အပိုင်း ၅၀.၂
Viewers 11k

Chapter 50.2



ညစာစားနေရင်း တစ်ဝက်တွင် ကျိုးကျင်ဟမ့်က ထွက်သွားရန် ထလိုက်ပြီး ကျိုးကျင်ယွဲ့ကို ပြောလိုက်သည်။



"မင်းမရီးက ငါ့ကိုအိမ်မှာစောင့်နေတုန်းပဲ"



ကျိုးကျင်ယွဲ့က ရှုပ်ထွေးစွာဖြင့် မျက်တောင်ခတ်လိုက်ပြီး ဖန်ယွီချင်းနှင့် ကျိုးကျင်ဟမ့်အား တစ်လှည့်စီကြည့်လိုက်သည်။



"မရီးလား ဘယ်မရီးလဲ"



ကျိုးကျင်ဟမ့်ကပြုံးကာ သူမခေါင်းလေးကို ပွတ်လိုက်သည်။



"ဘယ်မရီး ရှိဦးမှာလဲ၊ မင်း ဒီကလေးမ... ဒီလောက်ငယ်ငယ်လေးနဲ့ မေ့တတ်နေပြီလား မင်းရဲ့မရီးက ဘယ်တုန်းကမှ မပြောင်းသွားဘူး"



သူလှည့်ထွက်သွားသည်အအခါ ဖန်ယွီချင်းက သူ့နောက်မှနေ၍ ပြောလာသည်။



"မင်းမှန်တယ် အတိတ်ကအတိတ်ပဲ ဘယ်လောက်များတဲ့ငွေဖြစ်စေ ဘယ်လိုတောင်းပန်မှုမျိုးပဲဖြစ်စေ ဆုံးရှုံးသွားတဲ့အချိန်ကို ပြန်မရနိုင်ဘူး"



ကျိုးကျင်ဟမ့် ထိတ်လန့်သွားကာ ပြန်လှည့်ပြီး ပြောလိုက်သည်။



"မင်းတတ်နိုင်သမျှ လုပ်နိုင်ရင် နည်းလမ်းတစ်ခုကတော့ အမြဲရှိတုန်းပဲ"



သူ့နောက်ကျောကိုကြည့်ကာ ဖန်ယွီချင်းက စားပွဲထက်ရှိ ဓားနဲ့ခက်ရင်းကို ကောက်ကိုင်ကာ သူ့ကိုယ်သူရေရွတ်လိုက်သညိ။



"ဟုတ်တယ် နည်းလမ်းတစ်ခုကတော့ အမြဲရှိတယ်"



ကားထဲပြန်ရောက်လျှင် ကျိုးကျင်ဟမ့်က ဘေးခုံတွင်ရှိနေသော စက္ကူအိတ်ကို ကြည့်လိုက်သည်။ ယင်းကို အိမ်ပြန်ယူသွားသည့်တစ်လျှောက်လုံး ယီဟွေ့က လှည့်၍ပင် မကြည့်လျှင်ဟုတွေးကာ နှောင့်နှေးလေးလံမှုက သူ့နှလုံးသားတစ်ခုလုံးကို ပျံ့နှံ့သွားပြီး ဗလာဖြစ်နေသော ထောင့်တိုင်းကို ပြည့်သွားစေ၏။



တစ်နှစ်မျှ သူက တတ်စွမ်းသမျှသောနည်းလမ်းတို့ဖြင့် အရူးလေးနားတွင် နေခဲ့သည်။ ပြန်လှည့်ကြည့်လျှင် သူတတ်နိုင်သမျှအရာရာတိုင်းကို လုပ်ခဲ့သော်လည်း မည်သည်ကမှ အရူးလေး၏နှလုံးသားထဲသို့ ရောက်မသွားပေ။ အနည်းငယ်လေး လှုပ်ခတ်သွားဖို့ပင် ကျရှုံးခဲ့၏။



အနှီ အနှောင့်အယှက်တို့ကင်းမဲ့နေသည့် မျက်ဝန်းများနှင့် `ငါမင်းကိုမချစ်ဘူး´ဟူသော အေးစက်စက်စကားတို့အား တွေးမိလျှင် အရိုးထဲတွင်ဖိနှိပ်ထားသော ပူပန်မှုတို့က ထကြွလာပြန်သည်။



ကျိုးကျင်ဟမ့်က ယန်ချန့်ရွှမ်ကိုခေါ်လိုက်သည်။ 



ယန်ချန့်ရွှမ်၏ဘက်တွင် အရုဏ်တက်ချိန်ဖြစ်နေသောကြောင့် သူ့အိပ်မက်များကို နှောင့်ယှက်သည့်အတွက် ဒေါသတကြီး ကြိမ်းမောင်းလာခဲ့၏။ ကျိုးကျင်ဟမ့်က သူ့ကိုလျစ်လျူရှုထားလိုက်ပြီး တိုက်ရိုက်ပင်မေးလိုက်သည်။



"တစ်ခါသေဖူးတဲ့လူဆီက ခွင့်လွှတ်မှုကိုရဖို့ ငါဘယ်လို အလျော်ပေးရမလဲ"



ယန်ချန့်ရွှမ်က အကြိမ်အနည်းငယ်မျှ ကျိန်ဆဲလိုက်ပြီးနောက် သန်းဝေလိုက်ကာ ကျိန်ဆဲရခြင်းကို ပင်ပန်းသွားသည်။



"မင်း ဘယ်မကောင်းဆိုးဝါးဝိဥာဥ်များ ပူးနေပြန်ပြီလဲ"



ကျိုးကျင်ဟမ့် : "မေးခွန်းကိုပဲ ဖြေစမ်းပါ"



ယန်ချန့်ရွှမ်က ယခုပင် အိပ်ယာထကာစဖြစ်ပြီး သူ့စိတ်ကလည်း ကြည်လင်မနေသေးပေ။ သူကအဓိပ္ပါယ်မရှိသည်တို့ကို ပြောလိုက်သည်။



"မင်း တစ်ခါလောက် သေဖူးလို့လား"



ကျိုးကျင်ဟမ့် : “ငါသေမှာမဟုတ်ဘူး ငါသူ့ကို ကာကွယ်ပေးရဦးမှာ ...”



“မင်းငါ့ကိုဘာလို့ တစ်ချိန်လုံး ပြဿနာလာရှာနေရတာလဲကွာ ငါအဲလိုကိစ္စမျိုးမှ မကြုံဖူးတာ ဒီတော့ ဘယ်လိုလုပ် မင်းကို ဒီကိစ္စကို ဆွေးနွေးဖို့ကူညီနိုင်မှာလဲ ” 



ယန်ချန့်ရွှမ်က ဆံပင်ကိုဖွပြီး ကုတင်ထက်၌ လှိမ့်လိုက်လေသည်။



"ဟေး ဒီလိုဆို ဘယ်လိုလဲ မင်းသူ့ကို အလျော်မပေးချင်ဘူးလား မင်းအရင်က သူ့ကိုမပေးနိုင်ခဲ့တာကိုပေးလိုက် ဒါမှမဟုတ် အရင်ကသူ့အပေါ် အမှားလုပ်ခဲ့ရင် အခြားလူတွေကိုလည်း အတူတူ ပြန်လုပ်ပစ် အဲတာက ရိုးရှင်းပြီးကြမ်းတမ်းပေမယ့် အံ့အားသင့်စရာပဲကွ"



ညတွင် ယီဟွေ့က အန်တီ့ကို ပြန်ပို့လိုက်ပြီး ခြံဝန်းဝတွင် ရပ်ကာ လမ်းကိုမျှော်ကြည့်လိုက်သည်။ လာနေသည့် ကား သို့မဟုတ် မည်သည့်ပုံရိပ်မှ မရှိပေ။ သူက အိမ်ထဲပြန်ဝင်သွားလိုက်ပြီး မီးဖိုချောင်သို့သွားကာ ရေခဲသေတ္တာကို ရှင်းလိုက်၏။



ညနေက သူပြန်လာချိန်တွင် သစ်သီးအချို့ ဝယ်လာခဲ့၏။ အန်တီက ယင်းတို့ကို ရေခဲသေတ္တာထဲထည့်ကာ လတ်ဆတ်အောင်ထားခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်ပြီး လူကြီးမင်းကျိုးပြန်လာလျှင် စားနိုင်လိမ့်မည်ဟု ပြောသည်။ သူက သစ်သီးများကို သူ့အတွက်ဝယ်လာခြင်းမဟုတ်ကြောင်းပြောလျှင် အန်တီက သူ၏သူတော်ကောင်းယောင်ဆောင်မှုကို ရယ်မောလာသည်။



သူတို့ထဲမှအချို့က အမှန်ပင် ကျိုးကျင်ဟမ့်အတွက်ဖြစ်သည့်တိုင် သူကဒဏ်ရာရစေခဲ့သူဖြစ်သဖြင့် သစ်သီးများဖြင့် ပြန်ပေးဆပ်ခြင်းပေ။



ဤသို့ စဥ်းစားပြီးနောက် ယီဟွေ့က သရက်သီးတစ်လုံးကို ထုတ်ယူလိုက်ကာ သူ့ဘာသာသူ စားဖို့ရာ ပြင်ဆင်လိုက်သည်။ ဆေးကြောပြီးနောက် သစ်သီးလှီးဓားကို မည်သည့်နေရာတွင်မှ ရှာမရချေ။ညဘက် အပေါ်ထပ်ရေချိုးခန်းကို သန့်ရှင်းရေးလုပ်သည့်အချိန်၌ အန်တီယူသွားသည်ကို သူ သတိရလိုက်သည်။ သူမက ပြန်ယူလာဖို့ရာ မေ့သွားခြင်းဖြစ်နိုင်သည်။ သူကအပေါ်ထပ်ရေချိုးခန်းသို့သွားကာ ဓားကိုရှာသော်လည်း မတွေ့ပေ။ မမျှော်လင့်ထားစွာပင် ဘေစင်ထက်၌ ကာတွန်းပုံလျှပ်စစ်သွားတိုက်တံတစ်စုံအား သူတွေ့လိုက်ရ၏။

 

တစ်ခုကို ခပ်တုံးတုံးဒိုရေမွန်ပုံလေး ရိုက်နှိပ်ထားပြီး တစ်ခုကိုမူ ခပ်ညစ်ညစ်ပြုံးနေသည့် နိုဘိတပုံလေး ရိုက်နှိပ်ထား၏ ။ ဒိုရေမွန်ပုံနှင့်တစ်ခုတွင် အဖုံးရှိနေသေးသည့်တိုင် နိုဘိတတွင်တော့ အဖုံးမရှိတော့ချေ။ ယနေ့တွင် သုံးထားကြောင်း ထင်ရှား၍နေ၏။



ယီဟွေ့က ဤအိမ်၌ သူ့ကိုယ်သူဧည့်သည်အဖြစ် ခံယူထားပြီး အပေါ်ထပ်ရေချိုးခန်းအား တစ်ခါမှ မသုံးခဲ့ပေ။ ထွက်လာပြီးနောက် သူတံခါးဖွင့်ကာ တောင်ဘက်ရှိ ဧည့်ခန်းအဖြစ် အသုံးပြုဖူးသော အခန်းကို ဖြတ်သွားခဲ့သည်။ ဒေါင်လိုက်ထား,ထားသော ပန်းချီကားဘုတ်နှင့် အတွင်းတွင် သပ်သပ်ရပ်ရပ် စီထားသော ပန်းချီကားများကို မြင်သောအခါ စိတ်မြန်လက်မြန် လျှောက်သွားလုနီးပါးပင်။



သူ့ကိုယ်သူ ထိန်းထားရင်း ယီဟွေ့က မိုက်မိုက်ကန်းကန်းမလုပ်ဖို့ သူ့ကိုယ်သူ ပြောလိုက်သည်။ ထိုအရာများက သူ့အပိုင်မဟုတ်တော့ပေ။ မာစတာအိပ်ခန်းကို တံခါးဖွင့်ပြီး ဖြတ်သွားချိန်တွင် ကုတင်ခေါင်းရင်းမှာ ချိတ်ဆွဲထားသည့် မီးရှူးမီးပန်းပုံပန်းချီကားတစ်ချပ်ကို တွေ့လိုက်ရ၏။ သူက အမြန်ပင် အကြည့်လွှဲကာ ခေါင်းကိုလှည့်လျက် မကြည့်တော့ပေ။



သူ ကျိုးကျင်ဟမ့်ကိူ ပထမဆုံးအကြိမ် ဆေးလိမ်းပေးကတည်းက ထိုပုံကို မြင်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ယင်းကို သတိပြုမိချိန်၌ သူမထိတ်လန့်သွားပေ။ များသောအားဖြင့် ခံစားချက်များ အနည်းငယ်လှုပ်ခတ်သွားရုံမျှသာ။



အရေးမကြီးဟု ထင်ရသည့် ခံစားချက်များထက် ပိုအရေးကြီးသည်မှာ လွတ်လပ်မှုပင်။ စိတ်ပိုင်းဖြတ်ပြီး လျစ်လျူရှုထားပါက သူ၏ဆိတ်ငြိမ်သောဘဝလေးကို ပြန်ရနိုင်လိမ့်မည်ဟု တွေးမိသည်။

 

သရက်သီးများမှာ နောက်ဆုံး၌ ဝါးကာ မြိုချခြင်းခံလိုက်ရသည်။ ယီဟွေ့မှာ မီးဖိုချောင်သုံးဓားကို မသုံးရဲပေ။ သူက ဂရုတစိုက် စားခဲ့သော်လည်း အချို့သစ်သီးရည်များကတော့ သူ့လည်တိုင်ထက် ကျဆင်းသွားဆဲပင်။



မှန်ရှေ့တွင် သူ့ကိုယ်သူပွတ်တိုက်နေစဥ် သူ့လည်တိုင်ကို ဆန့်ထုတ်လိုက်ရာ ညှပ်ရိုးအချိုင့်လေးထဲတွင် အနီရောင်အမှတ်များ ရှိနေသေးသည်ကို တွေ့လိုက်ရသည်။ ယင်းတို့အားလည်း ရေဖြင့် ပွတ်သုပ်ပစ်လိုက်သည်။ အနှီလူမှာ သန်မာဆဲဟု တွေးလိုက်မိ၏။ သူ့လက်တွေက သန်မာပြီး သူ့ပါးစပ်ကလည်း သန်မာသည်။ သူ့ကိုရိုက်ခွင့်ပေးပြီး သူ့(ဟွေ့ဟွေ့)အား အပြစ်ရှိစိတ် ခံစားရအောင်လုပ်ခြင်း ဖြစ်နိုင်၏။



 အနှီလှည့်ကွက်က အလုပ်ဖြစ်သည်ဟု ဆိုရပေမည်။ တံခါးဖွင့်သံကြားလိုက်ရလျှင် ယီဟွေ့က သူ့အခန်းသူ မြန်နိုင်သမျှမြန်မြန် ပြန်သွားဖို့ရာ လောမနေပေ။ သူက ဆေးသေတ္တာအားယူလိုက်ကာ ဧည့်ခန်းထဲ၌ စောင့်နေလိုက်သည်။ 


ကျိုးကျင်ဟမ့် ဝင်လာချိန်၌ သူ့လက်ထဲတွင် စီးကရက်တစ်လိပ်ရှိနေ၏။ ယီဟွေ့ကိုမြင်လျှင် သူကထိတ်လန့်သွားပြီး စီးကရက်ကိုမီးငြိမ်းကာ ပြတင်းပေါက်မှ လွှင့်ပစ်လိုက်လေသည်။ အိမ်ထဲသို့မဝင်မှီ ဝင်ပေါက်ရှိ ဗီရိုပေါ်မှ ရေမွှေးကိုယူကာ သူ့ကိုယ်ပေါ်၌ ဖြန်းလိုက်လေသည်။



ယီဟွေ့မှာ ဘယ်အချိန်က သူ့အား ဆေးလိပ်မသောက်ရန် တားမြစ်ခဲ့မိသည်ကို မမှတ်မိတော့ပေ။ သူမှတ်မိသည်မှာ ကျိုးကျင်ဟမ့် ဆေးလိပ်မသောက်ကြောင်းကိုပင်။



သို့ပေသိ သူအရင်ကအရက်မသောက်ခဲ့ပေမယ့် သိပ်မကြာခင်ကတော့ နေ့တိုင်းမူးရူးနေခဲ့သည်မလား။ ယီဟွေ့မှာ ထိုအကြောင်းကို သိချင်မနေပေ။ သူကဆေးနှင့်ဂွမ်းလုံးကို ယူကာ သူအသင့်ဖြစ်နေပြီဖြစ်ပြီး အချိန်မရွေး စ၍ရကြောင်း ကျိုးကျင်ဟမ့်အား သိစေလိုက်သည်။



ယီဟွေ့အလျင်လိုနေမည်ကို ကြောက်၍ဖြစ်နိုင်သည်။ ကျိုးကျင်ဟမ့်က အရင်ဆုံး ရေသွားမချိုးဘဲ မီးဖိုချောင်ထဲဝင်ကာ ရေနွေးတစ်အိုးတည်လိုက်၏။ သူပြန်လာချိန်တွင် သူ့ကိုယ်အပေါ်ပိုင်းက အဝတ်အစားများကို ဖယ်ရှားပြီးဖြစ်ကာ ယီဟွေ့ဆေးလိမ်းပေးနိုင်ရန် ကျောပေးလိုက်၏။



မနေ့ကဖြစ်ရပ်မျိုး ထပ်ဖြစ်မည်ကို ယီဟွေ့က စိုးရိမ်မနေပေ။ သူက နောက်ကျောရှိ အရေပြားနှင့်ကြွက်သားတို့ဆွဲဆန့်ခံထားရသည့် အဓိကနေရာမှ ဒဏ်ရာများနှင့်ပတ်သက်၍ အေးဆေးဖြစ်နေပုံရသည်။ အနည်းငယ်လေး ဂရုမစိုက်လျှင်ပင် ဒဏ်ရာများကို ကွဲသွားစေပြီး နာကျင်စေနိုင်၏။ သေချာသည်မှာ သူ့အနေဖြင့် မလှုပ်ရဲပေ။ 



သူ၏ ဖြောင့်တန်းကာကျယ်ဝန်းသော ပခုံးများမှ စ၍ ပါးလျလျခါးအထိ တစ်လျှောက်လုံး ယီဟွေ့က ဒဏ်ရာဘေးမှ သွေးစီးကြောင်းတို့အား အရက်ပြန်ဖြင့် ပွတ်သုတ်လိုက်သည်။ ပြီးနောက် ကျန်နေသည့် အတွင်းကြေဒဏ်ရာများကို အရက်ဖြင့် ပွတ်တိုက်လိုက်သည်။



သူ့လက်ချောင်းထိပ်များအောက်မှ အရေပြားများ အနည်းငယ်ပူလောင်နေသည့်တိုင် အဖျားရှိပုံတော့မရပေ။ ယီဟွေ့က ပိုးသတ်ဆေးကို ဆေးသေတ္တာထဲသို့ ပြန်ထည့်လိုက်သည်။ ကျိုးကျင်ဟမ့်က ရုတ်တရက် ခေါင်းလှည့်ကာ မေးလာ၏။



"ကြည့်ရဆိုးလား"



ယီဟွေ့မှာ သူဘာကိုကြားချင်နေသလဲမသိသဖြင့် အတော်ကြာအောင်စဥ်းစားပြီးနောက် ပြောလိုက်လေသည်။



"မင်းရဲ့ပရိတ်သတ်တွေက ဒီနေရာကို မမြင်နိုင်ပါဘူး"



ကျိုးကျင်ဟမ့်က လှည့်လာရာ မိတ်ကပ်မလိမ်းထားသော သူ့မျက်နှာထက်တွင် ရှည်လျားသောအမာရွတ်တစ်ခု ပေါ်လာသည်။



"ဒီနေရာကရော..."



ယီဟွေ့က သူတမင်လုပ်နေလားမသိသည့်တိုင် အမာရွတ်ကို မကြည့်လိုပေ။



အနှီအမာရွတ်မှာ ပြစ်ချက်ကင်း ချောမွတ်နေသည့်ကြွေမျက်နှာပြင်ထက်မှ အက်ကွဲရာနှင့်တူ၏။ ဖြတ်သွားဖြတ်လာများအနေဖြင့် မျက်စိနှင့် သိပ်မမြင်ရလျှင်ပင် ပြုပြင်၍ရနိုင်သကဲ့သို့ သူ၏ပြီးပြည့်စုံမှုကို မထိခိုက်စေပေ။ ယင်းကို အသေအချာမြင်လိုက်ရတိုင်း သူ့နှလုံးသားများက ထိန်းချုပ်မရအောင် ခုန်ပေါက်နေဆဲပင်။ 



သူသိသော ကျိုးကျင်ဟမ့်က ပြီးပြီစုံနေသင့်ပြီး ဤသို့သော အမာရွတ်များ ရှိမနေသင့်သလို ဤသို့သော နာကျင်နေသည့်မျက်ဝန်းများဖြင့် သူ့ကိုယ်သူ ကြည့်မနေသင့်ပေ။



"ပရိတ်သတ်အစစ်တွေက စိတ်ထဲထားမှာမဟုတ်ပါဘူး"



ဆန့်ကျင်ဘက်စကားများဖြင့် ယီဟွေ့ အကြည့်ကိုအောက်ပို့လျက် ပြောလိုက်၏။



"မင်း ငါ့ညီမနဲ့ပတ်သက်ပြီး စိတ်ပူစရာမလိုပါဘူး"



ယင်းက နှစ်သိမ့်နေသယောင် ထင်ရသော်လည်း နှစ်သိမ့်မှုဖြစ်ရန်မှာ ခက်ခဲလှသည်။ ကျိုးကျင်ဟမ့်က ပြုံးကာဆိုသည်။



"အင်း သူမက အဲ့အရာတွေအကုန်လုံးကို လောင်ကျွမ်းပစ်လိုက်တာ သူတို့အားလုံးကိုပဲ..

."
အကြောင်းပြချက်အချို့ကြောင့် သူ၏အပေါ်ယံတွင် တည်ငြိမ်နေပုံရသည်ကို ကြည့်မိတိုင်း ယီဟွေ့ သူ့ထံမှ အေးစက်မှုနှင့် အန္တရာယ်ရှိသည့် ခံစားချက်ကို ရသည်။



"မင်းကရော..."



ကျိုးကျင်ဟမ့်က ဆက်မေး၏။



"မင်းကိုယ့်ကို ခွင့်လွှတ်ဖို့ ဘာလုပ်ပေးရမလဲ"



ဒီဆိုလိုရင်းက ဘာကို ဆိုလိုတာလဲ။



ယီဟွေ့ အသက်ပြင်းပြင်းရှူကာ သူ့အကြည့်တွေက ဦးတည်ရာမဲ့နေပြီး မည်သည့်နေရာကိုမှ ကြည့်မနေပေ။



"ငါပြောပြီးပြီ ငါကသူမဟုတ်ဘူးလို့ မင်းငါ့ကို ဒီလိုမေးမနေသင့်ဘူး"



သူဝန်မခံသရွေ့ ကျိုးကျင်ဟမ့် သူ့အား ဘာမှမလုပ်နိုင်ပေ။ သူယင်းကို အစကတည်းက သိပြီးဖြစ်သော်ငြား ယခု သူ၏အသိဥာဏ်တို့ကို ဆွဲထုတ်အသုံးပြုကာ ခံတပ်ကို တည်ဆောက်ရင်း ကျူးကျော်ဖို့ရု ကြိုးစားနေသည့် ရန်သူများအား တိုက်ထုတ်လိုက်လေသည်။



သူက ကျိုးကျင်ဟမ့်ထံမှ ခပ်တိုးတိုးရယ်ပြီး ပြောလိုက်သည်ကို ကြားလိုက်ရသည်။



"ကိုယ်သိပါတယ်"



ခြေသံများကြားလိုက်ရသဖြင့် ယီဟွေ့ မသိစိတ်မှ ခေါင်းမော့ကာ မီးဖိုချောင်ဘက်သို့ လျှောက်သွားနေသည့် အရပ်ရှည်ရှည်ဖြင့် ပုံရိပ်ကို ကြည့်လိုက်သည်။



ကျိုးကျင်ဟမ့်က ဆူပွက်နေသည့် ရေအပြည့်နှင့် ရေနွေးကရားဖြင့် ပြန်လာပြီး စားပွဲထက်မှ လက်ဖက်ရည်ခွက်ထဲသို့ ဖြည့်လိုက်ရာ ပြည့်လျှံသွားသောရေတို့က စားပွဲထက် အနည်းငယ် ဖိတ်ကျသွားသည်။



သူကပြောလာသည်။



"ကိုယ်သူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့မိတယ် အနိုင်ကျင့်ပြီး နာကျင်စေခဲ့တယ် အခု သူခေါင်းရှင်းသွားပြီဆိုတော့ ကိုယ့်ကို သေလောက်အောင် မုန်းနေမှာပဲ"



ယီဟွေ့မှာ ဆေးသေတ္တာကို ထုပ်ပိုးပြီး အပေါ်ထပ်သို့ အမြန်ပြန်သွားချင်မိသည်။ သူ့အခန်းတံခါးကိုပိတ်ကာ မည်သည်ကိုမှနားမထောင်သလို မည်သည်ကိုမှမကြည့်ဘဲ နေချင်သော်လည်း သူ့မသိစိတ်မှ ခေါင်းယမ်းကာလည်း ငြင်းဆိုမိချင်ပြန်သည်။ သူ့အကြည့်များက လက်ဖက်ရည်ခွက်ပေါ်၌သာ ကျရောက်နေ၏။



ယီဟွေ့ ခွက်ကိုကိုင်ပြီး မလွှတ်မိသည်မှာ သူဘာကိုများ တွေးနေမိ၍လဲ။



တွေးနေမိသည်က - ငါသူ့ကိုချစ်တယ် သူ့ကိုပျော်နေစေချင်တယ် ငါ့နာကျင်မှုကြောင့် သူပျော်ရွှင်ရမယ်ဆို ထပ်ကာထပ်ကာ လုပ်နိုင်တယ်။



တကယ့်ကို အရူးတစ်ယောက်လိုပဲ။ မျှော်လင့်ချက်မဲ့နေတဲ့ အရူးတစ်ယောက်လိုမျိုး။



လက်ရှိကျိုးကျင်ဟမ့်သည်လည်း အတူတူပင်။ သူ့နှုတ်ခမ်းထောင့်များက ပြုံးနေပြီး သူ့မျက်လုံးများထဲတွင် မီးတောက်တို့ လောင်ကျွမ်းနေသည်မှာ အသူရာချောက်နက်ကြီး၏အခြေ၌ ပိတ်မိနေသူတစ်ဦးက သူ့ခေါင်းထက်တွင် အလင်းရောင်တစ်စ မြင်လိုက်ရသည့်အတိုင်းပင်။ သို့မဟုတ်ပါက ကြိုး၏အဆုံးတွင် ခက်ခက်ခဲခဲဖြင့် အနိုင်ရနိုင်မည်ဟူ၍ မျှော်လင့်နေသော အမျိုးသားတစ်ဦးကဲ့သို့နှယ် တူလှသည်။



သို့ပေသိ ထိုအမျိုးသားမှာ အဆုံးမရှိသော ညပေါင်းများစွာ၌ မှုန်မှိုင်းပြီး စိတ်ဓာတ်ကျနေလျက် ပျက်စီးနေသော သစ်သားနှင့် ပြာပုံတို့ကြားတွင် ပိတ်မိနေဆဲဖြစ်သည်။


“*လက်ဝါးလက်ဖမိုး နှစ်ခုလုံးက အသားတွေချည်းပါပဲ…” 

(*နှစ်ခုလုံးက ညီတူမျှတူ အရေးပါတယ်/ နှစ်ခုလုံးက အတူတူတန်ဖိုးရှိတယ်) 



ကျိုးကျင်ဟမ့်က သူ့ကိုယ်သူ တိုးတိုးလေး ပြောလိုက်ကာ ဆူပွက်နေဆဲရေနွေးကရားကို ကောက်ယူလိုက်သည်။



"ဒါဆိုလည်း အတူတူ လုပ်လိုက်ကြရအောင်"



သူ့အနေဖြင့် နောက်ထပ်ဖြစ်လာမည့်အရာတို့အတွက် အဆင်သင့်မဖြစ်သေးချေ။ သို့သော်လည်း သူလုံးလုံးမကြောက်ပါချေ။ ပွက်ပွက်ဆူနေသောရေနွေးများက ကရားနှုတ်ခမ်းဝမှ လျှံကျလာချိန်၌ သူကလက်ဝါးကိုဖြန့်ကာ နောက်ဆုံးတွင်ရောက်လာမည့် မကောင်းမှုအတွက် တန်ပြန်လက်စားချေမှုအား စောင့်နေလိုက်သည်။



အရူးလေးခံစားခဲ့ရသော နာကျင်မှုအား မျှဝေဖို့ရာ အသင့်ဖြစ်နေချေပြီ။



အကယ်၍ သိပ်မနာကျင်ရဘူးဆိုရင် မြန်မြန်ပြန်လာခဲ့ပေးပါ။