အပိုင်း ၅၄.၃
Viewers 11k

Chapter 54.3



ယခုတစ်ကြိမ်ပစ်ချခံလိုက်ရပြီးနောက်တွင် ယီဟွေ့ထံ၌ အားအင်မကျန်တော့ပေ။ သူ၏မျက်လုံးများပင် သေချာမဖွင့်နိုင်တော့ဘဲ တဖြည်းဖြည်းပိတ်နေသည့် တံခါးကိုကြည့်ကာ ကျောမှီထိုင်နေလျက် ခွန်အားကင်းမဲ့နေခဲ့သည်။



ဤကဲ့သို့သော အရာများကိုကြုံတွေ့ရချိန်တွင် မကြောက်ရွံ့ရန်မှာ မဖြစ်နိုင်ပေ။ သူသည် တောင်ပေါ်၌ တစ်ခါသေဆုံးခဲ့ဖူးသည်ဖြစ်ရာ ထိုသူတို့ပြောနေသည့်တောင်ပေါ်နေရာမှာ ဤအအေးခန်းလောက်အေးနေမည်လားဟု တွေးနေမိသည်။



ဤ‌တစ်ကြိမ်တွင်လည်း မည်သူကမှလာမကယ်နိုင်မည်လားဟူ၍ ယီဟွေ့တွေးနေမိသည်။



ခဏကြာ စောင့်ဆိုင်းပြီးနောက် သူတံခါးပိတ်ကာ သော့ခတ်သည့်အသံကို မကြားခဲ့ရပေ။ 



ယီဟွေ့ သက်ပြင်းတစ်ချက်ချကာ အာရုံစိုက်၍ နားထောင်လိုက်ရာ နာနာကျင်ကျင်အော်သံအချို့နှင့်အတူ တိုက်ခိုက်ရမှာထွက်ပေါ်လာသည့် အသားချင်းထိသံများကို ကြားလိုက်ရသည်။



ထိုသူသုံးဦးတိုက်ခိုက်နေကြသည်ဟု ထင်မိသည့်အတွက် ယီဟွေ့ ခက်ခက်ခဲခဲ ခေါင်းကိုမော့လိုက်စဉ် အချိန်အကိုက် ပိတ်ထားသည့်တံခါးမှာပွင့်လာခဲ့ပြီး ရင်းနှီးနေသည့်မျက်နှာတစ်ခုမှာ လမ်းမီးရောင်အောက်တွင် ပေါ်လာခဲ့သည်။



" ဟွေ့ဟွေ့ မင်းဒီမှာလား…"



အသံကို ကြားလိုက်သည်နှင့် ယီဟွေ့၏နှလုံးမှာ ရုတ်တရက် ပြင်းထန်စွာ ခုန်ပေါက်လာခဲ့သည်။ ကြောက်ရွံ့ထိတ်လန့်နေမှုကြောင့်မဟုတ်ဘဲ အချိန်အတန်ကြာစောင့်ဆိုင်းပြီးသည့်နောက်တွင် အဆုံး၌ ရောက်လာခဲ့သဖြင့် စိတ်ချသွားကာ ပျော်ရွှင်မှုကြောင့် ခုန်ပေါက်နေခြင်းဖြစ်သည်။



သူရောက်လာပြီ။



ယီဟွေ့ရှိနေသည်ကို အတည်ပြုပြီးနောက် ကျိုးကျင်ဟမ့် အအေးခန်းကုန်လှောင်ရုံအတွင်းသို့ တက်လာခဲ့သည်။



အတွင်းရှိ အပူချိန်မှာ အတော်ကျနေပြီး ခြေချလိုက်သည်နှင့် အရိုးကွဲမတတ်အေးစက်မှုကို ခံစားလိုက်ရသည်။ ကျိုးကျင်ဟမ့်မှာ ယီဟွေ့ကို ကယ်တင်ရန်သာ အလွန်စိတ်လောနေခဲ့သဖြင့် သူတိုက်ခိုက်ခဲ့သည့်လူသုံးဦးမှ တစ်ဦးမှာ သူ‌၏နောက်တွင် ဓားဖြင့်ရှိနေသည်ကို သတိမထားမိခဲ့ပေ။



ရွှီးခနဲဟူသောအသံမှာ ဝူးဝူးဝါးဝါးအော်ဟစ်လိုက်သံနှင့် အစားထိုးခံလိုက်ရသည်။ ကျိုးကျင်ဟမ့် အစွန်းနားတွင် လဲကျသွားသော်လည်း သူ့ကိုယ်သူတွန်းအားပေးကာ ထိလိုက်ပြီး ယီဟွေ့၏အနားသို့ ခုန်၍လှိမ့်ချလိုက်သည်။ ယီဟွေ့၏ခေါင်းကိုကိုင်ကာ ထူပေးလိုက်ပြီးနောက် ပါးစပ်မှတိတ်ကို ဦးစွာဖြေပေးလိုက်လေသည်။



" တံခါး တံခါး…" ယခုမှစကားပြောနိုင်သည့်ယီဟွေ့မှာ ကြို့ထိုးနေပြီး အသက်ပင်မရှုနိုင်ခဲ့ချေ။



သို့သော်လည်း နောက်ကျသွားခဲ့လေသည်။ ကျိုးကျင်ဟမ့် ခေါင်းကိုပြန်လှည့်လိုက်ချိန်၌ တံခါးမှာ လေးလံစွာပိတ်သွားကာ အမှောင်ထုအတွင်းသို့ လုံးလုံးရောက်ရှိသွားရသည်။



အမှောင်ထဲတွင် ယီဟွေ့၏ခြေနှင့်လက်များမှ ကြိုးများဖြည်ပေးလိုက်ရာ အချိန်အတန်ကြာ ချည်နှောင်ခံထားရသော ယီဟွေ့၏ ခြေလက်များမှာ တောင့်တင်းဆဲဖြစ်သောကြောင့် ကျိုးကျင်ဟမ့် သူ့ကိုဖက်ထားပေးလိုက်ပြီး " မကြောက်နဲ့နော် ကိုယ်ရောက်နေပြီ မကြောက်နဲ့တော့…"



အချိန်အတန်ကြာဖိနှိပ်ထားခဲ့သည့်မျက်ရည်များမှာ သူ၏ပါးပြင်ပေါ်သို့ ကျဆင်းလာခဲ့သည်။ ယီဟွေ့ ပါးစပ်ကိုဖွင့်ကာ တစ်ခုခုပြောချင်မိသော်လည်း မည်သည့်စကားကိုမှမပြောနိုင်ခဲ့ချေ။ သူမကြောက်နေကြောင်းကို ခေါင်းယမ်းလျက်သာ အသည်းအသန်ပြောပြလိုက်သည်။



ကျိုးကျင်ဟမ့် ဤနေရာသို့ အလျင်အမြန်ပြေးလာခဲ့ကာ လေယာဉ်ပင်စီးခဲ့ရသော်လည်း သူယူခဲ့သည့်အရာကို မေ့မထားခဲ့ပေ။ လည်စည်းပုဝါကိုချွတ်ကာ ယီဟွေ့ကို စိတ်ရှည်လက်ရှည်ပတ်ပေးလိုက်ပြီး " နည်းနည်းအေးတယ် ပုဝါအရင်ပတ်ထားလိုက်ဦး…"



ကားမှာ တစ်နေရာရာသို့ စတင်မောင်းနှင်နေပြီဖြစ်သည်။ ယီဟွေ့ ရှက်ရွံ့စွာ ဒူးထောက်ထိုင်နေပြီး ကျိုးကျင်ဟမ့်ကို သူနှင့်အတူ ထိုင်ခွင့်ပေးထားသည်။ အမှောင်ထဲတွင် သူ၏မျက်လုံးများကို မြင်နိုင်သကဲ့သို့ ကြည့်နေမိကာ အိမ်မက်မက်နေသကဲ့သို့ လင်းထိန်နေကာ စိတ်ချသွားမိခဲ့သည်။



" မင်း…" ယီဟွေ့ တုန်တုန်ယင်ယင်ဖြင့် မေးလိုက်လေသည် " ငါအကူအညီတောင်းတာကို ဘယ်လိုသိလဲ…"



လမ်းကြားထဲတွင် သူနိုးလာချိန်၌ ထန်ဝမ်းရှီ၏ဖုန်းမှာ သူ၏ခန္ဓာကိုယ်ပေါ်တွင် မရှိတော့ပေ။ သို့သော်လည်း ယီဟွေ့မှာ သူ၏ကုတ်အင်္ကျီအောက်တွင် ဖွက်ထားမိသည့်အတွက် လွတ်မြောက်သွားခဲ့သည် 



သူသတိမလစ်ခင် ကျိုးကျင်ဟမ့်ထံမှ စာဝင်လာခဲ့သောကြောင့် လမ်းတစ်လျှောက် မည်သို့စာပြန်ရမည်ကို စဉ်းစားနေခဲ့မိကာ အနောက်ဘက်တွင် လက်ဖြင့်ကာ၍ လော့ဖွင့်လိုက်သည်။ သူ့ထံတွင် ကီးဘုတ်ကိုပြောင်းကာ စာရိုက်နေရန် အချိန်မရှိသဖြင့် မှတ်ဉာဏ်ဖြင့်သာ ကြုံသလိုရိုက်လိုက်ရသည်။ စာရောက်သွားမည်ကို သိနေခဲ့သော်လည်း ကျိုးကျင်ဟမ့် ထိုမျှ‌မြန်မြန်ရောက်လာခဲ့မည်ဟု သူမထင်မိခဲ့ပေ။



" မင်းအကူအညီတောင်းတာကို ကိုယ်မသိပါဘူး ကိုယ်ထင်တာက…" ကျိုးကျင်ဟမ့် ယီဟွေ့၏ပုဝါကို အောက်သို့ဆွဲချကာ မျက်နှာကို ကိုင်လိုက်ပြီး ငုံ့ကိုင်း၍ နှုတ်ခမ်းပေါ်သို့ နူးနူးညံ့ညံ့အနမ်းတစ်ပွင့်ပေးလိုက်သည်။



" မင်းက 3လို့ပို့တာဆိုတော့ ကိုယ်ကအနမ်းလိုချင်တယ်လို့ ထင်သွားတာ…" ကျိုးကျင်ဟမ့် ပြုံးလျက် " ဒီလိုအခွင့်အရေးမျိုးကရှားတယ်လေ မင်းနောင်တရပြီး ပြန်ဆုတ်သွားမှာစိုးလို ကိုယ်တတ်နိုင်သမျှ အမြန်ပြေးလာရတာ…"



သူ၏နှုတ်ခမ်းပေါ်၌ စိုစွတ်နေသော အထိအတွေ့မှာ ရှိနေသေးကာ ယီဟွေ့ခဏကြာ တောင့်ခဲသွားပြီးနောက်မှ ကျိုးကျင်ဟမ့် သူ့ကို အားပေးရန် နောက်ပြောင်နေကြောင်း သိလိုက်ရသည် ။ ယီဟွေ့ ဤသို့ အန္တရာယ်များသည့် အခြေအနေတွင် မရယ်သင့်သောကြောင့် ကျိုးကျင်ဟမ့်ကို တွန်းထုတ်လိုက်စဉ် နာကျင်မှုကို ဖိနှိပ်ထားသည့်အသံတစ်ချက်ပေါ်ထွက်လာခဲ့သည်။



ယီဟွေ့ အမြန်ထိုင်ချလိုက်ကာ ကျိုးကျင်ဟမ့်၏ပုခုံးကို ကိုင်၍ အနီးအနားသို့ စစ်ဆေးလိုက်ရသည် " ဘာဖြစ်တာလဲ ဘယ်နားနာနေလို့လဲ.."



အအေးခန်းအတွင်း မီးရောင်မရှိသည်ဖြစ်ရညအချိန်အတန်ကြာထိနေခဲ့သော်လည်း မရှာနိုင်ခဲ့ချေ။ ကျိုးကျင်ဟမ့် သူ၏လက်များကို ဖိကာ အောက်သို့ ငြင်သာစွာ ချလိုက်သည် " လိမ္မာတဲ့ကောင်လေး လျောက်ကိုင်မနေနဲ့တော့ ဒီမှာအရမ်းအေးနေတာ အအေးမိသွားလိမ့်မယ်.. အိမ်ပြန်ကြရအောင် ပြီးရင်…"



အအေးခန်းတွင်းရှိ အပူချိန်မှ ဆက်လက်ကျဆင်းနေသည်။ ကျိုးကျင်ဟမ့် စကားပြောလိုက်သည့်အချိန်တိုင်း သူ့ထဲမှလေပူမှာ ယီဟွေ့၏မျက်နှာသို့ လာထိနေလေသည်။ ကျိုးကျင်ဟမ့် သူ့ကို ပုံမှန်မဟုတ်သည့်အမူအယာဖြင့် ရှောင်နေလေလေ ယီဟွေ့၏စိတ်ထဲတွင် အချက်ပေးသံများ ပို၍ပင် မြည်လာရကာ " ဘာဖြစ်တာလဲ ဘယ်နားထိသွားတာလဲလို့ ငါ့ကိုပေးကြည့်ပါဦး…"



ကျိုးကျင်ဟမ့် သူ့ကိုမထိန်းနိုင်သဖြင့် သက်ပြင်းတစ်ချက်ချကာ ရှေ့သို့ငုံ့၍ ဖက်လိုက်ပြန်သည် " မင်းရဲ့ယောင်္ကျားကို ခဏလောက်ပေးဖက်ပါဦး ခဏလေးပဲ…"



ယီဟွေ့ အသံတိတ်သွားပြီး သူ၏လက်များမှာလည်း ရပ်တန့်သွားခဲ့သည်။



သူတို့၏ရင်ဘတ်များမှာ ထိစပ်နေသဖြင့် မတူညီသောနှလုံးခုန်နှုန်းများမှာ အသားမှတစ်ဆင့် အချင်းချင်းကူးလူးယှက်နွယ်နေခဲ့သည်။ အတွေးထဲတွင် ယီဟွေ့ ယခင်ဘဝသို့ ပြန်ရောက်သွားကာ ထိုလူမှ သူဝမ်းနည်းနေသည့် အချိန်များတွင် သူ့ကိုယ့်သူ ယောင်္ကျားဟု သုံးနှုန်းကာ ပြုံးလျက် " ဘာလို့ငိုနေမှာလဲ မင်းရဲ့ယောင်္ကျားကဒီမှာရှိနေတယ်မဟုတ်လား.." ဟူ၍ပြောလေ့ရှိသည်။



ယီဟွေ့ သီးသွားခဲ့ပြီး သူ၏လက်များကို တဖြည်းဖြည်းမြောက်ကာ ကျိုးကျင်ဟမ့်ကို ပြန်ဖက်ထားလိုက်သည်။



လေလုံခန်းထဲတွင် သံချေးအနံ့မှာ လေထဲသို့ပျံ့နှံလာသည်။ ကျိုးကျင်ဟမ့်မှာ ယခုအချိန်တွင် စိတ်ရောကိုယ်ပါ ရုန်းကန်နေရပြီး အလွန်ကြီးမားသည့်နာကျင်မှုကိုတောင့်ခံထားသကဲ့သို့ မောပန်းနေကာ သူ၏ခန္ဓာကိုယ်မှာ ယီဟွေ့ပေါ်သို့ နည်းနည်းစီမှီကျလာခဲ့သည်။



ကျိုးကျင်ဟမ့်၏ ကျယ်ပြန့်သော ကျောပြင်ပေါ်မှ လက်များမှာ ဓား၏လက်ကိုင်ကဲ့သို့ အရာတစ်ခုကို စမ်းမိသွားသဖြင့် ယီဟွေ့ အသက်ပင်မရှုရဲတော့သလို အားနည်းနည်းကိုမျှမထည့်ရဲတော့ဘဲ သူ၏ဘက်ဘက်လက်ကို ဖြည်းညင်းစွာ အောက်သို့ဆင်းလိုက်ရာ သူ၏တုန်ယင်နေသော လက်ဖဝါးတွင် စေးကပ်နေသည့်အရည်များ စိုစွတ်နေခဲ့သည်။



" တောင်းပန်ပါတယ် ကိုယ်တောင်းပန်ပါတယ်နော်…" ကျိုးကျင်ဟမ့် မျက်လုံးများကို မှိတ်ထားကာ ယီဟွေ့၏နားထဲသို့ အသံတိုးတိုးဖြင့် ပြောလာခဲ့ပြီး သူ၏အသက်ရှုနှုန်းမှာ မြန်ဆန်ကာ အားနည်းနေသည် " ဒီတစ်ကြိမ်တော့ ကိုယ်အရမ်းနောက်မကျတော့ဘူးပဲ…"