အပိုင်း ၅၃.၁
Viewers 11k

Chapter 53.1



ရက်အနည်းငယ်ကြာပြီးနောက် ကျန်းယီမန့် Sမြို့သို့ ထပ်မံ၍ ထွက်လာမည်ဟု‌ ပြောခဲ့သည်။ ယီဟွေ့ သူမရထားဖြင့် လာမည်ကိုသိလိုက်ရသည့်အချိန်၌ ကျန်းယီမန့်မှာ လမ်းတဝက်ပင်ရှိနေခဲ့လေသည်။



ယီဟွေ့ သူမကို ရထားဘူတာတွင် သွားကြိုခဲ့ရကာ တွေ့လိုက်သည်နှင့် မနေနိုင်ဘဲ သူတို့၏အမေမှာ ဤနေရာတွင် ပြုစုစောင့်ရှောက်ရန် သူနှင့်အတူရှိနေသည်ဖြစ်၍ စီနီယာအထက်တန်းကျောင်းသားတစ်ဦးဖြစ်သည့် ကျန်းယီမန့်မှာ လျောက်သွားမနေဘဲ စာကိုသာလေ့လာသင့်သည်ဟု ဆူပူမိလေသည်။



သို့သော်လည်း သူ၏စကားများကို ကျန်းယီမန့်မှ စကားတစ်ခွန်းနှင့်သာ ပိတ်ဆို့ပစ်လိုက်သည် " အစ်ကို့ကိုလွမ်းလို့လေ..နောက်ပြီး ဒီမှာတစ်ယောက်တည်းဖြစ်နေတာကို စိတ်ပူလို့…"



ယီဟွေ့ ကျိုးကျင်ဟမ့်နှင့် ထပ်ပက်သတ်နေသည်ကို သိလိုက်ရပြီးနောက် ကျန်းယီမန့် အစ်ကိုဖြစ်သူအတွက် အသည်းကွဲသွားသလို ခံစားလိုက်ရသည်။ သူမ ယီဟွေ့၏လုံခြုံရေးအတွက် တစ်နေ့တွင် ဖုန်းသုံးခါခေါ်သည့်အပြင် အင်တာနက်ပေါ်တွင် အတိုက်အခိုက်နှင့် မိမိကိုယ်ကိုကာကွယ်သည့်ဗီဒီယိုများကိုပါ ပို့ပေးလာခဲ့သည်။ ထိုမှသာ ယီဟွေ့ ဝီရိယရှိရှိလေ့ကျင့်နိုင်ပေမည်။



ကျန်းယီမန့်ထံတွင် ဤအရာနှင့်ပတ်သက်၍ ရည်ရွယ်ချက်ကောင်းတစ်ခုရှိခဲ့လေသည် " အစ်ကိုလည်း သိတာပဲ သူကအက်ရှင်ကားတွေနဲ့ အစပြုခဲ့တယ်ဆိုတာကို…အစ်ကိုဒါတွေလေ့လာလိုက်ရုံနဲ့ သူ့ကိုမရိုက်နိုင်ပေမယ့် အနည်းဆုံးတော့ တစ်ခါ‌တလေနိုင်ရင် နိုင်မှာပေါ့… ပြီးတော့ လေ့ကျင့်ခန်းလုပ်ပြီးသားလဲဖြစ်သွားတယ်လေ.. ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ပစ်တာပေါ့…"



" သေချာပေါက် သူ့ကို မရိုက်ပစ်နိုင်ဘူး…" ဟူသည့်စကားကြောင့် ယီဟွေ့အရှက်ရသွားကာ ကိုယ့်ကိုကိုယ်ယုံကြည်မှုအနည်းငယ်ရှိလာရန်အတွင် မှန်ရှေ့တွင် အင်္ကျီချွတ်ကြည့်မိသည်။ သူ၏ဝမ်းဗိုက်နေရာတွင် မည်သည့်ကြွက်သားကိုမျှ အရိပ်အယောင်ပင် မမြင်ခဲ့ရသည့်အတွက် ယီဟွေ့စိတ်ပျက်သွားရကာ နာနာခံခံဖြင့် လေ့လာရန် ဗီဒီယိုကို ဖွင့်လိုက်လေသည်။



သူ၏အခန်းထဲတွင် ပုန်းအောင်းကာ လေ့ကျင့်နေခဲ့ပြီး နံရံကျယ်သို့ ရိုက်မိသွားသည့်တစ်ကြိမ်တွင် ဘေးအခန်းမှ ကျိုးကျင်ဟမ့်မှာ တံခါးခေါက်လာခဲ့သည်။



သူအခန်းထဲသို့ ဝင်လာချိန်၌ ဗီဒီယိုမှာ ပွင့်နေသေးသော်လည်း ကျိုးကျင်ဟမ့်မရယ်ခဲ့ပေ။ သူ၏လက်ကိုသာမြောက်ကာ ပုံစံတစ်ခုပြလိုက်ပြီး " ဒီအပေါ်က မဟုတ်သေးဘူး..လည်ပင်းကိုဖြတ်ရိုက်မဲ့လှုပ်ရှားကလည်း လုံလောက်အောင်မြန်ဖို့လိုသေးတယ်…ကာကွယ်ဖို့နဲ့တိုက်ခိုက်ဖို့ကလည်း တညီတည်းဖြစ်ရမှာ.. လက်မောင်းကိုတောင့်ထား မဖျော့လိုက်နဲ့…"



ယီဟွေ့ သူ၏လေ့ကျင့်ရေးမှာ မည်သူ့အတွက်ဖြစ်သည်ကို မပြောခဲ့သော်လည်း ကျိုးကျင်ဟမ့် သေချာပေါက်သိနေခဲ့သည်။



၎င်းမှာ ယီဟွေ့ကိုအနည်းငယ်စိတ်လှုပ်ရှားစေကာ စိတ်အေး‌လက်အေးမသင်ယူနိုင်ခဲ့ချေ။ မည်သို့ပင်ဖြစ်စေ ကျိုးကျင်ဟမ့်မှာ ဆုံးဖြတ်ထားပြီဖြစ်ကာ ညတိုင်းလိုပင် အချိန်ယူ၍ လှည့်ကွက်အချို့ကို သင်ပေးနေသဖြင့် ယီဟွေ့ ပြောစရာစကားများပျောက်ရှနေကာ ရှက်ရလွန်းသဖြင့် မည်သည့်အရာကိုမှ မမှတ်သားနိုင်ခဲ့ချေ။



သူဆေးရုံသို့ နေ့လည်စာစားချိန်အမီရောက်သွားခဲ့ပြီး အချိန်အတန်ကြာပြီးနောက်မှ ပထမဦးဆုံးအကြိမ်အဖြစ် မိသားစုလိုက်ထမင်းစားဖြစ်ခဲ့ကြသည်။ မိသားစုဘဝအကြောင်း စကားခဏမျှပြောပြီးချိန်တွင် ကျန်းရွှယ့်မေ့မှာ ယခင်အတိုင်းအကြောင်းအရာဟောင်းများကို ထပ်မံပြောလာခဲ့သည် " ဆေးရုံအကြီးကြီးတွေက တကယ်ကိုမတူဘူးပဲ…အစားအစာတွေတောင်မှ နယ်ကဆေးရုံလေးနဲ့ကွာတယ်…ဈေးကလည်းပိုကြီးတာပေါ့…အဲ့လိုပြောမှပဲ မစ်စတာကျိုးရဲ့ကောင်းမှုနဲ့ ယီဟွေ့ကအိမ်မှာနေပြီးအလုပ်လုပ်နိုင်ခဲ့တာ…နောက်တစ်ခေါက်သူလာရင် အမေ့ကိုနှိုးနော်… အမေသူ့ကိုလူကိုယ်တိုင်ကျေးဇူးတင်ချင်လို့ပါ…"



ယီဟွေ့ လျှာကိုက်မလိုပင် ဖြစ်သွားရသည်။ ကျန်းယီမန့်မှာ သူနှင့်အကြည့်များဖလှည်လာခဲ့ပြီး မောင်နှမများ၏အချင်းချင်းနားလည်မှုဗျူဟာဖြင့် " ဟုတ်ကဲ့ ဟုတ်ကဲ့ နှိုးပါ့မယ်…" ဟုပြန်ဖြေလိုက်ကြသော်လည်း မည်သူကမျှ ဤမစ်စတာကျိုးမှာ ထိုမစ်စတာကျိုးဖြစ်သည်ကို မပြောခဲ့ကြပေ။



စားသောက်ပြီးနောက် ယီဟွေ့မှာ ပန်းကန်များကိုဆေးကြောလိုက်ပြီး ကျန်းယီမန့်ကသောက်ရေသွားခပ်လိုက်သည်။ သူမပြန်ရောက်လာချိန်တွင် ကျန်းရွှယ်မေ့တစ်ရေးအိပ်ရန် ကူညီပေးလိုက်ပြီး ယီဟွေ့မှာမူ အိပ်ရာအစွန်းတွင်ထိုင်ကာ ဖုန်းကြည့်ရင်း အိပ်ငိုက်နေခဲ့သည်။ ထိုစဉ် ကျိုးကျင်ဟမ့်၏အနက်ရောင်ဝတ်စုံဖြင့် ရိုက်ကူးရေးမှဓာတ်ပုံများကို ထိမိသွားခဲ့ကာ ချက်ချင်းဆိုသလို ခွန်အားများပြည့်လာသည်ဟု ခံစားလိုက်ရသည်။



၎င်းမှာ ထိုနေ့ စတူဒီယိုထဲတွင် သူမြင်ခဲ့သောရိုက်ကွင်းမှဖြစ်ပြီး ထိုကဲ့သို့ အလယ်အလတ်အရှည်ရှိသည့် အမျိုးသားဝတ် ဝတ်စုံမှာ အနည်းငယ်အရပ်ပုသည့် သို့မဟုတ် အနည်းငယ်သာမန်ဆန်သည့်ရုပ်ရည်ရှိသောသူထံတွင် ပွယောင်း‌ယောင်းဖြစ်နေမည်ဖြစ်သည်။ ကျိုးကျင်ဟမ့်၏ကိုယ်ပေါ်တွင်မူ ဝတ်စုံမှာ ကိုယ်တိုင်းဖြင့်ချုပ်ထားသကဲ့သို့ ဖြစ်နေခဲ့သည်။ ကျယ်ပြန့်သောပုခုံးများနှင့်ခြေတံရှည်များ၏အကျိုးကျေးဇူးကြောင့် ဓာတ်ပုံများမှာ ပြင်ထားသည့်နေရာကိုပင် မတွေ့ရဘဲ ထိုနေ့ရိုက်ကွင်းကအတိုင်း တစ်ထပ်တည်းတူညီနေခဲ့သည်။



သူ၏မျက်လုံးအောက်မှ အမာရွတ်ကို concealer အနည်းငယ်သုံး၍ဖုံးအုပ်ထားသဖြင့် မမြင်နိုင်ခဲ့ပေ။ ဓာတ်ပုံအများစုကို သူ၏ပရိုဖိုင်းတွင်တင်ထားခဲ့ကာ လင်းထိန်နေသည့်မီးရောင်များအောက်တွင် ကျိုးကျင်ဟမ့်မှာ ခေါင်းကိုစောင်း၍ ကင်မရာစီသို့ ပျင်းတိပျင်းရွဲ့ကြည့်နေခဲ့သည်။ ရှပ်အင်္ကျီအပေါ်ကြယ်သီးသုံးလုံးကိုဖြုတ်ထားခြင်းနှင့်အတူ ကျိုးကျင်ဟမ့်မှာ သူ့အသက်အရွယ်ရှိ အမျိုးသားတစ်ဦး၏ထူးခြားသောဟန်ပန်နှင့် မာနကို ထုတ်ဖော်ပြသနေခဲ့သည်။



နောက်ထပ်တစ်ပုံမှာ အလင်းရောင်ကို နောက်ကျောပေးကာ ရိုက်ထားခြင်းဖြစ်ပြီး သူ၏သုံးဖက်မြင်အသွင်အပြင်မှာ မျက်နှာပေါ်သို့ အရိပ်ကျနေခဲ့သည်။ အလင်းရောင်နှစ်ခုတည်းသာ သူ၏မှင်ကဲ့သို့မျက်လုံးများတွင် ရောင်ပြန်ဟပ်နေပြီး သူ၏နှုတ်ခမ်းပါးများကို အနည်းငယ်ကိုက်ထားကာ ဝံပုလွေတစ်ကောင်၏သားကောင်ကို အမှောင်ရိပ်ထဲမှ စောင့်ဆိုင်းနေသကဲ့သို့ သူ၏အမူအယာမှာ လေးနက်စွာ လျို့ဝှက်ဆန်းကြယ်နေခဲ့သည်။



ထိုရိုက်ကွင်းမှပုံများကြောင့် ဖန်များပေါက်ကွဲထွက်သွားကြပြီး မန့်များထဲတွင် ကျိုးကျင်ဟမ့်ကို ယခင်အတိုင်းချောမောနေသည့်အတွက် ချီးမြောက်နေကြကာ လူတစ်စုမှာမူ ပြားပြားဝင်ခစား‌ကာ " ကောကော ကောကော ငါ့ကိုလာလုပ်လှည့်ပါ…" ဟူ၍ အော်ဟစ်နေကြသဖြင့် ယီဟွေ့ မြင်ရရုံနှင့်ပင် ရှက်နေမိသည်။



ယီဟွေ့ ဖုန်းကို စားပွဲပေါ်တွင်မှောက်ထားလိုက်ကာ တစ်ရေးအိပ်မည့်ရည်ရွယ်ချက်ဖြင့် လဲချလိုက်သည်။



သူအိပ်မပျော်နိုင်ဘူးဟု ထင်ထားမိခဲ့သော်လည်း မျက်လုံးများကို မှိတ်လိုက်သည်နှင့် သူ၏ရှေ့မှမျက်နှာမှ ထပ်မံထပ်ပေါ်လာပြန်သည်။ ထိုသူ၏နှုတ်ခမ်းများကို တင်းတင်းကိုက်ထားပြီး အံကိုကြိတ်လျက် သူ့ကိုစေ့စေ့ကြည့်နေကာ နာနာကျင်ကျင်ဖြင့် ငိုကြွေးနေသည်မှာ သရုပ်ဆောင်နေခြင်းမဟုတ်ခဲ့ပေ။ ယီဟွေ့တစ်ယောက်တည်းသည်သာ ကျိုးကျင်ဟမ့်၏ ထိုကဲ့သိုပုံစံမျိုးကို မြင်နိုင်လေသည်။



ယီဟွေ့ အိမ်မက်ထဲတွင် သူ၏နာခံမှုမရှိသောနှလုံးသားကို ဆုပ်ကိုင်ထားခဲ့သည်။ ထို့နောက် သူ့ရင်ဘတ်၏ဘယ်ဘက်အခြမ်းမှ အစတစ်စကို လက်ဖြင့်ကိုင်လိုက်မိချိန်၌ နိုးထလာခဲ့သည်။



ကျန်းယီမန့် သူ့ကိုရေတစ်ခွက်လောင်းထည့်ပေးလိုက်ပြီး ယီဟွေ့၏အသိစိတ်လွတ်နေပုံကို မြင်လိုက်ရသဖြင့် သူမထပ်ခါထပ်ခါတုန့်ဆိုင်းနေသော်လည်း မေးလိုက်လေသည် " အစ်ကို သူ့ကိုမမေ့နိုင်ဘူးမလား…"



မိမိကိုယ်ကိုထိန်းချုပ်ထားခြင်းမှ လွတ်သွားသဖြင့် ယီဟွေ့ အလိုလိုခေါင်းကိုယမ်းမိခဲ့ကာ သူ ကျိုးကျင်ဟမ့်ကို မမေ့နိုင်ခြင်းမှာ ယခင်သူ၏ကြိုးစားမှုအားလုံးကို လွှတ်ပစ်လိုက်ခြင်းနှင့် တူညီနေကြောင်းကို ဝန်ခံလိုက်သည်။



တိတ်ဆိတ်မှုအတွင်း၌ ကျန်းယီမန့် သူမ၏နှလုံးသားထဲမှ လေးလံမှုကို ခံစားလိုက်ရသည်။



သို့သော်လည်း စိုးရိမ်စိတ်မှာ မပျောက်သွားခဲ့ပေ။ ယီဟွေ့၏ဖုန်းမျက်နှာ‌ပြင်ပေါ်မှ ပုံများကိုကြည့်ကာ ထပ်မံ၍ အစမ်းသဘောဖြင့် မေးလိုက်လေသည်


 " ဒါက…အစ်ကိုသူ့ကိုထပ်ပြီးသဘောကျသွားပြန်တာလား…"