အပိုင်း ၅၆.၂
Viewers 13k



Chapter 56.2



ဘဝနှစ်ခုတွင် နေထိုင်ခဲ့ရပြီးသည့်နောက်တွင် ဧည့်သည်များကို လက်ခံတွေ့ဆုံရခြင်းက အလွန်ပင်ပန်းကြောင်း ယီဟွေ့ ပထမဆုံးအနေဖြင့် သဘောပေါက်သွားသည်။ 

ကျိုးကျင်ဟမ့်က ICUမှ အထွေထွေရောဂါ ကုသဆောင်သို့ ပြောင်းသွားသည့်နေ့တွင် ယီဟွေ့က ရိုက်ကူးရေးအဖွဲ့ဝင်အုပ်လိုက်ကြီး ရောက်လာသည်ကို ဧည့်ခံပြီးမှ ထန်ဝမ်းရှီ ရှိသည့် လူနာဆောင်သို့ ထွက်လာခဲ့သည်။ ထန်ဝမ်းရှီက နေ့လယ်ခင်းတွင် နိုးလာကာ ထမင်းစားပြီးနောက်ပြန်အိပ်ပျော်သွားသည်ဟု သူ့အမေကပြောသည်။ ယီဟွေ့ရောက်လာချိန်တိုင်းတွင် သူက အိပ်မောကျနေသည်မှာ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်သည်။

ထန်ဝမ်းရှီက နောက်စေ့တွင် ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ သွေးခဲများက ပြွတ်သပ်သွားကာ အာရုံကြောများကို ဖိမိသွား၍ စစ်ဆေးကုသရန် ရက်အနည်းငယ်ခန့် ဆေးရုံတက်ရမည်ဟု ပြောထားသည်။ သူ့မိဘများကလည်း ကျိုးကြောင်းဆီလျော်အောင် တွေးခေါ်တတ်သူများဖြစ်သည်။ သူတို့သားဒဏ်ရာရသည်အတွက် ယီဟွေ့ကို အပြစ်မတင်ရုံသာမက ထန်ဝမ်းရှီ အိပ်ရာနိုးလာချိန်တိုင်း သူ့အကြောင်းမေးသည်ကိုပါ ပြောပြလာသည်။ 

ထန်ဝမ်းရှီ၏မိဘများက မြို့တော်တွင် နေကြခြင်းဖြစ်ရာ အက်စ်မြို့မှဆေးရုံတွင် သူ့ကို လာရောက်ကြည့်ရှု့ရခြင်းက အဆင်မပြေဖြစ်နေသည်။ သူ့မိဘများက မ်ြို့တော်ဆေးရုံသို့ နှစ်ရက်အတွင်းရွှေ့ပြောင်းရန် စီစဉ်ထားကြသည်။

ယီဟွေ့ ထိုနေရာတွင် ခဏတာခန့် ထိုင်နေပြီးနောက် ထွက်သွားရန်ပြင်လိုက်ချိန်တွင် မေမေထန်က သူ့ကိုဆွဲထားသည်။ 

" ရှောင်ထန်က အိပ်နေရင်း နာမည်တစ်ခုကို တစ်ခါ‌တစ်လေပြောတယ် သူ့မိသားစုနာမည်က ယန် လားမသိဘူး... ရှောင်ကျန်း သားရော အတန်းဖော်ယန်ကို သိလား..."

ထန်ဝမ်းရှီက သူ့မိဘများရှေ့တွင် ယန်ချန့်ရွှမ်အကြောင်း ထုတ်ပြောမိသွားမည်ဟု ယီဟွေ့ မထင်မှတ်ထားမိပေ။ သူတို့ကြားမှ ဆက်ဆံရေးကို စိတ်မလုံမခြုံဖြစ်နေပြီး အချိန်မရွေးပြိုကွဲသွားနိုင်သည့် အခြေအနေမျိုးဖြစ်၍ သူ့မိဘများစိုးရိမ်မည်စိုးသောကြောင့် ဘာမှမပြောခြင်း ဖြစ်နိုင်သည်။ 

.....

ပိုသတ်ဆေးနံ့များ ပျံ့လွင့်နေသည့် ကော်ရစ်ဒါအတိုင်း လျှောက်လာစဉ်တွင် ယီဟွေ့က ကျိုးကျင်ဟမ့်၏ ဖုန်းကို ထုတ်လိုက်သည်။ သူ တွန့်ဆုတ်နေပြီး ယန်ချန့်ရွှမ်ကို ဖုန်းမခေါ်ရဲ ဖြစ်နေသည်။

ထန်ဝမ်းရှီ နောက်ဆုံးပြောခဲ့သည့်စကားများကို သူ မှတ်မိနေဆဲဖြစ်သည်။ သူ ယန်ချန့်ရွှမ်အကြောင်း ထပ်မတွေးတော့ဟု ပြောခဲ့သည်။ အကယ်၍ သူက ယန်ချန့်ရွှမ်အကြောင်း ဆက်မတွေးတော့တာပါက ကိစ္စကောင်းသာဖြစ်သည်။ ထိုအပြင် ထိုလူက သူ့ဆန္ဒမပါဘဲ ဤနေရာသို့ ရောက်လာပါက ထန်ဝမ်းရှီလည်း ပျော်ရွှင်မည်မဟုတ်ပေ။ 

လူနာဆောင်ထဲ ပြန်ရောက်သည့်အခါ ကျိုးကျင်ဟမ့်၏ဖုန်းကို ခုတင်ဘေးတွင်ထားလိုက်သော်လည်း ဘေးမှခလုတ်ကို မတော်တဆထိမိသွားသည်။ မျက်နှာပြင်က ချက်ချင်းလင်းလာပြီး သူ၏ ယခင်selfieပုံကို မြင်လိုက်ရ၍ ယီဟွေ့ အေးခဲတောင့်တင်းသွားသည်။ 

၎င်းကို သူမြင်သည်မှာ ပထမဆုံးအကြိမ်လည်း မဟုတ်တော့ပေ။ ယမန်နေ့က ထရပ်ကားထဲရှိစဉ် ဖုန်းခေါ်သည့်အခါကလည်း တစ်ကြိမ်မြင်တွေ့ခဲ့ပြီး ကျိုးကျင်ဟမ့် ဖုန်းကိုင်ချိန်တိုင်းတွင်လည်း အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တွေ့ခဲ့ဖူးပေသည်။ 

သူ သတိမထားမိဟန်ဆောင်နေသော်လည်း ယခုအခါမှ ထိုပုံကို မျက်နှာချင်းဆိုင်ကြည့်ရဲပြီး ဓာတ်ပုံထဲကလူက သူဖြစ်ကြောင်း ဝန်ခံရဲသွားသည်။ 

ထိုဓာတ်ပုံရိုက်ချိန်က သူ့စိတ်အခြေအနေကို မမှတ်မိတော့ပေ။ သူက ပျော်ရွှင်စွာဖြင့် ရယ်မောနေခဲ့ပုံပေါ်သည်။ ကျိုးကျင်ဟမ့် သူ့ဖုန်းကို ထုတ်ကြည့်လိုက်ချိန်တွင် မည်သို့ဖြစ်သွားမည်ကို စိတ်ကူးနေသည်လည်း ဖြစ်နိုင်သည်။ 

ယခုချိန်တွင်မူ သူ ထိုသို့မလုပ်နိုင်တော့ပေ။ ကျိုးကျင်ဟမ့်က သူထွက်သွားပြီး တစ်နှစ်ကျော်ကြာကာ သူကျန်းယီဟွေ့ဖြစ်လာချိန်အထိ ဤပုံကို lock screen wallpaperအဖြစ်ထားသည်ကို သူ စိတ်ကူးမကြည့်နိုင်တော့ပေ။

ဖုန်းကိုကိုင်လိုက်တိုင်း ပြုံးနေတဲ့မျက်နှာကို မြင်ရရင် သူ ဝမ်းသာသင့်တာလား ဝမ်းနည်းသင့်တာလား...

လူတစ်ယောက်က အချိန်အတန်ကြာဗိုက်ဆာနေခဲ့ပြီး လက်ထဲတွင် သကြားလုံးတစ်လုံးကိုင်ထားသည်နှင့် တူပေသည်။ ၎င်းက အဆိပ်ရှိမှန်းသိသော်လည်း အခွံမခွာပဲ မနေနိုင်ဖြစ်ပြီး လျှာဖြင့်ဂရုတစိုက်လျက်ကာ တဖြည်းဖြည်းချင်းကိုက်ပြီး အဆိပ်ကို သူ့ခန္ဓာကိုယ်ထဲ တဖြည်းဖြည်းပျံ့အောင်လုပ်ပြီး သေဆုံးသည်အထိဖြစ်အောင် ပြုလုပ်နေသကဲ့သို့ပင်။ 

ဤစွဲလန်းမှု၏ အရသာကို ယီဟွေ့မှလွဲ အခြားလူများ မသိနိုင်ပေ။ 

ယီဟွေ့ ကျိုးကျင်ဟမ့်၏လက်ကို ကိုင်ထားလိုက်သည်။ ဤရက်အနည်းငယ်အတွင်း သူ၏ သန်သန်မာမာ ခန္ဓာကိုယ်က ကိုယ်အလေးချိန်များစွာ လျော့ကျသွားပြီး မျက်နှာကလည်း သွေးဆုတ်ဖြူရော်နေကာ သူကိုင်ထားသည့်လက်တစ်ဖက်ကလည်း အားအင်ချိနဲ့နေသည်။ 

" မင်း နိုးလာသင့်ပြီနော်... မြန်မြန်လေး နိုးလာပါတော့..."

ယီဟွေ့က ကျိုးကျင်ဟမ့်၏ လက်ဖမိုးကို သူ့မျက်နှာဖြင့် တဖြည်းဖြည်းပွတ်လိုက်သည်။

" မင်း မနိုးလာဘူးဆို ငါမင်းကို မုန်းမိတော့မှာ..."

ဆေးရုံတက်ပြီး ငါးရက်မြောက်နေ့တွင် ရဲများ ထပ်မံရောက်ရှိလာပြီး မေးခွန်းအချို့မေးကာ အမှုဖြစ်စဉ်ကို သူတို့အား အသိပေးကြသည်။ 

ယီဟွေ့မျှော်မှန်းထားသည့်အတိုင်း ဓားပြသုံးယောက်၏နောက်ကွယ်မှ ကြိုးကိုင်သူကို ရှာတွေ့ခဲ့ကြသည်။ ထိုလူက အက်စ်မြို့တွင် နေထိုင်သော ပန်းချီဆရာAဖြစ်သည်။  ယမန်နှစ်က ပုံကူးဆွဲမှုကြောင့် သူ့ဂုဏ်သိက္ခာကျဆင်းခဲ့ရ၍ ပြစ်မှုကျုးလွန်ခဲ့ရခြင်းဖြစ်သည်။ မကြာသေးမီအချိန်က ယီဟွေ့က အက်စ်မြို့တွင် ရှိနေသည်ကို မတော်တဆ သိရှိသွားပြီး ထိုလူသုံးယောက်ကို ငွေဖြင့်ငှားကာ ယီဟွေ့ကို ဒုက္ခပေးခြင်းဖြစ်သည်။ 

ထန်ဝမ်းရှီနှင့် ကျိုးကျင်ဟမ့်က အကြောင်းအရင်းမရှိပဲ ဤကိစ္စတွင် ပါဝင်ခဲ့ရသည့် နစ်နာသူများဖြစ်သည်။ ဓားပြတစ်ယောက်က စိတ်လိုက်မာန်ပါဖြင့် ကျိုးကျင်ဟမ့်ကို ဓားဖြင့်ထိုးမိသွားသော်လည်း သေလုမျောပါးဖြစ်သွားလိမ့်မည်ဟု မထင်ထားခဲ့ကြောင်း ဝန်ခံခဲ့သည်။ 

သို့ဖြစ်၍ ဤအဖြစ်အပျက်အကြောင်းက ယေဘုယျအားဖြင့် ရှင်းလင်းသွားသည်။ ကျိုးကျင်ဟမ့်က နာမည်ကြီးတစ်ယောက်ဖြစ်၍ သူ ထိုလူများကြောင့် ထိခိုက်ဒဏ်ရာရသွားခဲ့ခြင်းက အင်တာနက်ပေါ်တွင် အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့သည်။ ဤအမှုကို နှောင့်နှေးခြင်းမရှိပဲ သမာသမတ်ကျကျ ဆောင်ရွက်သွားကြမည် ဖြစ်သည်။ ယီဟွေ့ စိတ်ထဲတွင် ထပ်ခါထပ်ခါ တွန့်ဆုတ်နေသော်လည်း ကြိုးကိုင်သူက အခြားတစ်ယောက် ဖြစ်နိုင်ချေရှိဆဲဖြစ်ကြောင်း ရဲများကို မပြောပြခဲ့ပေ။

ထိုလူက ပုန်းကွယ်နေပြီး ရဲများက သက်သေဖြင့် ကိစ္စကို ကိုင်တွယ်သည်အား စောင့်ကြည့်နေပုံရသည်။ ထိုလူကိုယ်တိုင် လူလုံးမထွက်ပြသရွေ့ အခြားအကြောင်းများ ပြောပြပါကလည်း အသုံးဝင်မည် မဟုတ်ပေ။

ယီဟွေ့က ဖြစ်နိုင်ချေပေါင်းများစွာကို ပုံဖော်ကြည့်နေမိသည်။ သို့ရာတွင် ရဲများထွက်သွားပြီး နာရီဝက်ခန့်အကြာတွင် ဖန်ယွီချင်းက ပန်းများနှင့်အတူ လူနာဆောင်ထဲ ဝင်လာသည်။ သူ့မျက်နှာထက်တွင် ငြင်သာမှုများရှိနေဆဲဖြစ်ပြီး ရှက်နေပုံလည်းမရပေ။

" သူ ဘယ်လိုနေသေးလဲ..."
ဖန်ယွီချင်းက တံခါးမှဝင်လာသည်နှင့် မေးလိုက်သည်။ 

ယီဟွေ့က သူ့ကိုလျစ်လျူရှု့ထားသော်လည်း စိတ်အနှောင့်အယှက်ဖြစ်နေပုံမပြပေ။ ခုတင်ဘေးနားရှိ ပန်းအိုးထဲမှ နှင်းဆီပန်းများကို ဖယ်လိုက်ပြီး သူယူလာသည့် လီလီပန်းများကို အိုးထဲထိုးလိုက်သည်။ 

" ကျင်ဟမ့်က အဖြူရောင်ကြိုက်တာ..."

ယီဟွေ့က ခုံတွင်ထိုင်ပြီး ပန်းသီးခွာနေသည်။ သူ ယခုနောက်ပိုင်းတွင် အန်တီ့ထံမှ သင်ယူထား၍ ပန်းသီးကို တစ်ဆက်တည်း မည်သို့အခွံခွာရမည်ကို သိသွားပြီဖြစ်သည်။

ဖန်ယွီချင်းက သူ့ဘေးနားမှထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ 

" မင်း သူ့အနားမှာ တစ်ချိန်လုံး နေပေးနေတာလား..."

ယီဟွေ့က ငတုံးမဟုတ်၍ ဖန်ယွီချင်း၏အသံထဲမှ လှောင်ပြောင်သရော်မှုကို ကြားနေရသည်။ 

ကြင်နာသနားပုံရသည့် ဤယောကျာ်းက အရာအားလုံးကို ပြောင်းပြန်လှန်လိုက်သည်ဟု သူတွေးနေမိသည်။ ကျိုးကျင်ဟမ့်က အရူးတစ်ယောက်ကို ချစ်မိသွားပြီးနောက် အစားထိုးတစ်ယောက် ရှာဖွေလိုက်သည်ကို ဖန်ယွီချင်း မုန်းတီးနေသည်။ သူ ဇာတ်လမ်းထွင်ရန် ကြိုးစားခဲ့သော်လည်း မျှော်လင့်ထားသည့် သက်ရောက်မှုမျိုး မရှိခဲ့ပေ။ သူ့ဒေါသများကို တစ်ယောက်ယောက်အပေါ် ပုံချချင်နေပြီး သူကိုယ်တိုင်ကမူ အမှားတစ်ခုမှ မလုပ်ထားဟု တွေးနေသည်။

မာနကြီးသည့်လူတစ်ယောက်က ကမ္ဘာကြီးက သူ့ကိုအမှီပြု၍ လည်ပတ်နေရ၍ ထိုင်စောင့်နေရုံဖြင့် အရာအားလုံးဖြစ်လာမည်ဟုပင် တွေးမိလေ့ရှိသည်။ သူ့လက်တစ်ဖက်ကွေးလိုက်သည်နှင့် သူအလိုရှိသည့်အရာက ပြန်လည်ရောက်ရှိလာမည်ဟူသည့် အတွေးမျိုးလည်း ရှိနေသည်။ 

ယီဟွေ့က ထိုသို့သောလူမျိုးများစွာကို မြင်တွေ့ခဲ့ဖူးပေသည်။ ကျိုးကျင်ဟမ့်ကလည်း အတိတ်တွင် ဤကဲ့သို့လူမျိုးဖြစ်ပြီး ယခု သူ့ရှေ့မှ ဖန်ယွီချင်းကလည်း အလားတူပင်ဖြစ်သည်။ 

ကွာခြားချက်မှာ ယီဟွေ့ဟူသောလူက တုံးအခဲ့၍ သွေးဆောင်မှုများကို သည်းမခံနိုင်ခဲ့သောကြောင့်ပြန်လည်ချော့မြူခဲ့သည်။ သို့ရာတွင် ကျိုးကျင်ဟမ့်ကမူ ထိုသို့မဟုတ်ပေ။ သူ့စကားကိုတည်ခဲ့ပြီး သွေးနှင့်ကတိစကားကို အသုံးပြု၍ ကျမ်းကျိန်ခဲ့သည်များက ယီဟွေ့၏ ယုံကြည်ချက်ဖြစ်လာသည်။ 

" ငါ အမြဲတမ်းတော့ မနေပါဘူး... သူက ငါ့ကို သူနဲ့နေစေချင်ပြီး သူ့မျက်စိအောက်မှာ ရှိသရွေ့ ဘာလုပ်လုပ်ရတယ်လို့ ပြောထားပြီးသားပဲ..."

ဖန်ယွီချင်း၏ အမူအရာက ခဏတာ ရန်လိုဟန်ဖြစ်သွားသော်လည်း ပုံမှန်အတိုင်း လျင်မြန်စွာ ပြန်ဖြစ်သွားသည်။ 

" မင်း ငါ့နာမည် ကြားဖူးမှာပါ... ငါက သူ့ရည်းစားဟောင်း...ပြီးတော့ ငါနဲ့ တွေ့ပြီးတဲ့နောက်နဲ့ မင်းနဲ့ မတွေ့ခင်မှာ တစ်ယောက်ရှိသေးတယ်... သူ့အကြောင်း မင်း ကြားတောင် မကြားဖူးလောက်ဘူး ထင်တယ်..."

ဖန်ယွီချင်းက သူ့ကို ပညာပြလိုသော်လည်း ကံဆိုးစွာဖြင့် နည်းလမ်းမှားသွားကြောင်း ယီဟွေ့သိလိုက်သည်။ " အိုး " ဟု သာ အာမေဋိတ်ပြုလိုက်ပြီး အခြားတုံ့ပြန်မှု မပြုလုပ်လိုက်ပေ။ 

သူ၏ ရန်စမှုက ကျရှုံးသွားသဖြင့် ဖန်ယွီချင်းက မျက်နှာအပျက်မခံနိုင်သောကြောင့် ထွက်သွားရန် ပြင်လိုက်သည်။ 

ယီဟွေ့က မူလတည်းက အဆုံးထိ တိတ်တိတ်နေရန် စီစဉ်ထားပြီးဖြစ်ကာ ပန်းသီးက အစိတ်ငယ်လေးများစိတ်ပြီး ပန်းကန်ပြားပေါ် တင်ထားလိုက်သည်။ ထို့နောက် သူ့လက်ထဲမှဓားကိုကြည့်လိုက်သည့်အခါ ကျိုးကျင်ဟမ့်၏နှလုံးသားကို ဖောက်ထွက်လုနီးပါးဖြစ်သွားသည့်ဓားကို အမှတ်ရသွားပြီး သူ့နှလုံးသားထဲ တုန်ယင်လာသည်။ 

ကိုယ်တစ်ယောက်တည်း၏ လိုအပ်ဆန္ဒတစ်ခုတည်းကိုသာကြည့်ပြီး အခြားလူများကို ဂရုမစိုက်တတ်သူများကို သူ အမုန်းတီးဆုံးဖြစ်သည်။ 

" လူကြီးမင်းဖန်က ဝဋ်ဆိုတာကို ယုံလားတော့ မသိပေမယ့် ငါကတော့ တော်တော်လေးယုံတယ်... ပြီးတော့ ကျိုးကျင်ဟမ့်က အခု လီလီပန်းတွေ မကြိုက်တော့ဘူး... သူ နှင်းဆီပန်းပဲ ကြိုက်တော့တယ် ဘာလို့လဲဆိုတော့ ငါကိုယ်တိုင် ပေးထားလို့လေ..."

ယီဟွေ့က တဖြည်းဖြည်းချင်း ပြောလိုက်သည်။

.....

ဖန်ယွီချင်းထွက်သွားပြီး အချိန်အတန်ကြာသည်အထိ ယီဟွေ့လက်များက ထိန်းမရအောင် တုန်ယင်နေခဲ့သည်။ 

အမှန်တွင်မူ ဖန်ယွီချင်းက နောက်ကွယ်ရှိ ကြိုးကိုင်သူများထဲမှတစ်ယောက်ဖြစ်ကြောင်း သူ သိနေခဲ့၍ အလွန်ကြောက်နေခဲ့ခြင်း ဖြစ်သည်။ သူနောက်ဆုံးပြောလိုက်သည့်စကားများက ဖိအားအများဆုံး အခြေအနေတွင် သူပြောနိုင်သည့် အရင့်သီးဆုံးစကားဖြစ်သည်။ 

ရင်ထဲမှ တင်းကြပ်မှုနှင့် စိုးရိမ်ပူပန်မှုများ ပြေလျော့သွားရန် ကျိုးကျင်ဟမ့်၏လက်ကို သူ ခပ်တင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။ ခေါင်းကို ကျိုးကျင်ဟမ့်၏ပခုံးနှင့် ထိထားသော်လည်း ဒဏ်ရာကို ထိမိမည်စိုး၍ မမှီလိုက်ရဲပေ။ 

သူ ဤအနေအထားတိုင်း အချိန်အကြာကြီးနေခဲ့သည်မှာ ခြောက်သွေ့နေသည့်လက်တစ်ဖက်က သူ့လက်ချောင်းများကို ပြန်လည်ဆုပ်ကိုင်လာသည်အထိဖြစ်သည်။ တွေဝေငေးငိုင်နေသည့်ယီဟွေ့က အိမ်မက်နှင့် အဖြစ်မှန်ကို မခွဲခြားနိုင်ဖြစ်သွား၍ ဆတ်ခနဲ ခေါင်းမော့လိုက်သည့်အခါ ကျိုးကျင်ဟမ့်၏ နက်မှောင်နေသည့်မျက်ဝန်းများကို တွေ့လိုက်ရသည်။ သူ့စိတ်ထဲ ခဏတာ ဗလာကျင်းသွားပြီး စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။ 

" ကိုယ် အိမ်မက်တစ်ခု မက်ခဲ့တယ်... အိမ်မက်ထဲမှာ ကိုယ် သေသွားပြီး နှလုံးကိုလည်း အလုခံလိုက်ရတယ်တဲ့..."
ကျိုးကျင်ဟမ့်က ဖျော့တော့စွာဖြင့် ပြောလိုက်သည်။ 

ယီဟွေ့မှာ သူ့စကားကြောင့် ကြောက်လန့်သွားပြီး တအံ့တဩဖြင့် ခေါင်းခါပြလိုက်သည်။ 

ကျိုးကျင်ဟမ့်က နှုတ်ခမ်းများ ကွေးညွတ်သည်အထိ ပြုံးပြလိုက်သည်။ 
" အဆင်ပြေသွားပါပြီ... ကိုယ့်နှလုံးကို ပြန်လုလိုက်နိုင်တယ်လေ..."

ယီဟွေ့ကြားသည့်အခါ သူ့အမူအရာက အနည်းငယ်စိတ်သက်သာရာရသွားပြီး မကျေမနပ်ဖြစ်သွားသည်။။
ပြောတော့ မင်းနှလုံးသားထဲမှာ ငါရှိတယ်ဆို ဘာလို့ အခိုးခံလိုက်ရတာလဲ...

သူ့စိတ်ကူးထဲတွင်မူ သူတို့နှစ်ယောက်က ပျော်ရွှင်စွာ ငိုကြွေးနေကြပြီး တစ်ယောက်ကိုတစ်ယောက် မျက်ရည်ဝဲလျက် ကြည့်နေပြီး တစ်ဘဝလုံးမခွဲခွာတော့ဟု ပြောနေကြသော်လည်း သူနာပြုတစ်ယောက်ရောက်လာသဖြင့် ထိုကဲ့သို့ အခြေအနေမျိုး မဖြစ်လိုက်ပေ။ 

အခန်းထဲသို့ညဆရာဝန်နှင့် သူနာပြုများက အလျင်စလို ဝင်ထွက်သွားလာနေကြသည်။ အောက်ဆီဂျင်မက်စ်ကို ဖယ်လိုက်ပြီး ယီဟွေ့က ကျိုးကျင်ဟမ့်ကို ရေတိုက်ပြီး ခွက်ကို ပြန်ချထားချိန်တွင် လက်ကောက်ဝတ်ကို အဆွဲခံလိုက်ရသည်။ ကျိုးကျင်ဟမ့်က အစောပိုင်းကအကြောင်းကို ဆက်ပြောသည်။ 

" မင်း ကိုယ့်ကိုနမ်းတယ်လို့လည်း အိမ်မက်မက်တယ်..."

အိပ်ရာနိုးနိုးချင်း ထိုစကားပြောလာသဖြင့် ကျိုးကျင်ဟမ့်က သွေးဆုံးရှုံးမှုများထား၍ သူ့ဦးနှောက်ထဲ ရီဝေဝေဖြစ်နေသည်ဟု ယီဟွေ့ တွေးလိုက်မိသည်။ သူ့ကို ယီဟွေ့ မနှောင့်ယှက်တော့ပေ။ 
" ငါ မနမ်းပါဘူး..."

သူ ငြင်းဆန်လိုက်သော်လည်း နှုတ်ခမ်းများကို ဖိကိုက်ထားလိုက်မိပြီး နားရွက်ဖျားများလည်း နီရဲလာသည်။ 

" အိုး ဟုတ်လား..."

ကျိုးကျင်ဟမ့်က သူ့လက်များကို ကိုင်ထားဆဲဖြစ်ပြီး ဝန်မခံချင်သည့်ပုံဖြင့် ပြောလိုက်ပြီး သူ့မျက်ဝန်းထောင့်များကို ကွေးညွတ်သွားသည်အထိ ပြုံးလိုက်သည်။

" ‌ဒါဆိုရင် ကိုယ့်ကိုထပ်နမ်းကြည့်ပါလား... အိမ်မက်ထဲက တစ်ခုနဲ့ ယှဉ်ကြည့်ပြီး ဘယ်ဟာအမှန်လဲ သိရတာပေါ့..."


Xxxxx