အပိုင်း ၅၆.၁
Viewers 11k

Chapter 56.1




ဆောင်းဦးမနက်ခင်းလေပြည်က သစ်ကိုင်းများကို တိုက်ခတ်လာပြီး သစ်ရွက်များကို တရှဲရှဲအသံများ ဖြစ်လာစေသည်။ 

ဆေးရုံကော်ရစ်ဒါလမ်း၏ အဆုံးတွင် ယီဟွေ့က ပြတင်းပေါက်အနားတွင်မှီပြီး " ခွဲစိတ်နေဆဲ " ဟူသည့် စာလုံးနီကြီးကို ကြည့်နေသည်။ သူက သိုးမွေးကုတ်အင်္ကျီကို ဝတ်ဆင်ထားကာ လက်ထဲတွင်လည်း ရေနွေးတစ်ပုလင်းကို ကိုင်ထားသော်လည်း သူ့နှလုံးသားက အေးစက်နေသည့် ထရပ်ကားထဲတွင်သာ ရှိနေသည့်ပုံရပြီး နှလုံးခုန်သံကလည်း တိတ်ဆိတ်ငြိမ်သက်လွန်းနေသည်။ 

ထရပ်ကားက အသည်းအသန် ဘရိတ်အုပ်လိုက်ချိန်တွင် ကားတံခါးကို ကလော်ဖွင့်လိုက်ကြသည့်အခါ ကားထဲသို့ အလင်းရောင်များ တိုးဝင်လာခဲ့သည်။ ကျိုးကျင်ဟမ့်က သွေးများဖြင့် စိုရွှဲနေခဲ့ပြီး လှုပ်ရှားမှုကင်းမဲ့နေကာ မျက်တောင်များတွင်လည်း ရေခဲမှုန်များကပ်နေခဲ့ပြီး ယီဟွေ့က သူ့ကို တင်းကြပ်စွာ ဖက်ထားခဲ့သည်။ ရဲများနှင့် ဆရာဝန်များက သူတို့နှစ်ယောက်ကို ခွဲထုတ်ပစ်ရန် အချိန်အတန်ကြာအောင် ပြုလုပ်ခဲ့ရသည်။

ဆေးရုံကားထဲရောက်သည့်အခါ သူ ကျိုးကျင်ဟမ့်၏လက်ကို တင်းကြပ်စွာဆုပ်ကိုင်ထားခဲ့ပြီး အနွေးဓာတ်ရစေရန် သူ့ပါးစပ်အနားကပ်ကာ အာငွေ့ပေးခဲ့သည်။ လက်ကို ရေပူစွတ်ထားသည့်အဝတ်ဖြင့် ပွတ်တိုက်ပေးလိုက်သော်လည်း ကျိုးကျင်ဟမ့်က မတုံ့ပြန်လာခဲ့၍ သူ ထိတ်ထိတ်ပျာပျာဖြစ်ပြီး ငိုချင်စိတ်ပေါက်လာသည်။ အေးစက်တောင့်ခဲပြီး ပြာနှမ်းနေသည့်လက်ချောင်းများက ရုတ်ချည်း လှုပ်လာပြီး မျက်တောင်များ တုန်ယင်လာသည်။ ထို့နောက် သူ့မျက်လုံးများ တဖြည်းဖြည်းပွင့်လာသည်။ လူနာတင်စင်ပေါ်တွင် လှဲလျောင်းနေသည့် ကျိုးကျင်ဟမ့်မှာ အကြိမ်ပေါင်းများစွာ ကြိုး‌စားသော်လည်း ပြုံးပြရန် မတတ်နိုင်ခဲ့ပေ။ အောက်စီဂျင်မက်စ်မှတစ်ဆင့် နှုတ်ခမ်းများလှုပ်ပြီး "မငိုပါနဲ့" ဟူသည့် စကားလုံးများကိုသာ ပြောနေခဲ့သည်။ 

ယီဟွေ့  မျက်ရည်များကို ထိန်းထားလိုက်သည်။ ကျိုးကျင်ဟမ့်ကို ခွဲစိတ်ခန်းထဲပို့လိုက်ချိန်တွင်လည်း သူ မငိုခဲ့ပေ။ လက်မြှောက်လိုက်သည့်အခါ ကျိုးကျင်ဟမ့်လက်ပေါ်မှ သွေးများစီးကျလာချိန်တွင်လည်း မငိုခဲ့ပေ။ ဆရာဝန်က ခွဲစိတ်ခန်းထဲမှထွက်လာပြီး အရေးပေါ် သတိပြုစာတစ်စောင် ထုတ်ပေးလာချိန်တွင်လည်း သူ မငိုမိတော့ပေ။ 

" ဓားက တော်တော်ရှည်တယ်... သူက နံရိုးကနေ ရင်ခေါင်းထဲတည့်တည့် အထိုးခံလိုက်ရတာ နှလုံးနဲ့ နှစ်စင်တီမီတာလောက်ပဲ ကွာတော့တယ်... တခြား ဒဏ်ရာတော့ မရှိပေမယ့် အပူချိန်နည်းလွန်းလို့ သွေးခဲသွားတယ်... လူနာက ဒဏ်ရာလည်းနက်တဲ့အပြင် သွေးထွက်လည်းလွန်နေပြီး ခုထိလည်း သတိလစ်နေတုန်းပါပဲ... အဲ့တော့ မိသားစုဝင်တွေ ကျေးဇူးပြုပြီး စိတ်ကိုပြင်ဆင်ထားကြပါ..."

ဆရာဝန်၏ နားလည်ရလွယ်သည့် ရှင်းပြချက်ကို နားထောင်ပြီးသောအခါ ယီဟွေ့က တွေဝေငေးငိုင်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီး ဆရာဝန်က တစ်ဖက်သို့ ပြန်လှည့်သွားတော့မည့်အချိန်မှ လက်မောင်းကို ဖမ်းဆွဲထားပြီး ပြောလိုက်သည်။

" ကျေးဇူးပြုပြီး သူ့ကိုကယ်ပေးပါ..."

သူက ခုမှ ၂၃နှစ်ပဲ ရှိသေးတာလေ... အရင်နှစ်ကမှ အကောင်းဆုံးသရုပ်ဆောင်ဆု ရထားတာ... လူတွေအများကြီးကလည်း သူ့ကို သဘောကျကြတယ်... သူ့ကို ပန်းတွေနဲ့ပြည့်နေတဲ့ တောက်ပတဲ့အနာဂတ်ကြီးတစ်ခုက စောင့်နေတာ အေးစက်နေတဲ့ ခွဲစိတ်ခန်းခုတင်ပေါ်မှာ လှဲနေရမှာ မဟုတ်ဘူး...

ထိုစကားများကိုမူ ယီဟွေ့ ပြောမထွက်လိုက်ပေ။ သူ ငိုယိုနေပါကလည်း ခွဲစိတ်ခန်းထဲမှလူကို အသက်ရှင်ရန် အခွင့်အရေးတိုးလာတော့မည် မဟုတ်ပေ။ သို့ရာတွင် သူ ဤအခြေအနေသို့ ရောက်နေရသည်ကို တွေးမိရုံဖြင့် ဝမ်းနည်းလာသောကြောင့် အသက်ပင် မရှုနိုင်တော့ပေ။ 

ထိကိစ္စများအပြင် အရေးကြီးဆုံးမှာ ယီဟွေ့ သူ့ကို မသေစေချင်ပဲ အသက်ရှည်ရှည် နေစေလိုသည်။ ကျိုးကျင်ဟမ့် မျက်လုံးမမှိတ်သွားမီအထိ ပြောခဲ့သည့်စကားများကို သဘောမတူခဲ့မိသည်ကို သူ နောင်တရလာသည်။ အကယ်၍ ဤ‌ကပ်ဘေးကြီးက သူနှင့် ကျိုးကျင်ဟမ့်အတွက် ကံကြမ္မာဖန်လာခြင်း ဖြစ်ခဲ့လျှင်ပင် အနည်းဆုံး နောင်တများ မရှိနေသင့်ပေ။ 

ထို့အပြင် သူက အစမှ အဆုံးထိတိုင် ရပ်တန့်သွားခြင်းမရှိသော အချစ်မျိုးဖြင့် ကျိုးကျင်ဟမ့်ကို အမြဲတမ်း ချစ်နေခဲ့သည်။ 

အင်အားမဲ့သော ခုခံမှု၊ တွန့်ဆုတ်နေခြင်းများ ရစ်ဝဲနေခြင်းနှင့် ညအချိန်တွင် ဝိုးတဝါးခံစားနေရသည့် နာကျင်မှုများနှင့် သူ့ကို မွှေနှောက်နေသည့် ခံစားချက်များအားလုံးမှာ ကျိုးကျင်ဟမ့်ကို ချစ်နေဆဲဖြစ်သောကြောင့်ပင်။ 

ယီဟွေ့၏ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာများရထားသည်။ ကြိုးဖြင့် တုပ်နှောင်ထားခဲရခြင်းကြောင့် လက်ကောက်ဝတ်မှ ပွန်းပဲ့ဒဏ်ရာများအပြင် ခေါင်းကိုလည်း မာကျောသည့်အရာတစ်ခုဖြင့် အရိုက်ခံထားရသည်။ ဆရာဝန်က သူ့ကို ဆေးရုံတွင် ရက်အနည်းငယ်နေရန် အကြုံပြုထားခဲ့သော်လည်း သူက လုနာဆောင်ထဲတွင် မနေပဲ ခွဲစိတ်ခန်းတံခါးဝအထိ ပြေးထွက်လာခဲ့ခြင်းဖြစ်သည်။ 

ယီဟွေ့၏ ကမ္ဘာတွင်မူ အချိန်က အလွန်နှေးကွေးစွာ စီးဆင်းနေသည်။ ဤအချိန်အပိုင်းက သူ့ဘဝတွင် အကြာဆုံးဖြတ်သန်းခဲ့ရသည့် လမ်းရှည်ကြီးဖြစ်သည်။ လူအများက ဝင်ထွက်သွားလာနေ၍ သူ့နားထဲတွင် ဆူညံသံများဖြင့် ပြည့်နေသည်။

ပထမဆုံးရောက်ရှိလာသည်မှာ ကျိုးကျင်ဟမ့်၏လက်ထောက် ရှောင်လင်းဖြစ်သည်။  ယီဟွေ့က ယခင်ဘဝတွင် သူနှင့်အတူ ဆုံတွေ့ခဲ့ဖူးသည်။ ကျိုးကျင်ဟမ့် အလုပ်ပြီးသည်နှင့် အိမ်ပြန်လာအောင် သတိပေးရန် ယီဟွေ့က သူ့ကိုခိုင်းခဲ့ဖူးသည်။ ထိုစိတ်ကူးက အလုပ်မဖြစ်ခဲ့သော်လည်း ယီဟွေ့ တောင်းဆိုခဲ့စဉ်အချိန်က ထိုလူက အလေးအနက်ထားပြီး သဘောတူခဲ့သည်။ ဘဝတွင် တစ်ကြိမ်တစ်ခါသာ တွေ့ခဲ့ဖူးသည့် သူစိမ်းဖြစ်သော်လည်း ထိုလူက ကြင်နာလွန်းလှပေသည်။ 

ကျိုးကျင်ဟမ့်က ရှောင်လင်းကို သူ့အကြောင်း မပြောခဲ့ခြင်း သို့မဟုတ် ရှောင်လင်းက သူ့ကို မယုံခဲ့ခြင်းလည်း ဖြစ်‌နိုင်ပေသည်။ ရှောင်လင်း ယီဟွေ့ကို မြင်သည့်အခါ သူ့မျက်ဝန်းထဲတွင် ဇဝေဇဝါဖြစ်သွားပုံရသည်။ သူတို့ယခင်က ဖုန်းပြောခဲ့ဖူးကြ၍ လက်ဆွဲနှုတ်ဆက်ပြီး ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်ပေသည်။ နှုတ်ဆက်ပြီးသည့်အခါ သူက ကျိုးကျင်ဟမ့်၏ အခြေအနေကိုမေးသည်။ ယီဟွေ့က ဆရာဝန်ပြောသည်များကို ထပ်ပြောပြလိုက်သည့်အခါ ရှောင်လင်းက မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်နှာထက်တွင် စိုးရိမ်ပူပန်သည့် အရိပ်အယောင် ပေါ်လာသည်။

" တကယ်လို့ ရိုက်ကူးရေးအဖွဲ့က လူတွေ လာကြည့်မယ်ပြောရင် သူတို့ကိုထားလိုက်ပါ ကျွန်တော် အဆင်ပြောအောင် ပြောထားလိုက်မယ်... ခွဲစိတ်ခန်းထဲက  ထွက်လာရင် သူ့ကို အေးအေးဆေးဆေးပဲ နားခိုင်းလိုက်ပါ..."

ယီဟွေ့ ခေါင်းငြိမ့်ပြလိုက်သည်။ 

မထွက်သွားမီတွင် ရှောင်လင်းက တစ်စုံတစ်ရာကိုတွေးမိပြီး ပြောလာသည်။ 

" တစ်ခုခုစားဖို့ သွားဝယ်ပေးမယ်လေ မင်းလည်း  ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဦး... သူလည်း မင်းကို အဲ့လိုမျိုး မြင်ချင်မှာ မဟုတ်ဘူး..."

ယီဟွေ့ သူပြောသည်ကို နားမလည်သကဲ့သို့ သူ မည်သည့်ပုံပေါက်နေသည်ကိုပင် မသိတော့ပေ။ 

ရှောင်လင်းက ရှင်းပြသည်။
"  သူ မနေ့ညက မထွက်သွားခင် မင်းကို ဂရုမစိုက်ဖို့ မှာသွားတယ်... အန္တရာယ်တစ်ခုခု ဖြစ်တော့မယ်ဆိုတာ သူကိုယ်တိုင်လည်း ခန့်မှန်းထားမိတဲ့ပုံပဲ..."

ယီဟွေ့ မေးလိုက်သည်။
" သူ တစ်ခုခု ပြောသေးလား..."

ရှောင်လင်း ပြန်‌စဉ်းစားလိုက်သည့်အခါ သူတို့အရက်သောက်နေစဉ်က ပြောခဲ့သည့် စကားများကို ပြန်တွေးမိသွားသည်။ 

" သူက အနာဂတ်မှာ မင်းနဲ့ ကောင်းကောင်းမွန်မွန်နေတော့မယ် မင်းကို စိတ်ချမ်းသာအောင် ထားမယ် တခြားကိစ္စတွေကြောင့် မခံစားစေရတော့ဘူးတဲ့..."

ခဏအကြာတွင် အသိမိတ်ဆွေအနည်းငယ်ရောက်လာပြီး ပန်းများပေးသွားကာ စကားအနည်းငယ်ပြောပြီး ပြန်သွားကြသည်။

ကျိုးကျင်ဟမ့်၏အဖေ ကျိုးဟွာရုံကလည်း ခဏနေသွားသည်။ သူ့သားက သတိမေ့နေဆဲဖြစ်ကြောင်း ကြားသည့်အခါ ဤနေရာမှ ဆေးကုသမှု မကောင်းမွန်ကြောင်းပြောပြီး ကျိန်ဆဲနေသည်။ သူက ကျိုးကျင်ဟမ့်ကို အခြားဆေးရုံတစ်ခုသို့‌ ရွှေ့ချင်နေသည်။ သူနာပြုတစ်ယောက်၏ ဖျောင်းဖျမှုခံရပြီးမှသာ ခွဲစိတ်ခန်းရှေ့တွင် ဆူဆူညံညံလုပ်နေခြင်းကို ရပ်တန့်လိုက်သည်။ 

ယီဟွေ့ သူ၏ အမည်ခံယောက္ခထီးကို မတွေ့ရသည်မှာ အလွန်ကြာပြီဖြစ်သည်။ ထိုသက်လတ်ပိုင်းအရွယ်လူကြီးက သူ့ကို အလွန်ကြင်နာသည်ကိုသာ သူမှတ်မိသည်။ ယခု ပြန်တွေးကြည့်မိသည့်အခါမှ ယီမိသားစုထံမှ အထောက်အပံ့က်ို လိုအပ်၍  သူ့ကို‌အပေါ်ယံတွင်သာ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ကြောင်း သိလာသည်။  ကျိုးကျင်ဟမ့်က ကျိုးဟွာရုံကို မုန်းတီးသော်လည်း သူတို့နှစ်ယောက်က အလွန်တူကြသည်။ သို့ဖြစ်၍ သူ့အဖေကို ပိုမို မုန်းတီးရခြင်း ဖြစ်ပေမည်။ ဤလူကြီးမှာ ယခင်က သူတို့နှစ်ယောက်အကြားမှ ဆက်ဆံရေးကို အသုံးချပြီး ကျိုးကျင်ဟမ့်ကို အခက်တွေ့အောင် လုပ်ခဲ့ဖူးသည်။ 

သူ့ရှေ့မှလူက ယခင်ယီဟွေ့နှင့် အလွန်တူသည်ကို ကျိုးဟွာရုံ မြင်လိုက်ရသည့်အခါ သူ၏ မောက်မာမှုများ အနည်းငယ် လျော့ပါးသွားသည်။ ရဲများက ဓားပြသုံးယောက်ကို ဖမ်းဆီးပြီး နောက်ကွယ်မှ ကြိုးကိုင်သူကို ခြေရာခံနေပြီဖြစ်ကြောင်း လာရောက်ပြောပြသည့်အါ ယီဟွေ့ ဤကိစ္စကို ကိုင်တွယ်ပုံအား ကျေနပ်သွားဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ 

ခွဲစိတ်ခန်းမီးကိုမှိတ်လိုက်ပြီးနောက် ကျိုးကျင်ဟမ့်ကို ခွဲခန်းထဲမှ ထုတ်လာပြီး ICUသို့ တိုက်ရိုက်ခေါ်သွားကြသည်။ ဆရာဝန်က ခွဲစိတ်မှုအောင်မြင်သည်ဟု ပြောသော်လည်း လူနာက သွေးထွက်လွန်သွား၍ ကိုမာဖြစ်နေသောကြောင့် အချိန်တစ်ခုအထိ အန္တရာယ်တောထဲမှ မထွက်နိုင်သေးဟု ပြောလာသည်။

ယီဟွေ့က အခန်းထဲ ဦးစွာဝင်သွားသည်။ သူက ပိုးသတ်ထားသည့်အဝတ်အစားနှင့် မက်စ်ကိုတပ်ကာ ဝင်သွားပြီး ကျိုးကျင်ဟမ့်ကိုထိုးစိုက်ထားသည့်ဓားက  မရှိတော့‌ကြောင့် အတည်ပြုလိုက်သည်။ သူ့နောက်မှ တပီပီမြည်နေသည့်စက်များကို သူ သဘောမပေါက်ပေ။ ဆရာဝန်၏ သဘောတူညီမှုအရ ကျိုးကျင်ဟမ့်၏လက်ကောက်ဝတ်ကို ဂရုတစိုက်ထိကြည့်လိုက်သည့်အခါ အားနည်းနေသည့် နှလုံးခုန်သံကို ခံစားလိုက်ရသည်။ ထိုအခါမှသာ စိတ်အေးလက်အေးဖြင့် သက်ပြင်းချနိုင်တော့သည်။ 

အပြင်ထွက်လာချိန်၌ သူ မမျှော်လင့်ထားသည့် တစ်စုံတစ်ယောက်နှင့် တွေ့လိုက်သည်။

ယဲ့ချင်းက ပြေးလာပြီး သူ့ပခုံးများကိုကိုင်ကာ တစ်ကိုယ်လုံးကို စစ်ဆေးနေသည်။ ဒဏ်ရာကြီးကြီးမားမား မရှိပဲ သူ့လက်များ အလွန်အမင်းအေးစက်နေသည်ကိုသာ တွေ့လိုက်သည်။

ယီဟွေ့က လူနာဆောင်ထဲတွင် အနားယူရန် ငြင်းဆန်နေသောကြောင့် သူတို့အားလုံး ဤနေရာတွင်သာ ထိုင်နေကြသည်။ ယဲ့ချင်းက သူယူလာသည့်ခြင်းကို ပြတင်းပေါက်နားတွင်တင်ထားပြီး ဖွင့်လိုက်ကာ ပမ်းကန်လုံးထဲ စွပ်ပြုတ်ပူပူကို ထည့်လိုက်သည်။ ယီဟွေ့က နာခံစွာဖြင့်ယူလိုက်ပြီး သောက်ပြီးမှ ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် အရမ်းအရသာရှိပါတယ် မရီး..."
( T/N - ဒီနေရာမှာ သူက sister-in-lawလို့ပဲသုံးထားလို့ မရီးလို့ပဲ ပြန်လိုက်တာပါ )

ယဲ့ချင်းက အနည်းငယ် အံ့အားသင့်သွားသော်လည်း ပြုံးလိုက်သည်။ ထို့နောက် ချန်ဖေးချီကိုလှည့်ကြည့်ပြီး ယီဟွေ့ကို ပြန်ကြည့်လိုက်မိသည်။ 

" မင်း... ငါ မင်းကို ဘယ်လိုပြောရမလဲ..."
ယဲ့ချင်းက သူ့ပါးပြင်ကို လက်ဖြင့်အုပ်ကိုင်ပြီး ဖိညှစ်ထားလိုက်သည်။ သူ့အသံက စိတ်ဆိုးနေပုံရသော်လည်း မျက်ဝန်းထဲတွင် မျက်ရည်များဖြင့် ပြည့်နေသည်။ 

ချန်ဖေးချီကို ကျိုးဟွာရုံက ဆွဲခေါ်သွားသောကြောင့်  သူ့ညီဖြစ်သူနှင့် စကားပြောခွင့်မရလိုက်ပေ။ ထို့နောက်တွင် အန်တီကလည်း သူတို့အိမ်မှရောက်လာသည်။ ထိုအချိန်မှသာ အပြင်ဘက်တွင် အာရုဏ်တက်ချိန်ရောက်နေပြီဖြစ်ကြောင်း ယီဟွေ့သိလိုက်သည်။ 

" သားတို့ မနေ့မနက်က ထွက်သွားတုန်းက အကောင်းကြီးပါ တစ်ညတည်းနဲ့ ဘယ်လိုဖြစ်သွားရတာလဲ..."
အန်တီက ယီဟွေ့လက်ကိုကိုင်ထားပြီး မျက်ရည်များကို သုတ်နေသည်။ 

" အန်တီ မစ္စတာကျိုး အန္တရာယ်ကင်းသွားအောင်  အမွှေးတိုင်ထွန်းပြီးဆုတောင်းပေးထားတယ်..."

ထိုစကားကြောင့် ကျိုးကျင်ဟမ့်က သူအလိုရှိသမျှကို ဖြည့်ဆည်းပေးမည်ဟူသော ဆုတောင်းခဲ့သည်ကို ယီဟွေ့ အမှတ်ရသွားသည်။ သူ့မျက်လုံးများအမြန်မှိတ်ပြီး လက်နှစ်ဖက်ကို ယှက်ထားလိုက်သည်။ ဆုတောင်းစကားအနည်းငယ်ပြောပြီး မျက်လုံးပြန်ဖွင့်လိုက်ချိန်၌ ယဲ့ချင်းနှင့် အကြည့်ချင်းဆုံသွားသည်။ 

" သူ့ကို ခွင့်လွှတ်ပေးလိုက်ပြီလား..."
ယဲ့ချင်းက ဗြောင်ကျကျသာ မေးလိုက်သည်။

ယီဟွေ့ ပြန်ဖြေတော့မည်အပြုတွင် ယဲ့ချင်းက ဦးအောင်ပြောလိုက်သည်။

" ထားပါ ထားပါ... ခွင့်လွှတ်တာ မလွှတ်တာကာ မင်းကိစ္စလေ ငါတို့ ဝင်ပြောခွင့် မရှိပါဘူး..."

ချန်ဖေးချီလျှောက်လာသည့်အခါ ယီဟွေ့က အပြစ်မကင်းသည့် ခြောက်ကပ်ကပ်အသံဖြင့် သူ့ကို "အစ်ကိုကြီး" ဟု ခေါ်လိုက်သည်။  

သူ့အစ်ကိုက စိတ်ဆိုးနေမည်ဟု သူ မှန်းဆထားပြီးဖြစ်သည်။ ယီဟွေ့ အသက်ရှင်နေသော်လည်း သူ့ထံလာမတွေ့သည့်အပြင် ဝမ်းနည်းဖွယ်ရာများကို ရှောင်ရှားရမည့်အစား ဆက်လက်ဖြစ်ပေါ်စေသောကြောင့် စိတ်ဆိုးဒေါသထွက်နေပေလိမ့်မည်။ 

သူ အသုံးမကျခဲ့သည့်အပြင် မည်သည့်အခါမှ ပြန်လှည့်မကြည့်ဟုပြောခဲ့သော်လည်း လမ်းဟောင်းကိုသာ ဆက်လျှောက်နေပြီး သူ့ကြောင့် လူအများကို ဝမ်းနည်းစေသည့်အတွက် ဒေါသထွက်နေပေလိမ့်မည်။

သို့ရာတွင် ချန်းဖေးချီက သူ့ကို အပြစ်မတင်သည့်အပြင် ခေါင်းကိုပွတ်ပေးပြီး ပြောလိုက်သည်။

" မင်းကို ကောင်းကောင်းမဆက်ဆံဘူးဆိုရင် အစ်ကိုကြီးကို လာပြောဖို့ မမေ့နဲ့... အဲ့အချိန်ကျရင်တော့ သူ့ကို ကာကွယ်ပေးစရာအကြောင်း မရှိတော့ဘူး..."



Xxxx