Chapter 50.1
အဆုံးတွင် ကျိုးကျင်ဟမ့်က လက်ထောက်လျက် အိပ်ရာထက်မှ ထလိုက်သည်။
ယီဟွေ့ နောက်ဆုံးတော့ လွတ်လပ်သွားကာ ချက်ချင်း ထထိုင်လိုက်သည်။ သူ့တွင် ဖိနပ်ချွတ်ဖို့အချိန်ပင်မရှိဘဲ ယခုလေးတင်ဖြစ်ခဲ့သော ရုန့်ရင်းဆန်ခတ်မှု၌ အိပ်ရာခင်းထက်သို့ အကြိမ်ကြိမ် နင်းခြေခဲ့မိသည်။ ထိုအခိုက်အတန့်၌ အနှီအရာများအား ဂရုမစိုက်နိုင်ခဲ့ပေ။ သူက သူ့အဝတ်အစားများကို ပေါ့ပေါ့ပါးပါးပင် ဆွဲချကာ ထရပ်ပြီး ထွက်သွားရန်အပြု၌ မူးဝေနေသော ကျိုးကျင်ဟမ့်နှင့် မတော်တဆ တိုက်မိသွားသည်။ သူ့အဝတ်အစား၏ နောက်ကျောဘက်မှာ လုံးလုံးနီရဲနေပေပြီ။ သူကရပ်တန့်သွားပြီးနောက် အဆုံးတွင် အပြင်သို့ ခြေမလှမ်းနိုင်ခဲ့ပေ။
အန်တီက အတော်ကြာကတည်းက အလုပ်ဆင်းသွားပြီဖြစ်ကာ ကျိုးကျင်ဟမ့်သည်လည်း ဆေးရုံသွားဖို့စိတ်ကူးရှိပုံမရချေ။ သူက အဝတ်ပိုင်းနှစ်ခုကို ဆုပ်ကိုင်ကာ ရေချိုးခန်းထဲသို့ ဝင်သွားခဲ့သည်။
သူပြန်ထွက်လာချိန်၌ သူ့မျက်နှာအရောင်မှာ ယခင်ကထက် ပို၍ဖြူဖျော့နေသည်။ ယီဟွေ့ ဆေးသေတ္တာအား ကိုင်ထားသည်ကို မြင်လိုက်လျှင် သူကခေတ္တမျှ အံ့အားသင့်သွားပြီး ပါးစပ်ဟကာ ပြောလိုက်သည်။
"ဘာလို့ ပြန်လာတာလဲ မင်းကို ကိုယ်ဖိအားထပ်ပေးမှာကို မကြောက်ဘူးလား"
ယီဟွေ့က ဘာမှပြန်မပြောဘဲ ဆေးသေတ္တာကိုချကာ ဆေးဘူးနှင့် ပတ်တီးခေါက်ကို ထုတ်ယူလိုက်၏။ သူက ကျိုးကျင်ဟမ့်အနားသွားလိုက်ပြီး သူ့နောက်ကျောရှိဒဏ်ရာအား အရက်နှင့် ဂွမ်းလုံးသုံးကာ သန့်ပေးလိုက်သည်။
ထက်ရှသည့်ဖန်ကြောင့် ကျန်ခဲ့သော ပြတ်ရာများက ထပ်မံ၍ သွေးထွက်မနေတော့သည့်တိုင် ကြည့်ရသည်မှာ ဒဏ်ရာနက်ပုံပင်။ ဂွမ်းလုံးဖြင့် ထိလိုက်ချိန်တိုင်း ကျိုးကျင်ဟမ့် မည်မျှပင် သန်မာနေပါစေကြွက်သားများက နာကျင်မှုကြောင့် တောင့်တင်းသွားကာ ဓားသဏ္ဌာန် ပုခုံးတို့က အတွင်းသို့ ကျုံ့ဝင်သွား၏။
သူ့ကိုယ်အပေါ်ပိုင်းက ဗလာဖြစ်နေပြီး ယီဟွေ့ခေါင်းငုံ့လိုက်သည်နှင့် အသားထက်ရှိ ဒဏ်ရာအသစ်အဟောင်းများကို မြင်နိုင်သည်။ ယခင်နေ့များကတည်းက ယီဟွေ့ဆေးလိမ်းပေးနေခဲ့ရသော ဒဏ်ရာများလည်း ပါဝင်သည်။ သူတို့က လုံးလုံးမသက်သာသေးဘဲ အတွင်းကြေဒဏ်ရာများကိုပင် ယောင်ဝါးဝါး မြင်နေရသည်။
သူ့နှလုံးသားက အကြောင်းပြချက်မရှိဘဲ တင်းကြပ်သွားသည်။ ဒဏ်ရာကို ပိုးသတ်ပြီးနောက်တွင် အခြားဆေးပုလင်းအဖုံးကို လှည့်ဖွင့်ကာ ယီဟွေ့ သူ့ပါးသူ လက်ပြန်ပွတ်သုတ်လိုက်၏။ တစ်ဖက်လူ၏ မျက်ရည်တို့ဖြင့် ထိတွေ့လိုက်ရသော အရေပြားမှာ ပူလောင်ဆဲဖြစ်ကာ ဆူပွက်တော့မည့်အတိုင်းပင်။
သူက အလွန်နာကျင်နေရသည့်တိုင် သည်းခံထားပြီး ဘယ်တော့မှမငိုခဲ့သည်မှာတော့ ထင်ရှား၍နေသည်။
သူ၏ပြင်းထန်သော ဒေါသပေါက်ကွဲမှုကို ဖြုန်းတီးပြီးနောက် နေမကောင်းဖြစ်သည့်အခါ နောက်နေ့နေ့ခင်းအထိ အိပ်တတ်သော ခြင်္သေ့သို့နှယ်။
ယီဟွေ့က သဘောတူညီချက်ကို စောင့်ထိန်းထားပြီး မနေ့က လွတ်သွားသော အချိန်တို့အား အစားထိုးပေးရန် ယနေ့မနက်တွင် စောစောထွက်မသွားခဲ့ပေ။ အန်တီက အနည်းငယ် စိတ်ပူနေပြီး သူ့အားအပေါ်တက်၍ တံခါးခေါက်ကာ ဘာဖြစ်နေလဲကြည့်ဖို့ ပြောခဲ့သည်။ ယီဟွေ့က မနေ့ညက အဖြစ်အပျက်နှင့် ထိတ်လန့်ဖွယ်ကောင်းအောင် စွန်းထင်းနေသော သွေးကွက်ကြီးကို တွေးလိုက်မိသောအခါတွင် တစ်ခုခုလွဲနေပြီဟု ခံစားလိုက်ရ၏။ အနည်းငယ် ရုန်းကန်နေပြီးနောက် သူကသူ့ကံကြမ္မာကို လက်ခံလိုက်ကာ အပေါ်ထပ်သို့ တံခါးသွားခေါက်လိုက်သည်။
သူက တံခါးတွင် အတော်ကြာအောင် စောင့်ပြီးနောက် မည်သူကမှ တံခါးလာမဖွင့်သလို အတွင်းဘက်၌ လှုပ်ရှားမှုတစ်စုံတစ်ရာလည်း မရှိပါချေ။ ယီဟွေ့က လက်ကိုင်ကို ကိုင်ကာလှည့်လိုက်ရာ လော့ခ်မချထားပေ။
ကျိုးကျင်ဟမ့်က အိပ်ရာထက်တွင် လှဲနေပြီး မျက်လုံးကို တင်းတင်းကြပ်ကြပ် ပိတ်ထားလိုက်သည်။ သူ့မျက်နှာမှာ မနေ့ကကဲ့သို့ နီရဲမနေသော်ငြား သူ့ပါးပြင်များ နီရဲနေသည်က ပုံမှန်မဟုတ်ပေ။ ယီဟွေ့ သူ့ကို နှစ်ကြိမ်တိုင်တိုင် ခေါ်လိုက်သည့်တိုင် ပြန်မတုန့်ပြန်လာချေ။ သူကရှေ့ကိုတိုးလိုက်ပြီး နဖူးပြင်ထက်ကို ထိလိုက်၏။ သူ့အရေပြားက ပူ၍နေသည်။ သူတကယ်ကို ဖျားနေပြီပင်။
အန်တီက ယီဟွေ့ကို ရေအေးများ အပြည့်ဖြည့်ထားသော ဇလုံတစ်ခုကိုပေးကာ သန့်ရှင်းသောပုဝါတစ်ခုကိုလည်း သူ့ပခုံးထက် တင်ပေးလိုက်သည်။
"အန်တီက ဒီမှာဆန်ပြုတ်အိုးကြည့်ရဦးမယ် ကျေးဇူးပြုပြီး လူကြီးမင်းကျိုးကို ဂရုစိုက်ပေးပါဦး "
ယီဟွေ့ ညှိပေးရမည့်ပန်းချီမှာ ယနေ့မနက်တွင် ပြီးသွားပြီဖြစ်ရာ ယခုအချိန်၌ လုပ်စရာဘာမှရှိမနေပေ။ သူကငြင်းပယ်ရန် အကြောင်းပြချက်မရှိသဖြင့် ဇလုံကိုယူကာ အပေါ်ထပ်ကို တက်သွားရုံသာရှိတော့သည်။
ကျိုးကျင်ဟမ့်က အိပ်ပျော်နေချိန်တွင် အလွန်ဂနာမငြိမ်ဖြစ်တတ်ကြောင်းကို လူနည်းစုသာသိလေသည်။ သူက နေရာအနှံ့ရွေ့နေရုံသာမက သူ့လက်ထဲတွင်လည်း ပစ္စည်းများကို ဖက်ကာဖိထားတတ်သေးသည်။ သူ့ယခင်ဘဝ၌ သူတို့နှစ်ဦးစလုံးက ကုတင်တစ်ခုတည်းတွင် အိပ်ခဲ့ကြသည်။ သူတို့လှဲချလိုက်သည်နှင့် ကျိုးကျင်ဟမ့်၏ နေရာမှာ ပုံသေဖြစ်သော်ငြား ခဏကြာပြီးသည်နှင့် သူကလက်နှင့်ခြေထောက်များကိုဆန့်ကာ တစ်စုံတစ်ယောက်ကို ရှာတော့သည်။ ယီဟွေ့မှာ အကြိမ်ကြိမ်အဖက်ခံခဲ့ရပြီး မလှုပ်ရှားရဲခဲ့ပေ။ စိတ်လှုပ်ရှားစွာဖြင့် သူကလျှို့ဝှက်စွာပြုံးရင်း ခေတ္တခဏမျှပင်ဖြစ်စေ သူ့အားဖက်ထားစေလိုခဲ့သည်။
ယခုမူ သူကဖျားနေပြီး ဂနာမငြိမ်ဖြစ်နေရာ ထပ်ကာထပ်ကာ လှုပ်ရှား၍နေသည်။ မျက်မှောင်ကြုတ်ကာ ညည်းညူရင်း သူ့ဒဏ်ရာများကို လှုပ်ရှား၍နေသည်။ သူ့နဖူးထက်၌ ယီဟွေ့တင်ထားသော ပုဝါမှာ ၇ကြိမ်၈ကြိမ်မျှ ပြုတ်ကျနေရာ သူဒေါသထွက်လာပြီး ပဝါကို မခေါက်တော့ဘဲ သူ့ခေါင်းထက်၌ အထုံးတစ်ခုအဖြစ် ချည်ထားလိုက်တော့သည်။
ဤတစ်ကြိမ်တွင်တော့ ပြုတ်ကျမသွားတော့ပေ။ ယီဟွေ့က ထရပ်ပြီး လေရှူရန် အပြင်သို့ ထွက်သွားလိုက်သည်။ သူထိုင်ခုံမှ ထသွားသည်နှင့်တပြိုင်နက် သူ့လက်မှာ ကုတင်ထက်တွင် အိပ်မောကျနေဆဲအမျိုးသားထံမှ ဖမ်းဆုပ်ခံလိုက်ရသည်။ တိုက်ဆိူင်စွာပင် အဖမ်းခံလိုက်ရသည့်နေရာက မနေ့ကအညှစ်ခံရ၍ နီရဲနေသောနေရာဖြစ်၍နေသည်။ ယီဟွေ့ ထိတ်လန့်သွားကာ သူ့လက်ကိုဆွဲထုတ်ရန်ကြိုးစားလိုက်စဥ် စကားလုံးအတွဲလိုက်ကြီးကို ခပ်တိုးတိုးကြားလိုက်ရသည်။
"ဟွေ့ဟွေ့ မသွားပါနဲ့ မသွားပါနဲ့ကွာ..."
ကျိုးကျင်ဟမ့်က မျက်မှောင်ကြုတ်ထားပြီး သူ့နဖူးထက်၌ ချွေးတစ်လွှာရှိနေကာ အိမ်မက်ဆိုးမက်နေသည့်အတိုင်းပင်။
"ကိုယ်တောင်းပန်ပါတယ် ကိုယ်တောင်းပန်ပါတယ်နော် အားလုံးက ကိုယ့်အမှားတွေပါ မသွားပါနဲ့ ထွက်မသွားပါနဲ့ကွာ နော်..."
အဆုံးတွင် သူကငယ်ရွယ်ပြီး ကျန်းမာရေးကောင်းသူပင်။ ဆေးသောက်ခြင်းနှင့် အအေးပစ္စည်းများကို သုံးပြီးနောက် နေ့လည်ဘက်တွင် ကျိုးကျင်ဟမ့် နိူးလာသည်။
သူထထိုင်လိုက်ပြီး သူ့ခေါင်းထက်တွင်ချည်ထားသော ပုဝါကို ဖြည်လိုက်၏။ သူအောက်ထပ်သို့ ဆင်းသွားသည့်အခါ အစားအသောက် အနံ့ကို ရလိုက်၏။ အန်တီက အသံမြှင့်ကာ ပြောလာသည်။
"နောက်ဆုံးတော့ မင်းနိုးလာပြီ လာစားပါဦး"
ကျိုးကျင်ဟမ့် တစ်ဦးတည်းသာ စားပွဲတွင်ရှိနေသည်။ ဆန်ပြုတ်တစ်လုတ်မျှသောက်ပြီးနောက် သူကခေါင်းမော့ကာ မေးလိုက်၏။
"သူကရော..."
"လူကြီးမင်းယီလား"
အန်တီက ယီဟွေ့အားလည်း ထိုနည်းအတိုင်းပင် ခေါ်သည်။
"သူအပြင်ထွက်သွားတယ် တစ်နာရီလောက်ရှိတော့မယ်"
ကျိုးကျင်ဟမ့်၏ မျက်နှာ တစ်ခုခုဆုံးရှုံးသွားရသလို ဖြစ်သွားသည်ကိုမြင်ပြီး အန်တီက ဆက်ပြောသည်။
"သူ မင်းအတွက် တစ်ခုခုကောင်းတာလေး သွားဝယ်တာနေမယ် နေ့လည်က မင်းကိုယ်ပူအရမ်းတက်နေတော့ သူပဲတစ်ချိန်လုံး ပုဝါတင်ပေးနေတာလေ မဟုတ်ရင် မင်းကိုယ်ပူမြန်မြန်ကျမှာမဟုတ်ဘူး"
သူ့နဖူးထက်မှ ရိုးရှင်းပြီးအရိုင်းဆန်သည့်ပုဝါကို တွေးမိသွားကာ ကျိုးကျင်ဟမ့် ပြုံးလိုက်သည်။ အနှီအရူးလေးက တာဝန်ရှိသည်ဟုသာ မခံစားရပါက သူ့အား ဂရုစိုက်ပေးလိမ့်မည်မဟုတ်ပေ။
ထိုအချက်ကို ဖမ်းဆုပ်မိကတည်းက သူ ယီဟွေ့ကို ဆေးလိမ်းပေးဖို့ရာ အကူအညီတောင်းခဲ့သည်။ ထိုညင်သာပုံရသည့်အပြုအမူတို့က ဟန်ဆောင်ထားခြင်းသက်သက်သာဖြစ်ပြီး မနေ့ညက မုန်းတီးစွာဖြင့်ခုခံမှုတို့ကသာ တကယ့်တုန့်ပြန်ချက်များဖြစ်ကြောင်း သူသိသည်။
ယခင်ဘဝ၌ ဖြစ်ပျက်ခဲ့သည်တို့ကို ရိုးသားစွာဖွင့်ဟခြင်းကပင် အန္တရာယ်များနေပြီဖြစ်ကာ ယခုသူက ပိုဆိုးအောင် လုပ်လိုက်မိပြီပင်။
သို့ပေမယ့် ကျိုးကျင်ဟမ့် နောင်တမရပါချေ။ ယီဟွေ့သဘောမကျသဖြင့် ခပ်ခွာခွာနေရမည့်အစား သူ့ကိုထိတွေ့ဖို့ကြိုးစားရင်း ပါးရိုက်ခံရသည်က ပိုကောင်း၏။ သူဒဏ်ရာအနည်းငယ် ရသွားလျှင် ပို၍ပင် ကောင်းသေးသည်။ အရူးလေးမှာ ကြင်နာတတ်လွန်းရကား သူ့အတွက်စိတ်မကောင်းမဖြစ်လျှင်ပင် နေခဲ့ပြီး ယခုကဲ့သိူ့ ဂရုစိုက်ပေးပေလိမ့်မည်။
မတိုင်မှီက ဖျော်ဖြေရေး သတင်းထောက်တစ်ဦးမှ သူက အာရုံအစိုက်ခံချင်၍ ရိုက်ကွင်းတွင် သူ့ကိုယ်သူ ထိခိုက်အောင်လုပ်ခဲ့သည်ဟူ၍ ရေးခဲ့ဖူးသည်။ ထိုအချိန်က သူငြင်းခဲ့သော်လည်း ယခုမူ သူကထိုနည်းလမ်းကိုသုံး၍ ယီဟွေ့၏အာရုံစိုက်မှုကိုရရန် ကြိုးစားနေခဲ့သည်။ ကျိုးကျင်ဟမ့်မှာ သူတတ်စွမ်းသမျှ မလုပ်နိုင်ပါက ရူးသွားတော့မည်ဟု ခံစားနေရသည်။
သို့ပေမယ့် မနေ့ညက ထိန်းချုပ်မှု လွတ်သွားရခြင်းမှာ အကြောင်းရင်းတစ်ခု ရှိပြီး ယင်းမှာ သူလိုချင်သည့် အရာမဟုတ်ခဲ့ပေ။
ဆန်ပြုတ်သောက်ပြီးနောက် သူ့ညီမ ကျိုးကျင်ယွဲ့ထံမှ ဖုန်းကောဝင်လာပြီး ညစာစားဖို့ခေါ်လာ၏။ သူ့ညီမကို မတွေ့ရသည်မှာ ရက်အနည်းငယ်ကြာပြီဖြစ်ပြီး မကြာခင်၌ သူမကပြည်ပသို့ ပညာသင်သွားတော့မည်ကိုတွေးကာ ကျိုးကျင်ဟမ့် လက်ခံလိုက်သည်။ သူကအဝတ်လဲကာ အပြင်ထွက်သွားလိုက်၏။
နောက်ကျောမှဒဏ်ရာက နာကျင်နေဆဲပင်။ ကားပြင်မထွက်မှီ ကျိုးကျင်ဟမ့်က ဒရိုင်ဘာခုံ၌ထိုင်ကာ ပင့်သက်အချို့ရှိုက်လိုက်ပြီးမှ စက္ကူအိတ်ကိုယူကာ တံခါးဖွင့်လိုက်သည်။
ကျိုးကျင်ယွဲ့က အချိုကြိုက်သဖြင့် သူက လမ်းတွင် နှစ်ပိုင်းဝယ်လာပြီး တစ်ခုကို ယီဟွေ့အတွက် ပြန်ယူသွားဖို့ရာ ကားထဲတွင် ထားလိုက်သည်။
ယင်းက သူ့ညီမနှင့်အတူစားရမည့်ညစာဟု သူတွေးခဲ့သော်ငြား စားပွဲထိုးလေးက ခုံသို့ဦးဆောင်ခေါ်သွားချိန်တွင် ဖန်ယွီချင်းသည်လည်း စားပွဲ၌ရှိနေသည်ကို တွေ့လိုက်ရသည်။
နှုတ်ဆက်ပြီးနောက် ကျိုးကျင်ဟမ့် သူ့ပစ္စည်းများကိုချလိုက်ကာ ကျိုးကျင်ယွဲ့က စက္ကူအိတ်ထဲမှ လှပစွာထုပ်ပိုးထားသော အချိုပွဲအား ထုတ်ယူလိုက်သည်ကို ကြည့်နေလိုက်သည်။ ဖန်ယွီချင်းက ပြုံးကာ ပြောလာ၏။
"မင်းအကြိုက်ပြောင်းသွားပြီလို့ ပြောတုန်းက မင်းစိတ်ဆိုးနေတယ်လို့ ငါထင်ခဲ့တာ တကယ်ကြီးပြောင်းသွားမယ်လို့တော့ မထင်ခဲ့မိဘူး"
ကျိုးကျင်ယွဲ့က အခြေအနေကို မသိပေ။ သူတို့နှစ်ဦးကို ရင်ကြားစေ့ပေးဖို့ရာ တွေးရင်း သူမက ကြားဝင်ပြောလိုက်၏။
"ကျွန်မအစ်ကိုက ခန့်မှန်းမရအောင် အမြဲပြောင်းလဲနေပေမယ့် သူ့ရင်ထဲမှာတော့ အစ်ကိုပဲရှိတာပါ"
သူမရှိနေတာကြောင့် ကျိုးကျင်ဟမ့်က ချက်ချင်း မငြင်းဆန်လိုက်ပေ။ ဟင်းလျာများ စားပွဲပေါ်ရောက်လာချိန်တွင် ဖန်ယွီချင်းက အကွာအဝေးကို အခွင့်ကောင်းယူပြီး သူ့ပန်းကန်ထဲသို့ စားစရာများအား ထပ်ကာထပ်ကာ ထည့်ပေးနေလေသည်။ ကျိုးကျင်ဟမ့်က မတတ်နိုင်စွာဖြင့် သူ့ပန်းကန်ကို လက်ဖြင့်ကာကာ ပြောလိုက်၏။
"ငါ့ဘာသာငါ ထည့်မယ်"
အရှက်ရမှုကိုဖုံးကွယ်ရန် ဖန်ယွီချင်းက သူ့တူကိုချကာ ဇွန်းတစ်ချောင်းယူပြီး ဘေးရှိအချိုပွဲကား ခပ်လိုက်သည်။
"ဒါ ဘယ်လောက်အရသာရှိလဲဆိုတာ ငါလည်းမြည်းကြည့်မယ်"
ခရင်ကို ပါးစပ်အပြည့်ယူပြီးနောက် သူကချီးကျူးလိုက်သည်။
"အနံ့ကတကယ်ကောင်းတာပဲ ဒါပေမယ့် တောက်ပြောင်လွန်းတယ် အများကြီးစားရတာ မပင်ပန်းဘူးလား စပ်ပြီးလတ်ဆတ်တဲ့ ငါတို့တရုတ်စာတွေက ပိုကောင်းတာပေါ့"
ကျိုးကျင်ဟမ့်မှာ သူတစ်ခုခုပြောရမည်ကို သတိပြုမိပြီး ကျိုးကျင်ယွဲ့ ရေချိုးခန်းသွားနေချိန်တွင် ဖန်ယွီချင်းအား ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။
"မင်းမနေ့က ငါ့ကိုပို့တဲ့အသံမစ်ဆေ့က ဘာရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ် ကိစ္စမရှိဘူး ငါ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ပြောပြီးပြီလို့ထင်တာပဲ ယွဲ့ယွဲ့ကငယ်သေးတယ် ပြီးတော့ ဘာကိုမှနားမလည်ဘူး သူငယ်ချင်းပဲ လုပ်ရအောင်ပါ"
ယင်းက ကျိုးကျင်ဟမ့် သူ့အားသတိပေးသည့်အသံဖြင့် ပြောလာသည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။ ဖန်ယွီချင်းက အနည်းငယ် အံ့သြသွားပြီး ထပ်မံ၍ပြုံးလိုက်ကာ
"ငါ ဘယ်လိုရည်ရွယ်ချက်မျိုး ထားလို့ရလဲ ငါကမင်းလှည့်စားခံရမှာစိုးလို့ သတိပေးချင်ရုံပါ"
ကျိုးကျင်ဟမ့်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"အနှောင့်အယှက် အဖြစ်မခံပါနဲ့ ဒါက ငါ့ကိစ္စပါ"
"မင်းပြောတော့ သူ့ကိုမေ့မရဘူးဆို ဒါပေမယ့်အခု..."
ထိုနေ့က အနုပညာအသင်း အပေါ်ထပ်မှနေ၍ ကျိုးကျင်ဟမ့်ကား၏ မောင်းသူ့ဘေးခုံမှ အမျိုးသားတစ်ယောက် ဆင်းလာသည်အား မြင်ခဲ့ရသည်ကို တွေးပြီး ဖန်ယွီချင်း မသိစိတ်မှ လက်သီးတင်းတင်းဆုပ်မိသည်။ အရူးတစ်ယောက်ကို ရှုံးခဲ့ရသည်ကပင် ရှက်ဖို့ကောင်းနေပြီဖြစ်ကာ ယခု အစားထိုးတစ်ယောက်ကပါ ပေါ်လာခဲ့သည်။ သူဘယ်လိုလုပ် ပျော်နိုင်မည်နည်း။
"ဒီတစ်ယောက်က အချစ်စစ်ပဲ တစ်ဘဝလုံးစာအတွက်"
ကျိုးကျင်ဟမ့်ကဆိုသည်။
"သူငါ့ကိုမချစ်ဘူးဆိုရင်တောင်မှပေါ့"
ဖန်ယွီချင်းက သူ့ကိုကြည့်ကာ သူ့အမူအယာထဲရှိ ဒေါသထွက်နေသော အရိပ်အယောင်တို့ကို ရှာဖွေရန် ကြိုးစားလိုက်သည်။ စိတ်ပိုင်းဆိုင်ရာ အတက်အကျ တစ်ခုခုရှိနေသေးပါက ကျိုးကျင်ဟမ့် သူ့ကို ချစ်နေသေးသည်ဟု ဆိုလိုခြင်းပင်။ သို့ပေသိ သူမည်သည်ကိုမှ ရှာမရပါချေ။ သူက အလွယ်တကူနှင့် ပြတ်သားစွာ ပြောခဲ့ခြင်းဖြစ်ပြီး နောက်ထပ်မေးခွန်းထုတ်စရာ မလိုတော့ပေ။