Ch 254
Viewers 33k

အခန်း(၂၅၄) - သူ့ကို ပေးဝင်မှာလား


ရှောင်ဟန်ကျန့်၏ စကားကြောင့် ရှစ်ချင်းလျို့မှာ အလွန် အံ့သြသွားခဲ့ရသည်။


"ကောချွန်းရုက ကိုယ်လုပ်တော်ဖြစ်ရတာကို သဘောမကျဘူး မဟုတ်လား။ ဘာလို့ သူ့ညီမကို ကိုယ်လုပ်တော် လုပ်ခိုင်းရတာလဲ။"


ဒုတိယမင်းသား၏ နောက်ထပ်ဇနီးဖြစ်ရသည်မှာလည်း ကိုယ်လုပ်တော်အဆင့်ပင် ဖြစ်သည်။ ကောချွန်းရုက သူမကိုယ်တိုင်တောင် ပထမဇနီးဖြစ်ဖို့ ကြိုးစားခဲ့သည် မဟုတ်ပါလား။ သူ့၏ညီမကိုမှ ဘာလို့ ဒုတိယမင်းသား၏ ကိုယ်လုပ်တော် ဖြစ်စေချင်ရတာလဲ။


ရှောင်ဟန်ကျန့်က ရှင်းပြလိုက်သည်။


"ကောချွန်းရုရဲ့ ညီမက သိပ်ပြီးတော့ ရည်မှန်းချက် ကြီးမားတဲ့လူပဲ။ သူမက သူ့အစ်မကို အရင်ဆုံး သိမ်းသွင်းခဲ့တာ ဖြစ်ရမယ်။"


ရှစ်ချင်းလျို့က မျက်ခုံးပင့်လိုက်သည်။


"သူမရဲ့ အဆင့်အတန်းနဲ့ ဒုတိယဇနီး ဖြစ်နိုင်ပါ့မလား။"


ရှောင်ဟန်ကျန့်က ပြန်ဖြေသည်။


"ကိုယ့်ရဲ့ ဆန်ကုန်မြေလေးအဖေနဲ့ ဒုတိယမင်းသားကြားမှာ ဆက်ဆံရေးတချို့ ရှိနေတာ ဖြစ်ရမယ်။"


ရှစ်ချင်းလျို့က မေးလိုက်သည်။


"အရင်ကရော ကောချွန်းရုရဲ့ညီမက ဒုတိယမင်းသားရဲ့ ဒုတိယဇနီး ဖြစ်လာခဲ့လားဟင်။"


ရှောင်ဟန်ကျန့်က ပြန်ဖြေသည်။


"အင်း... ဒုတိယမင်းသားရဲ့ ပထမဇနီးဖြစ်တဲ့ ကြင်ယာတော်ကိုတောင် သူမကို စောင့်ရှောက်ပေးဖို့ တောင်းဆိုနိုင်ခဲ့တာလေ။ နောက်တော့ ဒုတိယမင်းသားကလည်း သူမကို ချစ်သွားခဲ့တယ်။"


အရင်ဘဝတုန်းက ကောချွန်းရု၏ ညီမသည် ဒုတိယမင်းသား၏ ဒုတိယဇနီး ဖြစ်လာပြီးနောက် ဒုတိယမင်းသားကို ပြဿနာဖြစ်စေရန် မျိုးစုံ လှုံ့ဆော်ခဲ့ပေမယ့် သူက အကုန်လုံးကို ဖြေရှင်းနိုင်ခဲ့သည်။


သူမက ကောချွန်းရု၏ အကြံအစည်များနှင့်အတူ သူမကိုယ်တိုင်၏ ကြံစည်ကောက်ကျစ်မှုများကလည်း သူမ၏ အစ်မဖြစ်သူထက်ပင် သာလွန်နေသေးသည်။ သူက သူ့ဆန်ကုန်မြေလေးအဖေနှင့် ကျန်လူများကို သတ်ပစ်ခဲ့ပြီး မကြာခင်မှာပင် သေဆုံးသွားခဲ့ရသော်လည်း ကောချွန်းရု၏ ညီမကို ဒုတိယမင်းသား အိမ်တော်ထဲတွင် ကောင်းကောင်း မရှင်သန်နိုင်အောင် သူ အစီအစဉ် ချထားခဲ့သေးသည်။


ရှစ်ချင်းလျို့က ခဏလောက် တွေးတောပြီး ပြောလိုက်သည်။


"သူက ဒုတိယမင်းသားကို စိတ်မဝင်စားသလိုဟန်ဆောင်ပြီး ဒုတိယမင်းသားရဲ့ နန်းဆောင်ကို ဝင်ခဲ့တာလား။ ပြီးတော့ ဒုတိယမင်းသားရဲ့ ကြင်ယာတော်ဆီက အကူအညီကို တမင်ယူခဲ့တာလားဟင်။"


မဟုတ်ပါက ဒုတိယမင်းသား၏ ကြင်ယာတော်က ဘာကြောင့် သူမကို ဂရုစိုက်ပေးရမည်နည်း။ ဤနည်းဖြင့် ဒုတိယမင်းသားက အောင့်သက်သက် ဖြစ်သွားခဲ့တာ ဖြစ်မည်။ သူက အမျိုးသမီးများ၏ စိတ်နှလုံးကို အလွယ်တကူ ရယူနိုင်ခဲ့သည့် လူတစ်ဦး ဖြစ်ခဲ့သည်။ သူ့ကို သဘောကျလို့ နန်းဆောင်ထဲ ဝင်လာတာ မဟုတ်သည့် အမျိုးသမီးကို တွေ့လိုက်ရသည့်အခါ တဖြည်းဖြည်းဖြင့် သူမကို စိတ်ဝင်စားလာခဲ့တာ ဖြစ်ပေမည်။


ရှောင်ဟန်ကျန့်က ခပ်ဖွဖွ ပြုံးကာ ပြောလိုက်သည်။


"ကိုယ့်မိန်းမက သိပ်ဉာဏ်ကောင်းတာပဲ။ တကယ့်ကို အဲဒီအတိုင်းပါပဲ။ ဒါပေမဲ့ သူမက သိပ်ရည်မှန်းချက် ကြီးတယ်။ သူမက ဒုတိယမင်းသားရဲ့ ကြင်ယာတော်ကို အာနိသင် ဖြည်းဖြည်းချင်းပြတဲ့ အဆိပ်ကို တိတ်တဆိတ် တိုက်ခဲ့တာ။ သူမရဲ့ အဆင့်အတန်းကို ထပ်မြှင့်ဖို့အတွက် ဒုတိယမင်းသားရဲ့ ကြင်ယာတော် သေဆုံးမယ့်အချိန်ကို စောင့်နေခဲ့တာပေါ့။ အဲဒီလိုဆိုရင် ဒုတိယမင်းသားရဲ့ ကြင်ယာတော်ရဲ့ အကူအညီနဲ့ သူမရဲ့ အဆင့်အတန်းကို မြှင့်နိုင်ရုံသာမက၊ ဒုတိယမင်းသားကပါ သူမကို အထင်ကြီးလာအောင် လုပ်နိုင်တယ်လေ။ သူမ ဒုတိယမင်းသားရဲ့ ကြင်ယာတော် ဖြစ်လာပြီးတဲ့ နောက်မှာတော့ ဒုတိယမင်းသားရဲ့ နှလုံးသားကို အပိုင်ရဖို့ ကြိုးစားမှာပေါ့။"


သူ မသေခင်မှာ ကောချွန်းရု၏ညီမ အဆိပ်ခတ်ခဲ့သည့်အကြောင်းကို ဒုတိယမင်းသား၏ ကြင်ယာတော်ထံ သူ ပြောပြခဲ့သည်။ ထို့ကြောင့် ဒုတိယမင်းသား၏ ကြင်ယာတော်က သေမည်ဆိုလျှင်တောင် ကောချွန်းရု၏ ညီမကိုပါ တစ်ခါတည်း ဆွဲချသွားလိမ့်မည်။


အကယ်၍ သူသာ သက်သေပါ မတင်ပြခဲ့ဘူးဆိုပါက ကောချွန်းရု၏ညီမ၏ အစီအစဉ် အောင်မြင်သွားလိမ့်မည်။


ဒုတိယမင်းသား၏ ကြင်ယာတော်သည် အပြင်းအထန် ဖျားနာပြီးကတည်းက သူမ မသေဆုံးမီမှာပင် အာဏာကို ကောချွန်းရု၏ ညီမထံသို့ လွှဲပြောင်းပေးထားခဲ့သည်။ ထိုအချင်းအရာကို ကြည့်ခြင်းအားဖြင့် ဒုတိယမင်းသား ကြင်ယာတော်၏ ယုံကြည်မှုကို ကောချွန်းရု၏ ညီမက အပိုင်ရထားကြောင်း သိနိုင်သည်။


ကောချွန်းရု၏ ညီမက ခဲအိုဖြစ်သည့် စစ်သူကြီး ရှိသော်လည်း သူမက မင်းစိုးရာဇာမိသားစုမှ ဆင်းသက်လာသူ မဟုတ်ပေ။ ကောချွန်းရု၏ ညီမက သူမသားကို စောင့်ရှောက်ပေးတာက၊ ဒုတိယမင်းသား တခြား မင်းစိုးရာဇာမိသားစုမှ အမျိုးသမီးတစ်ဦးကို လက်ထပ်လိုက်တာထက်စာလျှင် ပိုကောင်းသည်ဟု ဒုတိယမင်းသား၏ ကြင်ယာတော်က တွေးခဲ့တာ ဖြစ်ပေမည်။


သို့ပေမယ့် သူမက သူမ၏ ဘေးနားတွင် အဆိပ်ပြင်းမြွေတစ်ကောင် မွေးထားမိလိမ့်မည်ဟုတော့ ထင်မထားခဲ့မိပေ။


ထိုစကားများကို ကြားသောအခါ ရှစ်ချင်းလျို့က အများကြီး သင်ယူလိုက်ရသလို ခံစားလိုက်ရသည်။ ကောချွန်းရုတို့ မောင်နှမသုံးယောက်က အကျင့်မကောင်းကြဘဲ တစ်ယောက်ချင်းစီက သူများကို ဖျက်ဆီးကာ ယှဉ်ပြိုင်ကြသည်။


ရှစ်ချင်းလျို့က မေးစေ့ကို ပွတ်ကာ မေးလိုက်သည်။


"သူ ဒုတိယမင်းသားရဲ့ နန်းဆောင်ထဲ ဝင်ဖို့ ရှင် ဖျက်ဆီးပစ်မှာလား။"


ရှောင်ဟန်ကျန့်က သူမ၏ ခါးကို ဖက်လိုက်ကာ ပြုံးပြီး မေးလိုက်သည်။


"မိန်းမက အဲဒီလို လုပ်ချင်လို့လား။ ကိုယ် မင်းစကားကို နားထောင်မှာပေါ့။"


ရှစ်ချင်းလျို့က ကောင်းကင်ကို ညွှန်ပြကာ ထပ်မေးလိုက်သည်။


"ဒုတိယမင်းသား ထီးနန်းတက်ရမယ်လို့ ရှင် ထင်လားဟင်။"


ရှောင်ဟန်ကျန့်က ခေါင်းခါပြလိုက်သည်။


"မျှော်လင့်ချက် သိပ်မရှိပါဘူး။ အရှင်မင်းကြီး မရှိတော့ရင်တောင် အိမ်ရှေ့စံ ရှိသေးတယ်လေ။ အိမ်ရှေ့စံက သိုသိုသိပ်သိပ်နေပြီး ညီလာခံ မတက်ပေမယ့် သူကလည်း ရိုးရှင်းတဲ့လူ မဟုတ်ဘူး။ ဒါ့အပြင် ဘုရင်ကြီးက အအောင်မြင်ဆုံး အခြေအနေမှာ ရှိနေတယ်။ မမျှော်လင့်ထားတာတွေ ဘာမှ ဖြစ်မလာခဲ့ရင် သူ့ရဲ့ အုပ်ချုပ်မှု သက်တမ်းက ကြာနိုင်တယ်။ ဒုတိယမင်းသားက အသက် (၂၂) တောင် ရှိနေပြီ။ ဘုရင်ကြီး အသက်ရှည်လေလေ၊ သူ့အတွက် မျှော်လင့်ချက် နည်းလေပဲ။ အဓိကအချက်က ဒုတိယမင်းသားက စိတ်မရှည်တော့တာပဲ။ ပြည်သူ့အုပ်ချုပ်ရေးမှူးစံအိမ် သုံးအိမ်ထဲမှာ သူ့အမေမျိုးနွယ်က ဂနာမငြိမ်ဆုံးပဲ။ ဝန်ကြီးမှူးမတ်တွေရဲ့ အကူအညီရအောင် သူ့ကို လာဘ်ထိုးဖို့ တွန်းအားပေးနေတာ။ ဘုရင်ကြီးက ဒီကိစ္စကို သိပ်မကြာခင်မှာ ရှင်းလင်းမှာဆိုတော့ သူ့အတွက် အခွင့်အရေး မရှိဘူး။"


ထိုစကားများကို နားထောင်ပြီးနောက် ရှစ်ချင်းလျို့က နားလည်သွားခဲ့သည်။ ဒုတိယမင်းသားက မလုပ်အပ်သည့် အရာများစွာကို ကျူးလွန်ခဲ့သည်။


ဘုရင်ကြီး အောင်မြင်နေဆဲကာလမှာ ဒုတိယမင်းသားက လှုပ်ရှားမှု စတင်လုပ်ခဲ့သည်။ ဘုရင်ကြီးက မည်သို့ ပျော်ရွှင်နိုင်မည်နည်း။


'ငါ ပလ္လင်ပေါ်မှာ ဖင်ပူအောင်တောင် မထိုင်ရသေးဘူး၊ မင်းက ငါ့ကို နန်းစွန့်စေချင်နေပြီလား။'


အာဏာရှိကာ တစ်ဟုန်ထိုး ပြန်တက်ချင်နေသည့် အမေ ရှိနေခြင်းကလည်း ပြဿနာကြီး တစ်ခုဖြစ်သည်။ အခုသာ အကယ်၍ ဘုရင်၏သားတော်ကို ထီးနန်းအတွက် တိုက်ခိုက်ခိုင်းပြီး အောင်မြင်သွားခဲ့ပါက ဘုရင်ကြီး၏ တရားမဝင်ဆွေမျိုးများက သူတို့ ရှိသင့်သည့် အာဏာထက် ပိုမို ဆုပ်ကိုင်ထားကြလိမ့်မည်။


သူမလို နိုင်ငံရေးကို နားမလည်သည့်လူတောင် သိနိုင်မှတော့ ဉာဏ်ပညာကြီးမားသည့် ဘုရင်ကြီးက ထိုကိစ္စကို သေချာပေါက် တွေးမိနိုင်သည်။ ဒါ့အပြင် အရင်ဘုရင်ကြီးက တရားဝင်ကလေးနှင့် တရားမဝင်ကလေးကို ခွဲခြားဆက်ဆံခြင်း၏ ဒုက္ခကို သူ ကိုယ်တိုင် ခံစားဖူးခဲ့ပြီးပြီ ဖြစ်သည်။


အရင်ဘုရင်ကြီးက တရားမဝင်ကလေးများကိုသာ အလိုလိုက်ခဲ့ပြီး သူတို့ကို လျစ်လျူရှုခဲ့တာဟု ပြောလို့ရသည်။ ဘုရင်ကြီးက အလွန်အမင်း တက်ကြွနေသည့် တရားမဝင်ကလေးများကို မနှစ်သက်တာမျိုး ဖြစ်နိုင်သည်။ ထို့ကြောင့် အိမ်ရှေ့စံမင်းသားကသာ ဉာဏ်အကောင်းဆုံး တစ်ယောက် ဖြစ်နေသည်။


"မျှော်လင့်ချက် မရှိမှတော့ ကောချွန်းရုရဲ့ ညီမကို ဘာလို့ ဒုတိယမင်းသားရဲ့ နန်းဆောင်ကို ပေးမဝင်ရမှာလဲ။"


ရှစ်ချင်းလျို့က ပြုံးကာ ဆက်ပြောသည်။


"ဒါပေမဲ့ သူမကို ဟိုးတုန်းကလိုတော့ ကြံစည်ခွင့် ပေးလို့မရဘူးပေါ့။ ဒုတိယမင်းသားက အမျိုးသမီးတွေကြားမှာ သိပ်ကို ရေပန်းစားတယ်လေ။ အနောက်မောင်းမဆောင်မှာ သူ့ကို တကယ်သဘောကျတဲ့ အမျိုးသမီးတွေ ရှိနိုင်တယ်။ ဒုတိယမင်းသားရဲ့ ကြင်ယာတော်က သူ့အပေါ် ခံစားချက်တွေ ရှိနေဖို့ မလိုအပ်ဘူးလေ။ ကောချွန်းရုရဲ့ ညီမက ဒုတိယမင်းသားကို စိတ်မဝင်စားဟန်ဆောင်ပြီး ဒုတိယမင်းသားရဲ့ ကြင်ယာတော်ဆီကို မှီခိုခဲ့တယ်လို့ ပြောတယ်နော်။ ဒီတစ်ခါတော့ သူမ ဒုတိယမင်းသားရဲ့ နန်းဆောင်ကို မဝင်ခင် နာမည်ကြီးအောင် လုပ်ပေးလိုက်မယ်။ ဒုတိယမင်းသားရဲ့ နန်းဆောင်ကို ဝင်ပြီးတာနဲ့ ဒီလို သိုသိုသိပ်သိပ်နေတဲ့ အမူအရာကနေ တက်ကြွမှုကို ကျွန်မတို့ ရှာလို့ မရနိုင်ဘူးလေ။"


ကောချွန်းရု၏ ညီမက ဉာဏ်ကောင်းသည်ဟု ဆိုရမည်။ သူမက ကြီးမားသည့် အဆင့်အတန်း နောက်ခံမှ လာတာမဟုတ်မှန်း သိသောကြောင့် ဒုတိယမင်းသား၏ နန်းဆောင်ကို ဝင်ပြီးနောက် ဒုတိယမင်းသားနှင့် မနီးကပ်အောင် တမင် ထိန်းသိမ်းထားခဲ့သည်။


သူမက ရယူဖို့ ခက်ခဲသလို ဟန်ဆောင်ပါက ဒုတိယမင်းသား၏ အနောက်မောင်းမဆောင်မှ အမျိုးသမီးများ သူမကို ရန်လိုမှု မများအောင် လျှော့ချနိုင်မည် ဖြစ်သည်။ ဒုတိယမင်းသား၏ ကြင်ယာတော်ကို ချော့မြူခြင်းဖြင့် အာဏာတွေ အများကြီး ရနိုင်သည်။ ထို့နောက် တစ်လှမ်းချင်း၊ တစ်လှမ်းချင်း အနောက်မောင်းမဆောင် တစ်ခုလုံးကို သူမက မောင်ပိုင်စီးသွားမှာ ဖြစ်သည်။


ရှောင်ဟန်ကျန့်က ခပ်ဖွဖွ ရယ်ကာ ပြောလိုက်သည်။


"ကိုယ့်မိန်းမနဲ့ ကိုယ်က အတွေးတူသားပဲ။ သူမက ဒုတိယမင်းသားရဲ့ နန်းဆောင်ထဲကို သိပ်ဝင်ချင်နေမှတော့ ပေးဝင်လိုက်ကြတာပေါ့။ အရင်ဆုံး ပေးပျော်ပြီး နောက်ဆုံးကျရင် ဘာမှ ကြံစည်လို့ မရအောင် လုပ်ပစ်ရမယ်။ ဒါမှ သူမ နောင်တရမှာ။ ဒါ့အပြင် သူမ ဒုတိယမင်းသားရဲ့ နန်းဆောင်ထဲ ဝင်သွားပြီးတာနဲ့ ကောချွန်းရုက ကိုယ့်ဆန်ကုန်မြေလေးအဖေနဲ့ ထောင်လျိုကို ပြဿနာရှာဖို့ ပိုပြီး ယုံကြည်ချက် ရှိလာလိမ့်မယ်။ မီးမွှေးပြီး ပွဲစောင့်ကြည့်ကြတာပေါ့။"


ထို့နောက် သူက မေးလိုက်သည်။


"ဒါနဲ့ သူမကို နာမည်ကြီးအောင် ဘယ်လို လုပ်မှာလဲ။"


ရှစ်ချင်းလျို့က ပြန်ဖြေသည်။


"သူများတွေနဲ့ သတင်းဖြန့်ခိုင်းမှာလေ။ ဒုတိယမင်းသားက စစ်သူကြီးရဲ့ ခယ်မကိုမြင်ပြီး အရင်ဆုံး လက်ထပ်ခွင့်တောင်းခဲ့တယ်။ ပြီးတော့ ဒုတိယဇနီးအဖြစ် ခေါ်သွားတယ်ဆိုပြီးတော့ပေါ့။ ကောချွန်းရုရဲ့ညီမ အဆင့်အတန်းနဲ့ဆိုရင် ဒုတိယမင်းသားရဲ့ ဒုတိယဇနီးဖြစ်ဖို့ လုံးဝ မတန်ဘူး။ သူမ နန်းဆောင်ကို ရောက်ရင်တောင် ကိုယ်လုပ်တော်လိုပဲ ပြုစုပေးရမှာ။ ဒါပေမဲ့ သူမသာ ဒုတိယဇနီး ဖြစ်လာရင် တစ်ခုခု မူမမှန်တာ ဖြစ်မနေဘူးလား။ သိမြင်နိုင်တဲ့ လူတွေဆိုရင် ဒုတိယမင်းသားနဲ့ ရှင့်ဆန်ကုန်မြေလေးအဖေကြားမှာ လျှို့ဝှက်သဘောတူညီမှု တစ်ခုခုရှိတာကို ခန့်မှန်းမိကြလိမ့်မယ်။ မသိမြင်နိုင်တဲ့ လူတွေကတော့ ဒီသတင်းကို ယုံကြလိမ့်မယ်။ အထူးသဖြင့် ဒုတိယမင်းသားကို အရူးအမူး ဖြစ်နေတဲ့ အမျိုးသမီးတွေကတော့ ဒုတိယအမျိုးအစားထဲကပဲ ဖြစ်မှာ။ ကောချွန်းရုရဲ့ညီမက ဒုတိယမင်းသားရဲ့ နန်းဆောင်ကို ဝင်ပြီးတာနဲ့ သိုသိုသိပ်သိပ်နေပြီး ကြင်ယာတော်ဖြစ်အောင် လုပ်မှာမလား။ ဒီသတင်းတွေကို စစ်သူကြီးစံအိမ်က လူတွေကိုယ်တိုင် ဖြန့်ခိုင်းတာ အကောင်းဆုံးပဲ။ ဒီလိုဆိုရင် ကောချွန်းရုရဲ့ညီမက ဒီကိစ္စရဲ့ နောက်ကွယ်ကလူဆိုပြီး ဒုတိယမင်းသားက ထင်သွားပြီး သူမကို အစကတည်းက သဘောမကျ ဖြစ်သွားလိမ့်မယ်။ ကောချွန်းရုရဲ့ညီမ နန်းဆောင်ထဲဝင်ပြီးတာနဲ့ ဒုတိယမင်းသားကို သဘောမကျချင်ယောင် ဆောင်တာ၊ မချစ်ချင်ယောင် ဆောင်တဲ့အခါကျရင် သူမက သူမကိုယ်သူမ ရဖို့ခက်သလို ဟန်ဆောင်နေတဲ့အကြောင်း ဒုတိယမင်းသားက ခန့်မှန်းမိသွားလိမ့်မယ်။"


စစ်မှန်သည့် ရိုက်ချက်က မျှော်လင့်ချက်များနှင့် အစီအစဉ်များကို ရေမြှုပ်များအဖြစ် ပြောင်းလဲပေးလိမ့်မည်။ အထူးသဖြင့် ရည်မှန်းချက် ကြီးမားလှသည့် ကောချွန်းရု၏ ညီမဆီသို့ ဖြစ်သည်။

***