Chapter 58.1
သတ်မှတ်ထားသည်ထက် ပိုမိုစကားပြောပြီး ပိုမိုလှုပ်ရှားလိုက်မိသည့် ကျိုးကျင်ဟမ့်မှာ နောက်တစ်နေ့အတွက် စကားလုံးတစ်ရာခန့်သာပြောခွင့်ရှိတော့သည်။ ယီဟွေ့က အိပ်ရာအစွန်းတွင်ထိုင်ပြီး သူဖုန်းနှင့် ကစားနေသည်ကိုလှမ်းကြည့်ပြီး တစ်ခုခုပြောချင်နေသည်။
ယီဟွေ့က ကျန်းယီမန့်ပို့ထားသည့် screenshotကို ထပ်နှိပ်ကြည့်နေသည်။ ကျိုးကျင်ဟမ့်က သူကြည့်နေသည့်အရာကို သိချင်သောကြောင့် လည်ပင်းစောင်းပြီး ခိုးကြည့်ရန် ကြိုးစားနေသည်။ ယီဟွေ့ သတိပြုမိသွား၍ သူ့ကို မျက်စောင်းထိုးလိုက်သည့်အခါမှ ကျိုးကျင်ဟမ့်က ကူကယ်ရာမဲ့နေသည့်ပုံဖြင့် ပြန်လှဲနေလိုက်သည်။
စကားပြောချိန်ရောက်လာသည့်အခါ ကျိုးကျင်ဟမ့်က စကားလုံးများကို ရွှေသဖွယ် တန်ဖိုးထားနေသည်။
" ကိုယ် မနာတော့ပါဘူး... စကားများများပြောလို့ရရင် ကောင်းမှာပဲ..."
ယီဟွေ့က လိမ္မော်သီးတစ်စိတ်ကို သူ့ပါးစပ်ထဲ ထိုးထည့်လိုက်သည်။
" အရင်တစ်ခေါက်က နာတယ်လို့ပြောတယ်မလား... အဲ့လောက်တောင် မြန်မြန် ပြန်ပျောက်သွားရလား..."
ကျိုးကျင်ဟမ့်က စကားလုံးများကို ချွေတာနေရ၍ ခေါင်းငြိမ့်ပြလိုက်သည်။
" ပန်းသီးလည်းစားမယ်..."
သူက လက်ဦးမှုယူပြီး စားစရာတောင်းလာသည့်အတွက် ယီဟွေ့ ဇဝေဇဝါဖြစ်သွားရသည်။ နေ့လယ်စာ မစားမီတွင် ယီဟွေ့က ကျိုးကျင်ဟမ့် ခုတင်ပေါ်မှဆင်းလာပြီး ယနေ့အတွက် ငါးကြိမ်မြောက်အနေဖြင့် သန့်စင်ခန်းသို့ လိုက်ပို့ရသည်။ ထိုအခါမှသာ ထိုလူ တမင်လုပ်နေကြောင်း ယီဟွေ့သိသွားသည်။
လူနာခန်းထဲမှ သန့်စင်ခန်းက အလွန်ကျဉ်းသည်။ သူတစ်ယောက်တည်း ဝင်သွားပါက အဆင်မပြေဖြစ်နေမည်ဖြစ်၍ ယီဟွေ့ပါ လိုက်ဝင်သွားရ၍ အခန်းထဲတွင် ပြည့်နေသည်။ ထို့အပြင် ကျိုးကျင်ဟမ့်၏ခန္ဓာကိုယ်က မတည်မငြိမ်ဖြစ်ပြီး ယီဟွေ့ကိုယ်ပေါ် ခဏခဏ ခြေချော်ကျ၍ သူ့မျက်နှာက ယီဟွေ့ ၏လည်ပင်း၊ နှုတ်ခမ်းနှင့် နားရွက်အဖျားများကိုပါ ထိသွားသည်။ ယီဟွေ့ အလွန်ရှက်ပြီး မျက်နှာကြီးနီရဲနေသောကြောင့် သူနာပြုက သူ့ကို အဖျားရှိနေသည်လားဟုပင် မေးလာသည်။
သို့ရာတွင် ယီဟွေ့က သူ့အကြံအစည်အတိုင်း လိုက်လျောခွင့်မပြုနိုင်တော့ပေ။ နေ့လည်စာစားချိန်တွင် ကျိုးကျင်ဟမ့်ကို ရေများများမတိုက်လိုက်ပေ။ နေ့လယ်ခင်းတွင် ကျိုးကျင်ဟမ့်က သူ့ပါးစပ်ကို လက်ညှိုးထိုးပြပြီး အသီးမစားရပါက အချိန်မရွေး ငိုတော့မည့်ပုံလုပ်နေသည်။
ယီဟွေ့က သူ သရုပ်ဆောင်နေသည် ဟုတ်မဟုတ်ကို မသိ၍ သူ့ပုံစံကိုကြည့်ပြီး ရယ်ရုံသာ ရယ်နေလိုက်သည်။
ယီဟွေ့ ကျိုးကျင်ဟမ့်အပေါ် တားမြစ်ထားသည်များက အနည်းဆုံး နောက်တစ်ကြိမ်ပတ်တီးလဲပြီး ဆေးပြောင်းထည့်သည့်အချိန်ထိဖြစ်သည်။ မမျှော်လင့်ထားသည်မှာ ညနေဘက်တွင် ယန်ချန့်ရွှမ် အလည်ရောက်လာခြင်းကြောင့် ထိုအကြံအစည်က ပျက်စီးသွားရတော့သည်။
သူ တံခါးဝမှဝင်လာချိန် ပထမဆုံးပြောသည့်စကားက မိုးခြိမ်းသံနှင့်ပင် တူနေသည်။ ယန်ချန့်ရွှမ်က အကြံတောင်းရမည့်အစား အဓိပ္ပါယ်ပါပါဖြင့် ပြောလိုက်သည်။
" ငါသူ့ကို အမေရိကန်ခေါ်သွားမယ်..."
ယီဟွေ့က အမြန်မေးလိုက်သည်။
" အမေရိကန်အထိ ဘာသွားလုပ်မှာလဲ... သူကရော သဘောတူလို့လား..."
ယန်ချန့်ရွှမ်က ပထမမေးခွန်းကိုသာ ပြန်ဖြေသည်။
" သူ့ရောဂါကိုကုဖို့လေ... ကုပြီးသွားရင် အဲ့မှာ ကျောင်းဆက်တက်ပေါ့... ငါလည်း သူနဲ့တူတူနေမှာပဲ..."
" အဲ့ရောဂါကို တရုတ်မှာပဲကုလည်း ရတယ်လေ... ဟိုသွားလိုက် ဒီသွားလိုက် လုပ်နေတာက ဆေးကုတာရော ပြန်ကောင်းလာဖို့ရော အကူအညီမှ မဖြစ်တာ..."
၎င်းက ယီဟွေ့ပြောချင်နေသည့်စကား ဖြစ်သည်။ သူ ယန်ချန့်ရွှမ်ကို လှမ်းကြည့်လိုက်ပြီး သူစီစဉ်ထားသည့်ကိစ္စအတွက် ကျိုးကြောင်းဆီလျော်သည့် အကြောင်းပြချက်ပေးရန် မျှော်လင့်နေမိသည်။ ယန်ချန့်ရွှမ်က အချိန်အတန်ကြာသည်အထိ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။
" ငါ သူ့ကို မထားခဲ့ချင်တော့ဘူး..."
ကျိုးကျင်ဟမ့်က သရော်လိုက်သည်။
" နောက်ဆုံးတော့ သဘောပေါက်သွားပြီလား..."
ယန်ချန့်ရွှမ်က ဝန်မခံသကဲ့သို့ ငြင်းဆန်ခြင်းလည်း မရှိပေ။
" ငါမှ သူ့ကို မထားခဲ့နိုင်တာ..."
သူ၏ နှေးတိနှေးတုံ့အမူအရာကြောင့် ယီဟွေ့ သည်းမခံနိုင်တော့ပဲ မတ်တပ်ထရပ်လိုက်သည်။
" အရင်ကတော့ မင်းသူ့ကို လွှတ်ပေးထားတယ်၊ ပြီးတော့ မင်းဘေးမှာထပ်ပြီး ချည်နှောင်ထားလိုက်တယ်... သူ့ကို လာခိုင်းတာလည်းမင်းပဲ ထွက်သွားခိုင်းတာလည်းမင်းပဲ... မင်းက သူ့ကိုဘာများထင်နေတာလဲ..."
" ငါ... ငါလည်း သူ အဲ့လိုဖြစ်မယ် မမျှော်လင့်ထားမိဘူး..."
ယန်ချန့်ရွှမ်က ရှုပ်ပွနေသည့်ဆံပင်များကို ထပ်မံဆွဲဖွလိုက်သည်။
" ဒီ... ဒီလိုဖြစ်မယ်မှန်းသာ သိခဲ့ရင် ငါသေချာပေါက်..."
ယီဟွေ့က ဖြေလိုက်သည်။
" မင်း သေချာပေါက် သူ့ကိုမထားခဲ့ပဲနဲ့ ဒီလိုဖြစ်လာခွင့် ပြုမှာ မဟုတ်ဘူးပေါ့ အဲ့လိုလား..."
ယန်ချန့်ရွှမ် ခေါင်းငြိမ့်ပြလိုက်သည်။
" အဲ့လို မဟုတ်ပါဘူး အရာအားလုံးကို အစက ပြန်စရမယ်ဆိုရင်တောင် မင်းက ဒီလိုပဲ လုပ်နေဦးမှာပဲ... မင်းရင်ထဲမှာ သူ့အတွက် နေရာတော့ရှိပေမယ့် မင်းအတွက် အရမ်းတော့ အရေးပါမနေဘူးလေ... အခက်အခဲတစ်ခုရှိတာနဲ့ သူ့ကိုစွန့်ပစ်ထားခဲ့ပြီး မင်းအတွက် ပိုပြီးအကျိုးရှိတာကိုပဲ ရွေးချယ်သွားမှာ...အခု သူမင်းကို မေ့သွားပြီး ချည်နှောင်ထားတာတွေမရှိပဲ နေနိုင်တော့မှ မင်းကို ပြန်မှတ်မိလာစေချင်တယ်ပေါ့လေ...
မင်းက သူ့အတွက် လုပ်ပေးနေတာမဟုတ်ပဲ ကိုယ့်ကိုကိုယ်စိတ်သက်သာရာရအောင်ပဲ လုပ်ချင်နေတာမလား..."
ယန်ချန့်ရွှမ်က ယီဟွေ့စကားများကို နားထောင်နေစဉ် သူ့အသားအရည်က ပိုမိုဖြူဖျော့လာသည်မှာ တစ်စုံတစ်ရာ၏ လှုံ့ဆော်ခံလိုက်ရသကဲ့သို့ ဖြစ်သည်။
သူက စကားလမ်းကြောင်းလွှဲပြီး ထန်ဝမ်းရှီကို ခေါ်သွားမည့်အကြောင်းကိုသာ ပြောနေသည်။ ကျိုးကျင်ဟမ့်က ယီဟွေ့၏အကူအညီဖြင့်ထလာပြီး ခုတင်ခေါင်းရင်းကိုမှီကာ ပြောလိုက်သည်။
" သူက လူတစ်ယောက်နော် ... မင်း သူ့ကိုခေါ်သွားချင်တယ်ဆိုရင် အရင်ဆုံး သူ့ရဲ့ခွင့်ပြုချက်ယူရမယ် ပြီးရင် သူ့မိသားစုရဲ့ ခွင့်ပြုချက်ယူရမယ်... ပြီးတော့ မင်းမိသားစုရဲ့ အခြေအနေကိုလည်း ပြန်တွေးကြည့်ပါဦး မင်းမိဘတွေက သူ့ကိုလက်ခံမယ်ဆိုတာ သေချာလား... မင်း သူ့ကိုဖွက်ထားပြီး မိဘတွေကိုမပြောပဲ ဖုံးကွယ်ထားမယ်ဆိုရင်တော့ ဒီအကြောင်းကို ဆက်မတွေးဖို့ ငါအကြံပေးလိုက်မယ်... မင်းကတော့ အဲ့လိုတွေလုပ်နိုင်ပေမယ့် သူကတော့ မလုပ်နိုင်ဘူး... ရလဒ်တွေကိုလည်း မင်း မြင်ပြီးသားဖြစ်မှာပါ... သူ မျှော်လင့်ချက်မဲ့သွားပြီးတော့ သေချင်စိတ်ပေါက်သွားတာကို မင်းက ထိုင်ကြည့်နေချင်တာလား..."
ယန်ချန့်ရွှမ် ပါးစပ်ဟလိုက်သော်လည်း ဘာမှမပြောနိုင်တော့ပေ။
သူ ထွက်သွားပြီးသည့်နောက်တွင် ယီဟွေ့က ယမန်နေ့ညက ကျိုးကျင်ဟမ့်၏ခုတင်ပေါ် တင်ထားခဲ့သည့် စောင်နှင့်ခေါင်းအုံးကို ဆိုဖာပေါ် ပြန်ယူပြီး ခုတင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်လုပ်ပေးနေသည်။ ထိုသို့လုပ်နေစဉ်တစ်လျှောက်လုံးတွင် စကားတစ်ခွန်းမှ မပြောပဲ ခုတင်ပေါ်မှလူနားကိုလည်း တစ်ချက်မှ မကြည့်ပေ။
သူပြောလိုက်သည့်အရာကြောင့် အမှတ်တရဆိုးများကို ပြန်သတိရသွားကြောင်း ကျိုးကျင်ဟမ့် သိလိုက်သည်။ သူ့စိတ်ထဲတွင် ယန်ချန့်ရွှမ်ကို ကျိန်ဆဲနေမိသော်လည်း အပြင်တွင် တစ်ချက်မှ မလှုပ်ရဲပေ။ ယီဟွေ့ အိပ်ရာကို သပ်ရပ်အောင်လုပ်ပြီး ရေခပ်ရန် ထလာချိန်မှ သူ သတိထားပြီးခေါ်လိုက်သည်။
" ဟွေ့ဟွေ့..."
ယီဟွေ့က သူ့ကိုလျစ်လျူရှု့ထားပြီး ရေခပ်လာပြီး ခွက်ကို သူ့ပါးစပ်နား ကပ်လိုက်သည်။ ကျိုးကျင်ဟမ့်က သူ့ကိုတားချိန်မရလိုက်၍ ခွက်ကိုအမြန်ယူလိုက်သည့်အခါ ရေများက ကျိုးကျင်ဟမ့်လက်ပေါ် မှောက်ကျကုန်သည်။
ရေက ယခုမှ ဓာတ်ဘူးထဲမှ ထည့်လာခြင်းဖြစ်သော်လည်း အရေပြားကို လောင်သွားလောက်သည်အထိ ပူမနေပေ။ ယီဟွေ့က သူ မူမမှန်ဖြစ်နေသည်ကို ဖုံးကွယ်ရန်ကြိုးစားရာမှ ဤအခြေအနေမျိုးဖြစ်သွား၍ စိုးရိမ်သွားပြီး တာဝါတစ်ထည်ယူ၍ ကျိုးကျင်ဟမ့်၏လက်ကို အမြန်သုတ်ပေးလိုက်သည်။
သူ ခေါင်းငုံ့ပြီး ဂရုတစိုက် သုတ်ပေးနေစဉ်တွင် ကျိုးကျင်ဟမ့်၏လက်ဖမိုးပေါ်သို့ မျက်ရည်တစ်စက်ကျလာသည်။
အစောပိုင်းက ငိုချင်ယောင်ဆောင်ခဲ့သည့် ကျိုးကျင်ဟမ့်မှာ ယခုချိန်၌ သူ့ကို အမှန်တကယ် ငိုအောင် လုပ်မိသွား၍ ပျာယာခတ်သွားမိတော့သည်။ သူ ယီဟွေ့၏လက်ကို ဆုပ်ကိုင်ထားလိုက်ပြီး ရင်ခွင်ထဲထည့်ပြီး ပွေ့ဖက်ထားလိုက်သည်။
" ဘာဖြစ်တာလဲ... ဘာလို့ငိုနေတာလဲ..."
" လူဆိုးကောင်..."
ယီဟွေ့၏မျက်လုံးများက နီရဲနေပြီး သူ့အသံကလည်း ငိုသံကြီးဖြစ်နေသည်။
" မင်းတို့အားလုံးက လူဆိုးကောင်တွေပဲ..."
ကျိုးကျင်ဟမ့် အံ့အားသင့်သွားရသည်။
"လူဆိုးကောင်" ဟူသည့် အခေါ်အဝေါ်က သူနှင့်စိမ်းမနေပေ။ အတိတ်တွင်လည်း သူတစ်ခုခုစနောက်မိတိုင်း အရူးလေးက သူ့ကိုလူဆိုးကောင်ဟု ခေါ်လေ့ရှိသည်။ ယီဟွေ့က ဆဲဆိုသည့်စကားတစ်လုံးကိုမှ မပြောတတ်ချေ။ "လူဆိုးကောင်" ဟူသည့်စကားက ကမ္ဘာပေါ်တွင် အရင့်သီးဆုံးစကားဖြစ်သည်ဟု တွေးထားခြင်းဖြစ်သည်။ သို့ရာတွင် ကျိုးကျင်ဟမ့်က မတုန်မလှုပ်စွာဖြင့် သူက လူဆိုးဖြစ်ကြောင်း ဝန်ခံလိုက်သည့်အခါ ယီဟွေ့ အံ့ဩသွားပြီး အထစ်ထစ်အငေါ့ငေါ့ ဖြစ်ကုန်သည်။
" လူဆိုးကောင်တွေကို ရိုက်ပစ်ရမှာ..."
ထိုသို့ ကလေးဆန်သည့် ဆူပူသံလေးကို မကြားရသည်မှာ ကြာပြီဖြစ်ရာ ကျိုးကျင်ဟမ့်၏ စိတ်ဝိညာဉ်ထဲ တုန်ယင်သွားမိပြီး ဤသို့မပြောပဲ မနေနိုင်တော့ပေ။
" ကိုယ် ထပ်ကြားလို့ ရဦးမလား..."
ထိုစကားများကို မစဉ်းစားပဲပြောလိုက်သည်က မည်မျှရှက်စရာကောင်းကြောင်း ယီဟွေ့ သိသည်။ သူ နှာမှုတ်လိုက်ပြီး တစ်ဖက်သို့လှည့်လိုက်သော်လည်း ကျိုးကျင်ဟမ့်က သူ့မေးစေ့မှကိုင်ပြီး ပြန်လှည့်လိုက်သည်။
" ကိုယ်က လူဆိုးကြီးလေ... ကမ္ဘာပေါ်မှာ အဆိုးဆုံးလူပဲ..."
ကျိုးကျင်ဟမ့် သူ့ကို စူးစူးစိုက်စိုက် ကြည့်နေလိုက်မိသည်။ သူ့မျက်ဝန်းထဲမှ ပျော်ရွှင်မှုများ ကွယ်ပျောက်သွားကာ ဝမ်းနည်းမှုအရိပ်အယောင်များ ပေါ်လာခဲ့သည်။
" အားလုံး ကိုယ့်အမှားပါ... မင်း ကိုယ့်ကို ဆူလို့လည်းရတယ် ရိုက်လို့လည်းရတယ်... မင်း ပျော်မယ်ဆိုရင် ကြိုက်တာလုပ်လို့ရတယ်..."
ဤတစ်ကြိမ်တွင် လန့်သွားရသူက ယီဟွေ့ဖြစ်သွားခဲ့သည်။
သူတောင်မှ အတိတ်အကြောင်းတွေးမိသွားတာနဲ့ ဝမ်းနည်းနေတာ ကျိုးကျင်ဟမ့်ကရော ဝမ်းမနည်းတော့ဘူးတဲ့လား...
နောင်တဟူသည်မှာ ကမ္ဘာပေါ်တွင် အသုံးမဝင်ဆုံးနှင့် အနှိပ်စက်ဆုံးအရာများဖြစ်သည်။ ကျိုးကျင်ဟမ့်၏ နာကျင်မှုက ဖုံးကွယ်၍မရဖြစ်နေသည်ကို သူ့မျက်လုံးများဖြင့် တပ်အပ်မြင်လိုက်ရသည်။
လက်ကိုလွှတ်ပေးပြီးသည့်အခါတွင်လည်း ယီဟွေ့က သူ့ကို မရိုက်ခဲ့ပေ။ သူ့မျက်လုံးထောင့်မှ နောက်ဆုံးလက်ကျန်မျက်ရည်စက်ကို သုတ်လိုက်ပြီး ခပ်အုပ်အုပ်အသံဖြင့် ပြောလိုက်သည်။
" မင်းက လူဆိုးကောင် မဟုတ်ပါဘူး..."
သူ၏ အပြောင်းအလဲမြန်မှုကို ကျိုးကျင်ဟမ့် သဘောကျသွားမိသည်။
" မင်း အခုလေးတင် ကိုယ့်ကိုဆူနေတာလေ အခုတော့ အဲ့လိုမထင်တော့ပြန်ဘူးလား..."
" မင်းက ဘယ်လိုပြောင်းလဲရမယ်ဆိုတာ သိတယ်လေ... သူနဲ့မှ မတူတာ..."
ယီဟွေ့ နှုတ်ခမ်းစူပြီး ပြောလိုက်သည်။
ကျိုးကျင်ဟမ့်က ယီဟွေ့ကို သူ့ရင်ခွင်ထဲရောက်အောင် ဆွဲဖက်လိုက်ပြန်သည်။
" ဟေး... မင်းရဲ့ဒဏ်ရာ..."
" ကိုယ်အခုတော့ လူဆိုးကောင် မလုပ်တော့ပါဘူး..."
ကျိုးကျင်ဟမ့် အသက်ပြင်းပြင်းရှုလိုက်ပြီးနောက်တွင် အကြည့်များခက်ထန်အေးစက်သွားသည်ကို ယီဟွေ့ မမြင်လိုက်ပေ။
" မင်းကို နာကျင်စေတဲ့ လူဆိုးတွေတစ်ယောက်ချင်းကို ကိုယ်အရင်ဆုံး ကိုင်တွယ်ရဦးမယ်... ပြီတော့မှ ရိုက်မလား တရားစွဲမလား မင်းကိုယ်တိုင် ဆုံးဖြတ်လေ..."
ယီဟွေ့က သူ အဓိပ္ပါယ်မရှိသည်များ ပြောနေသည်ဟု ထင်လိုက်၍ စိတ်ထဲမထားပေ။
.....