အပိုင်း ၅၁.၂
Viewers 11k

Chapter 51.2




သူက ဒေါက်တာလျှိုအား ဆက်သွယ်လိုက်သည်။ သူမြို့မှထွက်လာစဥ်က သူ၏လက်ရှိကုသမှုမှာ မပြီးပြတ်သေးပေ။ ဒေါက်တာလျှိုက သူ့အခြေအနေမှာ အမှီအခိုမဲ့စွာ နေနိုင်သည်အထိ လုံလောက်စွာ တည်ငြိမ်နေပြီဟု ဆုံးဖြတ်ခဲ့ပြီး သူ့တွင် မေးစရာမေးခွန်းရှိလာပါက အချိန်မရွေးဖုန်းဆက်ဟု ပြောခဲ့သည်။



သူ့ဖုန်းကောလ်ကို လက်ခံရချိန်၌ ဒေါက်တာလျှို အနည်းငယ်အံ့သြသွားပေမယ့် သူက အခြားလူ၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာအကြောင်း တိုင်ပင်ဆွေးနွေးသည်ကို ကြားရသောအခါ ပို၍ပင် အံ့သြသွားမိသည်။ ယီဟွေ့က ရှက်ရွံ့စွာပြောလိုက်သည်။



"ကျွန်တော်တကယ်ကို ဘယ်သူ့ကိုမေးရမလဲဆိုတာ မသိတော့လို့ ကျွန်တော် ခင်များကိုပဲ နှောင့်ယှက်လိုက်တာ"

 

"စိတ်မပူပါနဲ့"



တစ်ဖက်မှဒေါက်တာလျှိုက ပြောသည်။



"မင်း ပြန်သက်သာလာတာကိုမြင်ရပေမယ့် ငါမပျော်နိုင်ဘူး" 



ယီဟွေ့က အမည်ကို ချန်လှပ်ပြီး ကျိုးကျင်ဟမ့်၏ အခြေအနေကို အကြမ်းဖျင်း ရှင်းပြလိုက်သည်။ ဒေါက်တာလျှိုက ခေတ္တမျှ စဥ်းစားပြီးနောက် ပြောလိုက်သည်။



"ကိုယ့်ဟာကိုယ် ထိခိုက်အောင်လုပ်ရတဲ့ ရည်ရွယ်ချက်က ယုံကြည်မှုဆုံးရှုံးရတဲ့ အရင်းအမြစ်ကို ဖယ်ရှားဖို့ ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတွေ နာကျင်မှုတွေကို သက်သာစေဖို့ ဒါမှမဟုတ် အလောင်းအစားလုပ်ထားတာပဲ ဒီလိုမဟုတ်ရင် အခြားပျော်စရာကောင်းတာမျိုးကို ရှာချင်လို့နေမယ် သီအိုရီကို ခွဲခြမ်းစိတ်ဖြာကြည့်ရင် ငါထင်တာတော့ အဲဒီ့လူကြီးမင်းက ပထမဆုံးတစ်ခုဖြစ်နိုင်တယ်"

 

ယီဟွေ့က အလျင်အမြန် မေးလိုက်၏။



"ဒါဆို အနာဂတ်မှာ ဒီလိုမျိုး ထပ်လုပ်လာရင်ရော"



ဒေါက်တာလျှိုကဆိုသည်။



"စိတ်မလှုပ်ရှားပါနဲ့ ငါပြောတာတွေက သီအိုရီသက်သက်ပဲ မင်းပြောတဲ့အတိုင်းဆို အဲ့ဒီလူကြီးမင်းအနေနဲ့ အရင်က ဒီလိုမျိုး တစ်ခါမှ မလုပ်ဖူးဘူးပေါ့ ဆိုလိုတာက ဒါက ဖိအားတွေအောက်မှာ ဖြစ်လာတဲ့ ပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်တစ်ခုပဲ ... စပရင်တစ်ခုလိုပေါ့ကွာ အရမ်းတင်းကြပ်လွန်းရင် တစ်နေ့မှာ ပျက်စီးသွားလိမ့်မယ်"



ယီဟွေ့မှာ ပို၍ပင် ထိတ်လန့်သွားရသည် ။



"ကျွန်တော် ဘာလုပ်သင့်လဲ ဘာဆေးတွေသုံးရမလဲဟင်"



“ဆေးဝါးတွေက အရန်ကဏ္ဍသက်သက်ပဲ အဲ့အချိန်က မင်းကို စိတ်သက်သာစေဖို့ ငါဆေးအများကြီးမပေးခဲ့သလိုပေါ့ အမှန်တော့ ဆေးရဲ့သက်ရောက်မှုက အရမ်းနည်းတယ် အဲ့တာကို အကျိုးသက်ရောက်မှုရှိတယ်လို့ မင်းထင်ရတဲ့ အကြောင်းရင်းက မင်းကိုယ်တိုင်က ရှာဖွေတွေ့ရှိပြီး ပထမဆုံးခြေလှမ်းကို လှမ်းဖို့ ဆန္ဒရှိလို့ပဲ"

  

ဤအကြောင်းကိုကြားလျှင် ယီဟွေ့အနည်းငယ်မျှ မိန်းမောသွားရသည်။



ဒေါက်တာလျှိုက သူ့မေးခွန်းများကို တာဝန်ကျေပြွန်စွာ ဖြေပေးခဲ့ပြီး သူ့ပြဿနာကို ပြောလိုက်သည်။



"ငါ့ရဲ့ခွဲခြမ်းစိတ်ဖြာချက်တွေအတိုင်းဆို မင်းပြောတဲ့ လူကြီးမင်းက သူ့ကိုယ်သူ ထိခိုက်အောင်လုပ်တဲ့အပြုအမူတွေအတွက် ဖြစ်နိုင်ခြေနှစ်ခုရှိတယ် တစ်ခုက အရဲစွန့်တာ နောက်တစ်ခုက သူ့ကိုယ်သူ အပြစ်ပေးတာ နှစ်ခုလုံးလည်း ဖြစ်နိုင်တာပဲ မင်းဝင်စွက်ဖက်ချင်ရင်တော့ ဖြေရှင်းနည်းက ရိုးရိုးလေးပါပဲ တစ်ခုက မင်းသူ့ကိုခွင့်လွှတ်တယ်လို့ပြောရမယ် မင်းက စကားလုံးတွေတင်မကဘူး အပြုအမူနဲ့ပါ ဖော်ပြရမယ့် သူ့ကို `အဆင်ပြေပါတယ် အားလုံးပြီးဆုံးသွားပါပြီ မင်းကိုယ်မင်း အပြစ်မတင်ပါနဲ့တော့´ဆိုပြီး ပြောရမယ်"

 

အဓိပ္ပါယ်ကတော့ သူ့အနေဖြင့် အတိတ်ကိုရင်ဆိုင်ပြီး မတုန်မလှုပ်နေ၍ မရတော့ပေ။ ယီဟွေ့ အသက်ပြင်းပြင်းရှူလိုက်သည်။



"အခြားနည်းရှိသေးလား"



"အင်း မင်းအဲဒါကို လျစ်လျူရှုထားလိုက် သူသေသေရှင်ရှင် မင်းနဲ့မဆိုင်ဘူး အဆုံးထိ စိတ်ပျက်အားငယ်နေပါစေ ရလဒ်အနေနှင့် သူလုံးဝဖယ်ထုတ်ပစ်နိုင်ပြီး ဘဝသစ်ကို ရလိမ့်မယ် ဒါမှမဟုတ် အရုဏ်ဦးကို မမြင်နိုင်သည်အထိ နောင်တချောက်ထဲမှာ နက်သထက်နက်အောင် နစ်မြှုပ်သွားလိမ့်မယ်”



ဘတ်စ်ကားက တောင်ခြေတွင် ရပ်သွားသည်။ မူလက သူ့အနေဖြင့် ပုံကြမ်းအတွက် တောင်တက်လမ်းတစ်ဝက်မှ ဆိတ်ငြိမ်သည့်နေရာလေးကို ရှာချင်ရုံသာ။ ယီဟွေ့က လူအုပ်ကြီးနှင့်အတူ ဖြည်းဖြည်းချ်ငး တက်သွားလိုက်ပြီး ရုတ်တရက်ပင် တောင်ထိပ်မှ ဘုရားကျောင်းကို သွားကြည့်ဖို့ စိတ်ကူးရသွား၏။

 

လူများပြောကြသည်မှာ တောင်တိုင်းပေါ်တွင် ဘုရားကျောင်းများ ရှိသည်ဟူ၏။ အချို့က ရှေးယခင်ကတည်းက ယနေ့ခေတ်အထိ မျိုးဆက်အဆက်ဆက် ရှိခဲ့ခြင်းဖြစ်ပြီး အချိူ့က ခရီးသွားများကို ဆွဲဆောင်ရန် လတ်တလောလေးမှ တည်ဆောက်ထားခြင်းပင်။ ဤတောင်ပေါ်တွင် မည်သို့သောဘုရားကျောင်းရှိသည်ကို မသိနိုင်ပေ။ အဝေးမှ အမွှေးနံ့သာနံများနှင့် ဆိတ်ငြိမ်မှုတို့ပြည့်နေသည့် ဘုရားကျောင်းမှာ အခြားကျောင်းများနှင့် အတူတူပင်။



ယီဟွေ့က လူအုပ်ကြီးနောက်မှ လိုက်လာပြီး တံခါးဝတွင် အမွှေးတိုင် သုံးချောင်းဝယ်လိုက်သည်။ ပိတ်ရက်တွင် တောင်ပေါ်၌ လူများစွာရှိနေ၏။ သူက သက်လတ်ပိုင်းအရွယ်နှင့် လူကြီးများကြားတွင် အနည်းငယ်သော ရှက်ရွံ့မှုကို ခံစားရသည်။ သူက လူများဝိုင်းနေသည့်နေရာတွင်ရပ်ကာ ခေါင်းငုံ့လျက် မထင်မရှားနေနေလေသည်။ သို့ပေသိ သူ့ဘေးမှ ဦးလေးနှင့်အဒေါ်များက သူ့အားဝန်းရံကာ စနောက်နေကြဆဲပင်။



သူက အိမ်ထောင်ရေးအတွက် ဤနေရာ၌ရှိနေခြင်းမဟုတ်ကြောင်းအား လက်ဝေ့ယမ်းကာ မရေမတွက်နိုင်အောင် ပြန်ဖြေပြီးနောက် သူ့အလှည့်ရောက်လာသည်။ သူက အမွှေးတိုင်များကို အမွှေးတိုင်အိုးအကြီးကြီးထဲသို့ ထည့်ပြီးနောက် ကောင်းချီးခံယူရန်အတွက် ဘုရားကျောင်းထဲသို့ လျှောက်သွားလိုက်သည်။ ယီဟွေ့က ဖျာပေါ်တွင် ဒူးထောက်ကာ ခေါင်းကိုမော့ပြီး ဗုဒ္ဓရုပ်ပွားတော်၏ ဂရုဏာ မျက်လုံးများကိုကြည့်ကာ သူ့စိတ်ထဲ၌ ဘာမေးရမလဲဟု ရှာဖွေနေမိသည်။

 

ဘုရားသခင်၏အလိုတော်မှာ မှန်းဆ၍မရနိုင်ဘဲး အရာများသည်လည်း လူသားတို့၏လက်ထဲတွင်သာ ရှိသည်။ ကြီးမြတ်သည့် ကောင်းချီးများကို ရှာဖွေခြင်းက စိတ်ငြိမ်ဆေးသောက်ခြင်းနှင့်တူ၏။ ယင်းက အတွင်းစိတ်၏ငြိမ်းအေးမှုကို ရှာဖွေခြင်းနှင့် ပိုတူသည်။

 

သို့ပေသိ သူ့စိတ်မှာရှုပ်ထွေးနေပြီး သူ့တွင်တွေးတောဆုံးဖြတ်စရာများစွာ ရှိနေခဲ့သည်။ တစ်ခုချင်းစီတိုင်းတွင် အရေးကြီးအရာများစွာ ပါဝင်ပြီး ဘုရားသခင်ပင် သူ့အား မကူညီနိုင်ပေ။



ထို့ကြောင့် သူကဘာကိုမှ မမေးခဲ့ပေ။ သုံးကြိမ်ဒူးထောက်ပြီးနောက် ထရပ်ကာ သူ့နေရာကို နောက်မှလူကိူ ပေးလိုက်စဥ် သူ့နောက်မှ`ဟွေ့ဟွေ့´ဟူသောအသံအား အံ့အားသင့်ဖွယ် ကြားလိုက်ရလေသည်။ သူ့ပုခုံးထက်ကို အပုတ်ခံလိုက်ရပြီးနောက် နောက်လှည့်ကြည့်လိုက်ရာ ယဲ့ချင်း၏ တောက်ပသောအပြုံးကြီးကို မြင်လိုက်ရသည်။ 

 

"ငါမင်းနဲ့ဒီမှာတွေ့ရမယ်လို့ မထင်မိဘူး မင်းက ဗုဒ္ဓဘာသာကို ယုံလား"



ဘုရားကျောင်းအတွင်းရှိ သတ်သတ်လွတ်စားသောက်ဆိုင်အတွင်းတွင် ယဲ့ချင်းက သက်သက်လွတ်ဖက်ထုပ်ကို ကောက်ယူကာ တစ်ကိုက်ကိုက်လိုက်သည်။ သူကမျက်မှောင်ကြုတ်ပြီးနောက် သကြားကိတ်တစ်ပိုင်းကိုယူကာ ယီဟွေ့၏ပန်းကန်ထဲသို့ ထည့်ပေးလိုက်၏။



"ဒါချိုလောက်တယ် စားကြည့်"

 

ယီဟွေ့ ခေါင်းယမ်းလိုက်သည်။



"ကျွန်တော်က ဖြတ်သွားရင်း အမွှေးတိုင်လာလှူတာ"



အနည်းငယ်စဥ်းစားပြီးနောက် သူကယဥ်ကျေးစွာပင် မေးလိုက်သည်။



"မင်း(ရင်းနှီးတဲ့အသုံးအနှုန်း) ငါဆိုလိုတာက မင်း(ယဥ်ကျေးတဲ့အသုံးအနှုန်း) ဗုဒ္ဓဘာသာကို ယုံကြည်တာလား"



" ငါ့ကို အရမ်းယဥ်ယဥ်ကျေးကျေးကြီး မဆက်ဆံပါနဲ့ အာ... ငါနဲ့မင်းက အသက်တူတူပဲကို"



ပြောနေရင်းတစ်ဝက်၌ ယဲ့ချင်းက တစ်စုံတစ်ရာကိုတွေးမိပြီး စကားပြောင်းလိုက်သည်။



"ငါဆိုလိုတာက မင်းက ငါ့ညီလေးနဲ့ အသက်တူတူလောက်ပဲ ဒီတော့ မင်းနဲ့ငါလည်း အသက်တူတူလောက်ပဲဖြစ်မယ်"



ယီဟွေ့က `အမ်း´ဟုသာ ဆိူလိုက်ပြီး မလုံမလဲဖြင့် ခေါင်းငုံ့လိုက်လေသည်။ 



ယဲ့ချင်းက ယီဟွေ့အား သူတို့၏ ဒုတိယအကြိမ် တွေ့ဆုံမှုဟုဆိုကာ စားသောက်ဆိုင်သို့ အတင်းခေါ်လာခဲ့ခြင်းဖြစ်သည်။ ပထမဆုံးအကြိမ်တွင် လက်ဖက်ရည်သောက်ပြီး ဒုတိယအကြိမ်၌ အစားအသောက်ကို မျှဝေကြသည်။ တတိယအကြိမ် တွေ့ဆုံခဲ့ပါက သူတို့တွေ ရင်းနှီးသည့်သူငယ်ချင်းများ ဖြစ်လာပေလိမ့်မည်။ သူ၏မရီးက တက်ကြွသူတစ်ဦးဖြစ်သည်ကို ယီဟွေ့သတိရနေသဖြင့် ယင်းက သူ့အားမအံ့သြစေပေ။

 

ယဲ့ချင်းက အသီးအရွက်များကိူ ခက်ခက်ခဲခဲ မြိုချကာ ပြောလိုက်၏။



"မင်းအစ်ကို... ငါဆိုလိုတာက ငါ့ညီလေးရဲ့အစ်ကို မင်းနောက်ဆုံးအကြိမ်က တွေ့ခဲ့တဲ့တစ်ယောက်လေ သူပြောတာက ဒီဆိုင်က သက်သတ်လွတ်ဟင်းတွေက အသားအရသာရတယ်တဲ့ ငါတကယ်ကြီးယုံခဲ့တာ ကျစ် အနံ့ကတော့ဟုတ်ပေမယ့် အရသာကတော့တို့ဖူးနဲ့ အရွက်တွေချည်းပဲ အား... သူပဲ ဒါကိုစားဖို့ နုံအနေတာ"



ယင်းက သူ့မရီး ပထမဆုံးအကြိမ်အဖြစ် သူ့အစ်ကိုကို အထွန့်တက်သည်ကို ကြားဖူးခြင်းပင်။ သူက နှုတ်ခမ်းကိုဖိကာ ပြုံးလိုက်သည်။ ဆန့်ကျင်ဘက်မှယဲ့ချင်းက သူ့ပန်းကန်လုံးကို ဇွန်းဖြင့်ခေါက်လျက် အလေးအနက်ပင် သတိပေးဟန်ဆောင်လာသည်။



"သူ့ကို မပြောနဲ့နော် မဟုတ်ရင် နောက်ဆို အပြင်မှာကစားဖို့ မင်းကိုမခေါ်သွားတော့ဘူး"


ယီဟွေ့က သူ့အား ပြောချင်ခဲ့သည်။



"အစ်ကိုကဘာလို့ အဲလိုပြောခဲ့တာလဲဆိုတော့ မင်းကို အစားမရွေးစေချင်လို့လေ"



သို့ပေမယ့် လက်ရှိသူ့အထောက်အထားအရ အဆုံးတွင် သူ့ကိုယ်သူ ထိန်းကာ ဘာမှမပြောလိုက်ချေ။


ယဲ့ချင်းက သူ့မည်သူဖြစ်ကြောင်းအား သံသယရှိနေဆဲဖြစ်ပြီး သူ့စကားများကို ရံဖန်ရံခါ စုံစမ်းနေခြင်းဖြစ်ကြောင်း သူကြားနိုင်သည်။ သူ့အနေဖြင့် ယင်းကိုကိုင်တွယ်ရန်နှင့် သူ၏လျှို့ဝှက်ချက်ကို မဖော်ပြဘဲ အတိတ်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှောင်ရှားရန် ကြိုးစားသင့်၏။ သို့ပေမယ့် တစ်နည်းနည်းဖြင့် သူယင်းနှင့်ပတ်သက်၍ ထပ်မံစိတ်အနှောင့်အယှက် မဖြစ်လိုတော့ပေ။



`အရဲစွန့်ခြင်း´နှင့် `မိမိကိုယ်ကို အပြစ်ပေးခြင်း´ဟူသော စကားလုံးများက သူ့စိတ်ထဲ၌ သံသရာတစ်ပတ် ပြန်လည်လာသည်။ ထိုဖုန်းခေါ်ဆိုမှု ပြီးပြီးနောက် နှစ်နာရီကြာသွားပြီဖြစ်သည်။ သူ့လို လူ့ဖလန်လေးက အဘယ်ကြောင့် သူ့ဘေးရှိတစ်စုံတစ်ယောက်အပေါ် ထိုသို့ကြီးမားစွာ လွှမ်းမိုးနိုင်သည်ကို သူနားမလည်တော့ပေ။



အနှီအမျိုးသား၏ သေခြင်းရှင်ခြင်းက သူ့လက်ဝါးအတွင်း ရှိနေသည်မှာ ကြီးမားသောကိစ္စကြီးပင်။ သူတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပါက ထိုသူအသက်ရှင်ပြီး သူဖြေလျော့လိုက်လျှင် ထိုလူ သေဆုံးသွားလိမ့်မည်။



ယီဟွေ့စိတ်လွတ်နေပြီး ယဲ့ချင်းနှင့် ပေါ့ပေါ့ပါးပါး ပြောနေမိသည်။ ချန်ဖေးချီ ဘယ်သွားလဲဟု သူမေးမိချိန်တွင် ယဲ့ချင်းက မပျော်မရွှင်ဆိုလာသည်။



"အလုပ်များနေတာပဲပေါ့ ငါ့ကိုဒီနေရာခေါ်လာပြီး တစ်ယောက်ထဲထားခဲ့တယ်လေ ငါအားလပ်ရက်တစ်လယူပြီးတော့ တစ်ယောက်ထဲ Sမြို့မှာ လှည့်ပတ်ရင်း ကုန်သွားတယ်"



ယီဟွေ့ကပြောလိုက်၏။



"အစ်ကိုပြီး... သူပြီးသွားရင် မင်းကိုကစားဖို့ ခေါ်သွားမှာပါ"



ယဲ့ချင်းက မျက်မှောင်ကြုတ်ပြီးနောက် ပြုံးလိုက်ကာ



"အမှန်ပဲ သူငါ့ကို တစ်ခါမှမလိမ်ဖူးဘူး"



အနှီ`လိမ်သည်´ဟူစော စကားလုံးမှာ ယီဟွေ့၏ နှလုံးသားထဲသို့ သတိပေးခြင်းမရှိဘဲ ကြိုးတစ်ချောင်းကို ထိုးသွင်းလိုက်သည်။



ယီဟွေ့က လူအချင်းချင်း ဆက်ဆံရာတွင် ရိုးရှင်းပြီး စိတ်ပိုင်းဆိုင်ရာ အတွေ့အကြုံ နည်းပါးသည်။ ဤအခိုက်အတန့်၌ သူ့အားလမ်းပြပေးနိုင်မည့် တစ်စုံတစ်ယောက်ကို အလိုအပ်ဆုံးပင်။ သူ့မရီးယဲ့ချင်းက အတိတ်တွင် သူနှင့်များစွာ ဆက်သွယ်ပြောဆိုခဲ့ပြီး အကောင်းဆုံးပစ်မှတ် ဖြစ်လာခဲ့၏။



လက်ဖက်ရည် သုံးခွက်ကုန်ပြီးနောက် နှစ်ဦးသားက ပို၍ရင်းနှီးလာသည်။ ဘဝအကြောင်းအား အဆုံးမရှိအောင် စကားပြောပြီးနောက် ယီဟွေ့က အချိန်ကိုက်ပင် မေးလိုက်၏။



"မင်းနဲ့အရင်းနှီးဆုံးလးက မင်းကိုလိမ်ခဲ့ရင် မင်းသူ့ကို ခွင့်လွှတ်မှာလား"



ယဲ့ချင်း ခေတ္တမျှ အံ့အားသင့်သွားကာ သူ၏တူကို ချလိုက်ပြီး သူ့ခေါင်းကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသည်။ သူက စဥ်းစားလိုက်ပြီးနောက် ရှက်ရွံ့မှုအနည်းငယ်ဖြင့် ပြောလိုက်၏။



"ငါဘာလုပ်သင့်လဲ သူကငါ့ကိုမလိမ်ခဲ့ပေမယ့် ငါကပဲ သူ့ကိုလိမ်ခဲ့တာလေ"



ခွဲခွါမရဟုထင်ရသည့် သူ့အစ်ကိုနှင့် မရီးတို့ ငါးနှစ်လောက်ဝေးကွာခဲ့သည်ကိုသာ ယီဟွေ့သိ၏။ အချိန်ကသူ့အတွက် အဖိုးတန်သည်။ ငါးလကပင် ကြာရှည်လှပြီဖြစ်ရာ ငါးနှစ်ကတော့... သူစိတ်ကူးယဥ်၍ပင် မရချေ။



ယဲ့ချင်း၏ ပြတ်သားမှုက သူ့ကို လျှို့ဝှက်စွာ အံ့အားသင့်သွားစေခဲ့သည်။ သူ့အစ်ကိုနှင့်မရီး ဝေးကွာရသည်မှာ အချို့အကြောင်းပြချက်များကြောင့်ဟု သူထင်ခဲ့သော်လည်း လှည့်စားမှုကြောင့်ဟူ၍တော့ မမျှော်လင့်မိခဲ့ပေ။



အချိန်တွေက ပြောင်းလဲသွား၍ဖြစ်နိုင်၏။ အတိတ်ကို ပြန်လှည့်မကြည့်နိုင်ဘဲ ထားလိုက်ရုံသာ တတ်နိုင်သည်။ ယဲ့ချင်းက ပြုံးလျက်ဆိုသည်။



"ငါမကူညီနိုင်တာ စိတ်မကောင်းပါဘူး မင်းသူ့ကိုမေးလို့ရတယိ"



သူပြောလိုက်ပြီးနောက်တွင်ပင် စားပွဲထက်မှ မိုဘိုင်းဖုန်းက မြည်လာ၏။



ယဲ့ချင်းက ဖုန်းမချပစ်ပဲ တိုက်ရိုက်ပင် ဖြေဆိုသည့်ခလုတ်ကို ဆွဲလိုက်၏။ ချန်ဖေးချီ၏ တည်ငြိမ်သော အသံနိမ့်နိမ့်က ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။ ယဲ့ချင်းမှ မင်းညီလေးနှင့်အတူစားနေတာဟု ပြောလိုက်ချိန်တွင် ချန်ဖေးချီက ချက်ချင်းပင် မည်သူဆိုသည်ကို သိသွားပြီး ယီဟွေ့အား ဖုန်းတစ်ဖက်မှ နှုတ်ဆက်လာ၏။

"များများစား အသီးအရွက်နဲ့ လုပ်ထားတာတွေက မင်းအစာအိမ်ကို မလေးစေဘူး တောင်ခြေကိုသွားပြီး အစားအသောက်အတွက် အခြားဆိုင်တစ်ဆိုင် ရှာလိုက်"

သူ့အစ်ကိုက သူ့အား ယခင်ကကဲ့သို့ပင် နွေးနွေးထွေးထွေး ဆက်ဆံဆဲဖြစ်၏။ ယီဟွေ့က နွေးထွေးမှုကို ခံစားလိုက်ရပြီး အသံသေးသေးလေးဖြင့် ဖြေလိုက်သည်။ ယဲ့ချင်းက မကျေမနပ် ပြောလာသည်။



"မင်း ငါတို့ကို ဝက်တွေလို့များထင်နေလား တစ်ခုစားနေရင်းနဲ့ အခြားတစ်ခုကို ချက်ချင်းကြီး စားရမှာလားကွ"



ချန်ဖေးချီက ဖုန်းတစ်ဖက်မှနေ၍ ရယ်မောလာသည်။



"ဒါက ရခဲတဲ့အခွင့်အရေးပဲကို မင်းတို့နှစ်ယောက်ဘာလို့ *ဒစ္စနေးကို ခရီးမထွက်ကြလဲ"(*Disney land)



ယဲ့ချင်းက မသိလိုက်ပါဘဲ ကလူ၏မြူ၏ဖြင့်ကြည့်ကာ နှုတ်ခမ်းစူပြီးပြောလိုက်သည်။



"မေ့လိုက်တော့ မင်းအလုပ်ပြီးတဲ့အထိပဲ စောင့်ကြတာပေါ့ ငါတို့သုံးယောက်အတူသွားမယ် ဘယ်သူမှမကျန်စေရဘူး"



ဖုန်းမချမှီ ယဲ့ချင်းက ဖုန်းကိုယူလျက် အဝေးသိူ့သွားကာ တစ်ခုခုပြောလိုက်လေသည်။ `တာ့တာ ကိုကြီး´ဟူသော ချိုမြိန်လှသည့်စကားအား ယီဟွေ့ ကြားလိုက်ရပါ၏။



သူကခေါင်းကိုလှည့်ကာ လည်ချောင်းရှင်းလိုက်ပြီး ပြန်၍ တည့်မတ်စွာထိုင်လျက် ယခုလေးတင်ပြောလိုက်သော အကြောင်းအရာကို ဆက်လိုက်လေသည်။



"အမှန်တော့ မေးစရာမလိုပါဘူး သူငါ့ကို အရင်ကတည်းက ခွင့်လွှတ်ပြီးသားလေ"



ယဲ့ချင်းက ဆိုသည်။ ယခုလေးတင် ဖိနှိပ်ထားရသည့်အပြုံးက နှုတ်ခမ်းထောင့်တွင် ထပ်မံပေါ်လာပြန်၏။



"မဟုတ်ရင် ငါဒီမှာထိုင်ပြီး ထူးဆန်းတဲ့အရသာနဲ့ ဖက်ထုပ်ကို စားနေမှာမဟုတ်ဘူးလေ ပုန်းစရာတစ်နေရာရာရှာပြီး ငိုနေတာလည်းဖြစ်နိုင်တာပဲ"



ယီဟွေ့မှာ ထိုအကြောင်းကို နားထောင်ပြီး အံ့သြသွားရသည်။



ငိုတယ်လား။ မင်းကဘာလို့ ငိုမှာလဲ။ ကျိုးကျင်ဟမ့်လိူမျိူး နောင်တရလို့လား ။ နာကျင်ရလို့လား။



သူ့မရီးလို လူကောင်းတစ်ယောက်က ဘယ်လိုလုပ် အမှားလုပ်မိနိုင်မှာလဲ။



"ကမ္ဘာပေါ်က လူအများစုက ပုံမှန်ဆို လူကောင်းတွေဆိုပေမယ့် လူဆိုတာ အမှားနဲ့မကင်းဘူးလေ"



ယဲ့ချင်းက သူ့မေးကိုပင့်ကာ



"သူက မတူဘူး ငါက လူလိမ်အကြီးစားဆိုရင်တောင် သူကခွင့်လွှတ်တာဖြစ်နိုင်တယ် သူက အကောင်း အကောင်း အကောင်းတကာ့ အကောင်းဆုံးပဲ"



ယဲ့ချင်းက `အကောင်း´ဟူသော စကားကို ကြိမ်ဖန်များစွာ သုံးသွားသည်ကို ယီဟွေ့မြင်လိုက်ရလျှင် ပို၍ပင် ရှုပ်ထွေးသွားရသည်။ သူကမျက်တောင်ခတ်ကာ မျက်လုံးတို့ကို ကျဥ်းမြောင်းလိုက်ပြီး သွေးဆောင်ခြင်းတစ်ဝက် စမ်းသပ်လိုမှုတစ်ဝက်ဖြင့်

"ဒါဆို သူ့ကို မြန်မြန်မှတ်မိရင်...ဒါမှမဟုတ် မမှတ်မိရင် သူက ငါ့ရဲ့တစ်ယောက်တည်းသော အစ်ကိုကြီးဖြစ်လိမ့်မယ်"
(T/N ဒီနေရာရဲ့ဆိုလိုရင်းကိုသေချာနားမလည်လိုက်ဘူး ဆောရီးပါရှင်)