတိယမင်းသားရဲ့ ဒုတိယဇနီးအဖြစ် လက်ထပ်တော့မလို့တဲ့။"
***