အပိုင်း ၅၇.၂
Viewers 13k

Chapter 57.2



ထိုညတွင် ယီဟွေ့က ထန်ဝမ်းရှီ အတိတ်မေ့သွားရသည့်အကြောင်းကို တွေးတောပြီး မှင်သက်ငေးငိုင်နေမိသည်။ 

သူတို့၏ ယခင်စကားဝိုင်းအရဆိုလျှင် ထန်ဝမ်းရှီနှင့် ယန်ချန့်ရွှမ်က လွန်ခဲ့သည့်လေးနှစ်ခန့်က တွေ့ဆုံခဲ့ခြင်းဖြစ်ရာ ထန်ဝမ်းရှီ၏ မှတ်ဉာဏ်များ ပြတ်တောက်သွားရာ တက္ကသိုလ် ဒုတိယနှစ်တွင် သိခဲ့ကြခြင်းဖြစ်သည်။ 

ထိုအချိန်မှစပြီး သူ အတိတ်မေ့သွားသည်က တိုက်ဆိုင်ခြင်းဖြစ်နိုင်သော်လည်း ထန်ဝမ်းရှီ၏ရွေးချယ်မှုနှင့် မသက်ဆိုင်ဟု ယီဟွေ့ မတွေးပဲ မနေနိုင်ပေ။ 

ဘာလို့ အဲ့အချိန် ဖြစ်ရတာလဲ... သူ ယန်ချန့်ရွှမ်နဲ့တွေ့ပြီးတဲ့နောက်ပိုင်းဖြစ်ခဲ့တဲ့ အရာအားလုံးကိုမှ ဘာလို့မေ့သွားရတာလဲ...

အကယ်၍ သူသာ ယန်ချန့်ရွှမ်ဖြစ်လျှင်လည်း သံသယဝင်မိမည်ဖြစ်သည်။

သို့ရာတွင် သူငယ်ချင်းတစ်ယောက်၏ ရှု့ထောင့်မှဆိုပါက အရာလုံးကို မေ့ပစ်လိုက်ခြင်းကလည်း ဆိုးဝါးသည့်အရာ မဟုတ်ပေ။ 

သူတို့နှစ်ယောက်အကြားမှ ဖော်ညွှန်းမရနိုင်သည့် ဆက်ဆံရေးအတွင်းတွင် ထန်ဝမ်းရှီက တစ်နေ့ပြီးတစ်နေ့ စိတ်ပျက်လာသည်ကိုသာ သူ စောင့်ကြည့်နေခဲ့ရသည်။ သူက တစ်ဖက်လူကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမည်စိုး၍ သူကြိုက်နေကြောင်းကိုပင် ဝန်မခံခဲ့ပေ။ သူ စွန့်ပစ်ခံခဲ့ရသော်လည်း မနည်းအားတင်းပြုံးနေပြီး ဂရုမစိုက်ဟန်ဆောင်ခဲ့သည်။ "အပျော်သဘော" ဖြင့် စတင်ခဲ့သော ပတ်သက်မှုတစ်ခုမှာ ပြဿနာများစွာဖြင့်သာ အဆုံးသတ်ရန် ကံကြမ္မာဖန်လာခဲ့သည်။ 

သို့ဖြစ်၍ ယီဟွေ့က သူတို့အကြားမှ ပတ်သက်မှုကို မဖုံးကွယ်ထားပဲ အမှန်တိုင်းပြောခဲ့ကာ သူတို့နှစ်ယောက်ကို ရွေးချယ်စေခဲ့ခြင်းဖြစ်သည်။ သူနှင့်ရင်းနှီးသူများကိုပါ ဤအစီအစဉ်ထဲ ဝင်မပါစေပဲ ရွေးချယ်မှုကို သူ့လက်ထဲ ထည့်ခဲ့ခြင်းဖြစ်သည်။ 

ယီဟွေ့က လူနာဆောင်ထဲမှ ဆို‌ဖာပေါ် လှိမ့်နေမိသည်။  ခေါင်းအုံးအောက်မှ ဖုန်းက တုန်ခါလာ၍ ကြည့်လိုက်သည့်အခါ ကျန်းယီမန့်ထံမှ မက်ဆေ့ဖြစ်နေသည်။
" ကိုကြီး အခု သူနဲ့တူတူရှိနေတာလား... "

ယီဟွေ့က ခေါင်းမော့ပြီး ခုတင်ပေါ် မျက်လုံးများမှိတ်ထားပြီးလှဲနေသည့် ကျိုးကျင်ဟမ့်ကိုလှမ်းကြည့်ကာ စာပြန်ပြန်သည်။
" အင်း..."

ကျိုးကျင်ဟမ့်က တစ်စုံတစ်ယောက်ကို ကယ်တင်နေစဉ် ဓားဖြင့်အထိုးခံရပြီး သေလုမျောပါးဖြစ်သွားသည့်သတင်းကို သူမ သိထားပြီး သူ ကယ်တင်ပေးသည့်လူကလည်း ယီဟွေ့ဖြစ်ကြောင်းကိုလည်း သိပေသည်။ 

" ညီမလေး အိပ်ရာပေါ်လှဲရင်း စဉ်းစားနေတာ... ဒီ chat historyကို အစ်ကိုကြီးမြင်အောင် ပြသင့်တယ်လို့လေ... သူ့နည်းလမ်းတွေက နည်းနည်းကွဲပြားပေမယ့် စိတ်ရင်းအမှန်နဲ့လို့တော့ ထင်တာပဲ..."

ယီဟွေ့ ချက်ချင်း စာမပြန်သည့်အခါ သူမက စာထပ်ပို့သည်။
" ညီမလေးက ကျိုးကျင်ဟမ့်ရဲ့ ပရိသတ်အနေနဲ့မဟုတ်ပဲ အစ်ကိုကြီးရဲ့ ညီမလေးတစ်ယောက်အနေနဲ့  တွေးလိုက်တာပါ အစ်ကိုကြီး မယုံရင် ကျိန်ရဲပါတယ်... အစ်ကိုကြီး ဒီအကြောင်း သိသင့်တယ်လို့ ထင်လို့ပါ..."


ယီဟွေ့ အသက်ပြင်းပြင်းရှုလိုက်သည်။
" ပို့လိုက်လေ..."

ကျန်းယီမန့်က ဝေ့ပေါ်မှ private chat တစ်ခု၏ screenshot ကို သူ့ထံပို့လိုက်သည်။ အစပိုင်းကို ဖတ်ကြည့်လိုက်သည်နှင့် တိုက်ဖွန်းတိုက်သည့်ည အကြောင်း မှတ်မိသွားသည်။

( အောက်ကစာက screenshotကဟာဆိုတော့ ဘယ်သူက ဘာပြောတယ်သိအောင် အီမိုဂျီနဲ့ တွဲရေးပေးပါ့မယ် 🌼က ကျန်းယီမန့် 🌲က ကျိုးကျင်ဟမ့် ပြောတာတွေပါ )


🌼 အစ်ကို ပို့လိုက်တာတွေက များလွန်းတော့ ညီမအစ်ကိုကြီးကို အကြိမ်တိုင်း လိမ်ပြောနေမိသလို ခံစားရတယ် ထပ်မလိမ်နိုင်လောက်တော့ဘူးထင်တယ်...

🌲 နေပါဦး အခုက အချိန်မကျသေးဘူး...

🌼 တစ်ခုလောက် မေးလို့ရမလား...

🌲 အင်း မေးပါ...

🌼 ညီမအစ်ကိုကြီးကို အစ်ကိုက ဘယ်သူဆိုတာ မပြောနိုင်ရလောက်အောင် အရင်က ဘာတွေလုပ်ခဲ့မိလို့လဲ... အစ်ကိုကြီးက နည်းနည်းတုံးတော့ ဘာကိုမှ သံသယ မဝင်တတ်ပါဘူး တကယ်လို့...

....

ယီဟွေ့ စာကို ထိုနေရာမှဆက်ပြီး မဖတ်မိတော့ပေ။

ထိုအချိန်က သူ အလွန်ဒေါသထွက်ပြီး စိတ်ထဲ ခံစားနေခဲ့ရလွန်းပြီး သူ့ခေါင်းထဲတွင် "အလိမ်အညာ" ဟူသည့် စကားလုံးဖြင့်သာ ပြည့်နေခဲ့သည်။ သူ ထပ်မံလှည့်စားခံလိုက်ရပြီဟုသာ ထင်နေခဲ့သည်။ ဤခံစားချက်က သူ့ကိုခြောက်ခြားပြီး ရီဝေလာစေသည်။ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာတွင် စိတ်နှစ်ခွဖြစ်နေခဲ့ခြင်းကြောင့် အခြားအရာများကို ထပ်တွေးချိန် မရှိတော့ပေ။ 

ယခုအခါ သူ အနည်းငယ် စိတ်လှုပ်ရှားနေမိပြီး ကျိုးကျင်ဟမ့် မည်သည့်စကားများပြောမည်ကို မခန့်မှန်းနိုင် ဖြစ်နေသည်။ အကယ်၍ သူအမှန်တိုင်းမပြောပြခဲ့ပါက ကျန်းယီမန့်က သူ့ကိုကူညီပြီး ဆက်ကူညီပေးမည်မဟုတ်ပေ။ 

အကယ်၍ အောက်ဘက်မှစာကို ဆက်ဖတ်ပါက အဖြေသိရမည်ဖြစ်သော်လည်း ယီဟွေ့ ထိုအဆင့်ထိ မရောက်ခဲ့ပေ။ သူ့ဖုန်းကိုချပြီး လူးလှိမ့်နေလိုက်မိသည်။

" အိပ်မပျော်ဘူးလား..."

အသံတိုးတိုးကြောင့် ယီဟွေ့ ဆတ်ခနဲတုန်ပြီး ကြောက်လန့်သွားသည်။ သူ ထထိုင်လိုက်ပြီး လူနာခုတင်ဘေးမှ ညမီးရောင်ရှိရာဘက်သို့ လှမ်းကြည့်ပြီး ဆင်ခြေတစ်ခု ပေးလိုက်သည်။
" မဟုတ်ပါဘူး... ရေသောက်ချင်လို့ပါ..."

ယီဟွေ့က ဖိနပ်စီးလိုက်ပြီးနောက် ရေသွားထည့်နေစဉ် လူနာကိုပါ ရေသောက်ချင်လားဟု မေးလိုက်သည်။ ကျိုးကျင်ဟမ့် ခေါင်းခါလိုက်သည်။

" ကိုယ်မသောက်တော့ပါဘူး မင်းပဲသောက်လေ..."

သတိပြန်ရလာပြီး ပထမဆုံးနေ့တွင် ကျိုးကျင်ဟမ့်က လူနာလာကြည့်သူများကို ကိုင်တွယ်လိုက်ရ၍ ရုပ်ပိုင်းဆိုင်ရာခွန်အား အတော်အတန် ကုန်ဆုံးသွားသည်။ ဆရာဝန်က နေ့လယ်ပိုင်း သူ့ကိုလာကြည့်ချိန်တွင် ဒဏ်ရာ၌ သွေးစို့နေသည်ကို မြင်လိုက်ရသည်။ ထို့နောက် မည်သည့်လှုပ်ရှားမှုကမဆို ဒဏ်ရာကို ပြန်ပွင့်သွားစေကြောင်း အပြင်းအထန် သတိပေးလိုက်သည်။ ကျိုးကျင်ဟမ့်က အိပ်ရာပေါ်မှထပြီး လမ်းလျှောက်ရန်ပါ တားမြစ်ခံလိုက်ရသည်။ စကားပြော ရယ်မောခြင်းတို့လည်း မပြုလုပ်ရပဲ တစ်ယောက်ယောက်က အစာခွံကျွေးမှ စားရမည့်အဖြစ်သို့ ရောက်သွားသည်။  ယီဟွေ့က အလွန်ကြောက်လန့်သွား၍ သူ့ပါးစပ်ကိုပါ တစ်ခုခုနှင့် စည်းထားလုနီးပါး ဖြစ်သွားပြီး လက်ကိုင်ခွင့်ပါမပေးတော့ပဲ ကျိုးကျင်ဟမ့်ကို အိပ်ရာပေါ်လှဲခိုင်းထားသည်။

သနားစရာကောင်းသည့် ကျိုးကျင်ဟမ့်မှာ အိပ်ရာနိုးနေချိန်တွင်လည်း ဘာမှမလုပ်ရတော့ပဲ စကားလည်းမပြောရပေ။ ယီဟွေ့၏ စောင့်ကြည့်မှုအောက်တွင် တစ်နေ့ခင်းနှင့် ညတစ်ဝက်လန့် ငြိမ်ငြိမ်လေးနေလိုက်ရ၍ ယခုချိန်၌ လုံးဝ မအိပ်ချင်တော့ပေ။ 

ရေသောက်ပြီးသည့်အခါ ယီဟွေ့က မီးပိတ်ပြီးဆက်အိပ်ရန် ပြင်လိုက်သည်။ ကျိုးကျင်ဟမ့်က သူ့ကို တားလိုက်သည်။ 

" မီးမပိတ်ပါနဲ့ဦး ကိုယ်နဲ့စကားပြောပေးပါလား..."

" မင်း စကားထပ်ပြောလို့ မရတော့ဘူးလေ..."

ကျိုးကျင်ဟမ့်က ကူကယ်ရာမဲ့သွားပုံဖြင့် သူ့ခုတင်ဘေးမှ နေရာလွတ်ကို အသာပုတ်ပြလိုက်သည်။ 
" ဒါဆိုလည်း ဒီနားလာပါလား ကိုယ်မင်းကို သေချာကြည့်ပါရစေဦး..."

ယီဟွေ့ ခဏတာ‌တွန့်ဆုတ်သွားသော်လည်း ခဏကြည့်ရုံဖြင့် ဒဏ်ရာကို မထိခိုက်စေဟု တွေးလိုက်သောကြောင့် ဖိနပ်ချွတ်ပြီး ခုတင်ပေါ် တဖြည်းဖြည်းတက်သွားကာ ဂရုတစိုက်ဖြင့် လှဲချလိုက်သည်။ 

ကျိုးဟွာရုံက နေ့လည်တည်းက သူ့သားကို တစ်ယောက်ခန်းထဲသို့ ပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ခုတင်ကလည်း ကျယ်ကျယ်လွင့်လွင့်ဖြစ်၍ လူကြီးနှစ်ယောက် အိပ်နိုင်သည်အထိကြီးသောကြောင့် သူတို့နှစ်ယောက်အကြားတွင် နေရာလွတ်ရှိနေသည်။ ယီဟွေ့က လက်နှစ်ဖက်ကိုခုပြီး တစ်ဖက်သို့စောင်းအိပ်နေကာ ကျိုးကျင်ဟမ့်ကလည်း ဘေးတစ်ဖက်‌စောင်းထားပြီး သူ့ကိုလှည့်ကြည့်နေသည်။ 

မူလက အဆင်ပြေသော်လည်း အချိန်အတန်ကြာသည့်အခါ ယီဟွေ့က စိတ်မသက်မသာဖြစ်လာပြီး အသံတိုးတိုးဖြင့် ရေရွတ်ပြောလိုက်သည်။ 
" ဒီတိုင်းပဲ ဆက်ကြည့်နေမလို့လား..."

" မင်းကမှ ကိုယ့်ကို မလှုပ်ခိုင်းတာ ဒီတိုင်းလေးပဲ ကြည့်နေလို့ မရဘူးလား..."

ယီဟွေ့က စိတ်ပျော့သူဖြစ်၍ သူ့ပါးပြင်က ပူနွေးလာသည်ကို ဖိနှိပ်ထားလိုက်ပြီး သဘောတူဟန်ဖြင့် မျက်လုံးမှိတ်ပြလိုက်သည်။ 

သူတို့နှစ်ယောက်က ဤပုံစံအတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး စကားတစ်ခွန်းမှ မပြောကြ၍ ယီဟွေ့က ထန်ဝမ်းရှီနှင့် ယန်ချန့်ရွှမ်အကြောင်း ပြောပြလိုက်သည်။ အတိတ်တွင် ဖြစ်ခဲ့သည်များ၊ ယနေ့ဖြစ်ပျက်ခဲ့သည်များနှင့် သူသိသော အကြောင်းအရာတစ်စွန်းတစ်စများပါ ပြောလိုက်ပြီးနောက် အကြံတောင်းကြည့်လိုက်သည်။ 
" သူတို့ အတူတူရှိဖို့ အခွင့်အရေးရှိ‌ဦးမယ်လို့ ထင်လား..."

ငြိမ်းချမ်းမှုဖြစ်ပေါ်လာရန် ဆွေးနွေးဖျောင်းဖျ၍ရသော်လည်း စိတ်အခန့်မသင့်မှုကမူ ထိုသို့မဟုတ်ပေ။ ယန်ချန့်ရွှမ်က မိုင်ပေါင်းသိန်းချီသည့် နိုင်ငံရပ်ခြားမှ အဆောတလျင် ပြန်လာခဲ့ရခြင်းဖြစ်သည်။ သို့ဖြစ်၍ ဤအခြေအနေကြောင့် သက်ရောက်မှု မရှိမည်မှာ မဖြစ်နိုင်ပေ။ ထန်ဝမ်းရှီ မှတ်ဉာဏ်မချွတ်ယွင်းသွားပါက မည်သို့တုံ့ပြန်မည်ကိုလည်း ယီဟွေ့မသိပေ။ 
ယန်ချန့်ရွှမ်က သူ့ကိုလာတွေ့တယ်ဆိုတော့ အနည်းဆုံးတော့ ပျော်နေမှာပဲမလား...

" အဲဒါကတော့ မင်းသူငယ်ချင်းက သူ့ကိုခွင့်လွှတ်ပေးချင်လား ဆိုတဲ့အပေါ် မူတည်တယ်..."
ကျိုးကျင်ဟမ့် ပြောလိုက်သည်။ 

ယီဟွေ့ မျက်မှောင်ကြုတ်လိုက်သည်။
" သူက အတိတ်မေ့သွားတာလေ... ဒါပေမဲ့ ဟန်ဆောင်နေတာလည်း ဖြစ်နိုင်ချေရှိတယ်လို့ထင်လား..."

ခုတင်က အကြိမ်အနည်းငယ်ခန့် လှုပ်ခါသွားပြီးသည့်နောက် ယီဟွေ့စကားမဆုံးမီမှာပင် သူ့ဘေးမှ ကျိုးကျင်ဟမ့်က ရုတ်တရက် လှည့်လာပြီး ယီဟွေ့၏ ခန္ဓာကိုယ်ကို လက်နှစ်ဖက်လုံးဖြင့် ဖိထားလိုက်သည်။ 

" ဒါဆိုရင် မင်းကရောဘယ်လိုလဲ... ကိုယ့်ကို ခွင့်လွှတ်ပေးမှာလား..."

ယီဟွေ့ ကြောက်လန့်တကြားဖြင့် မျက်လုံးပြူးသွားကာ ကျိုးကျင်ဟမ့်၏လက်မှ အပ်ကို ဦးစွာစစ်ဆေးကြည့်လိုက်ပြီး လက်ဖြင့် သူ့ကိုတွန်းထုတ်လိုက်သည်။ 
" ပြန်လှဲနေလေ ပြီးတော့ ဒဏ်ရာကို ဂရုစိုက်ဦး..."

" ကိုယ်မေးတာ ဖြေဦးလေ..."
ကျိုးကျင်ဟမ့်က ခေါင်းမာနေပြီး သူ့အကြည့်များက ပိုမိုစူးရှလာသည်။ 

သူ သတိရလာချိန်တွင် မေ့မျောနေခဲ့သည်မှာ ငါးရက်ကြာပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူ့စိတ်ထဲ စိုးရိမ်နေခဲ့သော်လည်း လူနာလာကြည့်သူများနှင့် တရာဝန်များက ဝင်ထွက်သွားလာနေသောကြောင့် ယီဟွေ့နှင့်စကားပြောရန် အခွင့်အရေး မရခဲ့ပေ။ ယခုအချိန်၌ မှောင်မည်းနေပြီး အခန်းထဲတွင်လည်း သူတို့နှစ်ယောက်တည်းသာရှိသော်လည်း ယီဟွေ့က အခြားလူများအကြောင်းကိုသာပြောနေ၍ ကျိုးကျင်ဟမ့်၏စိတ်ထဲ ပိုပြီးအလေးအနက်ဖြစ်လာသည်။ 

သူ သတိလစ်နေခဲ့သည်မှာ ရက်အနည်းငယ်ကြာသွားပြီဖြစ်၍ ထိုနေ့အကြောင်း များများစားစား မမှတ်မိတော့သောကြောင့် ယီဟွေ့က ထိုအချိန်က သူ့ကို ကတိပေးခဲ့ခြင်း ဟုတ်မဟုတ် မသေချာတော့ပေ။ 

သူ ငါ့ကို ဂရုစိုက်ပေးနေတာက ငါ သူ့ကိုကယ်ခဲ့လို့ အကြွေးတင်တယ်လို့ ခံစားနေရလို့များလား...
 
ကျိုးကျင်ဟမ့်က ဤကိစ္စကို အတည်ပြုချင်စိတ်များနေသည်။ နေ့ခင်းက တည်ငြိမ်အေးဆေးနေခဲ့သူက ယခုချိန်မှ ပျာယာခတ်ပြီး စိတ်ရှုပ်ထွေးလာသည်။ 

ယခုချိန်တွင် သူ့ပုံစံက အနည်းငယ်ကြမ်းတမ်းသွားသည်ဟု ထင်လိုက်၍ သူ့အလိုလိုထွက်ပေါ်လာသည့် ကိုယ်ရောင်ကိုယ်ဝါများကို ဖိနှိပ်ထားပြီး လေသံပျော့ပျော့ဖြင့် ပြောလိုက်သည်။ 
" ကိုယ် ဂရုမစိုက်မိတာပါ... မင်းကို ကိုယ့်ဘေးမှာထားရင် လုံခြုံမယ် ထင်ခဲ့တာ... အဲ့သူခိုးကောင်က အခွင့်အရေးယူပြီး ဒီလိုလုပ်မယ် မထင်ထားမိဘူး... သူပြီးရင် နောက်ကွယ်က ကြိုးကိုင်တဲ့သူတစ်ယောက်ရှိဦးမယ်ဆိုတာ ကိုယ်သိတယ် ... ကိုယ် သူ့ကို..."

ယီဟွေ့ သူ့ပါးစပ်ကို လက်ဖြင့် အုပ်ထားလိုက်သည်။

အမှန်တွင် သူ့လက်ချောင်းနှစ်ချောင်းဖြင့်သာ နှုတ်ခမ်းကို ဖိကပ်ထားလိုက်သည်။ ကျိုးကျင်ဟမ့်က စကားပြောနေရာမှရပ်သွားပြီး သူ့မျက်ဝန်းထဲ၌ စိုးရိမ်ပူပန်မှုအပြင် မျှော်လင့်တကြီးဖြစ်နေသည့် အရိပ်အယောင်များ ပေါ်လာသည်။ 

ယီဟွေ့က သူမေးသည်ကို ဖြေရမည့်အစား ပြန်မေးလိုက်သည်။ 
" မနာဘူးလား..."

သူက လက်ရှိအခြေအနေကို ဆိုလိုခြင်းအပြင် ထိုစကားတစ်ခွန်းထဲတွင် အဓိပ္ပါယ်ပေါင်းများစွာ ပါဝင်နေသည်။ 

ယခင်ကလည်း သူတို့နှစ်ယောက်က ဤသို့သာဖြစ်သည်။ ယီဟွေ့က အသက်ပိုကြီးသူဖြစ်၍ ကျိုးကျင်ဟမ့်ကို ဂရုစိုက်ရမည့်တာဝန်ရှိသည်ဟု ခံယူထားသည်။ သူ ဒဏ်ရာရချိန်တိုင်း ယီဟွေ့ စိတ်ညစ်ရသည်။ 

Now or never အခြေအနေမျိုးဖြစ်နေ၍ ရုပ်ရှင်ဧကရာဇ်ကျိုးက မျက်မှောင်ကြုတ်လိုက်ပြီး အသံအက်ရှရှဖြင့် အော်ပြောလိုက်သည်။

" အား... နာတာပေါ့ ..."

ယီဟွေ့က ကျိုးကျင်ဟမ့်၏အောက်မှနေ၍ သူ့ကိုကြည့်လိုက်ပြီး မျက်ဝန်းထဲတွင် အံ့အားသင့်မှုများဖြင့် ပြည့်လာပြီးမှ ‌ရယ်လိုက်သည်။ 

သူ ပြုံးလိုက်ချိန်တွင် နှုတ်လမ်း‌များ ကွေးညွတ်သွားပြီး မျက်တောင်များအကြားမှ အလင်းတန်းများ တောက်ပလာသည်ဟုပင် ထင်ရသည်။ ကျိုးကျင်ဟမ့်က သူ ပြုံးရယ်နေသည်ကို မြင်ရခြင်းအား အနှစ်သက်ဆုံးဖြစ်သည်။ ယီဟွေ့ ဤကဲ့သို့ပြုံသည်ကို မမြင်ရသည်မှာ ကြာပြီဖြစ်၍ ခဏတာ အံ့ဩသွားမိသည်။

" အရမ်း တုံးတာပဲ..." 
ယီဟွေ့က အားမပါပဲ သူ့ပခုံးကို တွန်းလိုက်သည်။ 

" မင်းကမှ တကယ်တုံးတဲ့သူလို့ ငါထင်တယ်..."