အပိုင်း ၅၂.၁
Viewers 13k




Chapter-52.1



သူ ညနေဘက်တွင် ပြန်သွားခဲ့သည့်အခါ ယီဟွေ့က ဖုန်းစာအုပ်ထဲရှိ နံပါတ်အသစ်ကြောင့် ဇဝေဇဝါဖြစ်နေခဲ့သည်။ သူကတိပေးထားသည့်အတိုင်း ဖုန်းခေါ်ချင်သော်လည်း မမျှော်လင့်သော တစ်စုံတစ်ရာဖြစ်ပေါ်လာမည်ကို စိုးရိမ်လျှက်ရှိလေသည်။ 



သူ့မရီးဖြစ်သူ၏ ထက်မြသော လျှာကြောင့် သတိမပြုလိုက်မိပဲ ထောင်ချောက်အတွင်းသို့ ကျဆင်းသွားခဲ့ခြင်းဖြစ်လေသည်။ 



သူက ညစာစားနေချိန်နှင့် ရေချိုးနေချိန်တစ်လျှောက်လုံး တွေဝေလျှက်ရှိသည်။ ထို့နောက် (ကျွန်တော် ညစာစားပြီးပြီ) ဟု စာရိုက်လိုက်၏။ ထိုစာကိုပြန်ဖျက်ကာ (ကျွန်တော် အိပ်ရာဝင်တော့မယ်) ဟု ပြန်ပြင်လိုက်ပြန်သည်။ ၎င်းကိုလည်း ထပ်ဖျက်လိုက်ကာ (ကျွန်တော် အိမ်ပြန်ရောက်ပြီ) ဟု ထပ်ရိုက်လိုက်၏။ ပြန်ဖျက်တော့မည့်အချိန်၌ ပေးပို့သည်ဟူသည့်ခလုတ်ကို ထိမိသွားလေသည်။ သူပြန်မဖျက်နိုင်ခင် တစ်ဖက်လူက စာပြန်လာခဲ့သည်။ : (နှေးလှချည်လား…မင်းငါ့နောက်မှာ လျှောက်ဆော့နေတာမဟုတ်လား)



ယီဟွေ့ အမြန်စာပြန်လိုက်၏။ (ဘယ်ကသာ…မဟုတ်ပါဘူး)



ယဲ့ချင် : (နှစ်ခါငြင်းတာက ဝန်ခံတာနဲ့အတူတူပဲ) 



ယီဟွေ့ : (တကယ်မဟုတ်ပါဘူးဆို…ကျွန်တော် ရေချိုးနေလို့ စာပို့တာနောက်ကျသွားတာ)



ယဲ့ချင် : ( အိုး…မင်းက ရေမချိုးခင် ငါ့ကိုသတိမရဘူးပေါ့လေ) 



ယီဟွေ့ ငိုချင်လာခဲ့သည်။ : (တကယ် အဲဒီ့လိုမဟုတ်…)



ယဲ့ချင်က ရယ်မောနေသည့် ပုံစံများကို ဆက်တိုက်ပို့လိုက်သည်။ :(မင်းသဘက်ခါကျရင် ငါနဲ့အတူ စတူဒီယိုကို လိုက်ခဲ့ရလိမ့်မယ်)



ယီဟွေ့ အံ့ဩသွားခဲ့သည်။ (ပြောတော့ တစ်လခွင့်ယူမယ်ဆို)



ယဲ့ချင် : (ခဏဓာတ်ပုံရိုက်ရုံပဲ…နေ့တစ်ဝက်လောက်ကျိုးရင် မင်းကိုနေရာကောင်းလေးတစ်ခုဆီ ခေါ်သွားပေးမယ်)



ထိုသူအား ထမင်းတစ်နပ် အကြွေးတင်နေခဲ့သဖြင့် ယီဟွေ့ သဘောတူလိုက်လေသည်။ 



သူက မရီးကိုတွေ့ချင်နေခဲ့သည်။ ကျန်းယီမန့်က တစ်ပါတ်သာခွင့်ယူခဲ့ခြင်းဖြစ်ပြီး အတန်းပြန်တက်နေပြီ ဖြစ်သည်။ ကျန်းရွှယ်မေ့ကိုမူ ဆေးရုံတွင် သူနာပြုတစ်ဦးငှားကာ ထားရှိထား၏။ ထန်ဝမ်းရှီက ဤရက်ပိုင်းအတွင်း သူ့ထံရောက်မလာခဲ့ချေ။ သူက အိမ်တွင်သာနေ၍ အန်တီနှင့်စကားပြောချင်သော်လည်း ကျိုးကျင်ဟမ့် ရုတ်တရက်ရောက်လာမည်ကို စိုးရိမ်မိနေ၏။



တူညီသော ခေါင်မိုးတစ်ခု၏အောက်တွင် သုံးလကြာ နေထိုင်ခဲ့ပြီးသည့်နောက် သူတို့၏ ဆက်ဆံရေးက ပြေလျော့မသွားသည့်အပြင် ပို၍မသက်မသာဖြစ်လာခဲ့သည်။ 



ကျိုးကျင်ဟမ့်က ညနေပိုင်းတွင် ပြန်ရောက်လာခဲ့ပြီး ဗီရီုအတွင်းရှိ တစ်စုံတစ်ခုအား ရှာဖွေနေခဲ့၏။ 



ယီဟွေ့က မအိပ်သေးသည့်အလျှောက် လှုပ်ရှားသံကိုကြားသည်နှင့် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ကျိုးကျင်ဟမ့်က ဘယ်ဘက်လက်ရှိ ပိတ်ကျဲစကိုဖယ်ကာ ဒဏ်ရာကို ဘုံပိုင်ခေါင်းအောက်သို့ အမြန်ထည့်လိုက်သည်။ 



“ဆေးသေတ္တာရှာနေတာလား…” ယီဟွေ့က မေးလိုက်သည်။



ကျိုးကျင်ဟမ့်က အသံကြောင့် ခေါင်းလှည့်ကြည့်လာ၏။ “မင်းကိုနှောင့်ယှက်မိသွားလား…”



ယီဟွေ့ ခေါင်းခါလိုက်ကာ သူ့လက်ကို ကြည့်လိုက်၏။ “နာနေတုန်းလား…”



ကျိုးကျင်ဟမ့်က ဘုံပိုင်ခေါင်းကို ပိတ်လိုက်သည်။ “မနာပါဘူး…ကိုယ်ဒီတိုင်း ဒဏ်ရာကို သန့်ရှင်းရေးလုပ်နေတာ…”



ယီဟွေ့က ဆေးသေတ္တာအား သွားယူလိုက်သည်။ လိမ်းဆေးအဆီက ထိပင်မထိရသေးသည်ကို သူတွေ့လိုက်ရသဖြင့် အံ့ဩဟန်ဖြင့်မေးလိုက်၏။ “မင်းဆေးမလိမ်းဘူးလား…”



“ကိုယ်ရှာမတွေ့လို့လေ…” ကျိုးကျင်ဟမ့်က ဆိုသည်။ “မလိမ်းလို့လည်း အဆင်ပြေပါတယ်…”



သူ၏လက်ခုံဘေးရှိ နီရဲရောင်ကိုင်းနေသော နေရာကိုကြည့်ရင်း ယီဟွေ့ မနေနိုင်ပဲ ပြောလိုက်မိသည်။ “မင်းရှာမတွေ့ရင် အပြင်မှာဝယ်လိုက်လို့ရတာပဲလေ…လမ်းဘေးမှာ ဆေးဆိုင်တွေအများကြီးရှိတာပဲ…”



ယီဟွေ့သူ့အား ဤကဲ့သို့ စိတ်ပါလက်ပါ စကားမပြောသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သောကြောင့် ကျိုးကျင်ဟမ့် ကြောင်အသွားခဲ့သည်။ ထို့နောက် သူက ရှင်းပြလာသည်။ “ရုပ်ရှင်ရိုက်တဲ့နေရာက နည်းနည်းခေါင်တော့ ဆေးဆိုင်မတွေ့ဘူးဖြစ်နေတာ…နှစ်ရက်ပဲရှိသေးတာပါ…အဆင်ပြေပါတယ်…”



စိတ်ချသွားရမည့်အစား ယီဟွေ့၏ စိတ်အခြေအနေက ပို၍ပင် မသက်မသာဖြစ်လာခဲ့သည်။ အင်တာနက်ပေါ်ရှိ အမှန်တရားကို မသိပဲ စိတ်ထင်သလို လှောင်ပြောင်နေကြသူများအား တွေးမိလိုက်သောအခါ ပို၍ပင်စိတ်ခုလာခဲ့ရသည်။ 



“ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ်လေ…” သူက လိမ်းဆေးအား ဒဏ်ရာပေါ်သို့ ဂရုတစိုက်လိမ်းပေးလိုက်သည်။ ကျိုးကျင်ဟမ့်ကိုလည်း ဆုံးမလိုက်၏။ “မင်းကလူကြီးဖြစ်နေပြီ…သူများဂရုစိုက်တာကိုပဲ စောင့်နေစရာလား…”



ယီဟွေ့က စိတ်ထဲရှိသည့်အတိုင်း ပြောလိုက်ခြင်းဖြစ်သည်။ သူ၏စကားများက ကျိုးကျင်ဟမ့်ကို ပြုံးရယ်စေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ 



ထိုအပြုံးက လှောင်ပြောင်ရိပ်များမပါဝင်ပဲ စိတ်ဝင်စားစရာကောင်းသည့် တစ်ခုခုကို တွေ့လိုက်ရသည့်အတွက် ပြုံးလိုက်သည့် အပြုံးမျိုးသာ ဖြစ်လေသည်။ 



ထိုသူ၏အပြုံးကို ယီဟွေ့ အရင်ဘဝက အကြိမ်ရေတော်တော်များများ မြင်ဖူးခဲ့သည်။ ထိုအပြုံးမှာ ကြည့်ကောင်းသည် ဆိုသည်မှလွဲ၍ များများစားစား မတွေးခဲ့မိချေ။ ယခုအခိုက်အတန့်တွင်မူ သေချာစူးစမ်းကြည့်ပါသော်လည်း လှောင်ပြောင်မှုများ စိုးစဉ်းမျှပင် ထင်ဟပ်မနေခဲ့။ ထိုအမျိုးသား၏ နှုတ်ခမ်းထောင့်များက အပေါ်သို့ကွေးညွှတ်သွားကာ မျက်ဝန်းများက အနည်းငယ်မှေးကျဉ်းသွားခဲ့သည်။ သူ အမှန်တကယ်ပျော်ရွှင်နေသဖြင့် ပြုံးလိုက်မိခြင်းဖြစ်ပုံပင်။



ထိုသူဤကဲ့သို့မပြုံးသည်မှာ အတော်ကြာပြီဖြစ်ကြောင်း ယီဟွေ့ ရုတ်တရက်သတိရသွားခဲ့သည်။ 



သူ၏အေးစက်သောမျက်နှာအား တနေကုန်မြင်တွေ့နေရခြင်းဖြစ်ကာ ထိုသူပြုံးရန်မှာ မဖြစ်နိုင်သလောက်ပင်။ သူ လွန်သွားပြီလားဟု ယီဟွေ့ စတင်တွေးမိလာခဲ့သည်။ ပုံမှန်မဟုတ်သော အပြုအမူမျိုးက အဆုံးအစွန်အထိ စိတ်ကိုဆွဲဆန့်ထားရခြင်းကို ပြသခြင်းဖြစ်သည်ဟု ဆရာဝန်လျှိုက ဆိုခဲ့ဖူးသည်။ ကျိုးကျင်ဟမ့်သာ တစ်ခုခုဖြစ်သွားပါက သူ့အပြစ်မကင်းနိုင်ချေ။



သူ့ကိုဒီလိုမျိုး အကြိမ်ရေများများပြုံးခွင့်ပေးရင် အဆင်ပြေလောက်မယ် မဟုတ်လား…



ယီဟွေ့က တိတ်တဆိတ်တွေးတောနေရင်း အရင်ဘဝက သူသေဆုံးခဲ့ရသည့် အကြောင်းအရင်းကို မေ့လျော့သွားခဲ့သည်။ ၎င်းက တစ်စုံတစ်ရာအား ပြုလုပ်ရာတွင် လက်ရှိအချိန်ကိုသာ ထည့်သွင်းစဉ်းစားသော သူ၏အကျင့်ကြောင့်လည်း ဖြစ်လေသည်။



သူ အတွေးထဲနစ်နေစဉ် ကျိုးကျင်ဟမ့်က သူ၏လက်ခုံကိုယူ၍ ဖြတ်ခနဲနမ်းရှိုက်လိုက်သည်။ 



မျက်ဝန်းများပါ ပြုံးနေသည့် ကျိုးကျင်ဟမ့်က ပုံမှန်ထက် ပို၍တောက်ပနေခဲ့ပြီး သူ့မျက်လုံးအောက်ရှိ အနာရွတ်ကိုပင် သတိမပြုမိလောက်အောင် ကြည့်ကောင်းနေခဲ့သည်။



“ကျေးဇူးပါ…” ကျိုးကျင်ဟမ့်က ယီဟွေ့အား အလေးအနက်စိုက်ကြည့်ကာ ဆိုလာခဲ့သည်။ “ ကိုယ် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ့မယ်…”



နောက်တစ်နေ့နေ့လည်တွင် ယီဟွေ့က ဆင်ခြေဖုံးသို့သွားသည့် ဘတ်စ်ကားပေါ်တွင် ရှိနေပြီး တောက်ပနေသော နေရောင်ခြည်ကိုကြည့်ရင်း မနေ့ညက အဖြစ်အပျက်ကို ပြန်တွေးနေမိသည်။ 
သို့သော် ကျိုးကျင်ဟမ့်က ရူးကြောင်ကြောင်လုပ်ရပ်များကို ဆက်မလုပ်တော့ပဲ သူ့ကိုယ်သူ ဂရုစိုက်ပါ့မည်ဟု ပြောလာခြင်းက ယီဟွေ့အား စိတ်သက်သာရာရစေခဲ့၏။ 



ထိုနေရာသို့ရောက်သည့်အခါ အင်္ကျီလက်ရှည်ဝတ်ထားသည့် ယဲ့ချင်ူက အပြင်သို့ ကိုယ်တိုင်လာကြိုခဲ့သည်။ သူက ချက်ချင်းပြန်ထွက်လာမည်ဖြစ်ကြောင်းနှင့် ယီဟွေ့အား ခန်းမထဲတွင် မုန့်စားရင်းစောင့်နေရန် မှာကြားခဲ့လေသည်။



သို့သော် ယဲ့ချင်း၏ ချက်ချင်းက တစ်နာရီထက်ပင် ကြာမြင့်သွားခဲ့၏။ ထိုအချိန်အတွင်း ယီဟွေ့က အင်္ကျီချိတ်များစွာသယ်လာသည့် အမျိုးသမီးဝန်ထမ်းအား ကူညီပေးလိုက်မိသည်။ ဝန်ထမ်းအမျိုးသမီးက ကျေးဇူးတင်သည့်အနေဖြင့် လက်တစ်ဆုပ်စာ အခွံမာသီးများကို သူ့အိတ်အတွင်းသို့ ထည့်ပေးလာ၏။ သူက အခွံမာသီးတစ်လုံးကိုခွာကာ အမှိုက်ပစ်ရန်အတွက် အမှိုက်ပုံးလိုက်ရှာခဲ့သည်။ သို့သော် အမှိုက်ပုံးကို အောင်မြင်စွာ ရှာတွေ့သည့်နောက် လမ်းဆုံတွင် အူတူတူဖြင့် ရပ်နေမိ၏။



သူ လမ်းမမှတ်မိတော့ချေ။



မိုးလုံလေလုံစတူဒီယိုက အတော်လေးကြီးမားကာ အကန့်များစွာဖြင့် ပိုင်းကန့်ထားသည်။ ယီဟွေ့က ရိုက်ကူးရေးစတူဒီယိုများကို တစ်ခုပြီးတစ်ခု ဖြတ်လာပြီးသည့်နောက် တစ်စုံတစ်ဦးအား လမ်းမေးရန် ကြံရွယ်လိုက်သည်။ ထိုအချိန်မှာပင် တံခါးဝရှိ ဝန်ထမ်းထံမှ အော်သံကိုကြားလိုက်ရ၏။

 “ရိုက်ကွင်းရှင်းပါမယ်...ရိုက်ကွင်းရှင်းပါမယ််…အဝါရောင်မျဉ်းအပြင်ဘက်မှာနေပါ…အသံမထွက်ပဲ တိတ်တိတ်လေးနေကြပါခင်ဗျ…”



ယီဟွေ့က ခေါင်းမပါသော ယင်ကောင်လေးကဲ့သို့ စင်္ကြံလမ်းတစ်လျှောက် လျှောက်သွားနေမိသည်။ လူများအုံနေသည့်နေရာသို့ ရောက်သွားသည့်အခါ အများစုမှာ မိန်းကလေးများသာဖြစ်ကြောင်း တွေ့လိုက်ရ၏။ သူက ယဲ့ချင်းရှိနေသည်ဟု ထင်လိုက်သဖြင့် ခြေဖျားထောက်ကာ စတူဒီယိုအတွင်းသို့ ကြည့်လိုက်မိသည်။ အထဲဘက်တွင် အပေါ်အောက် အနက်ရောင်ဝတ်စုံပြည့် ဝတ်ထားသည့် ကျိုးကျင်ဟမ့်က ဓာတ်ပုံရိုက်ခံနေလေသည်။ 

စတားများစွာကို မြင်ဖူးခဲ့သည့် စတူဒီယိုဝန်ထမ်းပင်လျှင် ကျိုးကျင်ဟမ့်၏ ရုပ်သွင်နှင့် ကျွမ်းကျင်ပိုင်နိုင်မှုများကို အထင်ကြီးစွာဖြင့် ငေးကြည့်နေခဲ့သည်။ 

နံဘေးရှိ အမျိုးသမီးဝန်ထမ်းနှစ်ဦးက စကားစမြည်ပြောနေကြသည်။ “သူက ဓာတ်ပုံထဲမှာထက် အပြင်မှာပိုချောတယ်နော်…” သူတို့က စကားပြောနေရင်း အင်တာနက်ပေါ်တွင်လည်း ပို့စ်တင်နေကြသည်။ တစ်ယောက်က စောစောလက်ထပ်မိခြင်းအတွက် နောင်တရကြောင်း သက်ပြင်းချနေခဲ့၏။ အခြားတစ်ဦးကမူ ကျိုးကျင်ဟမ့်မှာ ငယ်ရွယ်ချောမောပြီး ပိုက်ဆံမရှားသူတစ်ဦးဖြစ်သည့်အလျှောက် တော်တော်နှင့် လက်ထပ်ဦးမည်မဟုတ်ကြောင်း ထောက်ပြနေခဲ့သည်။ 



ယီဟွေ့က ထိုစကားများကို ကြားလိုက်ချိန်တွင် ရှင်းမပြနိုင်သော ပူပန်မှုတစ်ခုအား ခံစားလိုက်ရသည်။ သူက လည်ပင်းလေး အသာကျုံ့ကာ ထွက်သွားရန်ပြင်လိုက်၏။ သို့သော် ကျိုးကျင်ဟမ့်က သူ့အား သတိပြုမိသွားခဲ့သည်။ 



သူက တံခါးထံလျှောက်လာကာ ယီဟွေ့၏ လက်မောင်းကို လာဆွဲလာခဲ့၏။ “မင်း ဒီကိုရောက်နေတာပဲ…”



ယီဟွေ့က ယဲ့ချင်းအား လာတွေ့ခြင်းဖြစ်ကြောင်း မပြောဝံ့ချေ။ ထိုသို့ဆိုပါက သူသည် ယီဟွေ့ဖြစ်ကြောင်း ဝန်ခံရာကျသွားပေလိမ့်မည်။ သူက ခဏစဉ်းစားပြီးနောက် ဒီအတိုင်းဖြတ်သွားခြင်းသာဖြစ်ကြောင်း ပြောလိုက်သည်။ 



ကျိုးကျင်ဟမ့်က ခဏမျှကြောင်အသွားခဲ့သည်။ ထို့နောက် ပြုံးလျှက်ဆိုလာခဲ့၏။ “ခဏစောင့်နော်…ကိုယ်ချက်ချင်းလက်စသတ်လိုက်မယ်…”



သူက ငါးမိနစ်အတွင်း အလုပ်ကိုလက်စသတ်လိုက်သည်။ ဓာတ်ပုံဆရာက ယနေ့ရိုက်ကူးရေး ပြီးဆုံးပြီဖြစ်ကြောင်း ကြေငြာလိုက်သည်နှင့် ဝန်ထမ်းများက ပစ္စည်းများ စတင်သိမ်းဆည်းလိုက်ကြသည်။ ယီဟွေ့က ဆယ်မိနစ်မျှစောင့်ပြီး အကြောင်းပြချက်တစ်ခုပေး၍ ရှောင်ထွက်သွားရန် စဉ်းစားထားခဲ့ခြင်းဖြစ်၏။ ယခုမူ သူဘာလုပ်ရမှန်း မသိတော့ချေ။



ထိုအချိန်မှာပင် ယဲ့ချင်းက သူ့အား ဖုန်းခေါ်လာကာ ရောက်နေသည့်နေရာအား မေးလာခဲ့သည်။ ကျိုးကျင်ဟမ့်က သူ့နံဘေးတွင် မတ်တပ်ရပ်နေရာ သူ လမ်းပျောက်နေသည်ဟု ပြော၍မရတော့ချေ။ သူက ကိစ္စလေးတစ်ခုပေါ်လာကြောင်းသာ ပြောလိုက်၏။



ဖုန်းတစ်ဖက်ရှိယဲ့ချင်က ခဏမျှတွေဝေသွားကာ ဆိုလာခဲ့သည်။ “ဒီနားမှာ ဆုတောင်းပြည့်တဲ့ သစ်ပင်တစ်ပင်ရှိတယ်…ငါမင်းကို အဲဒီံ့သစ်ပင်ဆီခေါ်သွားဖို့ စဉ်းစားထားတာ…”

ယီဟွေ့က ကျိုးကျင်ဟမ့်အား ရှောင်ထွက်ရန်အတွက် အကြောင်းပြချက်ကောင်းရသွားခဲ့သည်။ ထိုအချိန်မှာပင် ယဲ့ချင်းက ဆက်ပြောလာခဲ့သည်။ “ခုမှတွေးမိတာ…ငါတို့နှစ်ယောက်တူတူသွားရင် သိပ်ပျော်စရာကောင်းမှာမဟုတ်ဘူး…ငါမင်းကိုစဉ်းစားဖို့ အချိန်ဆယ်စက္ကန့်ပေးမယ်..ငါနဲ့သွားမလား…တစ်ယောက်ယောက်နဲ့အတူသွားမလား..”

ဆယ်မိနစ်အကြာတွင် အခွံမာသီးများ အိတ်အပြည့်သယ်ထားသည့် ယီဟွေ့က တောင်ဘက်ရှိ ကုန်းမြင့်တစ်ခုထံသို့ ကျိုးကျင်ဟမ့်ဦးဆောင်ရာအတိုင်း လိုက်ပါသွားခဲ့သည်။

ကျိုးကျင်ဟမ့်က ယီဟွေ့လိုက်မီနိုင်အောင် ခြေလှမ်းနှေးနှေးသာ လျှောက်နေခဲ့သည်။ သူ့ဘက်သို့လည်း မကြာခဏ လှည့်ကြည့်လျှက်ရှိ၏။ ထိုအပြုအမူကြောင့် ယီဟွေ့က အခွံမာသီးစားရန်ပင် အခွင့်အရေးမရခဲ့ချေ။



အတန်ကြာလမ်းလျှောက်ပြီးသည့်နောက် သူ၏အွန်လိုင်းသူငယ်ချင်း ဒိုရာဟမ်ဟမ်အား “ခြေလှမ်းနှေးနှေးလျှောက်ပါ” ဟု ပြောခဲ့ဖူးသည်ကို သတိရသွားခဲ့သည်။ ကျိုးကျင်ဟမ့်က ၎င်းကို အတိအကျလိုက်နာနေခဲ့ခြင်းဖြစ်၏။ ယီဟွေ့က စိတ်ရှုပ်သွားခဲ့ကာ အခွံမာသီးစားချင်စိတ်ပင် မရှိတော့ချေ။ သူက ခေါင်းကိုငုံ့၍ စကားတစ်ခွန်းမှမဆိုပဲ တိတ်တဆိတ်လိုက်ပါလာခဲ့သည်။ 



လက်ရှိအခြေအနေမှာ ယီဟွေ့လိုချင်ခဲ့သည့်အရာမဟုတ်ချေ။ ယဲ့ချင်း သူ့အား ရွေးချယ်ခိုင်းသည့်အခါ သူ၏စကားသံထဲတွင် အဓိပ္ပာယ်အချို့ ပါဝင်နေခဲ့သည်။ ယီဟွေ့က သူ့ကိုယ်သူ ဖော်ထုတ်မိသွားမည်စိုးသဖြင့် ဘာမှမပြောပဲ တိတ်ဆိတ်နေလိုက်မိ၏။ 



ယဲ့ချင်းက သက်ပြင်းချကာ ဆိုလာသည်။ “ငါနားလည်ပြီ…နောက်ရက်ကျမှတွေ့ကြတာပေါ့…”






Xxxxxxx