အပိုင်း ၅၇.၁
Viewers 13k

Chapter 57.1




ယီဟွေ့ သူ့ကို မနမ်းလိုက်ပေ။ 

မနမ်းရုံသာမက သူ့ကို စကားပြောခွင့်ပါ မပေးတော့ပေ။ ကိုမာဖြစ်နေရာမှ နိုးလာပြီး နောက်တစ်ကြိမ်သတိမေ့သွားမည်စိုး၍ အခွံခွာထားသည့်ပန်းသီးကို သူ့ပါးစပ်ထဲ ထိုးထည့်လိုက်ပြီး ရေနွေးအိုးကိုကိုင်ကာ ထွက်ပြေးသွားသည်။

ထရပ်ကားပေါ်မှအနမ်းကို ပြန်သတိရသွားသည့်အခါ ယီဟွေ့ အလွန်ရှက်လွန်းပြီး တွင်းတစ်တွင်းတူးကာ ပုန်းနေချင်စိတ်ပေါက်သွားသည်။ ရေဖြည့်သည့်အခန်းထဲတွင် ခဏကြာအောင်နေလိုက်ပြီးမှ ကျိုးကျင်ဟမ့် လူနာဆောင်ထဲတွင် တစ်ယောက်တည်းဖြစ်နေမည်စိုး၍ ပြန်လာခဲ့သည်။ 

တံခါးနားရောက်သည့်အခါ အထဲမှရယ်သံကြားလိုက်ရ၍ ရှောင်လင်းရောက်နေသည်ဟု ထင်လိုက်မိသည်။ အထဲသို့ဝင်လာချိန်တွင် ယန်ချန့်ရွှမ်က ဆေးရုံခုတင်ရှေ့တွင် ရပ်နေသည်ကို မြင်လိုက်ရ၍ ယီဟွေ့အနည်းငယ်ခန့် အံ့အားသင့်သွားသည်။  ထို့နောက် ခါးမတ်မတ်ထား၍ ဝင်လာပြီးနောက် ရေနွေးအိုးကို တင်ထားလိုက်ကာ ခုတင်နှင့် အနီးဆုံးတွင် ဝင်ထိုင်လိုက်သည်။ 

ယန်ချန့်ရွှမ်က ယခုမှ လေယာဉ်ပေါ်က ဆင်းလာသည့်ပုံပေါ်သည်။ သူ၏ ခရီးဆောင်အိတ်က တံခါးနားတွင်သာ ရှိသေးသည်  ယီဟွေ့၏ အေးစက်နေသည့်မျက်နှာကို မြင်လိုက်ရသည့်အခါ သူ ပြုံးလိုက်ပြီး ကျိုးကျင်ဟမ့်ကို စနောက်လိုက်သည်။ 

" မင်းက ကောင်လေးအသက်ကိုကယ်ဖို့ အသက်စွန့်ခဲ့ပေမယ့် အကယ်ခံရတဲ့သူကတော့ သိပ်ပျော်နေပုံမရဘူး..."

ယီဟွေ့က အသံတစ်ချက်မှမထွက်ပဲ နောက်ထပ်ပန်းသီးတစ်လုံးကိုခွာနေကာ မျက်နှာအမူအရာကလည်း တည်ကြည်လေးနက်နေသည်။ 

ယန်ချန့်ရွှမ်က အတော်လေး ပျော်နေပုံရသည်။ 
" မင်း ပြောစရာကို မလိုတာပါ ဒီတစ်ယောက်က အရင်တစ်ယောက်နဲ့ တော်တော်လေးကို တူတာပဲ..."

" ဘာ အရင်တစ်ယောက်လဲ သူ့ကိုမရီးလို့ခေါ်..."

ကျိုးကျင်ဟမ့် မျက်မှောင်ကြုတ်လိုက်သည်။ 

ယီဟွေ့၏လက်က တွန့်ခနဲဖြစ်သွား၍ ယန်ချန့်ရွှမ်က ပိုပျော်သွားပုံရသည်။ 

" ဒီတစ်ယောက်ကို မရီးလို့ခေါ်ရင် ဟိုတစ်ယောက်ကိုရော ဘယ်လိုခေါ်ရမှာလဲ..."

ကျိုးကျင်ဟမ့်က ထိုနှစ်ယောက်မှာ အတူတူဖြစ်ကြောင်း မရှင်းပြတော့ပေ။
" မရီးလို့ပဲခေါ်လေ..."

ယန်ချန့်ရွှမ်က လက်မထောင်ပြလိုက်သည်။ 
" မိုက်တယ် အရမ်းမိုက်တယ်... သူ တစ်ယောက်လုံး ဒီမှာရှိနေတာကို မင်းက သူစိတ်ဆိုးမှာ မကြောက်ဘူးပဲ..."

ဘဝနှစ်ခု ဖြစ်နေသည့် ယီဟွေ့မှာ ဒေါသမထွက်သော်လည်း တဖြည်းဖြည်းရှက်လာသောကြောင့် ပန်းသီးပင် ကောင်းကောင်းမခွာနိုင်တော့ပေ။

ကျိုးကျင်ဟမ့်က စိတ်ထဲမထားပေ။ အခွံမခွာထားသည့်ပန်းသီးကိုကိုက်လိုက်ပြီး စားနေစဉ်မှာပင် သတိပေးလိုက်သည်။ 

" ငါ နေကောင်းတယ် လာကြည့်ပြီးတဲ့သူတွေ ပြန်လို့ရပြီ..."

ယန်ချန့်ရွှမ်က သူ့ကိုမျက်စောင်းထိုးလိုက်သည်။
" မင်းမှာကောင်လေးရှိနေပြီဆိုတော့ သူငယ်ချင်းတွေကို မလိုတော့ဘူးပေါ့လေ ဟုတ်တယ်မလား..."

" မင်းရဲ့ အဖိုးကြီးကိုရှောင်နေပြီး အခုမှ ပြန်လာတာမလား အတိအကျပြောရရင် ငါ့ကို လာတွေ့တာ မဟုတ်ပါဘူး... မြန်မြန်သွား သူ့ကို မစောင့်ခိုင်းနဲ့တော့..."

ယန်ချန့်ရွှမ်က သူ့ပေါင်ကိုတစ်ချက်ပုတ်ပြီး မတ်တပ်ရပ်ကာ အကြောဆန့်ပြီး သမ်းဝေလိုက်သည်။ သူ့ပုံစံက အလျင်မလိုသည့်ပုံဖြစ်နေသည်။ သူအပြင်မထွက်သွားမီတွင် ကျိုးကျင်ဟမ့်ကို စနောက်သွားရန်လည်း မမေ့ပေ။ 

" ငတုံးလို ပျော်ပျော်ကြီး မနေနဲ့ လိုင်းပေါ်မှာ ဘယ်လို ကောလဟာလတွေပြန့်နေလဲ ကြည့်လိုက်ဦး... မင်းက ပထမတစ်ခါ မျက်နှာမှာ ဒဏ်ရာရပြီး အခုကျတော့ ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်ကုန်တယ်လို့ ပြောနေကြတယ်... မင်း ပါရမယ့် တီဗီစီးရီးကလည်း ပါဝင်ခွင့်ဖျက်သိမ်းတဲ့စာထုတ်ထားတယ်... မင်းရဲ့ သရုပ်ဆောင်အလုပ်ကတော့ အဆုံးသတ်တော့မယ်ထင်တယ်..."

သူ ထွက်သွားသည့်အခါ ယီဟွေ့က လိမ္မော်သီးကို အခွံခွာပေးနေသည်။ လိမ္မော်သီးနှစ်မြွှာခန့် ခွာပြီးသည့်အခါ သူ သည်းမခံနိုင်တော့ပေ။ 

" အဲဒီတီဗီစီးရီး... မင်း အဓိက အမျိုးသားဇာတ်ဆောင်နေရာမှာ မပါရတော့ဘူးပေါ့..."

ခုတင်ပေါ်လှဲနေသည့် ကျိုးကျင်ဟမ့်က ရယ်ရမည် ငိုရမည်ကိုပင် မသိတော့ပေ။ 

" မင်း တစ်ခုခု ပြောစရာရှိနေမလားလို့ ကိုယ်တွေးမိသား... ကိုယ်က အဓိက အမျိုးသားဇာတ်ဆောင်နေရာတော်တော်များများမှာ ပါဖူးပါတယ် ဒီတစ်ခုမှာ သရုပ်မဆောင်ရလို့ ဘာမှမဖြစ်သွားပါဘူး..."

ယီဟွေ့က မျက်တောင်တစ်ချက်ခတ်ပြီး မေးလိုက်သည်။ 
" ငါ ဘာပြောချင်တာလို့ ထင်လို့လဲ..."

" ကိုယ်တွေးနေတာက မင်း..."
ကျိုးကျင်ဟမ့် စိတ်ပြောင်းသွားသည်။ 

" ကိုယ် နာနေလားလို့မေးမယ် ထင်လိုက်တာ..."

၎င်းက ယီဟွေ့မေးချင်သည့် မေးခွန်းပင်ဖြစ်သည်။
" ဒါဆို နာနေသေးလား... ‌တစ်နေရာကများ နေရထိုင်ရ မသက်မသာဖြစ်နေလား... ကျောမှီကို ထပ်နှိမ့်ပေးရမလား ဟေး..."

ကျိုးကျင်ဟမ့်က သူ့လက်ကောက်ဝတ်ကိုဆွဲယူပြီး နှုတ်ခမ်းနားကပ်ကာ နမ်းလိုက်၍ သူ့စကားကတစ်ဝက်တစ်ပျက်ဖြစ်ပြီး အာမေဋိတ်နှင့် အဆုံးသတ်သွားရသည်။
" နာနေသေးလား..."

သူ့လက်ကောက်ဝတ်မှ ကြိုးချည်ခံထားရခြင်းကြောင့် အမာရွတ်များကျန်ခဲ့သည့်နေရာကို ကျိုးကျင်ဟမ့်က နမ်းလိုက်သည်။ ယီဟွေ့မှာ သူ့လက်ကို ပြန်ဆွဲမရသောကြောင့် မျက်နှာတစ်ခုလုံး ပူနွေးလာသည်။
" မနာတော့ပါဘူး..."

" တကယ်ကြီး ထပ်မနာတော့တာလား..."

ယီဟွေ့ မှင်သက်မိသွားသည်။ သူ မည်သည့် "နာကျင်ခြင်း" ကို ပြောနေကြောင်းမသိတော့ပေ။ အတွေးနက်နဲနေစဉ် လူနာဆောင်ရှေ့မှ လှုပ်ရှားမှု တစ်ခုကို ဖျတ်ခနဲ မြင်လိုက်ရ၍ တစ်ယောက်ယောက်က လူနာလာကြည့်ကြောင်း သိလိုက်သည်။ 

၎င်းက သူနာပြုတစ်ယောက်နှင့်အတူ ရောက်လာသည့် ကျန်းရွှယ်မေ့ဖြစ်သည်။ 

ယီဟွေ့က သူမကိုယ်တိုင်ရောက်လာမည်ဟု မထင်ထားခဲ့သည့်အပြင် ဤသို့ရှက်စရာကောင်းသည့် ‌အနေအထားကြီးကိုပါ မြင်သွားစေမိသည်။ သူမကို ခုံတွင်ထိုင်ခိုင်းလိုက်ပြီး သူ့ဘေးတွင်ရပ်နေကာ နေရခက်စွာဖြင့် လက်ချောင်းများကို လိမ်နေသည်။ 

ကျန်းရွှယ်မေ့က လွန်ခဲ့သည့်လအနည်းငယ် ဆေးရုံတက်ခဲ့ရသော်လည်း ခွဲစိတ်ပြီးသည့်အခါ ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူမ အချိန်ကြာမြင့်စွာ နာမကျန်းဖြစ်ပြီးသည့်နောက်တွင် ယခုချိန်၌ အိပ်ရာပေါ်လှဲနေရသည့် ကျိုးကျင်ဟမ့်ထက် ပိုမိုကျန်းမာသည့်ပုံ ပေါ်နေသည်။ သူမ ပြုံးပြီး ပြောလိုက်သည်။ 

" ဒါက မစ္စတာကျိုး ဟုတ်တယ်မလား... ယီဟွေ့က အန်တီ့ကို အချိန်အကြာကြီး ဖုံးကွယ်ထားတော့ သိပ်မကြာသေးခင်ကမှ ဟိုတစ်ခါ အိမ်ကို လာဖူးတဲ့လူမှန်းသိတာ..."

ယီဟွေ့က ကိစ္စအလုံးစုံကို ကျန်းရွှယ်မေ့အား ဖုန်းထဲမှတစ်ဆင့် ရှင်းပြထား၍ "ကျေးဇူးရှင်" ဆိုသူနှင့် "သူ့သားကို နောက်မှလိုက်ကပ်နေသူ" က တစ်ယောက်တည်းဖြစ်နေကြောင်း မကြာသေးမီကမှ သိရှိသွားခဲ့သည်။ ယခုအခါတွင်လည်း ထိုလူက ယီဟွေ့၏အသက်ကို ကယ်တင်လိုက်ပြန်သည်။  သူမစိတ်အခြေအနေက ရှုပ်ထွေးနေသော်လည်း ကျန်းရွှယ်မေ့က အခြားလူများထက်ပို၍ ကျေးဇူးတင်နေမိသည်။

ကျိုးကျင်ဟမ့် အနည်းငယ်ရှက်သည်ဟု ခံစားနေရ၍  လူကြီးဖြစ်သူကို ထထိုင်ပြီး နှုတ်ဆက်သင့်သည်ဟုထင်၍ ထမည်အပြုတွင် ယီဟွေ့က တားလိုက်သည်။

" မလှုပ်နဲ့လေ ဒီတိုင်းပဲနေပါ..."

" ဟုတ်တယ် သားက ဒဏ်ရာရထားတာပဲ လှဲပြီး ‌နားနားနေနေ နေပါ... အန်တီက ခဏပဲလာကြည့်တာပါ ပြီးရင်ပြန်မှာ..."

ယီဟွေ့ ယခင်ဘဝတွင် လက်ထပ်ချိန်၌ သူ့မိခင်က ကွယ်လွန်သွားပြီဖြစ်ပြီး ဖခင်ကလည်း စီးပွားရေးကိုသာ အာရုံစိုက်နေ၍ မိသားစုကို ဂရုမစိုက်ခဲ့ပေ။ သို့ဖြစ်၍ ယခုက ကျိုးကျင်ဟမ့် သူ့ယောက္ခမနှင့် ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံရခြင်းဖြစ်သည်။

ကျိုးကျင်ဟမ့်က ယခင်နှစ်တွင် အခြားလူများ၏အိမ်ထဲဝင်ပြီး သူ့ကိုယ်သူမိတ်ဆက်ချင်စိတ်ကို အကြိမ်ပေါင်းများစွာ တောင့်ခံထားရခြင်းဖြစ်သည်။

" အန်တီ မင်္ဂလာပါ... ကျွန်တော့်နာမည်က ကျိုးကျင်ဟမ့်ပါ... ကျွန်တော်က ဟွေ့ဟွေ့ရဲ့ မိတ်... မိတ်ဆွေဟောင်းပါ..."

ယီဟွေ့၏တရားဝင်ခွင့်ပြုချက်မရသေး၍ သူ အဓိပ္ပါယ်မရှိသည်များ မပြောရဲပေ။

ကျန်းရွှယ်မေ့က ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်သည်။
" သားက မိတ်ဆွေဟောင်းဆိုတာ အန်တီသိပါတယ်... မကြာခဏ ပြဿနာရှာတတ်တဲ့ မိတ်ဆွေဟောင်းမလား..."

အမှန်တွင် ဤတစ်ကြိမ်လာရောက်လည်ပတ်မှု၌ ပြောစရာစကားက ‌များများစားစား မရှိနေပေ။ ကျန်းရွှယ်မေ့က ခဏသာထိုင်နေလိုက်ပြီး ကျိုးကျင်ဟမ့်ကို ကောင်းကောင်းဂရုစိုက်ပေးရန် ယီဟွေ့အား မှာထားလိုက်ပြီး ပြန်သွားသည်။ 

ယီဟွေ့ သူမကို ကော်ရစ်ဒါသို့ လိုက်ပို့စဉ်တွင်  ကျန်းရွှယ်မေ့က သူ့လက်ကိုဆွဲပြီး ပြောလိုက်သည်။
" ‌ဒီလောကကြီးမှာ တခြားလူတစ်ယောက်အတွက် ကိုယ့်အသက်ကိုတောင် စွန့်စားပေးတဲ့သူ များများစားစားမရှိဘူး အထူးသဖြင့် သူ့လို လူငယ်လေးတွေပေါ့... အမေက အတိတ်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာလည်း မသိသလို သူ့ဘက်က ကာပြောပေးနေတာလည်း မဟုတ်ပါဘူး...ဆုံးဖြတ်ချက်ကတော့ သားအပေါ်ပဲ မူတည်တယ်... သေချာလေးတော့ စဉ်းစားပေါ့လေ..."

ကျန်းယီမန့်တစ်ယောက်တည်းသာ သူနှင့် ကျိုးကျင်ဟမ့်တို့၏ဇာတ်လမ်းကိုသိပေသည်။ ကျန်းရွှယ်မေ့က ဘာမှမပြောသော်လည်း တစ်စုံတစ်ရာကို သတိပြုမိဟန်ပေါ်သည်။ သူမက မည်သည့်အခြေအနေတွင်ဖြစ်စေ ယီဟွေ့ဘက်မှရပ်တည်မည်ဟု အာမခံသွားသည်။ 

ယီဟွေ့ ဝမ်းနည်းသွားပြီး စိတ်ထဲ ညှိုးငယ်သွားပြန်သည်။ ကျန်းယီဟွေ့ဖြစ်လာရသည်ကပင် ကြောက်စရာကောင်းလောက်အောင် လုံလောက်နေပြီဖြစ်သည်။ သို့ရာတွင် သူက ဘဝနှစ်ခုဖြင့် နေမည်ဆိုပါက ရှေ့တွင်စောင့်ကြိုနေသည့် အမည်မသိ လမ်းခရီးတစ်ခုက သူ့ကို ပိုရှုပ်ထွေးစေလိမ့်မည်။ 

သို့ရာတွင် ၎င်းက သူ၏ရွေးချယ်မှုသာဖြစ်သည်။ သူကိုယ်တိုင်ကလည်း ဘဝကို ဆက်လက်လျှောက်လှမ်းလိုစိတ်ရှိနေသည်။ ဓားတောင်နှင့် မီးပင်လယ်များကို ဖြတ်သန်းရမည်‌ဆိုလျှင်ပင် ရှေ့ဆက်လျှောက်လှမ်းချင်နေမိသည်။ 

ယီဟွေ့ တံခါးနားတွင် ခဏတာ ရပ်နေခဲ့သည်။ လူနာဆောင်ကို ပြန်သွားတော့မည့်အချိန်တွင် ယန်ချန့်ရွှမ်က ကော်ရစ်ဒါထောင့်မှ ရုတ်ချည်း ဒယိမ်းဒယိုင်ဖြင့်ထွက်လာပြီး သူ့ကို ဆွဲခေါ်သွားသည်။ 

" ငါ့ကို ဘယ်ခေါ်သွားမလို့လဲ..."

" ထန်ဝမ်းရှီကို သွားတွေ့ကြမယ်..."
ယန်ချန့်ရွှမ်၏မျက်နှာက မည်းမှောင်ပြီး လေးနက်တည်ကြည်နေသည်။ 

" သူက ငါ့ကို မမှတ်မိဘူးလို့ ပြောနေတယ်..."


သူပြောပုံအရ အခြေအနေများက အမှန်အကန်ပင် အထိန်းအကွပ်ကင်းမဲ့နေသည်ဟု ယီဟွေ့ တွေးလိုက်မိသည်။ သူ အောက်ထပ်မှ ထန်ဝမ်းရှီရှိသည့် လူနာဆောင်သို့ သွားသည့်အခါ သူက လူနာခုတင်ပေါ်ထိုင်ပြီး စာရွက်တစ်ရွက်ပေါ်တွင် ခဲတံဖြင့် တိတ်ဆိတ်စွာ ပုံဆွဲနေသည်။ သူ အလွန်စိတ်ရှုပ်သွား၍ ဘာပြောရမည် မသိတော့ပေ။

" အတန်းဖော်ကျန်း ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ..."

ထန်ဝမ်းရှ်ီက သူ့ကိုမြင်သည်နှင့် တအံ့တဩဖြင့် နှုတ်ဆက်လိုက်သည်။

" မင်း ကျောင်းပြီးသွားတည်းက တောင်ပိုင်းကိုပြောင်းသွားတာ မဟုတ်ဘူးလား... ဒါက အက်စ်မြို့လေ... ဟေး မင်းရော ခရီးထွက်လာတာလား..."

စိတ်ရှုပ်ထွေးနေသည့်ယီဟွေ့က ဘေးနားသို့ ဆွဲခေါ်သွားခံရပြန်သည်။ မေမေထန်က သူ့မျက်လုံးထောင့်များ မျက်ရည်များကို လက်ခုံဖြင့်သုတ်ကာ တီးတိုးပြောလိုက်သည်။ 

" ဆရာဝန်ပြောတာတော့ သူ့ဦးနှောက်က ပြင်းပြင်းထန်ထန်ကို အရိုက်ခံလိုက်ကတော့ သွေးခဲတွေက မှတ်ဉာဏ်သွေးကြောတွေကို ဖိမိသွားလို့ ခဏတာ မှတ်ဉာဏ်ချွတ်ယွင်းသွားတာတဲ့... လူတွေကိုတော့ မှတ်မိသေးပေမယ့် ဒီနှစ်တွေအတွင်း ဖြစ်ခဲ့တာတွေကိုတော့ မမှတ်မိတော့ဘူးတဲ့..."

ယီဟွေ့ ဤကိစ္စကိုလက်ခံရန် အချိန်အနည်းငယ်ယူလိုက်ရပြီးမှ စိတ်အေးလက်အေးပုံစံဖြင့် ထန်ဝမ်းရှီဘက်သို့ လှည့်လိုက်သည်။ 

" အတန်းဖော်ထန် မင်း ငါ့ကို မှတ်မိသေးတာလား..."

" ငါတို့အတန်းထဲက ပန်းချီပါရမီရှင်တွေအချင်းချင်းကို မမှတ်မိပဲနေလား..."

ထန်ဝမ်းရှီက တက်ကြွစွာဖြင့် ပြုံးလိုက်သည်။

" ဒါနဲ့ မင်းက ဘယ်လိုဖြစ်တာလဲ... မင်းက အတန်းထဲမှာဆို အေးတိအေးစက်နဲ့ ဘယ်သူ့ကိုမှ ဂရုစိုက်တာလည်း မဟုတ်ဘူး... အခုတော့ ငါ့ကိုတွေ့ဖို့ ဆေးရုံအထိတောင် ရောက်လာတယ်ပေါ့... မင်း ငါ့နာမည်ကိုတောင် မမှတ်မိဘူး ထင်နေတာ..."

" အတန်းလား... ဘာအတန်းလဲ..."

" ဆီဆေးပန်းချီအတန်းလေ... မင်း အတိတ်မေ့သွားတာလား အတန်းဖော်ကျန်း..."
ထန်ဝမ်းရှီက သူ့ကို နောက် ပြောင်လိုက်သေးသည်။

ယခုနှစ်တွင် ထန်ဝမ်းရှီ ကျောင်းပြီးသည်က နှစ်နှစ်ပြည့်ပြီဖြစ်သည်။ နွေရာသီအားလပ်ရက်တွင်မူ သူက အပြင်ဘက်တွင် ပုံကြမ်းဆွဲလေ့ရှိသူဖြစ်သည်။ ဆီဆေးပန်းချီအတန်းကိုမူ သူ ဘွဲ့မရမီက တက်ရောက်ခဲ့ခြင်းဖြစ်သည်။

အသေးစိတ် အချက်အလက်အချို့ကို မေးမြန်းပြီးသည့်နောက်တွင် ယီဟွေ့နှင့် ထန်မိဘနှစ်ပါးက ထန်ဝမ်းရှီမှာ ယခုနှစ်များမှ ကိစ္စအားလုံးကို မေ့သွားပြီး တက္ကသိုလ် ဒုတိယနှစ်တက်စဉ်အချိန်က မှတ်ဉာဏ်များသာ ရှိတော့သည်ကို လက်ခံလိုက်ရတော့သည်။ 

အခန်းထဲမှ လူအားလုံးက ဝမ်းနည်းပက်လက်ဖြစ်နေကြသော်လည်း ထန်ဝမ်းရှီတစ်ယောက်တည်းသာ ပျော်မြဲပျော်နေသည်။ 

" ထားလိုက်ပါတော့ ငါဆွဲထားတဲ့ပုံကို လာကြည့်ဦး... ဒီနှစ်တွေအတွင်း ငါလေ့ကျင့်ခဲ့တာတွေက အချည်းနှီးမဖြစ်ဘူးပဲ... အသည်းအသန်လေ့ကျင့်ပြီးမှ ဒီလိုရလဒ်မျိုးထွက်လာတာ ..."

တစ်ချိန်လုံး ငြိမ်နေခဲ့သော ယန်ချန့်ရွှမ်က ရှေ့ကိုရုတ်တရက် တိုးလာပြီး ထန်ဝမ်းရှီကို ပခုံးကိုကိုင်လိုက်သည်။
" ကိုယ့်ကိုရော... မမှတ်မိတော့ဘူးလား..."

ထန်ဝမ်းရှီ အလွန်ကြောက်လန့်သွားပြီး ယန်ချန့်ရွှမ်၏မျက်လုံးကို အလန့်တကြားဖြင့် စိုက်ကြည့်နေလိုက်သည်။ 

" မင်း... မင်းက ဘယ်သူလဲ..."

ယန်ချန့်ရွှမ် အံကြိတ်ထားပြီး သူ့နာမည်ကို ပြောပြလိုက်သည်။ ထန်ဝမ်းရှီ ပိုမိုကြောက်လန့်သွားပြီး ပခုံးကိုကျုံ့ထားကာ ရုန်းကန်နေသည်။ 

" ငါ မင်းကိုမသိဘူး... နာမည်တောင် မကြားဖူးဘူး... အမေ သူက ဘယ်သူလဲ..."

မေမေထန်က ခေါင်းခါလိုက်ပြီး သူမလည်းမသိကြောင်း ပြောလိုက်သည့်အခါ ထန်ဝမ်းရှီက ရုတ်ချည်း ရဲတင်းလာသည်။

" ငါ့အမေက ငါ့သူငယ်ချင်းတွေအားလုံးကိုသိတယ် မင်းကို မသိဘူးတဲ့ မင်း ဘယ်ကကောင်လဲ... ထွက်သွားစမ်း..."

ယန်ချန့်ရွှမ်က ထွက်သွားရန် ငြင်းဆန်နေသည်။ သားဖြစ်သူကို ကာကွယ်လိုသည့် ဖေဖေထန်က သူ့ကိုဆွဲခေါ်သွားသည့်အခါ ခြေလှမ်းအနည်းငယ်ခန့်သာ လှမ်းပြီး ရပ်လိုက်ပြန်သည်။ ယန်ချန့်ရွှမ်က မယုံကြည်နိုင်ဟန်ဖြင့် လှောင်ပြောင်လိုက်သည်။ 

" ဟမ်... မင်းပဲ ငါ့ကို ပြန်လာစေချင်တာ မဟုတ်ဘူးလား... ငါအခု ပြန်လာပြီလေ... မင်း အတိတ်မေ့ချင်ယောင်ဆောင်ပြီး ဘာတွေလှည့်စားမလို့လဲ..."

သူ ယီဟွေ့ဘက် လှည့်လာသည်။ 
" ငါဘယ်သူလဲဆိုတာ သူ့ကိုပြောပြလိုက်..."

ထန်ဝမ်းရှီ၏ စိတ်ရှုပ်ထွေးနေသည့် အကြည့်အောက်တွင် ယီဟွေ့ အချိန်ကြာသည်အထိ တွန့်ဆုတ်နေခဲ့သည်။ သူတို့နှစ်ယောက်အကြား ဆက်ဆံရေးကို အတိအကျ အဓိပ္ပါယ်ဖွင့်ဆိုရန် ခက်ခဲပုံရသည်။ 

" သူက မင်းသဘောကျနေတဲ့သူလေ..."
ယန်ချန့်ရွှမ်၏ အနည်းငယ် အံ့အားသင့်သွားဟန်ရသည့် အပြုံးကြောင့် ယီဟွေ့ ခဏတာ ရပ်သွားပြီးမှ ဆက်ပြောလိုက်သည်။ 

" ပြီးတော့ မင်းကို ထားခဲ့ပြီးတော့ အနာကျင်ဆုံး ‌ဖြစ်အောင် လုပ်ခဲ့တဲ့သူပဲ..."

.....