အပိုင်း ၅၅
Viewers 13k

 Chapter 55


ယီဟွေ့က ကျိုးကျင်ဟမ့်၏အိတ်ကပ်ထဲမှ ဖုန်းကို စမ်းတဝါးဝါးဖြင့် လိုက်ရှာနေလိုက်သည်။ သို့ရာတွင် ဖုန်းကို တွေ့ပြီးသော်လည်း အချိန်အတန်ကြာသည်အထိ လော့မဖြည်နိုင်သေးပေ။ 

သွေးများက ဖုန်းမျက်နှာပြင်တွင် ပေကျံနေပြီး လျင်မြန်စွာခြောက်သွား၍ လက်ချောင်းများဖြင့် သုတ်မရတော့ပေ။ ယီဟွေ့၏‌စိတ်ထဲ ကမောက်ကမ ဖြစ်နေသည်။ သူ နောက်ဆုံးတွင် အရေးပေါ် ဖုန်းနံပါတ်ကို ခေါ်လိုက်သော်လည်း တစ်ဖက်က ဖုန်းကိုင်လိုက်ချိန်တွင် စိတ်ဂနာမငြိမ်ဖြစ်လွန်းနေ၍ အခြေအနေကို ရှင်းလင်းစွာ မဖော်ညွှန်းပြတတ်အောင် ဖြစ်နေသည်။ 

ကျိုးကျင်ဟမ့်က သူ့ လက်ကောက်ဝတ်ကိုကိုင်လိုက်ပြီး ဖုန်းကို သူ့နားနား ကပ်လိုက်သည်။ 
" လိုင်စင်နံပါတ်ပြား ၇၉၀၃နဲ့ ထရပ်ကားတစ်စီးက ... အမှတ်၉၈ မူရှန့်လမ်းကနေ ထွက်သွားပါတယ်... လမ်းကြားထဲမှာ လူတစ်ယောက် သတိလစ်နေပါတယ် နောက်ထပ် လူတစ်ယောက်နဲ့ ကျွန်တော်က ချင်းသိုက်တောင်ကို ပါသွားတာပါ... ဒီဖုန်းကို ခြေရာခံပြီး နေရာအတည်ပြုလို့ရပါတယ် ဒါပေမဲ့ ဒီနေရာက အပူချိန်က နိမ့်လွန်းတော့ ဖုန်းအလိုလိုပိတ်သွားမှာစိုးရတယ် ကျေးဇူးပြုပြီး တတ်နိုင်သလောက် မြန်မြန်လာပေးကြပါ..."

စကားဆုံးသည်နှင့် ကျိုးကျင်ဟမ့်က သူ့လက်ကိုလွှတ်ပေးလိုက်ပြီး ယီဟွေ့ကိုယ်ပေါ် လဲကျလာသည်။ 

ယီဟွေ့က ကားကိုယ်ထည်ကို မှီလိုက်ပြီး လက်တစ်ဖက်ကို ကျိုးကျင်ဟမ့်၏ခါးတွင် ဖက်ထားလိုက်ကာ အခြားတစ်ဖက်ဖြင့် သူ့ပခုံးကို ပုတ်နေလိုက်သည်။ 
" ထပါဦး... အိပ်မပျော်သွားနဲ့နော်... မဟုတ်ဘူး မင်း မအိပ်ရဘူးနော်..."

သူ မြင်လိုက်ရသည့်အရာကို ပင် မေ့ပျောက်ချင်သွားသည်။ အခြေအနေက ပို၍ အန္တရာယ်များလေ၊  ပို၍ နိုးကြားနေရန် လိုအပ်ပေသည်။ တစ်ကြိမ်အိပ်ပျော်သွားသည်နှင့် နောက်တစ်ကြိမ် နိုးလာနိုင်တော့မည် မဟုတ်ပေ။ 

ယီဟွေ့ တံတွေးမျိုချလိုက်ပြီး ဖုန်းကို ဘေးနားချထားကာ တစ်ဖက်သို့ပြုတ်ကျသွားသည့် ကျိုးကျင်ဟမ့်၏လက်ကို ခါလိုက်သည်။ သူ့လက်ချောင်းများကို ကျိုးကျင်ဟမ့်၏ လက်ချောင်းများအကြားထည့်ကာ ဆုပ်ကိုင်ထားလိုက်ပြီး အနွေးဓာတ်က သူ့ထံ ကူးစက်သွားအောင် ကြိုးစားနေသည်။ ကျိုးကျင်ဟမ့်၏နှုတ်ခမ်းပါးများက သူ့ညှပ်ရိုးများအပေါ် ရောက်နေပြီး အပူငွေ့များ ရှုထုတ်နေသည်။ 

ကျိုးကျင်ဟမ့်၏ ခန္ဓာကိုယ်အပူချိန်က မြင့်လွန်းသည်။ သူက ဆောင်းတွင်းတွင် ကုတ်အင်္ကျီတစ်ထည် သာ ဝတ်ထားသော်လည်း မအေးတတ်သူဖြစ်သည်။ သို့ရာတွင် သူ၏ လက်ဖဝါးများက အေးစက်နေပြီး ရင်ဘတ်ကလည်း အသက်ရှုနေသကဲ့သို့ ပိန်လိုက်ဖောင်းလိုက် ဖြစ်‌မနေပေ။ 

ယီဟွေ့ ကြောက်လန့်တကြားဖြစ်သွားရသည်။ လက်တစ်ဖက်ကို လွှတ်လိုက်ပြီး လည်ပင်းတွင်ပတ်ထားသည့် မာဖလာကို ချွတ်လိုက်သည်။ မာဖလာကို ချွတ်နေစဉ်တွင် သူတို့လက်ချောင်းချင်းယှက်ထားသည်က အနည်းငယ် လှုပ်ရှားသွားသည်။ ကျိုးကျင်ဟမ့်က သူ့လက်ချောင်းများကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး သူ့လက်ကို တဖြည်းဖြည်းပြန်ဆွဲယူနေကာ ခေါင်းကို ယီဟွေ့ပခုံးပေါ် မှီလိုက်သည်။

အမှောင်ထဲတွင်ဖြစ်တွင် ဖြစ်နေ၍ ယီဟွေ့က ကျိုးကျင်ဟမ့်မျက်လုံးများ ပွင့်မပွင့်ကို မသိပေ။ သူသိသည်မှာ ကျိုးကျင်ဟမ့်က သူ့ကို ရှာဖွေနေခြင်းကိုပင်။ 

" ကိုယ် နိုးနေပါတယ်... မင်း ကိုယ့်ကို မအိပ်ခိုင်းရင် ကိုယ်လုံးဝ မအိပ်ဘူးနော်..."

ကျိုးကျင်ဟမ့်က စိတ်အေးလက်အေးဖြစ်ဟန်ဆောင်နေသည်။ 

သူ့ ကုတ်အင်္ကျီကိုချွတ်ပြီး ယီဟွေ့ကို ခြုံပေးလိုသော်လည်း ယီဟွေ့က သူ့ကိုဟန့်တားလိုက်သည်။ ဓားကို ခပ်နက်နက်ထဲအထိ အထိုးခံထားရသလို နှလုံးနှင့်လည်း နီးကပ်နေသည်။ ယီဟွေ့က သူ့ကို မလှုပ်ရှားခိုင်း၍ သူ ထပ်မလှုပ်တော့ပေ။

ကံကောင်းသည်မှာ ကျိုးကျင်ဟမ့်က ယခုချိန်တွင် အင်အားမရှိဖြစ်နေ၍ ယီဟွေ့ကို အနိုင်မယူနိုင်ပေ။ ယီဟွေ့က မာဖလာကို သူ့လည်ပင်းတွင် ပတ်ပေးလိုက်သည်ကို ကြည့်ရုံသာ ကြည့်နေရသည်။ သူတို့နှစ်ယောက်၏ နှဖူးပြင်များကို ဖိကပ်ထားပြီး အနွေးဓာတ်ရအောင် တစ်ယောက်ကိုတစ်ယောက်မှီနေကြသည်။ 

အလွန်နီးကပ်နေ၍ မည်မျှတိုးညှင်းသောအသံဖြစ်စေ မကြားနိုင်ရန် မဖြစ်နိုင်ပေ။ ကျိုးကျင်ဟမ့်က မရပ်မနား ရေရွတ်လိုက်သည်။ 

" ဟွေ့ဟွေ့ရဲ့လက်တွေက အရမ်းနူးညံ့တာပဲ... ဟွေ့ဟွေ့ရဲ့ ကိုယ်သင်း‌နံ့လေးကလည်း အရမ်းမွှေးတယ်..."

ယီဟွေ့က နားမထောင်ရဲတော့၍ ရှက်ရွံ့စွာဖြင့် ပေးလိုက်သည်။ 

" မင်း ... မင်း အဲ့လိုတွေ ဆက်ပြောနေရင် ငါမင်းကို ပစ်ထားလိုက်မှာနော်..."

ကျိုးကျင်ဟမ့် ပြုံးလိုက်သည့်အခါ သူ၏နွေးထွေးသော‌ အသက်ရှုသံက  ယီဟွေ့၏ နှာဖျားနှင့် ပါးပြင်များကို ရိုက်ခတ်မိသွားသည်။ 

" မင်း နောက်ဆုံးတော့ ကိုယ့်ကို စကားပြောချင်ပြီပေါ့..."

သူ တစ်ချိန်လုံးစကားပြောနေပါက မောပမ်းပြီး သတိလစ်သွားမည်ကို စိုးရိမ်သောကြောင့် ယီဟွေ့က သူနားထောင်နေကြောင်းသာ အမူအရာဖြင့် ပြလိုက်သည်။

" ကိုယ် မင်းအတွက် ပန်းအိုးနှစ်အိုးဝယ်ထားပြီး ကိုယ်တို့ နောက်ဆုံးတစ်ခေါက် ဆုတောင်းခဲ့ကြတဲ့ သစ်ပင်နားက ပန်းခြံထဲမှာ ထည့်ထားခဲ့တယ်... နှင်းပန်းတစ်အိုးနဲ့ စံပယ်ပန်းတစ်အိုး... မင်း သူတို့ကိုကြိုက်တယ်ဆိုရင် သွားယူဖို့ မမေ့နဲ့ဦး..."

" အင်း..."

" ကိုယ် မင်းကို နောက်ဆုံးတစ်ခေါက်ခေါ်သွားတဲ့ စားသောက်ဆိုင်ကို မှတ်မိလား... အခုကစပြီး။မင်းက အဲ့ဆိုင်ပိုင်ရှင်ပဲ... မင်း အဲ့နေရာကို ထမင်းစားဖို့၊ ပန်းချီဆွဲဖို့နဲ့ နေပူဆာလှုံဖို့ သွားရင်ရတယ်..."

" အင်း..."

" လက်စွပ်က သီးသန့်မှာထားပြီး ကိုယ်တို့နာမည်တွေ ထွင်းထားတာ... မင်းတစ်ယောက်တည်းကိုပဲ ကိုယ် လက်ထပ်ဖို့ တောင်းဆိုဖူးတာပါ တခြားအတွေးတွေ မဝင်ပါနဲ့..."

" အင်း..."

" လက်စွပ်နဲ့အတူ ရတနာဘူးတစ်ဘူး ပါဦးမှာ... ကိုယ့်အမေက သူ့အနာဂတ်ချွေးမကိုပေးဖို့ ထားခဲ့တာ သိမ်းထားနော်..."

" အင်း..."

" နှစ်သစ်ကူးကျ မင်းမွေးနေ့ရောက်ပြီပဲ...အဲ့နေ့ည ၇နာရီလောက်ကျရင် ကားတစ်စီးက မင်းကို လာခေါ်လိမ့်မယ်... တကယ်လို့ မင်း အဲ့အချိန်ထိ အိမ်မှာနေနေတုန်းဆိုရင်တော့ အရင်ဆုံးညစာစားပြီး ဗိုက်ပြည့်သွားမှ မီးရှူးပန်းတွေကြည့်နော်..."

ထိုစကားကိုကြားသည့်အခါ ယီဟွေ့ ပြန်မဖြေနိုင်တော့ပေ။ ဤနှစ်မွေးနေ့တွင် သူတစ်ယောက်တည်းနှင့်သက်ဆိုင်သော မီးရှူးပန်းများနှင့် ကိတ်တစ်လုံးရှိခဲ့သည်ကို အမှတ်ရသွားမိသည်။ ထိုအချိန်က သူ့ပုံစံက စိတ်ပျက်ဖွယ်ရာဖြစ်ခဲ့၍ ယခုအခါ ပျာယာခတ်နေရပေသည်။ 

ကျိုးကျင်ဟမ့် နောက်ထပ်စကားတစ်ခွန်းမပြောမီတွင် ယီဟွေ့က အသံမြှင့်ပြီး ပြောလိုက်သည်။
" စကားမပြောနဲ့တော့လေ..."

ကျိုးကျင်ဟမ့်က အမောတကော အသက်ရှုလိုက်ပြီး ခေါင်းမာစွာဖြင့် ပြောလာသည်။ 
" ကိုယ် စကားဆုံးအောင် ပြောပါရစေဦး... မင်းရဲ့ပန်းချီတွေ၊ ဒိုရေမွန်အရုပ်တွေနဲ့ မင်း လွှတ်ပစ်ထားခဲ့တာတွေအားလုံးက ထပ်ခိုးပေါ်က စတိုခန်းထဲမှာ ရှိတယ်... တကယ်လို့ အဲဒါတွေကို တကယ်မလိုချင်ရင်တော့ရင် အန်တီ့ကိုပဲ လွှတ်ပစ်ခိုင်းလိုက်ပါ..."

" ငါ လိုချင်ပါတယ်..."

ယီဟွေ့က မျက်လုံးအပြူးသားဖြင့် သူ့စကားကို ဖြတ်ပြောလိုက်သည်။

" ငါ အဲဒါတွေအကုန် လိုချင်ပါတယ် မင်းလည်း ဘယ်မှ မသွားရဘူး..."

ကျိုးကျင်ဟမ့်၏ သွေးဆုတ်နေသည့်မျက်နှာက အမှောင်ထုထဲတွင် တဖြည်းဖြည်း ဖြူရော်လာသည်။ တစ်ဖက်လူက သူ့ကို မမြင်ရသော်လည်း သူ ပြုံးနေဆဲဖြစ်သည်။

" အင်း... ကိုယ် ဘယ်မှ မသွားပါဘူး..."

အဖြေပြန်ရပြီးသော်လည်း ယီဟွေ့က စိတ်အေးလက်အေး မနေနိုင်ပေ။ 

" မင်းပဲ ငါနဲ့တူတူ မီးရှူးပန်းတွေ ကြည့်ချင်တယ်လို့ ပြောတယ်မလား... "

သူ အသက်ပြင်းပြင်းရှုလိုက်သည်။
" မင်း အကြိမ်ပေါင်းများစွာ လိမ်ခဲ့ပြီးပြီ ဒီတစ်ခေါက်တော့ ငါ့ကို မလိမ်နဲ့တော့..."

သူ အလွန် ကြောက်လန့်လွန်းနေ၍ ကျိုးကျင်ဟမ့်ကို လက်မလွှတ်နိုင်ပေ။ နှုတ်ဆက်စကားနှင့်တူသည့် စကားများ သူ့နှုတ်မှ ထွက်ကျလာသည်ကို မကြားချင်တော့ပေ။ 

သို့ဖြစ်၍ သူပြောသမျှအားလုံးကို ဂရုမစိုက်ပဲ လျစ်လျူရှု့ထားသည်။ သူ ကျိုးကျင်ဟမ့်ကို ခပ်တင်းတင်းဖက်ထားလိုက်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို ခပ်မတ်မတ်ထားကာ ကျိုးကျင်ဟမ့်မျက်နှာကို မော့လိုက်သည်။ သူတို့မျက်နှာချင်းထိသွားချိန်တွင် နှုတ်ခမ်းကို နမ်းပြီးလျက်လိုက်သည်။

အေးစက်နေသည့် ထရပ်ကားထဲတွင် သူတို့နှစ်ယောက်တည်း ပူနွေးနေကြသည်။ 

ယီဟွေ့က ကျိုးကျင်ဟမ့်ကို သတိပေးခြင်းမရှိပဲ နမ်းလိုက်ပြီး လျှာဖျားချင်း ထိမိသွားချိန်တွင် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဆက်နွယ်မှုကိုသုံးပြီး နှစ်ယောက်အကြားတွင် ဤနှစ်ပိုင်းများအတွင်း မပြောဖြစ်ခဲ့သော မသေချာမရေရာမှု၊ နာကျင်မှုနှင့် ကြောက်လန့်မှုများကို ဝေမျှလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

မြောက်များစွာသောအချစ်များနှင့် တွန့်ဆုတ်မှုတို့က လျှံကျလုနီးပါး ဖြစ်လာသည်။ 

ဤအပြုအမူကြောင့် တဖြည်းဖြည်းတိုးလာသည့် စိတ်ခံစားချက်များက ခန္ဓာကိုယ်မှ ဆဲလ်သေများကိုပင် လှုပ်ရှားသွားစေပြီး ကျိုးကျင်ဟမ့်၏ ဖြူဖျော့နေသည့် နှုတ်ခမ်းများက နီရဲလာသည်။ ယီဟွေ့၏ခေါင်းကို လက်တစ်ဖက်ဖြင့်ဖိထားပြီး အခြားလက်တစ်ဖက်က ကျောဘက်တွင် ပြေးလွှားနေသည်။ 

သူတို့၏ ဝင်လေထွက်လေများက ရောယှက်သွားပြီး မာဖလာတစ်ထည်တည်းက သူတို့ကို တင်းကြပ်စွာ ရစ်ပတ်ထားသည်။ အကြိမ်ကြာမြင့်စွာ ဖိကပ်ထားခဲ့သည့် နှုတ်ခမ်းများကို ခွဲခွာလိုက်ချိန်တွင် ကျိူကျင်ဟမ့်၏ ယီဟွေ့၏ မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်ပေးပြီး မေးလိုက်သည်။
" မသက်မသာဖြစ်နေလို့လား..."

ယီဟွေ့ ခေါင်းခါလိုက်သည်။

" အေးလို့လား..."

ယီဟွေ့ ခေါင်းခါလိုက်ပြန်သည်။

" ကြောက်လို့လား..."

ယီဟွေ့က ငိုရှိုက်သံလေးတစ်သံပြုလိုက်ပြီး နှုတ်ခမ်းကိုက်ထားကာ ခေါင်းခါလိုက်ပြန်သည်။ 

ကျိုးကျင်ဟမ့်က စနောက်နေလိုက်သည်။
" ဒါဆိုရင် ကိုယ့်ကိုကြိုက်လား..."

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ယီဟွေ့က သူ့ရင်ခွင်ထဲမှီလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။ 

ကျိုးကျင်ဟမ့် ရယ်လိုက်မသိသည်။
" ကိုယ် သေတော့မယ်ထင်လို့ နှစ်သိမ့်ပေးနေတာလား..."

ယီဟွေ့ ထပ်မံခေါင်းခါလိုက်သည်။

ကျိုးကျင်ဟမ့်က မျက်လုံးမှိတ်ထားလိုက်ပြီး စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ 

ဤနေ့ကိုရောက်ရန် သူ ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသော်လည်း သူကိုယ်တိုင်က မယုံကြည်ရဲသေးပေ။ 

ကားက အမည်မသိ ဦးတည်ရာတစ်ခုကို ဆက်လက်မောင်းနှင်နေသည်။

အချိန်က တဖြည်းဖြည်းချင်း ကုန်ဆုံးလာပြီး ထရပ်ကားထဲမှ အပူချိန်ကလည်း သုညအောက် ရောက်လာသည်။ ယီဟွေ့သည်လည်း ရေခဲတမျှအေးစက်လာပြီး ခြေလက်များကလည်း အေးစက်မှုကြောင့် တောင့်တင်းလာကာ အသက်ရှုသံကလည်း တဖြည်းဖြည်း တုန်ယင်လာသည်။ 

ကျိုးကျင်ဟမ့် အနည်းငယ်တည်ငြိမ်လာသည်။ ရင်ဘတ်ကို ထုတ်ချင်းပေါက်လုနီးပါးဖြစ်ခဲ့သော ဒဏ်ရာက ‌ဓားနှင့်အတူ ခဲသွားကာ၊ သွေးဆုံးရှုံးမှု နှေးလာသောကြောင့် အစောပိုင်းကကဲ့သို့ အားနည်းမနေတော့ပဲ ခြေလက်များ ပြန်လည်လှုပ်ရှားနိုင်လာသည်။ 

မာဖလာကိုချွတ်လိုက်ပြီး ယီဟွေ့လည်ပင်းတွင် ဂရုတစိုက် ပြန်ပတ်ပေးလိုက်သည်။ 

" အဲ့တုန်းက အေးနေတာလား..."

ယီဟွေ့က သူ့လက်မောင်းများကို လှုပ်လိုက်သော်လည်း နှေးကွေးနေလွန်း၍ ခေါင်းခါလိုက်သည်လား ခေါင်းငြိမ့်လိုက်သည်လားပင် ကွဲပြားစွာ မသိတော့ပေ။

ကျိုးကျင်ဟမ့် ထပ်မေးလိုက်သည်။
" ကိုယ် ပြောခဲ့တာကို မှတ်မိသေးလား... မင်းကိုယ့်ကို လာမနမ်းခင်ကလေ..."

သူ့ခါးကိုဖက်ထားသည့် လက်များက တင်းကြပ်သွား၍ ယီဟွေ့ရှက်သွားကြောင်း ပြသနေသည်။ ကျိုးကျင်ဟမ့်က နှုတ်ခမ်းများကွေးညွတ်ပြီး ပြုံးပြလိုက်သည်။ သူပြောသည်ကိုကြားကြောင်း သိသွားသည်နှင့် ခါးပေါ် လက်တစ်ဖက်တင်ထားပြီး သူ့ပခုံးပေါ်မှ ယီဟွေ့လက်တစ်ဖက်ကို သူ့ရင်ခွင်ထဲ ထည့်လိုက်သည်။

" ကိုယ် ထပ်မလုပ်တော့ပါဘူး..."

သူ့နှာဖျားမှထွက်လာသည့် လေပူက တဖြည်းဖြည်း နည်းပါးလာသည်။ ကျိုးကျင်ဟမ့်က အချိန်နှောင်းသွားမည်စိုး၍ အသံတိုးတိုးဖြင့် အလျင်အမြန်ပြောလိုက်သည်။ 

" မင်းရဲ့ယောက်ကျားက မင်းကိုဘယ်တော့မှ ထပ်မညာတော့ပါဘူး... မင်းကို ကောင်းကောင်းဆက်ဆံပါ့မယ်... ကိုယ့်ရင်ထဲမှာလည်း မင်းတစ်ယောက်တည်းပဲရှိတာပါ... ကိုယ်နဲ့တူတူ အိမ်ပြန်လိုက်ခဲ့နော် ဟုတ်ပြီလား..."

လက်ဖျားများက ရင်အုပ်၏ နွေးထွေးသော နေရာကိုထိသွား၍ ယီဟွေ့၏ အသိစိတ်က ဦးတည်ရာမရှိ ယိမ်းယိုင်သွားကာ ကျိုးကျင်ဟမ့်၏ နောက်ဆုံးလက်ကျန် နွေးထွေးမှုလေးကို မစုပ်ယူလိုခဲ့ပေ။ လက်ကို ပြန်ရုတ်လိုသော်လည်း သူ့ကို တင်းတင်းကြပ်ကြပ်ဆွဲထား၍ ရုန်းမရဖြစ်နေသည်။

သူ့ခန္ဓာကိုယ်မှ သွေးများအားလုံး ခဲလုနီးပါးဖြစ်နေသော်လည်း သူ့မျက်ဝန်းထဲမှ မျက်ရည်များက မျက်နှာပေါ် စီးကျလာသည်။ 

ယီဟွေ့ ခက်ခက်ခဲခဲဖြင့် ပါးစပ်ဟလိုက်ပြီး အေးစက်လှသည့် နှင်းထုထဲမှ သူပိုင်ဆိုင်သည့် အနွေးဓာတ်လေးထဲ တိုးဝင်ကာ တီးတိုးပြောလိုက်သည်။

" ကောင်းပါပြီ..."




Xxxxxxx