အပိုင်း ၅၄.၁
Viewers 11k


Chapter 54.1




အချိန်အတန်ကြာ တိတ်ဆိတ်နေခဲ့ပြီးမှ ထန်ဝမ်းရှီပြန်ပေါ်လာသည့်နေ့တွင် ယီဟွေ့ ကျန်းယီ‌မန့်ကို အိမ်ပြန်သည့်လေယာဉ်ပေါ်တင်ပေးလိုက်သည်။ ဘူတာသို့ လာနေစဉ် သူကြားလိုက်ရသည့်သတင်းကြောင့် ယီဟွေ့ အလျင်စလိုပြေးလာခဲ့ရသည်။



သူတို့ဆုံရန်ချိန်းဆိုထားသည့်နေရာတွင် မည်သူမျှရှိမနေခဲ့ပေ။ အသားမဲမဲနှင့်လူမှ သူ့ကိုရုတ်တရက်ဖက်လာချိန်တွင် ယီဟွေ့ထိတ်လန့်သွားရကာ ခုန်ထမလိုတောင်ဖြစ်သွားရသည်။ ထို့နောက်တွင်မှသာ ရင်းနှီးနေသော မက်မွန်သီးပုံမျက်လုံးများကို မြင်လိုက်ရသဖြင့် ယီဟွေ့ပို၍ပင် အံ့ဩသွားခဲ့ရသည် " မင်းဘာလို့အဲလောက်တောင်အသားမဲသွားရတာလဲ…"



ထန်ဝမ်းရှီ သူ၏မျက်နှာကို သံသယဖြစ်စွာ ထိကြည့်လိုက်ပြီး " ငါအဲ့လောက်တောင်မဲသွားလို့လား..ရပါတယ်လေ မင်းငါ့ကိုမှတ်မိနေသေးတာပဲဟာ…"



ဤအတောအတွင်း မည်သည့်အရာများလုပ်ခဲ့သည်ကို မေးမြန်းလိုက်ရာ ထန်ဝမ်းရှီမှ လေကောင်းလေသန့်ရှုရန် တောင်ပေါ်သို့တက်သွားခဲ့သည်ဟုဖြေလာခဲ့သည်။ နွေရာသီအတွင်း မမဲလာရုံမက ပို၍ပင်ဖြူဖွေးလာသည့် သူ၏အသားကိုထိမိကာ အတုအယောင်လေကောင်းလေသန့်ရှုခြင်းနှင့် အစစ်အမှန်လေကောင်းလေသန့်ရှုခြင်းတို့ ‌ဆုံတွေ့လိုက်ချိန်၌ ယီဟွေ့ မ‌တတ်နိုင်ဘဲ ရှက်ရွံ့မိသွားခဲ့သည်။



သူတို့နှစ်ဦး နို့လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှာကာ ထိုင်ချလိုက်သည်။ ထန်ဝမ်းရှီ သူ၏အိတ်တွင်းမှ သေတ္တာတစ်လုံးထုတ်လာကာ " ငါမင်းကို လက်ဆောင်ပေးဖို့ ဒီလောက်ခရီးအရှည်ကြီးကို လာခဲ့ရတာကွ…"



ယီဟွေ့ သေတ္တာကို ဖွင့်လိုက်ချိန်၌ အထဲတွင် လိပ်ပြာနမူနာပုံတစ်ခုရှိနေခဲ့လေသည်။



" ခရမ်းရောင်ဧကရာဇ်လေ မလှဘူးလား.." ထန်ဝမ်းရှီမှာ အလွန်ဂုဏ်ယူနေပြီး " ငါတောင်ပေါ်မှာ အဲဒါကိုဖမ်းမိခဲ့ပြီးတော့ ညတွင်းချင်းနမူနာပုံစံဖြစ်အောင်လုပ်ခဲ့ရတာ… အဲဒါမှမင်းကြည့်ဖို့ပြပေးနိုင်မှာပေါ့…"



ယီဟွေ့ လိပ်ပြာ၏အနုစိတ်လှသည့်အတောင်ပျံများကို မထိစေဘဲ ၎င်းအပေါ်မှ သူ၏လက်ချောင်းများကို ပွတ်တိုက်လိုက်ကာ " ကြည့်ကောင်းတယ်…" ဟုပြောလိုက်သည်။ ခဏအကြာတွင် ခေါင်းမော့လာပြီးနောက် မေးလိုက်လေသည် " ငါကြည့်ရအောင်လို့ သယ်လာချင်တာလား… ငါလိပ်ပြာတွေကြည့်ချင်တယ်လို့ မပြောမိခဲ့ပါဘူးနော်.."



" ငါတို့ကြားမှာ ဒီလိုစကားတွေက မပြောဘဲကိုသိနေပြီးသား…" ယီဟွေ့ထံမှ အကြည့်ခံလိုက်ရသဖြင့် ထန်ဝမ်းရှီပြေးမလွတ်တော့ဘဲ ဝန်ခံလိုက်ရသည် " သူကကြည့်ချင်တယ်လို့ပြောခဲ့တာပါ… ငါကတိပေးထားတဲ့အတိုင်း ဖမ်းပြီးပေးခဲ့ပေမဲ့ သူကအခုမလိုချင်တော့ဘူးတဲ့.. မကြိုက်တော့ဘူးတဲ့…"



ယီဟွေ့ သဘောမကျဘဲ မနေနိုင်ပေ။ သူလိပ်ပြာနမူနာပုံစံကိုယူကာ အလဲအလှယ်အနေဖြင့် ပန်းချီကားတစ်ချပ်ပြန်ပေးလိုက်သည်။



ထန်ဝမ်းရှီ သူ၏ပုံတူပန်းချီကားကိုကြည့်ကာ ပြုံးလျက် " မင်း ဒါကိုဘယ်အချိန်ကဆွဲခဲ့တာလဲ…"



" မင်းငါ့ကိုဂရုမစိုက်နေတုန်းက ဆွဲခဲ့တာလေ… နောက် မင်းအဝေးရောက်နေတုန်း အရောင်ထည့်ခဲ့တာ…"



ထန်ဝမ်းရှီ ခေါင်းကိုကုတ်လိုက်ပြီး " တောင်းပန်ပါတယ်ကွာ ငါမင်းကိုမပြောဘဲ‌ ပျောက်သွားဖို့မရည်ရွယ်ပါဘူး…တောင်ပေါ်မှာ လိုင်း‌မကောင်းတော့ ဘာမှပို့လို့မရလို့ပါ…"



ယီဟွေ့ ထန်ဝမ်းရှီမှာ သူ၏စိတ်ပိုင်းဆိုင်ရာဒဏ်ရာများကို ကုစားနေကြောင်း သိနေသည့်အတွက် စိတ်မဆိုးခဲ့ပေ။ သူ မတူညီသည့်အရသာများပါသော နို့လက်ဖက်ရည်အချို့ မှာပေးလိုက်ပြီး " ပျော်စရာမကောင်းတာတွေ မပြောနဲ့တော့…လာပါ ငါတို့ရဲ့ အောင်မြင်တဲ့ဒေသထွက်ပစ္စည်းတွေကို သောက်ကြည့်ရအောင်…"



သောက်ပြီးနောက် သူ အမှန်တကယ်ပင် အနည်းငယ် မူးသလိုဖြစ်လာခဲ့သည်။



ထန်ဝမ်းရှီမှာ Sမြို့မှနေ၍ တောင်ပေါ်သို့ တန်းတက်သွားခဲ့သည့်ဖြစ်ရာ ထိုအချိန်၌ နို့လက်ဖက်ရည်မှာ သူ့ကိုပျော်ရွှင်စေရန် မလုံလောက်ပေ။ သူ ယီဟွေ့၏ပုခုံးပေါ်ခေါင်းမှီလိုက်ပြီး " သဘာဝနဲ့နီးစပ်သွားရင် နှလုံးသားကိုဖွင့်နိုင်လိမ့်မယ်လို့ ဘယ်သူပြောလဲ…သောက်တလွဲတွေ .. ဘာလို့ငါသူ့ကိုပိုပိုပြီး မုန်းလာရတာလဲကွာ…"



ယီဟွေ့ နာခံစွာ အမှီခံလိုက်ပြီး " သူတို့ရဲ မဟုတ်တဲ့စကားတွေကို နားထောင်မနေနဲ့…ခံစားချက်ဆိုတာ ချစ်ရင်ချစ် မချစ်ရင်မုန်းလို့ပဲရမှာ… လမ်းခွဲပြီးနောက် သူငယ်ချင်းတွေဖြစ်နေနိုင်သေးတယ်ဆိုတာ အလိမ်တွေပဲ…"



ထန်ဝမ်းရှီ အံကိုကြိတ်၍ " အတန်းဖော်ကျန်း ဒါက ငါနဲ့စတွေ့ထဲက မင်းပြောခဲ့ထဲအထဲမှာ အရင့်ကျက်‌ဆုံးစကားပဲ…"



ယီဟွေ့ စိတ်ဆိုးဟန်ဆောင်လိုက်ကာ " မင်းက ငါ့ကိုကလေးဆိုပြီးလှောင်တာပေါ့…"



ယီဟွေ့၏ပုခုံးပေါ်မှနေ၍ ထန်ဝမ်းရှီခေါင်းယမ်းလိုက်ပြီး " ဟင့်အင်း မင်းငါ့ကိုပေးတဲ့ခံစားချက်မျိုးက… ကောင်းကောင်းစောင့်ရှောက်ထားတယ်ဆိုတာမျိုး..မင်းရဲ့ပန်းချီကနေမြင်ရသလိုပဲ အနည်းငယ်နုံအပြီး ရိုးရှင်းတယ်…"



ယီဟွေ့ နားမလည်ခဲ့ပေ " ဒါကငါ့ကိုချီးကျူးတာလား…"



" ဒါပေါ့…" ထန်ဝမ်းရှီ မျက်လုံးများကို မှေးလိုက်ပြီး " ငါမင်းကို ဘယ်လောက်မနာလိုဖြစ်မိလဲ မင်းမသိပါဘူး…ဒီလောက်ကိစ္စတွေအများကြီးအပြီးမှာတောင် မင်းရဲ့စိတ်အားထက်သန်မှုကို ထိန်းထားနိုင်သေးတယ်…ငါ ငါ့မှာတော့ ဒီတိုင်းမကောင်းတဲ့အကြံတွေနဲ့ပဲပြည့်နေတာ…သူ့ကို ငါခံစားနေရသလိုမျိုး ပြန်ခံစားစေချင်တယ်…"



" ဘယ်သူကတော့ အဲ့လိုမဖြစ်ချင်မှာလဲ.." ယီဟွေ့ ဖြည်းညင်းစွာ ပြောလိုက်သည် " ဒါပေမယ့် မင်းသူ့ကိုအဲ့လိုပြန်ခံစားစေလိုက်ရင်ကော…မင်းမပျော်ရရုံတင်မကဘူး ပိုပြီးတောင်ဝမ်းနည်းလာလိမ့်မယ် .."



ထန်ဝမ်းရှီ ခေါင်းမော့လာကာ ယီဟွေ့ကို တည့်တည့်ကြည့်လိုက်ပြီး " မင်းမှာအဲ့လိုအခြေအနေရှိခဲ့တယ်ပေါ့…"



ယီဟွေ့ သူ့ကိုပြုံးပြလိုက်ကာ " ဟင့်အင်း ဒီအတိုင်းခံစားမိတာ…"



ထန်ဝမ်းရှီ သူ့ကိုလှည့်ကာ မှီချလိုက်ပြီး အမည်တစ်ခုကို တီးတိုးရွတ်လာခဲ့သည် " ဒိုရာဟမ်ဟမ်…"



ကီလိုမီတာသုံးဆယ်အကွာ ဆင်ခြေဖုံးအရပ်တွင်ရှိနေသည့် ကုမ္ပဏီတွင် ဆွေးနွေးနေကြသည်ကို နားထောင်နေသော ကျိုးကျင်ဟမ့်မှာ နှာချေမိလိုက်သည်။



အစည်းအဝေးအပြီးတွင် ရှောင်လင်းမှ သူ့ထံလျှောက်လာကာ " မင်းအအေးမိပျောက်ဆေးလိုသေးလား…ဒါမှမဟုတ် ဆေးရုံမှာဆေးသွားထိုးမလား..မင်းမှာမနက်ဖြန်ကြရိုက်ကွင်းရှိတယ်နော် ဒီလိုမျိုးဆို အ‌ဆင်မပြေဘူး…"



ကျိုးကျင်ဟမ့် တစ်ရှုးကိုထုတ်ကာ နှာခေါင်းကိုသုတ်လိုက်ပြီး လက်ကောက်ဝတ်ကို လှည့်ကြည့်လိုက်သည်။ အသစ်ပေါ်လာသည့်အရေပြားမှာ အနာဖေးကွာကျသွားပြီးနောက် နီမြန်းနေခဲ့သော်လည်း သိသိသာသာမရှိသဖြင့် သူ၏လှုပ်ရှားမှုများကို မထိခိုက်စေခဲ့ပေ။



" မပူပါနဲ့ မနက်ဖြန်ယူထားပြီးတဲ့အလုပ်ကို ငါလျစ်လျူမရှုပါဘူး…."



လွန်ခဲ့သောလအနည်းငယ်အတွင်း အားလပ်နေကာ သာမာန်အလုပ်အချို့သာ လုပ်နေခဲ့သည့် ကျိုးကျင်ဟမ့်မှာ စီးရီးအသစ်တစ်ခုလက်ခံထားခဲ့သည်။ ရင်းနှီးမြုပ်နှံမှုမှသည် ရိုက်ကူးရေးအဖွဲ့အထိ ၎င်းမှာ သာမာန်အဆင့်သာရှိသည်။ အကယ်၍သာ ယခင်ဖြစ်ခဲ့သည့်ကိစ္စမှာ အလွန်မဆူညံသွားဘဲ သူ၏နာမည်ကိုမထိခိုက်စေခဲ့ပါက သူကြီးမားသောထုတ်လုပ်မှုအဖွဲ့မှ အလုပ်အချို့ကို လွတ်သွားမည်မဟုတ်ချေ။



ကုမ္ပဏီမှာ ၎င်းကိုအလွန်စိုးရိမ်နေမိသော်လည်း ကံကောင်းစွာဖြင့် ကျိုးကျင်ဟမ့်မှာ ငယ်ရွယ်စဉ်အချိန်ကတည်းက သရုပ်ဆောင်လာခဲ့သူဖြစ်ရာ သူ့အတွက် ထပ်မံထွန်းတောက်လာရန် မခက်ခဲပေ။ ဤတစ်ကြိမ်တွင်မူ စီမံပေးထားသည့်စီးရီးအပေါ် အလွန်နာနာခံခံရှိနေခဲ့သည်။ စာချုပ်အချိန်ကာလအတွင်း ကုမ္ပဏီမှာ သူ့အတွက်ပျော်ပျော်ကြီး ဆက်လက်ပရိုမိုးရှင်းဆင်းပေးနေခဲ့သည်။ ထိုမှသာ နောင်တချိန် စာချုပ်ပြည့်ပြီးနောက် ကျိုးကျင်ဟမ့်ထွက်သွားကာ ကိုယ်ပိုင်စတူဒီယိုထောင်ခဲ့ပါက သူတို့၏ကောင်းမွန်သောသဘောထားကို အမှတ်ရကာ သူတို့အတွက်အကူအညီအချို့ပေးနေမည်ဖြစ်သည်။



ကျိုးကျင်ဟမ့်က သဘာဝကျစွာ ထိုသူများတွေးနေသည်ကို သိသော်လည်း သူစကားတစ်ခွန်းမှမဆိုဘဲ စီးရီးကိုလက်ခံခဲ့သည့် အဓိကအချက်မှာ ရိုက်ကူးရေးနေရာသည် Sမြို့နှင့် အခြား ပတ်ပတ်လည်မြို့အနည်းငယ်တွင် တည်ရှိခြင်းကြောင့်ဖြစ်သည်။ ထိုသို့ဆိုပါက ရိုက်ကူးရန်အခန်းမရှိချိန်တွင် သူအိမ်၌ ပြန်နေနိုင်မည်ဖြစ်သည်။



သူယီဟွေ့ကို ဘဝအဆက်ဆက်တင်ကျွေးထားမည်ဟု အပြင်းအထန်ပြောခဲ့သည်ဖြစ်ရာ သေချာပေါက်ကိုပင် ထိုအတွက်အလုပ်လုပ်ရန်လိုအပ်သည်။ သူအလုပ်များများလုပ်ကာ Sမြို့တဝိုက်တွင် ရိုက်ကူးရေးလုပ်နေသည်မှာ အကောင်းဆုံးရွေးချယ်မှုဖြစ်လေသည်။



ညနေခင်းတွင် ကုမ္ပဏီမှာ ကျိုးကျင်ဟမ့်ပြန်လာသည့်အတွက် အနီးအနားတွင် သီးသန့်ခန်းတစ်ခုပြင်ဆင်ပေးခဲ့သည်။ ရှောင်လင်းမှ ဤတစ်ကြိမ်တွင် မလျော်မကန်မပြုသင့်ကြောင်းပြောလာခဲ့သဖြင့် သူထွက်မသွားခဲ့ချေ။ သို့မှသာ ပြန်လာရန်မလိုမည်ဖြစ်သည်။ ကျိုးကျင်ဟမ့် ပြုံးလျက် သူ၏ပုခုံးကိုသာ ပုတ်လိုက်သည်။



ကျိုးကျင်ဟမ့်မှာ လူအများနှင့်တွေ့ဆုံရသည့်ပွဲများတွင် အချိန်အတန်ကြာ မပါဝင်ခဲ့သည်ဖြစ်ရာ လူတိုင်းမှာ အခွင့်အရေးကို အမိအရယူ၍ သူ့ကိုအရက်သောက်ရန် ‌ဆွဲဆောင်နေကြသည်။ ကျိုးကျင်ဟမ့် နှစ်ခွက်မျှ သောက်အပြီး၌ သူထပ်မသောက်နိုင်တော့ကြောင်း ပြောလိုက်လေသည်။



ဤနေရာတွင်ရှိသည့်လူတိုင်းမှာ သူနှင့်အတူ သုံးလေးနှစ်မျှ အတူအလုပ်လုပ်ဖူးကြသည်ဖြစ်ရာ သူ့ထံတွင် လျို့ဝှက်လက်ထပ်စာချုပ်ရှိခဲ့ဖူးသည်ကို သိကြသဖြင့် " ဘာလဲ အိမ်မှာဝှက်ထားတဲ့လူအသစ်ထပ်ရောက်နေပြန်ပြီလား…"



ကျိုးကျင်ဟမ့် ထိုသူမှာအတူတူဖြစ်ကြောင်း ပြောလိုက်ချင်မိသော်လည်း ယီဟွေ့သည် သူ၏ဖြစ်တည်မှုကို လက်မခံချင်သေးသည့်အတွက် ခြောက်ခြောက်သွေ့သွေ့ ရယ်လျက် ပြောလိုက်ရသည် " အမ်းး သူကကျွန်တော်သောက်တာမကြိုက်ဘူးလေ…မင်းတို့တွေက အမြဲဆေးလိပ်သောက်နေကြတာ ကျွန်တော့ဆီ အနံ့တွေမစွဲလာစေနဲ့နော်…"



ယီဟွေ့မှာ အနံ့များကို အထိမခံနိုင်သူဖြစ်သည်။ ဤရက်ပိုင်းတွင် သူအိမ်သို့ပြန်လာသည့်အချိန်တိုင်း ယီဟွေ့ အနံ့ခံကြည့်ရုံနှင့်ပင် သူအမာရွတ်ပျောက်ဆေးလိမ်းလာသည်ကို သိနိုင်လေသည်။ သူမေ့သွားခဲ့သည့်တစ်ကြိမ်၌ အဆူခံရမည်ဆိုးသဖြင့် ကားထဲတွင် လိမ်းလာသည်ဟု ပြောခဲ့ဖူးသည်။ ယီဟွေ့မှ သူ၏လက်ကို ဆွဲကိုင်ကာ ဒဏ်ရာတစ်ဝိုက်ကိုစစ်ဆေးလိုက်ပြီး သူ၏သေးငယ်သောမျက်နှာကို ငုံ့လျက် " လိမ်ပြန်ပြီ သိသိသာသာကြီးကိုမလိမ်းရသေးတာ…" ဟူပြောခဲ့ဖူးသည်။



၎င်းမှာ စိတ်ပူနေသည့်အတွက်ကြောင့်ဟု တွေးမိသွားသဖြင့် ကျိုးကျင်ဟမ့် မနေနိုင်ဘဲ သူ၏နှုတ်ခမ်းထောင့်များ ကော့တက်သွားခဲ့သည်။



" ငါတော့ မင်းကလူထုဆက်ဆံရေးအဖွဲ့ကို သတ်ပစ်ချင်နေတာလို့ ထင်တာပဲ…" စလိုက်ပြီးနောက် အေးဂျင့်မှမေးလာခဲ့သည် " ဒီတစ်ခါကော မင်းဆက်ပြီးဖွက်ထားဦးမှာလား ဒါမှမဟုတ်…"



ကျိုးကျင်ဟမ့် ကုမ္မဏီသို့ စတင်ဝင်ရောက်စဉ်က သူ၏အကြံမှာ အမှန်တကယ်ကျွမ်းကျင်အဆင့်လမ်းကြောင်းသို့ လျောက်လှမ်းရန်ဖြစ်သည်။ သူ၏ရုပ်ရည်မှာ အလွန်ဆွဲဆောင်မှုရှိကာ မိန်းကလေးပရိသတ်အများအပြားကို ဆွဲဆောင်နိုင်လိမ့်မည်ဟု မည်သူသိနိုင်ပါမည်နည်း။ ထို့ကြောင့် ကုမ္ပဏီမှ ရေရှည်အစီအစဉ်ဆွဲထားပြီး သူ့ကို မျက်လုံးကန်းနေသလို ဖွက်မထားချင်တော့ပေ။



ဤသည်ကို ကြားလိုက်ရချိန်၌ ကျိုးကျင်ဟမ့် မနေနိုင်ဘဲ ထပ်၍ရယ်မိသွားခဲ့သည်။ နှစ်ကုန်ခါနီးပြီးဖြစ်ရာ ခြောက်လအချိန်ကုန်ဆုံးရန် နီးသထက် နီးလာခဲ့လေပြီ။ ယီဟွေ့မှာ အပေါ်ယံတွင် ယခင်ထက် ပျော့ပြောင်းလာပြီဖြစ်သော်လည်း သူယီဟွေ့တွေးနေသည်ကို မသိနိုင်သေးသလို သူ့အပေါ်အခွင့်အရေးပေးမည်လားဟူသည်ကိုလည်း မသိရသေးပေ။



သူမေးလည်းမမေးရဲခဲ့ပေ။ တစ်ရက်နောက်ကျခဲ့လျှင် တစ်ရက်ပို၍ကြိုးစားမည်ဟု တွေးထားလိုက်သည်။ တ‌စ်နေ့နေ့တစ်ချိန်ချိန် ကံကောင်းစွာဖြင့် သူယီဟွေ့၏နှလုံးသားထဲမှ နူးညံ့သောအစိတ်အပိုင်းကို ထိနိုင်ခဲ့ပါက ယီဟွေ့သူ့ကို ချန်ထားရစ်နိုင်မည်လား။



ယခင်အချိန်များတွင် ယီဟွေ့ သူ့ကိုအဘယ်ကြောင့် သဘောကျခဲ့သည်ကို မသိခဲ့ပေ။ အကယ်၍ သူသိခဲ့လျှင်ပင် အချိန်များပြောင်းလဲကုန်ပြီဖြစ်ရာ သူ၏ယခင်ကအစွမ်းများကို ထုတ်သုံးလျှင် သေချာပေါက် အသုံးဝင်မည်မဟုတ်ချေ။ ကျိုးကျင်ဟမ့် တိတ်တဆိတ်သက်ပြင်းချလိုက်ကာ ဖုန်းကိုကောက်ကိုင်လိုက်ပြီး ယနေ့ညတွင် သူနောက်ကျမည်ဖြစ်သောကြောင့် ညစာကို မိမိဘာသာစားလိုက်ရန် စာတစ်စောင်ပို့လိုက်သည်။

မကြာသေးမီအချိန်က သူရံဖန်ရံခါ ယီဟွေ့ထံသို့ လိုအပ်မည့်အရာများကို အစီရင်ခံခဲ့လေသည်။ ပြန်စာမရခဲ့သည့်တိုင် အနည်းဆုံးတော့ ယီဟွေ့သူ့ကိုမငြင်းခဲ့သလို ဘလော့မပစ်လိုက်ချေ။



ဤတစ်ကြိမ်၌ ပြန်စာရလာမည်ဟု သူမထင်မိခဲ့ပေ။ နာရီဝက်အကြာ သူ၏ဖုန်းတွင်ပေါ်နေသည့် ၃ဟူသောဂဏန်းကိုကြည့်ကာ ကျိုးကျင်ဟမ့် ခဏမျှကြောင်အနေမိသည်။

 အကြိမ်အနည်းငယ်မျှ စစ်ဆေးလိုက်ပြီးနောက် ၎င်းမှာ ယီဟွေ့ထံမှပြန်စာဖြစ်ကြောင်း သေချာသွားခဲ့သည်။



Xxxx