အပိုင်း ၅၂.၂
Viewers 13k



Chapter-52.2





ယီဟွေ့က သူပြောသည့် ‘ငါသိပြီ’ ကို သေချာနားမလည်ချေ။ ကျိုးကျင်ဟမ့် ကရားကိုယူစဉ်က ‘ ငါနားလည်ပြီ ‘ ဟုပြောခဲ့သည်ကိုပင် တွေးမိသွားခဲ့သည်။



(T/N - ဟွေ့ဟွေ့ လက်ပေါ်ရေနွေးပူလောင်းချခဲ့တာလေ..)



သူတို့က သူနားမလည်သည့်စကားများ ပြောဆိုရသည်ကို နှစ်သက်ကြ၏။



သို့သော် သူက မည်ကဲ့သို့ ပြန်ဖြေရမည်ကို မသိသလို အလွယ်တကူလည်း ပြန်လည်မဖြေဝံ့ချေ။



ကုန်းမြင့်သို့ရောက်ရန် မီတာအနည်းငယ်လိုသေးသော်လည်း တောင်ကတုံးပေါ်ရှိ အထွတ်အမြတ်ထားသည့် သစ်ပင်ကို ယီဟွေ့မြင်တွေ့နေရပြီ ဖြစ်သည်။ 



နွေဦးသို့ ရောက်ပြီဖြစ်သော်လည်း ၎င်း၏သစ်ရွက်များက ညှိုးနွမ်းခြင်းမရှိပဲ စိမ်းစိုနေခဲ့သည်။ လမ်းဘေးတစ်ဖက်တွင် တောင်းဆုပြုသည့် သစ်သားပြားကလေးများကို ရောင်းချနေသည့် ဆိုင်ကလေးတစ်ဆိုင်ရှိနေ၏။ ဆိုင်ရှင်က သူတို့နှစ်ဦး လမ်းလျှောက်လာသည်ကို တွေ့သည့်အခါ အသည်းပုံနှစ်ခုထွင်းထုထားသည့် သစ်သားပြားခပ်ကြီးကြီးတစ်ခုကို ကမ်းပေးခဲ့သည်။



ယီဟွေ့က တစ်စုံတစ်ခုပြောရန် ပြင်လိုက်စဉ်မှာပင် ကျိုးကျင်ဟမ့်၏ စကားသံအား ကြားလိုက်ရသည်။ “နှစ်ခုပေးပါ…”



ကျိုးကျင်ဟမ့်က သစ်သားပြားများအတွက် ငွေပေးချေလိုက်သည်။ ယီဟွေ့က သူ၏ သစ်သားပြားလေးအတွက် ပိုက်ဆံပြန်ပေးရန် ပြင်ခဲ့သော်လည်း ကျိုးကျင်ဟမ့်က တားလိုက်သည်။ “ကိုယ်မင်းကို ဒီခေါ်လာတာလေ…”



ယီဟွေ့တွင် ပြောစရာစကားမရှိဖြစ်သွားခဲ့သည်။ သူ့ခေါင်းထဲတွင် တစ်စုံတစ်ခုချို့ယွင်းနေ၍သာ ထိုဖိတ်ခေါ်ချက်ကို လက်ခံခဲ့မိခြင်းဖြစ်ရမည်။ ယခုမူ ဆန့်ကျင်ရန်အတွက် နောက်ကျသွားပြီဖြစ်သလို သစ်သားပြားမှာလည်း ဝယ်ပြီးပြီဖြစ်၏။ ခရီးတစ်ဝက်ကျိုးနေပြီဟု ပြော၍ရကာ သူ လှည့်ပြန်သွားမည်ဆိုပါက အလွန်အရုပ်ဆိုးပေလိမ့်မည်။ 



သူတို့နှစ်ဦးက ရှေ့ဆင့်နောက်ဆင့် လမ်းလျှောက်နေခဲ့ကြသည်။ တောင်ကုန်းပေါ်သို့ ရောက်သောအခါ ယီဟွေ့က သူ၏ဆုတောင်းကိုရေးရန် ဘောပင်လိုက်ရှာချင်ခဲ့၏။ သို့သော် နှစ်ထောင်ချီသက်တမ်းရှိနေသော သစ်ပင်တွင် ဆုတောင်းစာများ အပြည့်ဖြစ်နေခဲ့ကာ ၎င်း၏အရှေ့ရှိ ခြံစည်းရိုးလေးတွင်လည်း လစ်လပ်နေသည့် နေရာတစ်နေရာမှ မရှိချေ။



သူတို့ရှေ့ရှိ စုံတွဲက အမြန်ပြောလိုက်သည်။ “ကျွန်တော်တို့ ဆုတောင်းပြီးသွားပြီ…ကျွန်တော်တို့ အရင်ချိတ်မယ်နော်…”



သစ်ပင်၏ ပင်စည်ကိုကိုင်လျှက် လှေကားပေါ်တွင်ရပ်နေသည့် ဝန်ထမ်းက ပြုံးကာဆိုသည်။ “စိတ်မပူပါနဲ့…ကျွန်တော်တို့ရဲ့အလုပ်က လူတွေအားလုံး နောက်တစ်ကြိမ်ပြန်လာတဲ့အခါ သူတို့ရဲ့ဆုတောင်းကို ရှာတွေ့နိုင်ဖို့ပါပဲ…ကြီးတာငယ်တာနဲ့ မဆိုင်ပါဘူး…”



ယီဟွေ့က ဝန်ထမ်း၏စကားများအပေါ် သံသယရှိခဲ့သည်။ သစ်သားပြားငယ်များက အတူတူဖြစ်သလို အနက်ရောင်မင်ဖြင့် ရေးသားထားသည့် စာလုံးများသည်လည်း ခပ်ဆင်ဆင်သာဖြစ်သည်။ နောက်တစ်ကြိမ်ကို မဆိုထားနှင့်၊ ယခုအကြိမ်မှာပင် သူ၏သစ်သားပြားအား သစ်ပင်တွင် ချိတ်ပြီးသည်နှင့် အလွယ်တကူရှာတွေ့နိုင်မည် မထင်ချေ။ 



ထိုသို့တွေးလိုက်မိသော်လည်း ဆုတောင်းကို ဂရုတစိုက် ချရေးနေမိဆဲဖြစ်သည်။ သူက အခြားလူများ မမြင်စေရန် လက်ဖြင့်ပင် ကွယ်ထားခဲ့၏။ လေအနည်းငယ်တိုက်ခတ်သွားလျှင်ပင် သူက ခေါင်းလေးထောင်ကာ ဘေးဘီဝေ့ဝဲကြည့်မိသည်။ မသိပါက သူ၏လက်ထဲတွင် ရတနာတစ်ခုခုရှိနေသည့်အလားပင်။



ကျိုးကျင်ဟမ့်က ယီဟွေ့ ထိုသို့ကာကွယ်နေရခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်။ သူက စိတ်မရှည်ဟန်ပေါ်နေပြီး ဆုတောင်းကို ခပ်မြန်မြန်သာ ရေးလိုက်သည်။ ထို့နောက် ဘောပင်ကိုချကာ သဘာဝရှုခင်းအား အကြောင်းမဲ့ငေးကြည့်နေ၏။ 



ထို့နောက် ဖြန့်ထားသောလက်တစ်ဖက်က မျက်စိရှေ့သို့ ရောက်လာခဲ့သဖြင့် ယီဟွေ့လန့်သွားကာ သူ၏သစ်သားပြား အခိုးခံရတော့မည်ဟု တွေးလိုက်မိသည်။ ကျိုးကျင်ဟမ့်က သူ့အား စားစရာတစ်ခုခုပေးရန် လာတောင်းခြင်းသာဖြစ်ကြောင်း နားလည်သွားသည့်အခိုက်တွင်မူ ယီဟွေ့မျက်နှာကလေးရဲသွားခဲ့၏။ သူက သစ်သားပြားအား လက်တစ်ဖက်ဖြင့်ဖုံးကာ အခြားလက်တစ်ဖက်ဖြင့် အိတ်ထဲမှအခွံမာသီးများကို ထုတ်ကာကမ်းပေးလိုက်သည်။ 



ယီဟွေ့က ရေးနေရင်း တစ်ချက်ခိုးကြည့်လိုက်သေး၏။ ကျိုးကျင်ဟမ့်က အသီးခွာသည့်အပေါ်ကိုသာ အာရုံစိုက်နေကြောင်း တွေ့ရမှသာ သူ၏ဆုတောင်းအား စိတ်ချလက်ချ အဆုံးသတ်နိုင်တော့သည်။ 



ဘောပင်ပြန်အပ်ပြီးသည့်နောက် ယီဟွေ့က သစ်ပင်ဘေးရှိ ကျောက်စားပွဲထံ ပြန်သွားခဲ့သည်။ ကျိုးကျင်ဟမ့်က အခွံမာသီး၏ မာကျောသောအခွံအား ခက်ခက်ခဲခဲခွာနေခဲ့သည်။ ယီဟွေ့က သူ့အား ဂရုစိုက်ရန် အော်ပြောတော့မည့်ဆဲဆဲတွင် ခွပ်ကနဲ့အသံကို ကြားလိုက်ရသည်။ အခွံကကွဲသွားပြီဖြစ်ကာ ၎င်း၏ ထက်ရှသောအပိုင်းက ကျိုးကျင်ဟမ့်၏ အနာကိုပင် ထိမိလုနီးပါး ဖြစ်နေခဲ့၏။ 



ယီဟွေ့ ထိတ်လန့်သွားခဲ့ရသည်။ “ဖြည်းဖြည်းခွာလေ…”



ကျိုးကျင်ဟမ့်က အင်း ဟု အသံပြုလိုက်သော်လည်း ရပ်တန့်ခြင်းမရှိခဲ့ချေ။ သူက အခွံမာသီးလေးငါးလုံးကို လက်ချည်းသပ်သပ်နှင့် ခွဲလိုက်၏။ ထို့နောက် သစ်စေ့များကို သူ့ဘေးရှိ လက်ကိုင်ပုဝါပေါ်သို့ ဂရုတစိုက် တင်လိုက်လေသည်။ 



ထို့နောက် အခွံခွာပြီးသည့် သစ်စေ့လက်တစ်ဆုပ်စာအား ယီဟွေ့ထံကမ်းပေးလာခဲ့သည်။ ယီဟွေ့ စိတ်ရှုပ်သွားကာ မျက်ဝန်းကလေးများ ဝိုင်းသွားခဲ့ပြီး သူ့ကိုယ်သူညွှန်ပြလျှက် မေးလိုက်၏။ “ငါ့အတွက်လား…”



“အွန်း…” ကျိုးကျင်ဟမ့်၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး ရှက်ရွံ့ဟန်တစ်ချို့ ထွက်ပေါ်နေခဲ့သည်။ “ကိုယ်မင်းကို ခြောက်လိုက်မိတယ်…ကိုယ်တောင်းပန်ပါတယ်…”



ကျိုးကျင်ဟမ့်၏ တောင်းပန်စကားကို ယီဟွေ့ အကြိမ်ပေါင်းများစွာ ကြားခဲ့ရပြီးပြီဖြစ်သည်။ သူက ယခုအချိန်တွင် တောင်းပန်စကားပြောရန် မလိုအပ်ဟု တွေးလိုက်မိသည်။ 



အားစိုက်ထုတ်ကာ ခွာထားသည့် သစ်စေ့များကိုကြည့်ရင်း သူဤအရာများကို လက်ခံနိုင်သည့် အနေအထားတွင်ရှိမနေဟု ခံစားလိုက်ရ၏။ သို့သော် သစ်စေ့များကိုင်ထားသည့် ကျိုးကျင်ဟမ့်၏ လက်များထံ အကြည့်ရောက်သွားရပြန်သည်။ 



လက်ကိုင်ပုဝါက တူညီနေသလို ပြောသည့်စကားများမှာလည်း ထိုအချိန်ကနှင့် အတူတူပင်ဖြစ်သည်။ 



ယီဟွေ့က စကားတစ်ခွန်းမှမဆိုပဲ မေးကိုသာ အနည်းငယ်မော့လိုက်မိသည်။ ကောင်းကင်ပေါ်ရှိတိမ်များမှာ သူတို့ဤနေရာသို့ လာရောက်စဉ်ကထက် ပိုမိုပါးလျနေပြီး ဝေဝါးနေသလိုပင်။ သူမျက်ဝန်းများ ကျယ်ကျယ်ဖွင့်ထားပါသော်လည်း ၎င်းတို့အား ကောင်းစွာမမြင်နိုင်ဖြစ်နေခဲ့သည်။



ထိုသူအား အမှတ်ရစေရန် သုံးနှစ်လုံးအချိန်ယူခဲ့သော်လည်း သူတစ်နှစ်တာ အဝေးရောက်နေသည့်အချိန်မှ “ကိုယ်မှတ်မိပြီ” ဟူသည့် အပြုအမူကို လက်ခံရရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိချေ။ 



(T/N - သူတို့တွေ ပန်းချီဆွဲခန်းမှာ တွေ့တဲ့အချိန်လေး..)



အခွံခွာပြီးသား သစ်စေ့များက ယီဟွေ့၏ အစာအိမ်အတွင်းသို့ ရောက်ရှိသွားခဲ့လေသည်။



အပြန်လမ်းတွင် ကားပေါ်၌ ကျိုးကျင်ဟမ့်က အကယ်၍ ယီဟွေ့သာ ထိုသစ်စေ့များကိုမစားပါက အဝေးသို့လွှင့်ပစ်လိုက်မည်ဟု အကျပ်ကိုင်ရင်း လက်ကိုင်ပုဝါထုပ်အား ယီဟွေ့၏လက်တွင်းသို့ အတင်းထည့်ပေးနေခဲ့သည်။ ယီဟွေ့က ခြိုးခြံသည့် အကျင့်စရိုက်ကို လတ်တလောမှာပင် မွေးမြူခဲ့ခြင်းဖြစ်ရာ ထိုသို့အဖြစ်မခံနိုင်ခဲ့ချေ။ သူက မည်သို့မှမတတ်သာပဲ အားလုံးကို စားလိုက်ရလေသည်။



အိမ်၌ အန်တီက ညစာပြင်ထားပြီးပြီဖြစ်သည်။ သူမက သူတို့နှစ်ဦးအတူပြန်လာသည်ကို တွေ့သောအခါ ပျော်ရွှင်စွာဖြင့် ဆိုလာခဲ့သည်။ “ဒိတ်လုပ်ခဲ့ကြတာလား…ရာသီဉတုက မပူမအေးလေးနဲ့ လက်ချင်းတွဲပြီးလျှောက်သွားဖို့ အချိန်ကောင်းပဲနော်…”



ကျိုးကျင်ဟမ့်က စိတ်အခြေအနေကောင်းမွန်နေခဲ့သည်။ သူက မြို့ဆင်ခြေဖုံးဒေသရှိ ဆုတောင်းပြည့်သစ်ပင်ထံ သွားရောက်ခဲ့ကြောင်း အန်တီအားပြောပြလိုက်၏။ အန်တီက လက်ခုပ်တီးကာ ဆိုခဲ့သည်။ “ဘာဆုတောင်းခဲ့လဲ…သစ်ပင်က တကယ်ဆုတောင်းပြည့်တာနော်…အရင်လတုန်းက အန်တီအဲဒီ့သစ်ပင်ကိုသွားပြီး အန်တီ့သား မြန်မြန်လက်ထပ်နိုင်ဖို့ ဆုတောင်းခဲ့တယ်လေ…လာမယ့်ပိတ်ရက်ကျရင် သူက သူ့ကောင်မလေးကို အိမ်ခေါ်လာတော့မှာ…”



ကျိုးကျင်ဟမ့်က သူမအတွက် အားလပ်ရက်နှစ်ရက်ပေးလိုက်သည်။ အန်တီက ပျော်မဆုံးဖြစ်နေခဲ့ကာ ပျော်ရွှင်စရာအခိုက်အတန့်ကို ကျင်းပရန်အတွက် ဟင်းပွဲတစ်ခု ထပ်မံပြင်ဆင်ပေးမည်ဟု ဆိုလျှက် မီးဖိုခန်းထဲပြေးဝင်သွားခဲ့သည်။ 



ယီဟွေ့ကမူ သူ သစ်သားပြားပေါ်တွင် ရေးခဲ့သည့် ဆုတောင်းကို ကျိုးကျင်ဟမ့် မြင်တွေ့သွားခြင်းရှိမရှိ သိချင်လာခဲ့သည်။



သို့သော် သူမြင်သွားလျှင်ပင် ကိစ္စမရှိချေ။ သူက ‘မေမေမြန်မြန်နေကောင်းပါစေ’ ဟူ၍သာ ရေးခဲ့လေသည်။ သူ့သူငယ်ချင်းများ၊ ဆွေမျိုးများနှင့်ပတ်သတ်သည့် ကောင်းချီးများကိုမူ စိတ်ထဲတွင်သာ သိမ်းဆည်းထားပြီး ချရေးခြင်းမရှိခဲ့ချေ။ အဆုံးနားတွင် သူနှင့်ပတ်သတ်သည့် စာကြောင်းတစ်ကြောင်းကို ထည့်သွင်းရေးသားခဲ့သော်လည်း ကျိုးကျင်ဟမ့် စိတ်မရှည်ဖြစ်နေပုံအရ တွေ့သွားမှာမဟုတ်ချေ။ 



သူက သူ့ကိုယ်သူနှစ်သိမ့်လိုက်ကာ အိပ်ရာဝင်ခဲ့သည်။ အိပ်ရာပေါ်တွင် ယီဟွေ့က နေ့လည်ကအဖြစ်အပျက်အား တွေးတောရင်း ရှင်းမပြနိုင်အောင် စိတ်လှုပ်ရှားလာခဲ့ရသည်။ အနည်းငယ်အိပ်ချင်မူးတူးဖြစ်နေသည့် စိတ်ပင်လျှင် ပျောက်ကွယ်သွားခဲ့၏။



ထို့ကြောင့် သူက တံခါးဖွင့်သံအား ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။



ကျိုးကျင်ဟမ့်က ပုံမှန်အားဖြင့် ကျင့်ဝတ်များကို လိုက်နာတတ်ရာ သူ့အား ဆေးတိုက်ရန်လိုက်ရှာလျှင်ပင် တံခါးခေါက်လေ့ရှိ၏။ ထို့ကြောင့် ယီဟွေ့က သတိထားနေခြင်းမျိုး မရှိတော့ပဲ ညဘက်တွင်လည်း တံခါးကို သော့ပိတ်မထားတော့ချေ။



ကော်ဇောပေါ်ရှိ ခြေသံကိုနားထောင်ရင်း ယီဟွေ့ မျက်လုံးမှိတ်ကာ အသက်အောင့်ထားမိ၏။ ခေါင်းအုံးအောက်ရှိ လက်ကလေးကိုလည်း ဖြည်းဖြည်းချင်း လက်သီးဆုပ်လိုက်မိသည်။ 



ထိုလက်သီးဆုပ်ကလေး တင်းကျပ်စွာမဆုပ်မိခင်မှာပင် ကျိုးကျင်ဟမ့်က အိပ်ရာဘေးသို့ လျှောက်လာခဲ့သည်။ သူက ခေါင်းအုံးအောက်မှ ယီဟွေ့၏ လက်ကောက်ဝတ်ကို ညှင်သာစွာ ဆွဲထုတ်လိုက်သည်။ ထို့နောက် သူ၏ လက်ငါးချောင်းများအား ယီဟွေ့၏လက်ချောင်းများဖြင့် တစ်ချောင်းချင်း ယှက်နွယ်စေလိုက်၏။ သူ၏လက်မနှင့် လက်ချောင်းထိပ်ကလေးများက ကျိုးကျင်ဟမ့်၏ လက်ထဲတွင် ဆုပ်နယ်ခြင်းခံနေရသဖြင့် ယီဟွေ့၏ တောင့်တင်းနေသော လက်ချောင်းများသည်လည်း အလိုအလျောက်ပင် ကွေးညွှတ်သွားခဲ့ရသည်။ 



ကံကောင်းစွာဖြင့် အခန်းထဲတွင် မီးထွန်းထားခြင်းမရှိရာ ကျိုးကျင်ဟမ့်က ထိုအရာအား သတိမပြုမိခဲ့ချေ။ သူအရင်က အကြိမ်ပေါင်းများစွာ ပြုဖူးနေသကဲ့သို့ပင် ခေါင်းကိုငုံ့ကိုင်းလျှက် ယီဟွေ့၏ လက်ဖမိုးလေးအား နမ်းရှိုက်လိုက်သည်။ လက်ဆစ်များတစ်လျှောက် နှုတ်ခမ်းဖြင့်ပွတ်သပ်လျှက် ယီဟွေ့၏ သွေးခုန်နှုန်းကို ခံစားနေသကဲ့သို့ပင်။



ယီဟွေ့က သူ၏တီးတိုးရေရွတ်သံအား ကြားလိုက်ရသည်။ “မင်း ယီဟွေ့မဖြစ်ချင်ရင်လည်း ရပါတယ်…မင်းအသက်ရှင်နေသရွေ့ ဘာမဆိုအဆင်ပြေပါတယ်…”



ထို့နောက် ခြေသံများ ဝေးကွာသွားကာ ကလစ်ဟူသည့်အသံနှင့်အတူ တံခါးက ပြန်လည်စေ့ပိတ်သွားခဲ့သည်။ ယီဟွေ့ မျက်လုံးများပွင့်လာကာ လက်သီးလေးဆုပ်လိုက်မိ၏။ တစ်ဖက်လူ၏ အနွေးဓာတ်က သူ့လက်ပေါ်တွင် ကျန်ရှိနေဆဲဖြစ်သည်။



သူ…တွေ့သွားခဲ့တာပဲ…


....

သစ်သားပြားများက အများအပြားထုတ်လုပ်ထားခြင်းဖြစ်ပြီး အားလုံးမှာ အတူတူသာဖြစ်သည်။ ချိတ်ဆွဲပြီးလျှင် ပြန်ရှာတွေ့ရန်မှာ ခက်ခဲလှ၏။



သစ်သားပြားက အရမ်းထူးခြားမနေသရွေ့…တစ်စုံတစ်ယောက်က ဂရုတစိုက်မရှာသရွေ့ပေါ့…



နေ့လည်သို့ရောက်သည့်အခါ ကျိုးကျင်ဟမ့် သူ၏ ဆုတောင်းသစ်သားပြားအား သစ်ပင်၏ ခြံစည်းရိုးနားတွင် သွားရောက်ချိတ်ဆွဲနေသည်ကို ယီဟွေ့အရင်အတည်ပြုလိုက်မိသည်။ ထို့နောက် သစ်သားပြားပေါ်တွင် စာတစ်ကြောင်း ထပ်မံရေးလိုက်၏။ : တူညီတဲ့အမှားမျိုး ထပ်မလုပ်ပါနဲ့



ထိုသစ်သားပြားအား ချိတ်ဆွဲပြီးသည့်နောက် ခွဲရခက်လှသည့် ထောင်ချီသောသစ်သားပြားများထဲတွင် သူ၏ ဆုတောင်းအား သတိပြုမိမည့်လူ မရှိလောက်ကြောင်း ပို၍စိတ်ချသွားခဲ့သည်။



ကျိုးကျင်ဟမ့်၏ လက်ရေးကမူ သူ၏ပုံရိပ်ကဲ့သို့ပင် ကျော့ရှင်းပြီးဝင့်ကြွားလှသည်။ အခြားလူများက သူတို့၏ဘဝအတွက် လာရောက်ဆုတောင်းကြသည့် နေရာ၌ သူက စာတစ်ကြောင်းထဲကိုသာ ရေးသားခဲ့လေသည်။



ဟွေ့ဟွေ့ရဲ့ ဆုတောင်းအားလုံး ပြည့်ဝဖို့ ကျွန်တော်မျှော်လင့်ပါတယ်…



(စာရေးသူမှာပြောစရာရှိပါတယ်…လက်ကိုင်ပုဝါက အခန်း ၇ မှာပါတာပါ…သူတို့စတွေ့တုန်းက ရှောင်ကျိုးက စတူဒီယိုထဲကို ပြတင်းပေါက်ကနေ ကျော်ချလာပြီး ဟွေ့ဟွေ့ကို ခြောက်မိသလိုဖြစ်သွားခဲ့ပါတယ်… “မင်းရဲ့ ဆန္ဒတွေအားလုံး ပြည့်ဝပါစေ..” ဆိုတာက အခန်း ၁၅ မှာပါပါတယ်…ယီဟွေ့က ကျိုးကျင်ဟမ့်အတွက် ဆုတောင်းပေးခဲ့တာပါ…ဘာပဲဖြစ်ဖြစ် ရှောင်ကျိုးက အခွံမာသီးတွေကို လက်ဗလာနဲ့ခွဲပေးခဲ့တာနော်)