အပိုင်း ၅၄.၂
Viewers 11k



Chapter 54.2



အမှောင်တွင်း၌ မြို့‌စွန်ရှိ‌ချင်းသိုက်တောင်ပေါ်တွင် ဗန်ကားတစ်စီးမှာ လမ်းဆုံတွင် ပိတ်မိနေခဲ့သည်။ စွန့်ပစ်ပရိဘောဂများအပြည့်ဖြင့် လမ်းကျဉ်းလေးထဲတွင် ယီဟွေနှင့်ထန်ဝမ်းရှီတို့မှာ ကြမ်းပြင်တွင်ထိုင်နေရကာ လက်ပြန်ကြိုးတုတ်ခံထားရသည်။



သူတို့ရှေ့တွင်မူ သန်မာသည့် ယောင်္ကျားသုံးယောက်ရှိနေကာ တစ်ဦးမှာ လမ်းကြားမှဗန်ကားကို ပြင်နေပြီး ကျန်သည့်နှစ်ဦးမှာမူ တစ်ဦးကဓားကိုကိုင်ထားကာ တစ်ဦးကတုတ်ကိုင်ထားကာ သေးငယ်သောစားပွဲပေါ်တွင်ထိုင်လျက် လမ်းမီးအလင်းရောင်အောက်တွင် သူတို့ကို ကြည့်နေခဲ့သည်။



ယီဟွေ့၏ခေါင်းမှာ အနည်းငယ်မူးဝေနေခဲ့သည်။ ထို့နောက်မှသာ သူနှင့်ထန်ဝမ်းရှီတို့ နို့လက်ဖက်ရည်ဆိုင်မှထွက်လာသည့်အချိန်၌ သူတို့ကို အဖမ်းခံလိုက်ရကာ ‌အနောက်မှအရိုက်ခံလိုက်ရပြီးနောက် ဤနေရာတွင်နိုးလာခဲ့ခြင်းဖြစ်သည်။



ထန်ဝမ်းရှီမှာမူ သူ့ထက်အရင်နိုးလာခဲ့ပြီး ယီဟွေ့၏လက်မှကြိုးကိုဖြေရန် အကြိမ်အနည်းငယ်မှ ရုန်းကန်လိုက်ပြီးနောက်တွင် အရှုံးပေးလိုက်သည်။ သူ၏လက်တွင်ကိုင်ထားသည့်ဖုန်းကို တင်ပါးအောက်သို့ တိတ်ဆိတ်ရွှေ့ပြောင်းလိုက်သည်။



သူနေရာပြောင်းလိုက်သည်နှင့် ၎င်းမှာ တုန်ခါသွားခဲ့ရာ အသံကြားသွားမည် ဆိုသောကြောင့် ထန်ဝမ်းရှီအကြောင်းရှာကာ ပြောလိုက်သည် " အစ်ကိုတို့ ဆေးလိပ်လေးများမရှိဘူးလား…"



ပိန်ပါးသည့်လူမှ သူတို့ကို ဓာတ်မီးဖြင့်ထိုးလိုက်ပြီး " လှည့်ကွက်တွေလုပ်ဖို့ ကြိုးစားမနေနဲ့.. မင်းတို့ကိုသတိပေးလိုက်မယ်.. အစထဲက ဖမ်းမဲ့သူက မင်းမဟုတ်ဘူး.. စကားလျော့ပြောရင် အသက်ရှင်နိုင်လိမ့်မယ်.. "



ယီဟွေ့ ထိတ်လန့်သွားခဲ့သည်။ ယခုတွင်ပင် ထိုသူများမှာ သူ့ဆီလာသည်ဟု တွေးနေမိခဲ့ပြီး သူထင်ထားသည့်အတိုင်းပင် ထန်ဝမ်းရှီမှာ ကံမကောင်းသောကြောင့် ရောပါခဲ့ရရုံသာဖြစ်သည်။



သူ၏လှုပ်ရှားနိုင်သေးသည့်လက်ချောင်းဖြင့် ထန်ဝမ်းရှီကို ထိုးကာ တိတ်တိတ်နေရန်ပြောလိုက်သည်။ ထန်ဝမ်းရှီ သူ၏အချက်ပြမှုကို မရမည် သို့်မဟုတ် နားမလည်မည်ကို မသိသဖြင့် ယီဟွေ့ ဆက်၍ စကားပြောနေလိုက်သည် " ကျွန်တော့်မှာ စီးကရက်ကောင်းကောင်းတွေပါပါတယ်…တကယ်လို့ အစ်ကိုတို့မသောက်ချင်ရင်လည်း ကျွန်တော့်ကို မီးလေးညှိပေးပါလား..ဒါပထမဆုံးဓားပြတိုက်ခံရတာဆိုတော့ ကြောက်လွန်းလို့ သေးပေါက်ချမိတော့မယ်…"



ခြေချိတ်ထိုင်နေသည့် ဝဝနှင့်လူမှ ရယ်လိုက်ပြီး ဓားလက်ကိုင်ကို လှည့်နေခဲ့သည်။ မီးရောင်အောက်တွင် ဓားမှာ ရောင်ပြန်ဟပ်နေသဖြင့် သူတို့၏မျက်လုံးများပင် နာကျင်လာရလေသည် " ဓားပြတိုက်တယ်လား… မင်းကငါတို့ကိုအထင်သေးနေတာပဲ…"



မီးရောင်မှာ မှိန်ဖျော့နေပြီး လူနှစ်ဦးမှာ မီးရောင်ကို ကျောပေးထိုင်နေခဲ့သဖြင့် ယီဟွေ့သူတို့၏မျက်နှာများကို မမြင်ရချေ။ သူကိစ္စများမှာ ပို၍ ပို၍ဆိုးဝါးလာပြီဟုသိလိုက်ရသည်။ အကယ်၍သာ လူမိုက်များဆိုပါက မျက်နှာများကို ဖုံးကွယ်ထားမည်ပင်။ ထိုသူများမှာ မျက်နှာကို ဖုံးအုပ်ထားခြင်းမရှိသည့်အပြင် သူတို့မြင်သွားမည်လည်း မစိုးရိမ်ခဲ့ပေရာ သိသိသာသာပင် ယီဟွေ့တို့ကို အရှင်ထားမည့်အစီအစဉ်မရှိခဲ့ပါချေ။



မည်သို့ပင်ဆိုစေကာမူ သူတို့၏ပုံစံမှာ ရက်စက်သော ဓားပြများနှင့်လည်း မတူနေခဲ့ပေ။ အနည်းဆုံးအနေဖြင့် သူတို့တွင် အတွေ့အကြုံများစွာမရှိချေ။ ထိုသူများမှာ လမ်းတစ်ဝက်တွင် ပျက်နေသည့်ကားဖြင့် ပြန်ပေးဆွဲလာကြသူများဖြစ်သည်။ ယီဟွေ့ အရူးတစ်ယောက်ဖြစ်နေလျှင်ပင် ကိစ္စများမှာ မြန်မြန်လုပ်သင့်သည်ကို သိနေသည်။ အချိန်ကြာလေလေ ခြေရာလက်ရာများ ကျန်ရစ်လေလေဖြစ်ပြီး အောင်မြင်မှုနိုင်ခြေ လျော့နည်းသွားနိုင်သည်။



ယီဟွေ့ တည်ငြိမ်စွာမေးလိုက်သည် " ဒါဆိုရင် ကျွန်တော်တို့ကို ဘာလို့ဒီခေါ်လာတာလဲ…"



ဝဝနှင့်လူမှ " တစ်စုံတစ်ယောက်က မင်းကိုပညာပေးခိုင်းလိုက်လို့…"



ယီဟွေ့ မမေးလိုက်နိုင်ခင်မှာပင် ထန်ဝမ်းရှီမှ အလျင်အမြန်အော်ပြောလာခဲ့သည် " ဒါဆိုရင် ခင်ဗျားတို့အမှားလုပ်မိတာပဲ.. ကျွန်တော့်သူငယ်ချင်းက ကမ္ဘာပေါ်မှာ အကြင်နာတတ်ဆုံးလူဖြစ်ပြီး ဘယ်သူ့ကိုမှမစော်ကားခဲ့ဖူးဘူး…"



ပိန်ပါးသည့်လူသည် သူ၏အိတ်ကပ်တွင်းမှာ ဓာတ်ပုံတစ်ပုံကို ထုတ်လာကာ နှိုင်းယှဉ်ပြလိုက်ပြီး " မင်းဆိုတာရှင်းနေတာပဲကို ကျန်းယီဟွေ့လေ…"



ယီဟွေ့ ခဏမျှ ကြောင်အသွားပြီးနောက် မှန်းဆကာမေးလိုက်သည် " ခင်ဗျားတို့ကို အလုပ်အပ်တဲ့က ပန်းချီဆွဲတဲ့သူတစ်ယောက်မလား…"



ဝဝနှင့်လူမှ ပြန်ဖြေသည့်သဘောဖြင့် တိတ်တဆိတ်သာ ပြုံးပြလိုက်သည်။



ထန်ဝမ်းရှီလည်း မှတ်မိသွားခဲ့ပြီး " အဲဒါက မင်းသူ့ကို ကူးဆွဲပါတယ်လို့ စွပ်စွဲခဲ့တဲ့လူလိမ်ကောင်မလား… ညစ်ပတ်တာပဲ မင်းကသူ့ကိုကြင်ကြင်နာနာနဲ့ လွှတ်ပေးခဲ့တာကို သူကအကောက်ကြံရဲတယ်လား…"



ယီဟွေ့ စိမ့်ခနဲဖြစ်သွားရသည်။ ထိုအချိန်တုန်းက ကျိုးကျင်ဟမ့်ကို လွှဲပေးခဲ့ပြီး ကွန်မန့်များမှလွဲ၍ အခြားနည်းဖြင့် ထိခိုက်အောင် မလုပ်ခဲ့သော်လည်း ယခုအချိန်မှသာ ထိုသူထံတွင် ယုတ်မာသည့်နှလုံးသားရှိသည်ကို သိလိုက်ရသည်။



ကားမှာ ပြင်မပြီးသေးသည်ဖြစ်ရာ ဝဝနှင့်လူမှာ သူတို့နှင့်စကားပြောရန်အချိန်ရှိနေသေးသည် " မင်းဘယ်သူ့ကိုစော်ကားမိလဲဆိုတာမသိဘူးလား…" ထိုသို့ပြောပြီးနောက် ပိန်ပါးသည့်လူထံသို့ မေးငေါ့ပြလိုက်ပြီး " အဲဒါကတစ်ယောက်ထက်ပိုတယ်မလား…"



ပိန်သည်လူမှ ပြုံးလျက် " အစတုန်းကတော့ သူကမင်းကိုပညာပေးရုံလေးပဲ..ဒါပေမယ့် နောက်ကျ လူတစ်ယောက်ရောက်လာပြီးတော့ ငါတို့ရဲ့လုပ်ခကိုတိုးပေးချင်ခဲ့တယ်လေ… ငါတို့လည်း တွေးကြည့်ပြီးတော့ နှစ်ဆတောင်းလိုက်တာပဲ.. ဘာလို့မလုပ်ရမှာလဲ…"



ယီဟွေ့ ရှုပ်ထွေးသွားကာ နားမလည်နိုင်ခဲ့ပေ။ ထန်ဝမ်းရှီ သူ့အပေါ်ထပ်၍မှီချလာကာ ပုခုံးနှင့်တိုက်လိုက်ပြီး " မင်းဘယ်သူ့ကိုစော်ကားခဲ့လို့လဲ.. သူကမင်းကိုသေစေချင်နေတာဟ…"



ယီဟွေ့မှာ ပုံမှန်အားဖြင့် အလွန်လူတောမတိုးသူဖြစ်ရာ သူနှင့်ပြောဆိုဆက်ဆံဖူးသူဟူ၍ လက်နှစ်ဖက်နှင့်ပင် ရေတွက်၍ရလေသည်။ သက်သေများကိုဆက်စပ်လိုက်ပြီးနောက် အနည်းငယ်စဉ်းစားလိုက်ချိန်တွင် ယီဟွေ့ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချမိခဲ့သည်။ ထိုသူမှာ ဖန်ယွီချင်း‌ဖြစ်ပေမည်။



ထန်ဝမ်းရှီမှ" အစ်ကိုကြီး ကျွန်တော်တို့ဒီမှာရှိတုန်း အဲ့လူနှစ်ယောက်ရဲ့နာမည်ကိုပြောပြပါလား ဒါဆိုရင် ကျွန်တော်တို့လည်း စိတ်အေးလက်အေးသေနိုင်တာပေါ့…"



ပိန်ပိန်နှင့်လူမှ သူ၏လက်ဖဝါးကို တုတ်ဖြင့်ရိုက်လိုက်ပြီး " ဒါကငါတို့ရဲ့စီးပွားရေးပဲ.. ပြီးတော့မင်းကမဟုတ်…"



စကားတစ်ဝက်မှာပင် လမ်းကြားထဲမှအသံထွက်လာခဲ့သည် " တစ်ချက်လာကြည့်ဦး အင်ဂျင်များ ပျက်သွားတာလားမသိ…"



ဝဝနှင့်လူမှာ ထရပ်လိုက်ပြီး ဓားကိုကိုင်ကာ သွားသည့်လမ်းတစ်လျှောက်ဆဲဆိုနေသည် " မင်းတို့ဒီလောက်အချိန်ကြာတာတောင် ကားကိုပြန်မပြင်နိုင်သေးတာ ဘာများအသုံးကျလို့လဲ…ကံကောင်းလို့ ဒီနေရာကလူပြတ်လို့ပေါ့ မဟုတ်လို့ကတော့ မင်းတို့နှစ်ကောင်ကြောင့် ငါတော့ထောင်ထဲကထွက်ထွက်ချင်း ပြန်အထည့်ခံရဦးမယ်…"



ဝဝနှင့်လူ ထွက်သွားချိန်တွင် ထန်ဝမ်းရှီမှ ဘေးတွင်ထိုင်နေသည့်လူကို လှမ်းပြောလိုက်သည် " ဟေးး ဘောစ့် ခင်ဗျားတကယ်ဆေးလိပ်မသောက်ဘူးလား…ကျွန်တော့်အိတ်ထဲမှာ နိုင်ငံခြားဖြစ်ဆေးလိပ်တွေရှိတာ အလဲအလှယ်လုပ်ရအောင်… ဒီဆေးလိပ်တွေသောက်ပြီးရင် ကျွန်တော့်ကို ဘယ်မှာဖြစ်ဖြစ် ပစ်ထားခဲ့လို့ရတယ် ဘယ်လိုပဲဖြစ်ဖြစ် အစထဲက ကျွန်တော့်ပြသနာမှမဟုတ်တာလေ…"



အမြဲလို ဘေးအကူနေရာမှရှိခဲ့ရသည့် ပိန်ပိန်နှင့်လူမှာ ဘော့စ်ဟုအခေါ်ခံလိုက်ရချိန်တွင် အမြီးပင်ဝှေ့ယမ်းမတတ်ဖြစ်သွားရသည်။ ခေါင်းကိုလှည့်ကာ အရှေ့တွင်ကားပြင်နေသည့် အရူးနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး မည်သူမှ မသိနိုင်မည်ဟု တွေးနေမိလေသည်။



ထန်ဝမ်းရှီ ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူကာ အနားကပ်၍ ယီဟွေ့ကို တိုးတိုးပြောလိုက်သည် " သူအနားကပ်လာရင် ငါသူ့ကိုနံရံစီ ပစ်တိုက်လိုက်မယ် အဲ့အချိန်ကြ အခွင့်အရေးယူပြီးမင်းပြေးတော့ …"



ထန်ဝမ်းရှီ ပြောခဲ့သည့်စကားတွင် အခြားအဓိပ္ပါယ်ရှိလိမ့်မည်ကို သူသိနေသော်လည်း သူ့ကို ကယ်ရန်အတွက် ဖြစ်မည်ကိုမူ သူမထင်မိခဲ့ပေ။ ယီဟွေ့ အမြန်ပြန်ပြောလိုက်သည် " မဟုတ်ဘူး အန္တရာယ်များလွန်းတယ် သူတို့လိုချင်တာ ငါလေ.. မင်းအတွက် …"



" ဟုတ်တယ် သူတို့က မင်းကိုလိုချင်တာ ဒါကြောင့်ငါ့ကိုဘာမှလုပ်မှာမဟုတ်ဘူး.. နောက်ကြ ကားပြင်ပြီးသွားရင် ထွက်ပြေးဖို့ပိုခက်သွားလိမ့်မယ်…" ထန်ဝမ်းရှီ မျက်စိမှိတ်ပြကာ ပြုံးလျက် " အခွင့်အရေးကတစ်ခုပဲရှိတယ် ငါ့စကားနားထောင် ငါထရပ်လိုက်တာနဲ့ ကားလမ်းအတိုင်းပြေးတော့… စာကပို့ပြီးသွားပြီမဟုတ်လား ဘယ်သူမှန်းမသိပေမဲ့ အဲ့ဒီဒိုရာဟမ်ဟမ်ကိုသွားရှာချည်…"



ယီဟွေ့တားလိုက်သော်လည်း အချိန်မှနှောင်းသွားလေပြီ။ ပိန်ပိန်နှင့်လူမှ သူတို့ထံလျှောက်လာကာ " မင်းမှာအမြင်ကောင်းရှိတာပဲ " ဟုပြောလိုက်သည်။ အဆုံး၌ သူ့ကို တီးတိုးပြောထားသကဲ့သို့ ထန်ဝမ်းရှီ သူ၏လက်ချောင်းများကို ချိတ်လိုက်သည်။ ပိန်ပိန်နှင့်လူမှ အနားသို့ကပ်လာချိန်တွင် ထန်ဝမ်းရှီ ယီဟွေ့၏လက်ကို ရုတ်တရက် လွှတ်လိုက်ပြီး ခြေဖဝါးကိုထောက်၍ ခုန်တက်ကာ ခန္ဓာကိုယ်ကို ကွေးလျက် ရှေ့သို့ ပြေးသွားခဲ့သည်။



အရာတိုင်းမှာ အလွန်လျှင်မြန်စွာဖြစ်သွားခဲ့ပြီး ယီဟွေ့ထံတွင် ရွေးချယ်စရာမရှိပေ။ ထန်ဝမ်းရှီပြောသည့်အတိုင်း အံတင်းတင်းကြိတ်၍ ထကာ လမ်းကြားထဲသို့ ပြေးသွားခဲ့သည်။ အသံတစ်ခုကြားလိုက်ရသဖြင့် ခေါင်းကို တစ်ဝက်မျှလှည့်ကြည့်လိုက်ရာ ထန်ဝမ်းရှီမှာအရိုက်ခံရပြီး မြေ‌ပြင်ပေါ်တွင်လဲကျနေခဲ့သည်။ ပိန်ပိန်နှင့်လူမှ မြေပြင်ပေါ်တွင်ထိုင်ကာ " သူထွက်ပြေးသွားပြီ မြန်မြန်လိုက်ဖမ်းကြ…" ဟု အော်လိုက်လေသည်။



ထန်ဝမ်းရှီ မည်သို့ဖြစ်နေသည်ကို ယီဟွေ့ပြန်သွားကြည့်ချင်သော်လည်း သူ၏မှာကြားချက်နှင့်ဆန္ဒကိုပြန်တွေးလိုက်ပြီး ခေါင်းကိုလှည့်ကာ ဆက်ပြေးလိုက်သည်။



သူလမ်းကြား၏အဝသို့ရောက်ချိန်၌ လူနှစ်ဦးမှာ ခေါင်းကိုငုံ့ကာ ကားရှေ့တွင် နစ်မြုပ်နေသဖြင့် သတိမထားမိလိုက်ချေ။ ဖြစ်ပျက်နေသည့်အရာများကို နားမလည်လိုက်ခဏမျှ ကြောင်အနေပြီးမှ ဝဝနှင့်လူသည် ချီးပဲဟု ကျိန်ဆဲလိုက်ပြီး ဓားကို ကိုင်ကာ အနောက်မှ ပြေးလိုက်သွားခဲ့သည်။



ယီဟွေ့ အမြန်မပြေးနိုင်ပေ။ ထို့ပြင် သူ၏လက်များမှာလည်း အချည်ခံထားရပေရာ သူ၏ကိုယ်ဟန်ကို မထိန်းနိုင်ခဲ့ချေ။ လမ်းကြားမှထွက်လာသည်နှင့် အရှေ့သို့ ခလုတ်တိုက်လဲသွားပြီး ပြန်မထနိုင်ခင်မှာပင် ဝဝနှင့်လူမှ သူ၏အင်္ကျီကော်လာကို ဆွဲကိုင်လာခဲ့သည်။



နောက်မှရောက်လာသော ပိန်ပိန်နှင့်လူမှ တိပ်ခွေကို ယူကာ သူ၏ပါးစပ်ကို ပတ်ထားလိုက်သောကြောင့် ယီဟွေ့မအော်နိုင်တော့ပေ။ ထို့နောက် သူ၏ခြေထောက်များကို ချည်နှောင်ကာ ယီဟွေ့ကို ကား၏ကုန်တင်သည့်‌နေရာထဲသို့ ပစ်ချလိုက်သည်။ အပေါ်မှအအေးပေးစက်မှာ အလုပ်လုပ်နေပြီး အခန်းအတွင်း၌ အေးစက်နေသည့်လေမှာ ဆူဆူညံညံအသံဖြင့် ပြည့်နေခဲ့သည်။



တံခါးမှာမပိတ်ရသေးပေ။ ယီဟွေ့၏ လက်နှင့် ခြေထောက်မှာ ကြိုးတုပ်ခံထားရသဖြင့် အကြိမ်အနည်းငယ်မျှ ဟိုလှည့်ဒီလှည့်လုပ်လိုက်သော်လည်း မထနိုင်ခဲ့ပေ။



ဤကဲ့သို့ ဝေးလံခေါင်ဖြားသည့်နေရာတွင် လမ်းသွားလမ်းလာဟူ၍ မရှိခဲ့ချေ။ ယီဟွေ့ ညအချိန်အပြင်ဘက်ကို မျက်လုံးများဖွင့်ကာ ကြည့်နေရုံသာ တတ်နိုင်ပြီး ထိုလူသုံးဦးမှ သူ့ကို မည်သို့ကိုင်တွယ်မည့်အကြောင်း ပြောနေသည်ကို နားထောင်နေလိုက်သည်။



" ပြင်လို့မရရင်တောင် တောင်ပေါ်မှာတော့မောင်းလို့ရမှာပါ အမြန်သွားကြမယ် မနှောင့်နှေးစေနဲ့တော့…"



" သွားဖို့ လမ်းတစ်ဖြတ်လောက်ရှိသေးတာ သော့ပိတ်လိုက်ရင် သူခဲသေသွားလိမ့်မယ်…"



" ဘာလို့ ကုန်တင်ရုံတံခါးကို မဖွင့်တာလဲ…"



" ရူးနေလား ဖွင့်ထားရင် လူတွေမြင်ကုန်မှာပေါ့ဟ…"



" ဒါဆိုလည်း မြန်မြန်မောင်း သူ့ကိုတောင်ပေါ်မှာ ပစ်ခဲ့ပြီး ပြန်ကြမယ်…"



" ဒါကအလုပ်ဖြစ်ပါ့မလား…"



" ဘာလို့မဖြစ်ရမှာလဲ ကားထဲမှာသေလောက်အောင်အေးနေတာကိုမပြောနဲ့ ဒီလိုရာသီဥတုနဲ့ ဘယ်သူကအသက်ရှင်မှာမလို့လဲ…"



" မတော်တဆခေါ်လာမိတဲ့ကလေးကကော…"



" ဒီမှာပဲထားခဲ့လိုက် သူကသတိမေ့နေတာဆိုတော့ ခဏနေကြနိုးလာလိမ့်မယ် မသေပါဘူးဟ…"



ထန်ဝမ်းရှီအဆင်ပြေကြောင်း ကြားလိုက်ရမှ ယီဟွေ့ သက်ပြင်းတစ်ချက်ချလိုက်ရသည်။ 



သူတို့သုံးဦး ဆွေးနွေးပြီးသည့်နောက် လူနှစ်ဦးမှာ တံခါးကိုဖွင့်၍ ကားပေါ်တက်သွားလိုက်သည်။ပိန်ပိန်နှင့်လူမှာမူ ကုန်တင်ရုံဘက်သို့လျှောက်လာကာ လှေကားဖြင့် တံခါးတက်ပိတ်လိုက်သည်။ ယီဟွေ့ ထပ်မံရုန်းကန်လိုက်ရသည်။ တံခါးမှာ တင်းတင်းကြပ်ကြပ်မပိတ်ထားသည့်အချိန်၌ သူ၏ခွန်အားအကုန်သုံးကာ တံခါးဖွင့်ရန်အတွက် လှိမ့်ချလိုက်သည်။



ကုန်တင်ရုံမှာ အတော်လေးမြင့်သောကြောင့် အောက်သို့ကျသွားသည်နှင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးနာကျင်သွားရကာ မျက်လုံးများပြာဝေသွားခဲ့သည်။ သူ့ကိုယ်သူနိုးနေရန် အစွမ်းကုန်ကြိုးစားလိုက်ပြီး ကျိုးကျင်ဟမ့်သင်ပေးခဲ့သည့် ကိုယ်ခံပညာကို ပြန်တွေးကာ ပိန်ပိန်နှင့်လူမှ အနီးသို့ကပ်လာချိန်တွင် ခွန်အားစုစည်းရန် ခြေထောက်ကို ကွေးလိုက်ပြီး ကန်ထုတ်ပစ်လိုက်သဖြင့် ထိုသူမှာ မြေကြီးပေါ်သို့ အားခနဲအော်ကာ လဲကျသွားရသည်။



မည်သို့ပင်ဖြစ်စေ ထိုလှည့်ကွက်မှာ အချိန်ဆွဲရုံနှင့် လူတစ်ဦးကိုတိုက်ခိုက်ရန်သာ တတ်နိုင်သဖြင့် ကားပေါ်ရောက်နေသည့် အရှေ့မှလူနှစ်ဦးမှာ အသံများကိုကြားလိုက်ချိန်၌ ယီဟွေ့ကို ထပ်မကာ ကားထဲသို့ ပစ်ထည့်လိုက်သည်။



ပိန်ပိန်နှင့်လူမှာ‌မူ ကြိုးတုပ်ခံထားရသည့်လူနှစ်ဦးကြောင့် အတော်လေးခံစားသွားရသဖြင့် အလွန်ဒေါသထွက်ကာ ယီဟွေ့ကို ရိုက်ရန်တုတ်မြောက်လိုက်စဉ် ကားပြင်နေသည့်သူမှ လှမ်းဆွဲလိုက်သည် " ထားလိုက်တော့ ထားလိုက်တော့ အချိန်ကအရမ်းကြာနေပြီ ခဏနေရင် ရဲကားတွေရောက်လာလိမ့်မယ် အမြန်သွားကြစို့…"



လူဝကြီးနှင့် ကားပြင်သည့်လူတို့အရှေ့ခန်းသို့ပြန်သွားချိန်တွင် ပိန်ပါးသည့်လူမှ လှေကားဖြင့် အပေါ်သို့ တက်လာကာ ယီဟွေ့ကို ကြိမ်းမောင်းလိုက်သည် " ကောင်စုတ်လေး ဒီလောင်ဇီရဲ့လက်နဲ့သေရမယ်မှတ်…"