အပိုင်း ၅၃.၂
Viewers 13k


Chapter 53.2



ထိုအချိန်၌ ကျိုးကျင်ဟမ့်မှာမူ ရိုက်ကွင်းပေါ်မှဓာတ်ပုံများကြောင့် အင်တာနက်ပေါ်တွင် မည်မျှရုတ်ရုတ်သဲသဲဖြစ်စေခဲ့သည်ကို သိနိုင်မည်မဟုတ်ချေ။ ရှောင်ဟွေ့ရှားသူ့ကိုဘလော့လိုက်ချိန်၌ သူ့ဝေ့ပေါ်ကို ဖျက်ပစ်လိုက်ပြီး သူ၏တရားဝင်အကောင့်ကို လက်ထောက်ရှောင်လင်းကသာ အပြည့်အဝစီစဉ်ပေးနေခဲ့သည်။



သူ့ထံတွင် ဆိုးရွားသောဒေါကြီးမှုရှိပြီး ထိုမကောင်းသည့်မှတ်ချက်များကို မြင်လိုက်ရချိန်၌ ကျိုးကျင်ဟမ့် သည်းမခံနိုင်ဘဲ ဖုန်းကိုသာ ပစ်ပေါက်ခွဲလိုက်ချင်သည်။ ထို့အတွက်ကြောင့်ပင် သူ၏ဖုန်းများကို မကြာခဏဆိုသလို လဲလှယ်ခဲ့ရသည်။



ဒိုရာဟမ်ဟမ်အကောင့်ဖြင့် ယီဟွေ့ကို စကားပြောနေစဉ်အတွင်း သူ၏နာမည်ကိုရေပန်းစားမှုစာရင်းထဲတွင် မကြာခဏဆိုသလို မြင်ခဲ့ပြီး ကျိုးကျင်ဟမ့် ၎င်းအတွက် အလွန်စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရလေသည်။ ယခုအချိန်၌ ဒိုရာဟမ်ဟမ်မှာ ဘလော့ခံလိုက်ရပေရာ သူဝေ့ပေါ်တွင် အကောင့်သစ်ဖွင့်ချင်စိတ်သည်ပင် လုံးလုံးပျောက်ဆုံးသွားလေတော့သည်။



သို့သော်လည်း ကျိုးကျင်ဟမ့် ယခုအသုံးပြုနေသည့်ဖုန်းမှာမူ သူ့အတွက် ကမ္ဘာပေါ်တွင် တစ်ခုတည်းသာရှိသည့် ရတနာတစ်ပါးပင်ဖြစ်ပြီး ၎င်းကို အထိမခံနိုင်ပေ။ ယခင်အပတ်က ရသစုံရှိုးရိုက်ကူးနေစဉ်အတွင်း သူ၏ဖုန်းမှာ မတော်တဆရေထဲသို့ ပြုတ်ကျသွားခဲ့လေသည်။ ရှောင်လင်း သူ့ကိုကူညီကာ ပြင်ဆင်သို့ပို့ပေးချင်မိသော်လည်း ကျိုးကျင်ဟမ့်မှငြင်းပယ်လိုက်ကာ သူအယုံကြည်ရဆုံး ဖုန်းပြင်ဆိုင်စီသို့ ယူသွားခဲ့ပြီး ပြင်နေစဉ်အတွင်း ဖုန်းပြင်သည့်သူကို တစ်ချိန်လုံးစိုက်ကြည့်ခဲ့သည်။ ဖုန်းပြင်သမားမှာ အလွန်ကြောက်လန့်နေပြီး ထိုနှာခေါင်းစီးအုပ်ထားသည့် မျက်လုံးချွန်ချွန်လူမှ သူမပျော်ရွှင်တော့လျှင် သူ့ကိုထရိုက်လိုက်မည်စိုးသောကြောင့် ဝက်အူလှည့်ကိုပင် မကိုင်နိုင်တော့ပေ။



ဖုန်းပြင်ပြီးသွားသော်လည်း ယခင်ကဲ့သို့ သုံး၍မကောင်းတော့ဘဲ စပီကာသံမှာ တိုးသွားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဓာတ်ပုံနှင့် လွန်ခဲ့သောတစ်နှစ် သူအာရုံမစိုက်မိခင်အချိန်က ယီဟွေ့လျှို့ဝှက်စွာထားပေးခဲ့သော ပုံအပါအဝင် အခြားအရာအားလုံးမှာ ရှိ‌နေသေးသည်။ သူဖုန်းကို ဖွင့်လိုက်ချိန်၌ သူတစ်ယောက်တည်းသာ ပိုင်ဆိုင်ရသည့် ထိုပြုံးနေသောမျက်နှာကို မြင်တွေ့နေရပြီး ဖုန်းကို ပိတ်လိုက်ချိန်၌ " မင်းအိမ်ပြန်လာတာကို စောင့်နေမယ် " ဟူသည့် စာကို မြင်လိုက်ရသည်။ ကျိုးကျင်ဟမ့် ၎င်းကိုမြင်တွေ့ရချိန်တိုင်း သူ၏နှလုံးသားမှာ ကိုက်ခဲလာရကာ အိမ်သို့သာ အမြန်ပြန်ပြေးချင်မိသည်။



ဥပမာအားဖြင့် ယခုအချိန်တွင် ကျိုးဟွာရုံ၏ဦးနှောက်ကျင်းနေသည့်စကားများကို ရင်ဆိုင်နေရစဉ် ဖုန်းကိုကိုင်ကာ စာတစ်စောင်ကို ပြင်ဆင်နေပြီး သူ၏အရူးလေး စားချင်သည့်အရာကို တိတ်တဆိတ်ရှာဖွေရန်ကိုသာ တွေးနေမိသည့်အတွက် ထိုသူ၏စကားများမှာ ဘယ်ဘက်နားမှဝင်၍ ညာဘက်နားမှ ထွက်သွားခဲ့သည်။ စာမှာတစ်ဝက်သာရိုက်ပြီးသည့်အချိန်၌ ရုတ်တရက်စားပွဲရိုက်ချလိုက်သည့် အသံကြောင့် ကျိုးကျင်ဟမ့် အတင်းအကြပ်အာရုံစိုက်ပေးလိုက်ရသည်။



ကျိုးဟွာရုံမှ ဒေါသတကြီး ကြိမ်းမောင်းလာခဲ့သည် " အကြီးတွေနဲ့ စကားပြောနေရင် ဖုန်းမဆော့နေရဘူးလို့ မင်းကိုဘယ်သူကမှ မပြောထားဘူးလားကွ…"



ကျိုးကျင်ဟမ့် သူ့ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ဖုန်းမျက်နှာပြင်ပေါ်သို့သာ ပြန်ကြည့်လိုက်ကာ " ဟင့်အင်း အမေထွက်သွားတာစောတယ်လေ…"



သူ၏ဖခင်တစ်ဦးအနေဖြင့် လုပ်ပိုင်ခွင့်မှာ ပြောင်ပြောင်တင်းတင်း အစော်ကားခံလိုက်ရပေရာ ကျိုးဟွာရုံ၏နဖူးပေါ်တွင် သွေးကြောပြာများပင် ထောင်ထလာရသည်။ သားဖြစ်သူကို ဤနေရာသို့ခေါ်ခဲ့သည့် ရည်ရွယ်ချက်ကို ပြန်တွေးလိုက်ပြီးမှ သက်ပြင်းတစ်ချက်ချကာ ဒေါသကိုဖိနှိပ်လိုက်ပြီး အသံနိမ့်နိမ့်ပြောလိုက်သည် " ငါမင်းနဲ့စီးပွားရေးအကြောင်းပြောနေတာ အရင်ကကိစ္စတွေကိုပဲ ဆက်ကိုင်ထမနေနဲ့တော့… လွှတ်ချလိုက်တော့ မင်းဒီလိုပုံစံသရုပ်ဆောင်ပြနေတာ အဆင်မပြေလှဘူး…"



" ကျွန်တော်သရုပ်ဆောင်နေတာမဟုတ်ဘူး…အမေကအစောကြီးထွက်သွားခဲ့ရတယ်လေ… မဟုတ်လို့ကတော့ အခုလိုတစ်ယောက်တည်း တိရစ္ဆာန်တစ်ကောင်လို မွေးမြူခံရပြီး ငွေအနည်းငယ်နဲ့ လဲလှယ်ခံရမဲ့အဆင့်ထိ ဖြစ်နေမှာမဟုတ်ဘူး…"



ကျိုးကျင်ဟမ့်မှာ အလွန်တဲ့တိုးပြောလာသဖြင့် ကျိုးဟွာရုံ မျက်နှာကွက်ခနဲ ပျက်သွားကာ သူ့ကိုယ်သူခုခံပြောဆိုလိုက်သည် " မင်း အရင်ကကိစ္စတွေအတွက် ငါ့ကိုမုန်းနေတယ်ဆိုပေမဲ့ ပြန်စဉ်းစားကြည့်လိုက်မယ်ဆိုရင် ယီမိသားစုနဲ့လက်ထပ်စာချုပ်က မင်းအသက်မပြည့်ခင်ဘဲ တရားမဝင်ဖြစ်သွားတာလေ…နောက်ပိုင်းမိတ်ဆက်ပေးခဲ့တဲ့‌သူတွေကလည်း နောက်ကြောင်းရှင်းတဲ့မိသားစုက ကလေးကောင်းတွေကြီးပဲ…မင်းကိုအဖေက အန္တရာယ်ဖြစ်စေလို့လား… အကုန်မင်းကောင်းဖို့အတွက်ပဲ လုပ်နေတာပါကွာ…"



ကျိုးကျင်ဟမ့် " မင်းကောင်းဖို့အတွက်လုပ်တာ " ဟူသည့် ဟန်ဆောင်ပန်ဆောင်စကားများကို အလွန်စိတ်ကုန်နေပြီဖြစ်ရာ ဖုန်းကိုချကာ လက်နှစ်ဖက်ကိုတင်၍ အနောက်သို့မှီချလိုက်ပြီး အေးစက်စွာပြောလိုက်သည် " ဟင့်အင်း ယီဟွေ့နဲ့ကျွန်တော့်ကို လက်ထပ်ပေးခဲ့လို့ မမုန်းနေရုံတင်မကဘူး သူ့ကိုတွေ့ဆုံခွင့်ပေးခဲ့လို့ ကျေးဇူးတင်နေတာ…"



ထိုစကားကို ကြားချိန်၌ ကျိုးဟွာရုံအနည်းငယ် စိတ်ပြေသွားပြီး " အဖေ့ရဲ့ရည်ရွက်ချက်ကောင်းတွေကို နားလည်သွားတာ‌ ကောင်းပါတယ်…ယီဟွေ့ အဲကလေးကအကုန်ကောင်းပေမဲ့ ဉာဏ်တော့မထက်ဘူး…အဲ့လိုကလေးမျိုးကို ကလေးတစ်ယောက်လို တစ်သက်လုံးမိသားစုထဲမှာစောင့်ရှောက်သွားရမယ်ဆိုတာ မဖြစ်နိုင်တဲ့အရာမဟုတ်နေဘူး… ဒီရက်ပိုင်း သူနဲ့အတော်လေးတူတဲ့ ကောင်လေးတစ်ယောက်ကို ချစ်သူအဖြစ်ပျိုးထောင်နေတယ်ဆို…မင်းလည်း အရွယ်ရောက်လာပြီပဲ မင်းမှာ ဒီလိုအတွေးတွေရှိတာ မလွဲမသွေပဲလေ..မင်းလက်မထပ်ချင်ဘူးဆိုရင် ငါ့ကိုအဲလိုဆန့်ကျင်နေစရာမလိုပါဘူး…ကုမ္ပဏီကိုလွှဲယူပြီးရင် အဲ့လိုကောင်လေးအနည်းငယ်ပျိုးထောင်ပေးချင်တယ်ဆိုလည်း…"

" ကျွန်တော့်စကားမဆုံးသေးဘူး.." ကျိုးကျင်ဟမ့် ဆက်လက်၍နားမထောင်နိုင်တော့သောကြောင့် ကြားဖြတ်လိုက်ကာ " ကျေးဇူးတင်မိတယ် ဆိုပေမဲ့ မမုန်းဘူးလို့ မဆိုလိုဘူး…"



ကျိုးဟွာရုံ လက်ဖက်ရည်ခွက်ကို ကိုင်ကာ တုန့်ဆိုင်းနေမိသည်။



" ကျွန်တော် အဖေ့ကိုမုန်းတယ်ဆိုတာ အ‌မေ့ကို အကျိုးအမြတ်အတွက် ပစ္စည်းတစ်ခုအနေနဲ့အသုံးချခဲ့ပြီး သူ့ရဲ့အသုံးဝင်မှုတွေမရှိတဲ့အချိန်မှာ ဘာမှမဟုတ်သလို စွန့်ပစ်ခဲ့လို့ပဲ…ကျွန်တော်မုန်းတယ်ဆိုတာ အဖေက ကိုယ်ကျင့်တရားဖောက်ပြားနေပြီး ရှုပ်ထွေးနေခဲ့လို့ အမေရဲ့ စိတ်ကျရောဂါကို ဖြစ်စေပြီး သတ်သေသွားစေလို့ပဲ…ဒီနေ့အထိတောင် အဖေကဒါကိုမှားနေတယ်လို့ မထင်သေးဘူး…"



ပြောပြီးနောက် ကျိုးကျင်ဟမ့် ထရပ်ကာ စားပွဲပေါ်တွင် လက်ထောက်လိုက်ပြီး အရှေ့သို့ကိုင်းကာ ကျိုးဟွာရုံကို လုံးဝဖိနှိပ်ထားသည့်အနေအထားဖြင့် စိုက်ကြည့်နေခဲ့သည်။



" ဒီလို မမြင်သလိုမောက်‌မာနေတဲ့အတွက် အဖေတစ်‌ယောက်အ‌နေနဲ့ အရည်အချင်းမပြည့်ဝဘဲ စိတ်တိုစရာကောင်းခဲ့တဲ့အတွက်.. ကျွန်တော့်စီကို ဒီလိုမကောင်းတဲ့အကျင့်တွေ ကူးစက်စေတဲ့အတွက် အဖေ့ကိုကျွန်တော်မုန်းတယ်…" ထိုစကား၏အမှန်တရားကို အတည်ပြုရန်အတွက် ကျိုးကျင်ဟမ့်၏မျက်လုံးများမှာ ကြောက်မက်ဖွယ်ကောင်းနေပြီး အရိုးထဲမှပင် တွယ်ကပ်နေသည့် ဒေါသတရားကို ထုတ်ဖော်ပြသနေခဲ့သည်။



မည်သို့ပင်ဖြစ်စေ ထိုဖျက်ဆီးပစ်နိုင်သည့် မုန်တိုင်းမှာ အလျင်အမြန်ပျောက်ကွယ်သွားခဲ့ပြီး ပြန်ထိုင်ချလိုက်ကာ မျက်လုံးများကို ပိတ်ထားလိုက်သည် " အဲ့လိုသာမဟုတ်ဘူးဆိုရင် ကျွန်တော်သူ့အသက်ကိုဆုံးခွင့်ပြုခဲ့မှာမဟုတ်သလို သူလည်း ကျွန်တော့်နာမည်ကိုတောင် မမှတ်မိချင်ယောင်ဆောင်နေရတဲ့အခြေအနေထိ ရောက်သွားခဲ့မှာမဟုတ်ဘူး…"



ကျိုးဟွာရုံ ထိတ်လန့်သွားခဲ့သည်။ ယခင်အချိန်များတွင် ထိုကလေး၏ဒေါသမှာ ငယ်ရွယ်စဉ်ပေါက်ကွဲထွက်တတ်သည်ဟုသာ သူထင်ထားမိခဲ့သော်လည်း ယခုအချိန်၌ အညှာအတာကင်းမဲ့ကာ သူ့ကိုကြောက်ရွံ့သွားစေပြီး လူထုရှေ့တွင် စားပွဲကိုလှန်ကာ ကျိုးမိသားစုကို မျက်နှာပျက်စေမည့်အရာမျိုးကို လုပ်ဆောင်တော့မလို လုပ်ပြနေခဲ့သဖြင့် သူထိတ်လန့်လာရသည်။



" မင်းလည်းအဲတုန်းက ယီဟွေ့ကိုပျော်ပျော်ကြီးအနိုင်ကျင့်ခဲ့တာပဲ မဟုတ်လား… မင်းသူ့လို ကြိုက်သလိုခြယ်လှယ်လို့ရမဲ့လူမျိုးကို ရှာတွေ့နိုင်မှာမလို့လားကွ.." ကျိုးဟွာရုံ ရေနွေးကြမ်းခွက်ကို ချလိုက်ပြီး ကျိုးကျင်ဟမ့်၏ဒေါသကိုဖိနှိပ်ရန်အတွက် စိတ်လောနေကာ သူ၏အသံမှာ ပို၍ပင်လေးလံလာခဲ့သည် " မင်းကအခုဘယ်သူ့ကိုစွဲလန်းနေတာလဲ..ယောင်္ကျားတွေဆိုတာ ကမ္ဘာကြီးကို ကိုင်စိုးရမှာ အဲလိုမိန်းမနဲ့ကလေးကို ဖက်တွယ်နေတဲ့ကောင်တွေက အောင်မြင်မှုကြီးကြီးမားမား ရနိုင်မှာမဟုတ်ဘူးကွ…"



ကျိုးကျင်ဟမ့် ထိုစကားကို နားထောင်ပြီးချိန်၌ ဒေါသမထွက်ခဲ့သလို စိတ်လည်းပျော့မသွားခဲ့ပေ။ နှာခေါင်းရှုံ့ကာ ထရပ်လိုက်ပြီး " ကိစ္စကြီးတွေကို အဖေ့လိုနှလုံးသားမရှိတဲ့သူစီကိုပဲ ပေးထားလိုက်ပါမယ်…ကျွန်တော်အရင်ပြန်မှာမလို့ ထပ်မခေါ်ပါနဲ့တော့ နောက်ကျရင် အလုပ်ရှုပ်နေမှာမလို့ပါ…"



သူ၏စကားမှာ အရာမဝင်မည်ကို ကျိုးဟွာရုံမထင်ထားခဲ့သောကြောင့် ထရပ်လိုက်ကာ ဒေါသတကြီးပြောလာခဲ့သည် " မင်းဒီနေ့ထွက်သွားမယ်ဆိုရင် မင်းကျိုးမိသားစုကနေ ခြူးတစ်ပြားမှရမယ်မထင်နဲ့… မင်းစားသောက်ပျော်ပါးပြီး မင်းရဲ့ချစ်သူလေးကို ပျိုးထောင်ပေးသမျှကို မင်းကိုယ်ပိုင်ပိုက်ဆံနဲ့သာရှင်းလိုက်တော့…"



ကျိုးကျင်ရုံ ရပ်ကာ ပြန်လှည့်ကြည့်လိုက်သော်လည်း ကျိုးဟွာရုံတွေးထားသကဲ့သို့ ကြောက်ရွံ့နေခြင်းမျိုး မရှိပေ။



သူသည် မည်သည့်အရာမှမရှိခဲ့သော ဆယ်ကျော်သက်တစ်ယောက်မဟုတ်တော့သလို ဤသို့သောခြိမ်းခြောက်မှုမျိုးကြောင့် လောင်းကစားဝိုင်းတွင် ချစ်ပ်ပြားအားလုံး သွန်ပေးလိုက်သလို အရှုံးပေးမည်လည်းမဟုတ်ချေ။



ထိုအချိန်လေးနှစ်တာမှာ သူ့အတွက် ခွန်အားများစုဆောင်းပြီး ကြီးပြင်းလာဖို့ရန် လုံလောက်နေခဲ့သည်။



ကျိုးကျင်ဟမ့် တစ်လုံးချင်းပြောလိုက်သည် " ကျွန်တော်ကျေနပ်မိတဲ့ တစ်ခုတည်းသောအရာကတော့ ‌အမေ့လိုနှလုံးသားရှိတဲ့သူအဖြစ်ကြီးပြင်းလာခဲ့ပြီး ခင်ဗျားလိုမဟုတ်ခဲ့တာကိုပဲ…"



ထိုသို့ပြောလိုက်ပြီးနောက် တံခါးစီသို့ လှည့်ထွက်သွားလိုက်သည်။ ခြေနှစ်လှမ်းမျှ လှမ်းပြီးချိန်၌ နောက်သို့ပြန်လှည့်လာကာ ကျိုးဟွာရုံ၏မျှော်လင့်တကြီးဖြစ်နေသော အကြည့်အောက်တွင် ကားသော့ကိုဝှေ့ယမ်းပြလိုက်ပြီး " ခင်ဗျားရဲ့ သောက်ကုမ္ပဏီကို ဘယ်သူအမွေရမလဲဆိုတာ စိတ်ဝင်စားမနေဘူး..ကျွန်တော် သူ့ကိုဘဝအဆက်ဆက် တင်ကျွေးလို့ရလောက်အောင် ပိုက်ဆံရှာပြီးပြီပဲဟာ…"

............

လထွက်လာချိန်၌ ညစာစားပြီးချိန်တွင် ယီဟွေ့ လမုန့်ကို အမေနှင့်ညီမဖြစ်သူတို့ဖြင့် ခွဲစားလိုက်သည်။



အတွင်းလူနာဆောင်မှ ထွက်လာပြီးနောက် တိမ်များအကြားပုန်းကွယ်နေသည့် လကိုကြည့်လိုက်ချိန်တွင် ပါးစပ်ထဲရှိ မုန့်၏ချိုမြိန်မှုမှာ ကျန်ရစ်နေသေးသည်။ ယီဟွေ့ ဖုန်းကိုထုတ်ကာ ယဲ့ချင်းစီသို့ ‌ပျော်ရွှင်စရာဆောင်းဦးပွဲတော်ဖြစ်ပါစေဟူသည့် စာတစ်စောင်ပို့ပေးလိုက်သည်။



အစ်ကိုကြီးနှင့်မရီးတို့မှာ သူမည်သူဖြစ်သည်ကို သိနေကြပြီဟု ယီဟွေ့ ခံစားမိနေသော်လည်း သူစာရွက်၏နောက်ဆုံးအပိုင်းကို မထိုးဖောက်ချင်ပေ။



နာမည်စာရင်းဆီသို့ ပြန်ကြည့်လိုက်ရာ ကျိုးကျင်ဟမ့်၏အမည်ကို မြင်လိုက်ရသည်။ ယီဟွေ့ တုန့်ဆိုင်းနေခဲ့ပြီး စာပို့မည့်နေရာကို နှိပ်လိုက်သော်လည်း သူမည်သည့်စာပို့ပို့ ၎င်းမှာမသင့်တော်မည်ဟု ခံစား‌မိသည့်အတွက် စိတ်လှုပ်ရှားနေမိသည်။



ကျိုးကျင်ဟမ့်ထံတွင် အလွန်စူးရှသော မျက်လုံးတစ်စုံရှိလေရာ သူမည်မျှပင် လျှို့ဝှက်ထားစေကာမူ ကျိုးကျင်ဟမ့်၏ရှေ့တွင် ဆက်မထိန်းထားနိုင်ခဲ့ချေ။



ထိုအရာမှာ သူ၏အကြောက်ဆုံးဖြစ်ခဲ့လေသည်။ ယီဟွေ့ သူ့ကို ထိုးဖောက်မမြင်စေချင်သလို ကျိုးကျင်ဟမ့်ကိုလည်း မဆွဲဆောင်ချင်ပေ။ တစ်ကြိမ်နှင့်ပင် လုံလောက်နေပြီဖြစ်ရာ တူညီသောနေရာသို့ ထပ်၍ပြုတ်ကျသွားပါလျှင် သူသည် အစစ်အမှန်အရူးတစ်ယောက် ဖြစ်လာလိမ့်မည်ပင်။



သို့သော်လည်း ယနေ့ည၏လမှာ အလွန်လုံးဝန်း‌ကာ တောက်ပနေသဖြင့် ယီဟွေ့ တစ်စုံတစ်ခုကို စိတ်မြန်လက်မြန်လုပ်ချင်နေမိသည်။



ဖုန်းမခေါ်ချင်သလို စာလည်းမပို့ချင်သောကြောင့် ယီဟွေ့ လမ်းမပေါ်‌တွင် စိတ်လှုပ်ရှားစွာ လျှောက်နေမိပြီး ရုတ်တရက်ဆိုသလို နည်းလမ်းကောင်းတစ်ခုကိုတွေးမိသွားသဖြင့် ဒိုရာဟမ်ဟမ်ကို ဘလော့ထားသည့်စာရင်းမှ ထုတ်ပေးလိုက်သည်။



မည်သို့ပင်ဖြစ်စေ သူ ကျိုးကျင်ဟမ့်ကို စာများထပ်ပို့တော့မည် မဟုတ်ပေရာ ယီဟွေ့အသက်တစ်ချက်ရှုသွင်းလိုက်ကာ ငြိမ်းချမ်းသွားသည်ဟု ခံစားလိုက်ရသည်။



ယီဟွေ့ ဖြည်းညင်းစွာ လမ်းလျောက်လာစဉ် ရင်းနှီးနေသည့်ပုံရိပ်ကို တွေ့လိုက်ရသဖြင့် ရပ်ကာ နှုတ်ဆက်လိုက်သော်လည်း သူတို့နှစ်ဦးကြား သင့်လျော်သောအကွာအဝေးကို ချန်ထားခဲ့သည်။



ကျိုးကျင်ဟမ့်မှ ဦးစွာပြောလာခဲ့လေသည် " ဒီကိုဖြတ်သွားမိတော့ လမ်းကြုံတာနဲ့ ကိုယ်မင်းကို လာကြိုလိုက်တာ…"



ကျိုးကျင်ဟမ့် အရှေ့သို့တိုးမလာခဲ့ချေ။ ယီဟွေ့သည်လည်း မတိုးချင်သည့်အတွက် မလှုပ်ရှားခဲ့ပေ။ ဤသည်မှာ သူတင်းကြပ်စွာလိုက်နာရမည့် စည်းမျဉ်းဖြစ်သည်။



ယီဟွေ့ လမ်းကြုံသည်ဟူသော စကားကို ကျိုးကျင်ဟမ့် " မင်းရဲ့အခန်းကို ခွင့်ပြုချက်မရဘဲ မဝင်ပါဘူး " ဟူ၍ပြောလာသကဲ့သို့ မငြင်းပယ်ဘဲ နားထောင်ပေးလိုက်သည်။ ‌သူခေါင်းငြိမ့်ပြလိုက်ပြီး ကျိုးကျင်ဟမ့်၏ဘေးမှလိုက်၍ ကားပါကင်သို့ လျှောက်လာလိုက်သည်။



ဆောင်းဦးညမှာ ချမ်းစိမ့်နေပြီး လမ်းတစ်ဝက်တွင် ကျိုးကျင်ဟမ့်မှ သူသယ်လာသည့် စက္ကူအိတ်တစ်ခုကိုလှမ်းပေးလာကာ " ကိုယ်လမ်းမှာတွေ့တာနဲ့ မင်းများလိုမလားလို့ ဒီတိုင်းဝယ်လာခဲ့လိုက်တာ…"



စက္ကူအိတ်ထဲတွင် အပြာရောင်လည်စီးပုဝါတစ်ခုရှိနေခဲ့သည်။



ယီဟွေ့ ခဏတာတုန့်ဆိုင်းနေခဲ့သော်လည်း သူခေတ္တခဏမျှသိမ်းဆည်းထားပြီးနောက် အိမ်ရောက်လျှင် ယခင်ကဲ့သို့ တိတ်တဆိတ်ပြန်ထားလိုက်မည်ဟုတွေးကာ လှမ်းယူလိုက်သည်။



သူ ကျိုးကျင်ဟမ့်၏ပစ္စည်းများကို မယူနိုင်ပေ။ ထို့အတူ ယခင်က လျှောက်လမ်းကိုလည်း ပြန်မလျှောက်နိုင်ပေ။



မည်သူ‌ကတွေးထားမည်နည်း။ သူပုဝါကိုလှမ်းယူလိုက်သည်နှင့် နှာခေါင်းမှာ ယားယံလာကာ ‌အသိမပေးဘဲ နှာချေမိသွားသည်။



ယီဟွေ့ အိတ်ထဲမှ တစ်ရှုးကိုလှန်လှောရှာနေသည့်အတွက် ကျိုးကျင်ဟမ့်လုပ်နေသည့်အရာကို သတိမပြုမိလိုက်ချေ။ သူ နှာခေါင်းကို သုတ်ပြီးချိန်၌ နူးညံ့သောပုဝါမှာ သူ၏လည်ပင်းနှင့်မျက်နှာကို အများဆုံးပတ်ထားပြီးဖြစ်သည်။



ပုဝါကိုနှာခေါင်းရှေ့မှ ဖယ်ရန်ရုန်းကန်နေစဉ် ယီဟွေ့မေ့ာကြည့်လိုက်ရာ မမျှော်လင့်ဘဲ ကျိုးကျင်ဟမ့်မှာ ပုဝါကိုပတ်ပေးနေဆဲဖြစ်ကြောင်း မြင်လိုက်ရသည်။



ကျိုးကျင်ဟမ့်မှာ သူ့ထက်အရပ်ပိုရှည်သည့်အတွက် ဤသည်မှာ သူမြင်နေကြရှုထောင့်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ယနေ့တွင်မူ ကွဲပြားနေခဲ့သည်။ ကျိုးကျင်ဟမ့်မှာ ကိုယ်ကိုကိုင်းကာ ခေါင်းငုံ့ထားသည့်အတွက် သူ၏မျက်နှာတစ်ခုလုံးကို ရှင်းလင်းစွာမြင်နေရပြီး သူ၏ချွန်မြသည့်မေးရိုး၊ရွှန်းစိုနေသောနှုတ်ခမ်းများ၊ နှာတံရှည်ရှည်နှင့် ထူထဲသောမျက်တောင်ရှည်များဖြင့် ဖုံးနေသည့် နူးညံ့သောမျက်လုံးများကို မြင်လိုက်ရသည်။



ကျိုးကျင်ဟမ့်၏ အသွင်အပြင်မှာ သူ၏ ကြမ်းတမ်းသော ဒေါသ၊ စိတ်မရှည်ခြင်းနှင့် သတိလက်လွတ် ပြုမူတတ်ခြင်းတို့နှင့်အတူ ဖုံးလွှမ်းထားလေ့ရှိကာ သိမ်မွေ့သည်ဟူသော စကားလုံးနှင့် လားလားမျှမကိုက်ညီသူဖြစ်သည်။ ယခုအချိန်တွင်မူ ယီဟွေ့ ကျိုးကျင်ဟမ့်မှာ ထိုစကားလုံးနှင့် ကိုက်ညီသည်ဟု အကြိမ်ပေါင်းများစွာ အတည်ပြုနိုင်ခဲ့လေပြီ။



ကြည့်ရသည်မှာ သူ့ကိုထိတ်လန့်စေနိုင်မည့် အမူအယာအားလုံးကို ဖုံးကွယ်ထားကာ အသစ်သင်ယူပြီးစ မကျွမ်းကျင်သေးသည့် နူးညံ့မှုများ နည်းနည်းချင်းစီ သူ့အတွက် စုပုံပေးနေခဲ့သည်။



ထိုအရာနှင့် အချိန်အတန်ကြာ ရုန်းကန်ပြီးသည့်နောက်ဆုံး၌ ကျိုးကျင်ဟမ့် ပုဝါကို လှပသောဖဲပြားတစ်ခုဖြစ်အောင် စည်းပေးနိုင်ခဲ့‌ပြီဖြစ်သည်။



ယီဟွေ့၏ သေးငယ်သောမျက်နှာမှာ သိုးမွှေးများဖုံးအုပ်နေပြီး အရောင်လဲ့နေသည့်မျက်လုံးနှစ်လုံးသာပြနေသည်ကို မြင်လိုက်ရချိန်၌ အချိန်အတန်ကြာထိုင်းမှိုင်းနေခဲ့သည့် သူ၏စိတ်များကြည်လင်သွားပြီး ကျိုးဟွာရုံ အဲဒီလူအိုကြီးနှင့် ငြင်းခုန်ပြီးနောက် ဤနေရာသို့လာခဲ့သည်မှာ မှန်သွားသည်ဟု ခံစားလိုက်ရသည်။



သူယီဟွေ့၏လက်ကို ကိုင်ချင်မိသော်လည်း ထိလိုက်တော့မည့်အချိန်၌ ကတိပေးထားသည်ကို ပြန်သတိရသွားသဖြင့် လက်ကိုပြန်ရုတ်လိုက်ရသည်။



" သွားရအောင် အိမ်ပြန်ကြမယ်…"



သူလက်ကိုအလျင်စလို ပြန်ရုတ်လိုက်ခြင်းကြောင့် သို့မဟုတ် ယနေ့ည၏အလင်းရောင်မှိန်မှိန်ကြောင့် ဖြစ်နိုင်ပေမည် သူထိကိုင်ချင်နေသည့်လက်မှာ သူ၏အနီးသို့ကပ်လုနီးဖြစ်နေသည်အား ကျိုးကျင်ဟမ့် သတိမပြုမိခဲ့ချေ။



လမ်းမပေါ်တွင် ချောချောမွေ့မွေ့ ကားမသွားနေခင်အထိ ယီဟွေ့၏နှလုံးမှာ ခုန်ပေါက်နေခဲ့သည်။



သို့သော်လည်း ထိုခံစားချက်မှာ မရင်းနှီးသည့်အရာ မဟုတ်ရာ သူကြောက်ရွံ့နေရန် မလိုပေ။



ယခုအချိန်၌ သူအလျင်စလို ဖြေရှင်းရမည့်တစ်ခုတည်းသောအရာမှာ အိမ်ပြန်ရောက်ချိန်တွင် သူ၏ခန္ဓာကိုယ်မှ အနွေးဓာတ်ကျန်ရစ်နေသေးသည့် လည်စည်းပုဝါကို ချွတ်ပစ်ရန်သာဖြစ်သည်။



သူ ကျိုးကျင်ဟမ့်ထံမှ မည်သည့်အရာကိုမှ လက်မခံဘူးဟု ပြောထားခဲ့ပြီးဖြစ်ရာ မတော်တဆယူမိခဲ့လျှင်ပင် သူထုတ်ပိုး၍ ပြန်ပေးရမည်ပင်။



ယီဟွေ့ လက်ကိုဆန့်ကာ ပုဝါကိုထိလိုက်မိချိန်၌ သူ၏လက်ချောင်းများမှာ ကောင်းမွန်စွာ ချည်ထိုးထားသည့် နွေးထွေးနူးညံ့ကာ ထူထဲသောပုဝါစကို ပွတ်မိသွားခဲ့သည်။



အိမ်သို့ ပြန်မရောက်သော်လည်း ယီဟွေ့ ထိုပုဝါနှင့် ခွဲခွာရမည်ကို မုန်းတီးနေမိခဲ့ပြီ။