အပိုင်း ၅၁.၁
Viewers 11k

 Chapter 51.1



သူ့နှလုံးသားမှာ ရုတ်တရက် စည်းချက်လွတ်သွားပြီး မျက်လုံးများ ကျယ်သွားကာ ထိတ်လန့်မှုနှင့်အတူ မူးဝေသွားရ၏။ ယီဟွေ့က ရှေ့ကိုအလျင်စလို တိုးသွားပြီး သူ့ကိုတားဆီးလိုက်သည်။ 



သို့ပေသိ နောက်ကျသွားချေပြီ။ ကျိုးကျင်ဟမ့်က ယီဟွေ့ သူ့ထံအချိန်တိုအတွင်း ပြေးမလာနိုင်စေရန် အကွာအဝေးကို တွက်ချက်ပြီးဖြစ်သည်။ ဆူပွက်နေသည့်အပူငွေ့များကြားတွင် ရေများက လှိုင်းသဏ္ဌာန် ကျဆင်းသွားသည်အား ရှင်းလင်းစွာ မြင်နေရသည်။ အချိန်တွေနှေးကျသွားပြီး အဆုံးမဲ့ဆွဲဆန့်ထားသကဲ့သို့ အဖြူရောင်အမှုန်အမွှားတိုင်းကို ရိုးစင်းစွာ မြင်နေရသည်။



သို့သော်လည်း နာကျင်မှုက မျှော်လင့်ထားသည်နှင့် ဝေးကွာ၍နေသည်။



ယီဟွေ့က ဒေါသတကြီးဖြင့် စားပွဲကို ဝင်တိုးလိုက်မိပြီး ယင်းစားပွဲခုံခြေထောက်များက ကြမ်းနှင့်ပွတ်တိုက်မိသည့်အသံတို့ ထွက်ပေါ်လာသည်။ လူများ ကြမ်းတမ်းနေချိန်တွင် မယုံနိုင်စရာစွမ်းအင်များက ပေါက်ကွဲထွက်လာလိမ့်မည်ဖြစ်ပြီး နံရံတွင်ကပ်ထားပြီးကတည်းက မရွှေ့ခဲ့သည့် ညစာစားပွဲက သူ့ကြောင့် ရှေ့ကိုအနည်းငယ် ရွေ့သွားပြီး တိမ်းစောင်းသွားသည်။

 

ကျိုးကျင်ဟမ့်၏ကိုယ်က အနှီသက်ရောက်မှုအောက်တွင် အလိုက်သင့်လှုပ်ရှားသွားပြီး ရေနွေးကရားဝမှရေများက သူ့ဦးတည်ရာမှသွေဖယ်၍ အလျင်အမြန် ကျဆင်းသွားသည်။ မူလက သူ့လက်ဝါးပေါ်သို့ ရည်ရွယ်ထားသော်လည်း ယခုမူ ယင်းက သူ့လက်ကိုဖြတ်လျက် လက်ကောက်ဝတ်ထက်သို့ ကျသွားလေသည်။ ရေပူများက ကြမ်းပြင်ထက် ကျဆင်းသွား၏။ ရေစက်အနည်းငယ်က သူ့ဖိနပ်ပါးထက် ကျဆင်းသွားသည်။



ယီဟွေ့ စားပွဲထောင့်ကိုအမြန်သွားလိုက်ကာ ကျိုးကျင်ဟမ့် မိန်းမောနေသည်ကို အခွင့်ကောင်းယူလျက် သူ့လက်ထဲမှ ရေနွေးကရားကို ဖမ်းဆုပ်လိုက်သည်။ သူယင်းအား စားပွဲထက်သို့ ပြန်ထားလိုက်ချိန်တွင် သူ့လက်များမှာ ထိန်းချုပ်မရဘဲ တုန်ယင်နေခဲ့သည်။ သူက ချထားပြီးနောက် ခေတ္တအကြာတွင် ပြန်ကောက်ယူလိုက်သည်။ ကျိုးကျင်ဟမ့်မှ ထပ်မံ၍ အလစ်ပြန်ဆွဲယူသွားမည်ကို ကြောက်မိပြီး သူက မီးဖိုချောင်ထဲသွားကာ ရေများကို သွန်ချလိုက်ပြီးနောက် ပြန်လာခဲ့၏။ သူကအသက်ကို ခက်ခက်ခဲခဲရှူလိုက်ပြီး



"မင်းဘာဖြစ်နေတာလဲ"

  

ဒေါသနောက်မှ ကြောက်ရွံ့မှုက ကပ်ပါလာသည်။ ယီဟွေ့ စိတ်အေးအေးမထားနိုင်ပေ။ သူ၏တုန့်ပြန်မှုသာ ယခုထက်ပိုနှေးသွားပါက ကျိုးကျင်ဟမ့်၏လက် ထပ်မံသုံးမရတော့မည်ကို တွေးမိကာ သူ့ဦးရေပြားများ တင်းကြပ်သွားပြီး သူရှူရှိုက်လိုက်သည့်လေကပင် သူ့အဆုတ်အား ဓားတစ်လက်ကဲ့သို့ ဖြတ်တောက်နေသည့်အတိုင်း။

 

မည်သူကမှ သူ့ထက်ပို၍ ရေနွေးပူလောင်ခံရသည့်အကြောင်း သိမည်မဟုတ်ပေ။ သူ့အရေပြားနှင့်ဆံပင်တို့က မိဘများထံမှလာခြင်းဖြစ်ပြီး ယီဟွေ့မှာ ယခင်ဘဝက သူ့ကိုယ်သူ မချစ်ခဲ့မိခြင်းအတွက် နောင်တရနေမိသည်။ ကိုယ့်ကိုယ်ကို နာကျင်အောင်ပြုလုပ်ခြင်းကို လေ့ကျင့်ခြင်းအား ဘယ်လိုပဲဖြစ်ဖြစ် သူနားမလည်နိုင်ခဲ့ပေ။

 

ပြောစရာမလိုအောင်ပင် ကျိုးကျင်ဟမ့်က သရုပ်ဆောင်တစ်ဦးဖြစ်၏။ သူ၏ကောင်းကင်ဘုံကမေးထားသော အသွင်အပြင်မှာ အနှစ်သက်ခံရခြင်းအတွက် အကြောင်းပြချက်လည်းဖြစ်သည်။ ထို့ကြောင့် ထိုအကြောင်းကို သာမန်ကာလျှံကာဆိုရလျှင် လူတွေက သူ့ကိုကလေးဆန်သူ သို့မဟုတ် ဂုဏ်သိက္ခာမရှိသူဟူ၍ တွေးကြလိမ့်မည်။



သိုဝှက်ထားသည့် ဒေါသတစ်လွှာလည်း ရှိနေပေရာ ယီဟွေ့ ယင်းအား နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးမနေလိုတော့ပေ။



ဤသိူ့လုပ်သည်ကို မည်သူပင် မြင်ပါစေ စိတ်ရှုပ်ခံမနေဘဲ ကိုယ့်ဟာကိုယ်သာနေတော့ဟူ၍ သူ့ကိုယ်သူ ပြောလိုက်မိလေသည်။



ကျိုးကျင်ဟမ့်က ထိုနေရာတွင် မလှုပ်မယှက်ဖြင့် စကားလည်းမဆိုပေ။ ယီဟွေ့က သူ၏အပူလောင်သွားသောလက်ကို ဖမ်းကိုင်ကာ ရေဘုံဘိုင်ခေါင်းအောက်သို့ ဆွဲသွားလိုက်ပြီး ရေအောက်တွင် ခံထားလိုက်သည်။ သူက လက်ကောက်ဝတ်ရိုးအနီးရှိ အရည်ကြည်ဖုအားကြည့်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းရှိုက်လိုက်မိသည်။

  

အာရုံခံတစ်ရှူးများ ဒဏ်ရာမရသွားပါက လိမ်းဆေးလိမ်းရုံမျှသာ ။ ကံကောင်းလျှင် အမာရွတ်ပင် ကျန်လိမ့်မည်မဟုတ်ပေ။



အန်တီက အသုံးများသည့်ဆေးများ ဝယ်လာချိန်၌ အပူလောင်လိမ်းဆေးတစ်ဘူးကို ဝယ်လာခဲ့ရာ ယခုတော့ အသုံးဝင်ပြီဖြစ်၏။ ယီဟွေ့က အပ်တစ်ချောင်းကို ရှာတွေ့ခဲ့ပြီးနောက် ယင်းအား အရက်ပျံနှင့်ဂွမ်းကိုသုံးကာ ထပ်ခါထပ်ခါ ပိုးသတ်ပြီးနောက်တွင် ယင်းအားမထိုးမှီ ကျိုးကျင်ဟမ့်ကို ကြည့်လိုက်၏။ သူက တုံးအစွာရပ်နေဆဲဖြစ်ပြီး သူ့ခွန်အားများက ယခုလေးတင် ကုန်ဆုံးသွားပုံရ၏။ သူကသူ့လက်ကိုငုံ့ကြည့်ကာ သူ့အကြည့်များက မိန်းမောနေလျက် သူမည်သည်တို့အားတွေးနေသည်ကို မည်သူမှ မသိနိုင်ပေ။



သူ့လက်များက နွမ်းနယ်နေပြီး ယီဟွေ့ ကိုင်တွယ်နေသည်ကို ခွင့်ပြုထားလိုက်သည်။ အပ်တွင် အဆိပ်သုတ်ထားလျှင်ပင် သူက ရှောင်တိမ်းခြင်းပြုမည့်ပုံမရပေ။



ဤသို့သောကျိုးကျင်ဟမ့်ကို မျက်နှာချင်းဆိုင်ရခြင်းက ယီဟွေ့အား သူဒေါသထွက်နေကြောင်းကိုပင် ဖွင့်ထုတ်မပြောနိုင်အောင် ဖြစ်စေသည်။ အရည်ကြည်ဖုအား ဖောက်ပြီးနောက် သူကဆေးစလိမ်းကာ ဖြစ်စဥ်တစ်ခုလုံး၌ သူ့လုပ်ရပ်များက ကျွမ်းကျင်နေကြောင်းအား သတိပြုမိသွားသည်။ သူ့တွင် တစ်ခုခုပြောစရာရှိသည်ကို ခံစားလိုက်ရ၏။ 



"မင်းက သရုပ်ဆောင်မဟုတ်ဘူးလား မင်းဒီလိုလုပ်နေမှတော့ ဘယ်လိုလုပ် ရုပ်ရှင်ရိုက်နိုင်တော့မှာလဲ"



ယီဟွေ့က သူ့အား သူစိမ်းတစ်ယောက်၏နေရာ၌ထားရန် ကြိုးစားလိုက်သည်။



"မင်းအလျော်ပေးချင်တယ်ဆိုရင်တောင် ဒီနည်းလမ်းကို မသုံးသင့်ဘူး"



ပိတ်ကျဲစများကို သူ့လက်ဝါးပတ်လည်တွင် စည်းနှောင်လိုက်ပြီးနောက် ကျိုးကျင်ဟမ့်က နောက်ဆုံး၌ တုန့်ပြန်လာ၏။



"ဒါက တစ်ခုတည်းသော နည်းလမ်းပဲ"



သူကတိုးညှင်းစွာဆိုသည်။



"ဒါက တစ်ခုတည်းသော ကျန်တော့တဲ့နည်းလမ်းပဲ"



ယီဟွေ့က နှုတ်ခမ်းကိုစူလိုက်ပြီး ဘာမှမကြားလိုက်သည့်အတိုင်း ပတ်တီးဆက်စည်းပေးလိုက်သည်။



ပတ်တီးစည်းပြီးနောက် ပိတ်ကျဲစက တင်းကြပ်နေသည်ကို အတည်ပြုပြီးသည်နှင့် လတ်တလောမှာ ဆေးရုံတွင် သူ့မိခင်ကိုဂရုစိုက်ပေးရသည်အား ကျင့်သားရနေသောယီဟွေ့မှ အကျင့်ဖြစ်စွာ မေးလိုက်သည်။



"နာလား"



ပြီးနောက်တွင် ကားဘရိတ်အား နင်းလိုက်သလို ရုတ်တရက် ရပ်လိုက်လေသည်။ 



ကျိုးကျင်ဟမ့်က ကြားသော်လည်း မဖြေချေ။ သူက အဖြေကိုမလိုအပ်သည့်မေးခွန်းအား မေးလိုက်ပါ၏။



"မင်းရော နာခဲ့သေးလား"



ဒုတိယလူ ယနေ့စီကာပတ်ကုံးပြောခဲ့သမျှက တစ်လှမ်းချင်းဖိအားပေးလျက် အရှက်မဲ့စွာ အယောင်ဆောင်နေခြင်းပင်။ ယီဟွေ့က အပေါ်ယံ၌ တိတ်ဆိတ်နေသော်ငြား အတွင်းတွင်တော့ သူ့ယခင်ဘဝမှတ်ဥာဏ်များအား သိုလှောင်ထားသည့် လျှို့ဝှက်အခန်းငယ်ကို ပိတ်ထားဖို့ရာ ပြင်းပြင်းထန်ထန် ကြိုးစားနေရသည်။



သို့ပေသိ ယခုဘဝအား ပူပန်လာရသည့်အခါ သူမတော်တဆပင် သူ၏သတိရှိမှုကို ဆုံးရှုံးသွားခဲ့ရသည်။ လွန်ခဲ့သောနှစ် မိုးသည်းထန်စွာရွာနေသည့် တောင်ပေါ်၌ ထောင်ချောက်မိကာ ကျိုးကျင်ဟမ့်မှ သူ့ဒဏ်ရာအား ဂရုစိုက်ပေးကာ နာလားဟု မေးကာ သူ့လက်ကိုဆုပ်ကိုင်ထားလိုက်ဟု ပြောခဲ့သည်ကို သတိရသွားသည်။



သူ့ကို ဆုပ်ကိုင်ထားရင် ဘာများအသုံးဝင်လို့လဲ။ အဲဒါက တစ်ယောက်ရဲ့နာကျင်မှုကို မသက်သာစေသလို တစ်ဖက်လူ၏အမာရွတ်ကိုလည်း ရှင်းမပစ်နိုင်ဘူးလေ။



အရာရာက တူညီနေသော်လည်း လူတွေက ပြောင်းလဲသွား၏။ ယီဟွေ့ ခေတ္တမျှ တုန့်ဆိုင်းသွားပြီးနောက် လှည့်ထွက်သွားရန်ပြင်လိုက်သည်။ သူက ကျိုးကျင်ဟမ့်၏လက်ကို အလျင်အမြန် လွှတ်လိုက်ပြီး တစ်စက္ကန့်ပင်မကြာဘဲ ကျိုးကျင်ဟမ့်ထံမှ ဖမ်းချုပ်ခံလိုက်ရသည်။



သူက သူ၏ဒဏ်ရာရနေသောလက်အား အသုံးပြုလိုက်ခြင်းဖြစ်သည်။ ယီဟွေ့က သူ့ဒဏ်ရာကို ထိမိမည်ကို စိုးရိမ်ကာ မလှုပ်ရှားရဲပေ။ သူက သူ၏ပုခုံးကိုကျော်၍ကြည့်ကာ ပြောလိုက်သည်။ 



"လွှတ် မင်းဒီလိုထပ်လုပ်ရင် ငါမင်းကို မကူညီတော့ဘူး"



"မင်းမကူညီချင်ရင် ထပ်မကူညီနဲ့တော့"



ကျိုးကျင်ဟမ့်က ယီဟွေ့၏လက်ကို သူ့မျက်နှာထံ မြှောက်လိုက်ကာ ခေါင်းငုံ့လျက် လက်ဖမိုးရှိ ချောမွတ်သည့်အရေပြားလေးအား သူ့နှုတ်ခမ်းတို့ဖြင့် ပွတ်သပ်လိုက်သည်။ 



သူ့ယခင်ဘဝ၌ ဤနေရာတွင် အပူလောင်ခဲ့ပြီး အရေပြားက ညက်ညော၍မနေပေ။ ယင်းက သူအရူးလေးအား ရှုံ့ချခဲ့သည့်သက်သေဖြစ်ကာ အရူးလေးသူ့ကို မုန်းသွားရသည့် အကြောင်းအရင်းလည်းဖြစ်၏။ ဤဘဝ၌ အရူးလေးက သူ့အားမနာကျင်စေချင်သလို သူ့ကိုကူညီကာ သူ့ဒဏ်ရာအား ညင်သာစွာ ပတ်တီးစည်းပေးလိမ့်မည်ဟု သူအိမ်မက်ပင် မမက်ဖူးပေ။



အဆောတလျင်ဖြစ်ခြင်း၊ အလျင်လိုစွာလှုပ်ရှားခြင်း၊ ခံစားချက်တို့ အရှိုက်ထိသွားခြင်း၊ ကိုယ့်ကိုယ်ကို အပြစ်တင်မိခြင်း၊ နောင်တရခြင်း... စသည့်မရေမတွက်နိုင်သော စိတ်ခံစားမှုများက မြစ်များနှင့် ပင်လယ်များအတွင်းသို့ ပေါင်းစည်းကာ သူ့နှလုံးသားထဲတွင် ပြင်းထန်စွာ တောက်လောင်လာပြီး ကျိုးကျင်ဟမ့်၏နှလုံးခုန်သံများ ကျယ်လောင်လာလျက် အသက်ရှူမဝအောင် ပြုလုပ်နေသည်။



သူက ယီဟွေ့ကို သူ့လက်တွေများအတွင်း ဆွဲသွင်းကာ ယီဟွေ့စတင်မရုန်းကန်မှီ ပြောလိုက်၏။



"ခဏလောက် မင်းကို ခဏလောက်ပဲ ဖက်ထားခွင့်ပေးပါ သဘောတူညီချက်မှာ ဖက်မရဘူးလို့ မပါဘူးလေ"



စကား၏ဒုတိယတစ်ဝက်ကြောင့် အရူးလုပ်ခံလိုက်ရ၍ ဖြစ်နိုင်၏။ သူ့ရင်ခွင်ထဲမှလူက ငြိမ်သက်သွားသည်။ ကျိုးကျင်ဟမ့်က မျက်လုံးများကိုပိတ်ကာ ယီဟွေ့ ၏လက်ကို ဒဏ်ရာရနေသောလက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ကျန်လက်ဖြင့် ခါးလေးကို အားအနည်းငယ်ထည့်လျက် ဖက်ထားလိုက်သည်။ ဤအခိုက်အတန့်လေး၏ ခံစားချက်ကို သူ့ခန္ဓာကိုယ်ထဲ၌ ထွင်းထုထားလိုသည့်အတိုင်းပင်။



ဒဏ်ရာမှ ပြင်းထန်သည့်နာကျင်မှုက သူ့လက်မှနှလုံးသားအထိ ပြန့်နှံ့သွားသည်။ ဤအရာက စာနာမှုဆိုပါက အနာဂတ်တွင် ထိခိုက်မှုအားလုံးကို ခံနိူင်သည်ဟူ၍ ကျိုးကျင်ဟမ့် တွေးလိုက်မိလေသည်။



ယင်းက သူယီဟွေ့အပေါ် တင်နေသောအကြွေးဖြစ်ပြီး ယင်းက သူစိတ်သက်သာနိုင်မည့် တစ်ခုတည်းသော နည်းလမ်းပင်။



သူခွင့်လွှတ်မခံရလျှင်ပင် သူ့အားဇိမ်ခံပစ္စည်းတစ်ခုပမာ ဆုပ်ကိုင်ထားလျှင်ပင် သူ သူ့အားချစ်မြတ်နိုးကာ စောင့်ရှောက်သွားမည်သာ။


........


ဝေးပေါ်ရှိ ကျိုးကျင်ဟမ့်၏ မကောင်းသတင်းများကို ကြည့်ပြီးနောက်တွင် ယီဟွေ့ ယမ်းခါခြင်းတို့အား ကျင့်သားရစွာ ဘတ်စ်ကားပေါ်၌ ထိုင်လိုက်၏။ သူ ကျန်းယီမန့်ပြောသည့် `hot searchesအားလုံးက ဝယ်ထားတာမဟုတ်ဘူး အဓိကကတော့ တစ်ယောက်ယောက် လူကြိုက်များတာ လုံလောက်ရဲ့လားဆိုတာ ကြည့်ဖို့ပဲ´ဟူသော စကားအား သူယုံကြည်သည်။


ယခုဆိုလျင် သူ့လက်ရှိ ပိတ်ကျဲစအပိုလေးကပင် hot searchထဲ ရောက်နေသည်။ `အာရုံစိုက်ခံရအောင် ကိုယ့်ဟာကိုယ် ထိခိုက်အောင်လုပ်ခြင်း´က ခေတ်ကုန်သွားပြီဖြစ်၏။ သူ၏ ဒဏ်ရာတွေရခြင်း သို့မဟုတ် အချိန်တိုင်း သွေးထွက်နေခြင်းတို့ကြောင့် လူတိုင်းက သူမြေအောက်ကမ္ဘာကို သွားလှုံ့ဆော်မိသလားဟု သံသယဝင်နေကြသည်။ သို့မဟုတ်ပါက သူက အာဏာရှင်တစ်ယောက်ယောက်ကိုများ စော်ကားမိခြင်းပေလား။ ယခင်ကတည်းက သက်သေအထောက်အထားမရှိရာ နောက်ပိုင်းတွင် စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်ကဲ့သို့ပင်။ မားကတ်တင်းအကောင့်များမှ နာမည်ကြီးများ၏ ကံကြမ္မာကိုပြောပြနေသော မှတ်ချက်များဖြင့် ရှုပ်ယှက်ခတ်နေသည်။ ပရိတ်သတ်အများစုကပင် တရားမျှတမှုကို ခံစားလိုက်ရပြီး ကျိုးကျင်ဟမ့်အား အမည်တပ်ကာ ဗုဒ္ဓအားကိုးကွယ်၍ မကောင်းဆိုးဝါး ဝိဥာဥ်တို့ကို ဖယ်ရှားရန် ပြောလာကြသည်။



ယင်းက ယီဟွေ့အား နောက်ဆုံးအကြိမ်၌ လမ်းဘေးတွင် သူတို့တွေ့ခဲ့သည့် ကျိုးကျင်ဟမ့်တစ်ယောက် ပြဿနာကြီးဖြစ်မည်ဟု ဆိုခဲ့သော ကံကြမ္မာဟောသည့်အဖွားအိုကြီးအား သတိရမိသွားစေသည်။



ကျိုးကျင်ဟမ့်ကိုယ်တိုင်က ယင်းကို မယုံသော်ငြား သူရယ်မောနေသည်ကို မြင်ရလောက်အောင် ထိုအချိန်၌ သူ့အမူအယာက ပေါ့ပါး၍နေသည်။ မမြင်နိုင်၊ မထိမခိုက်နိုင်သော အရာများနှင့်ပတ်သက်သော အနှီထင်မြင်ယူဆချက်များထက် ယီဟွေ့အား စိတ်အနှောင့်အယှက်ဖြစ်စေသည်မှာ သူ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေပင်ဖြစ်သည်။

 

Xx