Chapter 58.2
ရဲများက သူ့ကို ဖုန်းဆက်ပြီး ထိုလူဆိုးများကိုငှားရမ်းပြီး နောက်ကွယ်မှကြိုးကိုင်သူကို ရှာတွေ့ပြီဖြစ်ကာ တရားစွဲရန် အထောက်အထားများလည်း လုံလောက်နေပြီဖြစ်ကြောင်း ပြောပြသည်။ ယီဟွေ့ အပြင်ဘက်တွင် အချိန်ကြာအောင်နေပြီးမှ လူနာခန်းထဲ ပြန်ရောက်လာသည့်အခါ ကျိုကျင်ဟမ့်က ဘာမှမဖြစ်သည့်အတိုင်း ပန်းသီးများစားနေသည်ကို မြင်လိုက်ရသည်။ သူ စကားပြောလိုသော်လည်း ထိုစကားများကို အကြိမ်ပေါင်းများစွာ ပြန်မျိုချလိုက်ရသည်။
ကျိုးကျင်ဟမ့်က အဆက်အသွယ်များသူဖြစ်၍ အခန်းထဲမှမထွက်ပဲနေလျှင်ပင် ကိစ္စအားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်ပေလိမ့်မည်။ သူ ဖန်ယွီချင်းကို တစ်ခုခုလုပ်ပစ်ရန် ဆန္ဒရှိသည်ကိုသာ ယီဟွေ့မယုံကြည်နိုင်ခြင်းဖြစ်သည်။
သူ့အစ်ကို ချန်ဖေးချီကို ဖုန်းခေါ်ပြီး တည်ကြည်လေးနက်သည့် လေသံဖြင့် ပြောလိုက်သည်။
" ဘာဖြစ်တာလဲ... သူ့အကျိုးအမြတ်အတွက် အင်အားသုံးဖြေရှင်းပြီး သမာသမတ်ကျကျမလုပ်လို့လား... ဒါမှမဟုတ် ငါ့ညီလေးကို ထပ်အနိုင်ကျင့်ပြီး မပျော်မရွှင်ဖြစ်အောင် လုပ်တာလား..."
" မဟုတ်ဘူး မဟုတ်ဘူး... အဲ့ကိစ္စကို အမြန်ကြီးကိုင်တွယ်လိုက်တာဆိုတော့ အစ်ကိုကြီးများ တိတ်တိတ်လေး ကူညီပေးနေတာလားလို့ပါ..."
တစ်ဖက်မှ ချန်ဖေးချီက ပြုံးလိုက်ပြီး သူ့လေသံကလည်း စိတ်အေးလက်အေးဖြစ်သွားသည်။
" အစ်ကိုကြီးလည်း ဝင်ပါမလို့ပါပဲ ဒါပေမဲ့ သူရှာတွေ့ထားတဲ့သူက တော်တော်လေးအားကိုးရတဲ့အပြင် ဒီကိစ္စကို နှစ်ရက်အတွင်း ဖြေရှင်းသွားတာ... သူကြောင့်ဖြစ်ခဲ့တဲ့ ပြဿနာကို သူ့ပဲ ဖြေရှင်းခိုင်းလိုက်တယ်လေ..."
သူ့အစ်ကိုကြီးက ကြင်နာတတ်သည့် နှလုံးသားရှိသော်လည်း ကျိုးကျင်ဟမ့်အကြောင်းပြောလိုက်သည့်အခါ စကားလုံးများက ထေ့ငေါ့နေသည်များဖြင့် ပြည့်သွားတော့သည်။ ကျိုးကျင်ဟမ့်က ယီဟွေ့အသက်ကို ကယ်ပေးခဲ့သော်လည်း သူ့ကို အပြည့်အဝ မကျေနပ်နိုင်သေးပေ။
ကျိုးကျင်ဟမ့်က အတိတ်တွင် ဆိုးဆိုးဝါးဝါးပြုမူခဲ့ပြီး ဤနှစ်ပိုင်းအတွင်း ရန်ငြှိုးရန်စများကလည်း ပျောက်ကွယ်သွားရန် ခက်ခဲလှသည်ဖြစ်ရာ ယီဟွေ့ဘက်ကလည်း အလျင်မလိုပေ။ အနာဂတ်တွင်လည်း နေ့ရက်များစွာ ရှိနေသေးသည်ဟု တွေးလိုက်သည်။ သူတို့အကြား အပြန်အလှန်ဆက်ဆံမှု ပိုများလာပါက ပို၍ အဆင်ပြေလာနိုင်ပေသည်။
သူ လူနာခန်းကို ခပ်သွက်သွက် ပြန်လာခဲ့သည်။ နောက်ထပ်ပန်းသီးတစ်လုံး ထပ်ခွဲပေးမည်ဟု တွေးလိုက်သော်လည်း ကျိုးကျင်ဟမ့်က ခုတင်ပေါ်မရှိတော့သည့်အပြင် မည်သည့်နေရာရောက်သွားကြောင်း မသိရပေ။
တစ်နာရီခန့်ကြာသောအခါ အလှအပရေးရာခွဲစိတ်ပြုပြင်သည့်ဌာနရှေ့တွင် ယီဟွေ့က ကျိုးကျင်ဟမ့်ကို ရှာတွေ့သွားပြီး ပြန်ခေါ်လာခဲ့သည်။
ကျိုးကျင်ဟမ့်မှာ ရှားရှားပါးပါး အပြစ်မကင်းသကဲ့သို့ ခံစားလိုက်ရသည်။
" ကိုယ်ဒီမှာရှိတာ ဘယ်လိုသိတာလဲ..."
ယီဟွေ့ သူ့ကို မျက်စောင်းထိုးကြည့်လိုက်သည်။
" ဒီထပ် ဝေးတဲ့နေရာကို လျှောက်သွားချင်သေးတာလား ..."
ကျိုးကျင်ဟမ့်က ပါးစပ်ပိတ်ထားပြီး ဘာမှထပ်မပြောရဲတော့ပေ။
လူနာခန်းထဲပြန်လာပြီး ခုတင်ပေါ်လှဲနေပြီးနောက် အချိန်အတန်ကြာသည်အထိ လှဲပြီးစောင့်နေသော်လည်း ကျိုးကျင်ဟမ့်ကို ယီဟွေ့က ပန်းသီးမခွာပေးသေးပေ။ သူ့လက်တစ်ဖက်ရှေ့ကို ယီဟွေ့ရှေ့တွင် ယမ်းပြလိုက်သည်။
" အမာရွတ် ပျောက်သွားပြီလားလို့ ကြည့်ကြည့်ပါဦး..."
ယီဟွေ့ သူ့ကိုတစ်ချက်ကြည့်လိုက်သည်။
" မပျောက်သေးဘူး..."
ကျိုးကျင်ဟမ့်က သူ့လက်ကို ကပျာကသီပြန်ရုတ်လိုက်သည်။
" နောက်ထပ် ဆေးထည့်တာတွေ ထပ်လုပ်ရဦးမယ်ထင်တယ်... တကယ်လို့ အလုပ်မဖြစ်ဘူးဆိုရင် အလှအပရေးရာ အထူးပြင်ဆင်ပေးတဲ့ဆေးရုံကိုပဲ ပြောင်းလိုက်တော့မယ်..."
သူ အဘယ့်ကြောင့် ထိုစကားများ ပြောနေသည်ကို ယီဟွေ့မသိပေ။
သူ့စိတ်မချသဖြင့် ဝေ့ပေါ်ကို ဖွင့်ကြည့်လိုက်သည့်အခါ " ကျိုးကျင်ဟမ့် ရုပ်ပျက်ဆင်းပျက်ဖြစ်သွားပြီ " ဟူသောသတင်းကို တွေ့လိုက်ရသည်။ သူ့ရင်ထဲတစ်မျိုးဖြစ်သွားပြီး သတင်းကို နှိပ်ကြည့်လိုက်သည်။ စိတ်ဓာတ်ကျနေသည့် ပရိသတ်များအပြင် လူအချို့ကလည်း ထိုသို့ဖြစ်သွားသည်ကို ဝမ်းသာနေကြသည်ကို မြင်လိုက်ရသည်။ " ကျိုးကျင်ဟမ့်က ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာတောင် ဇာတ်ကောင်နေရာတစ်ခုမှာ သရုပ်ဆောင်သင့်တယ် " ဟူသည့် နာမည်ကြီးနေသာvoting poll တစ်ခုကို တွေ့လိုက်ရသည်။ ယီဟွေ့ vote ပေးလိုက်ပြီးနောက် ရလဒ်ကိုကြည့်လိုက်သည့်အခါ " ဇာတ်လမ်းမကောင်းတဲ့ ရုပ်ရှင်တွေ " ဟူသည်ကို ၈၀%ကျော် vote ပေးထားကြကြောင်း မြင်လိုက်ရသည်။
၎င်းကိုမြင်ပြီးမှ စိတ်ထဲ ဝမ်းမနည်းသွားလျှင် လိမ်ပြောရာ ကျပေလိမ့်မည်။
ကျိုးကျင်ဟမ့် လျှောက်လှမ်းခဲ့သည့်လမ်းက မည်မျှခက်ခဲသည်ကို သူ့ထက်ပိုသိသူ မရှိတော့ပေ။ အကယ်၍ သူ့မျက်နှာနှင့် လက်ဖမိုးပေါ်မှ အမာရွတ်ကြောင့် ဇာတ်ကောင်ကောင်းနေရာ မရခဲ့ပါက ယီဟွေ့တစ်ဘဝလုံး အပြစ်ကင်းသည်ဟု ခံစားရတော့မည် မဟုတ်ပေ။
" ဆရာဝန်ပြောတာတော့ ကိုယ့်အသားအရည်ကကောင်းလို့ မမြင်ရသလောက်နီးပါးပဲတဲ့..."
ကျိုးကျင်ဟမ့်က ယီဟွေ့ကို ထပ်မေးလိုက်သည်။
" မမြင်ရသလောက်နီးပါးဆိုတာ ဘယ်လိုမျိုးလဲ... ကိုယ် မင်းကို နမ်းရင်ရော မြင်ရလား..."
စကားလမ်းကြောင်းက ရုတ်ချည်းပြောင်းလဲသွား၍ မှင်သက်ငေးငိုင်နေဆဲဖြစ်သောယီဟွေ့က "အမ်" ခနဲ အသံပြုလိုက်သည်။
" အဲ့လိုဆိုရင်တော့ သိပ်မကောင်းဘူးပေါ့ ကိုယ်မင်းကို ညဘက်မှာပဲ နမ်းရတော့မယ်..."
ကျိုးကျင်ဟမ့် သက်ပြင်းချလိုက်ပြီး လက်တစ်ဖက်ဖြင့် မျက်နှာပေါ်မှ အမာရွတ်ကို အုပ်ထားလိုက်သည်။
" ဒါမှမဟုတ် ဒီလိုဆိုရင်ရော... ဒီလိုဆို မမြင်ရတော့ဘူးမလား..."
သူ့အပြုအမူက ခေါင်းလောင်းကိုခိုးနေစဉ် နားများပိတ်ထားသည်နှင့်တူနေ၍ ယီဟွေ့စိတ်ထဲ လည်သွားပြီး မဝံ့မရဲဖြင့် မေးလိုက်သည်။
" အမာရွတ်ကို ဖျောက်ပစ်မယ်ဆိုတာ ငါ့ဖို့လား..."
" ဟုတ်တယ်..."
" ဘာလို့လဲ..."
ကျိုးကျင်ဟမ့်က ယုံကြည်ချက်ရှိရှိဖြင့် ဖြေလိုက်သည်။
" မင်းက ရုပ်ဆိုးတဲ့လူတွေကို မကြိုက်ဘူးမလား..."
ယီဟွေ့ စိတ်ရှုပ်ထွေးသွားရသည်။
" မင်းက ဘယ်နေရာ ရုပ်ဆိုးလို့လဲ..."
ကျိုးကျင်ဟမ့်က ရှက်သွားပုံဖြင့် သူ့မျက်နှာကို ပွတ်လိုက်သည်။
" ဘာပဲဖြစ်ဖြစ် အရင်လောက်တော့ ကြည့်မကောင်းတော့ဘူးလေ... တစ်ကိုယ်လုံးက ဒီလိုပဲဆိုပေမယ့် မျက်နှာလေးပဲချောနေတာလေ... တကယ်လို့ ပျက်စီးသွားမယ်ဆိုရင် မင်းကိုကိုယ့်ဘေးမှာထားဖို့ ဘာမှမရှိတော့ဘူးလေ..."
ထိုစကားက အနည်းငယ်စိတ်ဓာတ်ကျနေပြီး အနည်းငယ် သနားစရာလည်းကောင်းနေသည်။
ယီဟွေ့ ပြန်ဖြေရန် အချိန်အတော်လေးယူလိုက်ရသည်။
" ငါ မင်းကိုကြိုက်တာ မျက်နှာကြောင့်လို့ ထင်နေတာလား..."
" မဟုတ်ရင် ကိုယ့်မှာ တခြားဘာရှိသေးလို့လဲ..."
ကျိုးကျင်ဟမ့်က စကားပြောနေစဉ် ယီဟွေ့ကို မျက်လုံးအပြူးသားဖြင့် ရုတ်တရက် ကြည့်လိုက်သည်။
" ဘာပြောလိုက်တာလဲ..."
" ဘာမှမဟုတ်ဘူး..."
ယီဟွေ့ တစ်ဖက်ကိုလှည့်သွားသည်။
ကျိုးကျင်ဟမ့်က ခုတင်ပေါ်မှ ထခုန်လိုက်ပြီး သူ့ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ ယီဟွေ့ မျက်နှာကို သူ့ဘက်လှည့်လိုက်သည်။
" ထပ်ပြောပါဦး..."
ယီဟွေ့က နှုတ်ခမ်းကိုက်ထားပြီး ဘာမှမပြောပေ။
ကျိုးကျင်ဟမ့်က သူ့ကို တောက်တဲ့သဖွယ်ကပ်နေသည်။
" ထပ်ပြောပါဦးလို့... ဟွေ့ဟွေ့ ကိုယ့်ကို တစ်ခါပဲထပ်ပြောပါ... ဟုတ်ပြီလား..."
ကျိုးကျင်ဟမ့်က ယခုမှသာ သူ့အသက်အရွယ်နှင့် လိုက်ဖက်စွာပြုမူနေသည်ဟု ယီဟွေ့တွေးလိုက်မိသည်။ သူက စိတ်လိုက်မာန်ပါလုပ်လွန်းပြီး၊ စိတ်ရှည်ခြင်းလည်းမရှိပဲ ချစ်စရာကောင်းအောင် ပြုမူနေကာ လိုချင်သည့်အရာ မရသရွေ့ ရပ်တော့မည်မဟုတ်ပေ။
သို့ရာတွင် သူ " ဟုတ်ပြီလား " ဟု ပြောသည်ကို ယီဟွေ့အကြောက်ဆုံးဖြစ်ကြောင်း မည်သူမှ မသိကြပေ။
ကျန်းမိသားစုခြံဝင်း၏ဝင်ပေါက်တွင် ကျိုးကျင်ဟမ့်က ယီဟွေ့ကို တောင်းပန်ပြီး တစ်သက်လုံး ဒိုရာဟမ်ဟမ်ကဲ့သို့ဆက်ဆံရန်ပြောချိန်တွင်လည်း " ဟုတ်ပြီလား "ဟု ပြောခဲ့သည်။ အလင်းရောင်မှိန်ဖျဖျသာရှိသည့်အခန်းထဲတွင် ကျိုးကျင်ဟမ့်က အိပ်နေစဉ် သူ့လက်ကိုဆွဲထားပြီး ထွက်မသွားရန် တောင်းပန်နေစဉ်ကလည်း " ဟုတ်ပြီလား "ဟု ပြောခဲ့ပေသည်။ အေးစက်နေသည့် ထရပ်ကားထဲတွင် သေလုမျောပါးဖြစ်နေစဉ်ကလည်း သူ့ကို မည်သည့်အခါမှ မလိမ်ညာတော့ကြောင်းနှင့် နှလုံးသားထဲတွင် သူတစ်ယောက်တည်းသာ ရှိတော့မည့်အကြောင်းပြောကာ သူ့ကို " ဟုတ်ပြီလား "ဟု မေးခဲ့သည်။
အချိန်အများစုမှာ ယီဟွေ့က မဖြေပဲ တောင့်ခံနေခဲ့ပေမယ့် သူ့စိတ်ထံ မယိမ်းယိုင်သွားပဲ နေမယ်တဲ့လား...
ကျိုးကျင်ဟမ့်က အထိန်းအကွပ်မဲ့ပြီး ကိုးရို့ကားယားနိုင်သည့်ပုံပေါ်နေသော်လည်း အမှန်တွင် သူက အခြားလူများထက်ပိုပြီး လည်လည်ဝယ်ဝယ်ရှိသူဖြစ်သည်။ နှင်းများဖုံးလွှမ်းနေသည့်တောင်မှ နှင်းခဲများကို မည်သို့ အရည်ပျော်သွားစေပြီး ချောင်းငယ်လေးအဖြစ် စီးဆင်းသွားစေကာ လမ်းတစ်လျှောက်တွင်ရှိသည့် အပင်တိုင်းကိုပင် နေရောင်ခြည်အောက်တွင် မည်သို့တောက်ပအောင် ပြုလုပ်ပေးရမည်ကို ကောင်းမွန်စွာ နားလည်ပေသည်။
ယီဟွေ့က သူနှင့် ကျန်းယီမန့် စကားပြောထားသည့်chatကို သတိရသွားမိသည်။ ထိုအချိန်က ကျိုးကျင်ဟမ့်က ကျန်းယီမန့်ကိုပြန်ဖြေခဲ့သည်။
" သူက မတုံးပါဘူး... ကြင်နာတတ်လွန်းတာပါ..."
ထို့အပြင် " အစ်ကို သူ့ကိုချစ်တယ်.... သူ့ရဲ့အရာအားလုံးကို မြတ်နိုးတာ..." ဟူသည့်စကားများပါ ထပ်ပြောခဲ့သည်။
သူ မကြောက်သော်လည်း ကျိုးကျင်ဟမ့်ကို ချစ်လွန်း၍ ထိုမေးခွန်းကို ကြားချိန်တိုင်းတွင် ဘာလုပ်ရမ ည်မသိ ဖြစ်ခဲ့မိသည်။
ကျိုးကျင်ဟမ့်က မျှော်လင့်တောင့်တနေသည့်လေသံဖြင့် သူ့ကို အားတက်သရော မေးနေဆဲဖြစ်သည်။
အသက်ပြင်းပြင်းရှုလိုက်ပြီးသည့်နောက်တွင် ယီဟွေ့က သူ့ပခုံးပေါ်မှ ကျိုးကျင်ဟမ့်လက်များကို ဖယ်ချလိုက်ပြီး သူ့လက်နှစ်ဖက်ကို ကျိုးကျင်ဟမ့်၏လည်ပင်းတွင် ချိတ်လိုက်ကာ မျက်နှာပေါ်မှ အမာရွတ်ကို နမ်းလိုက်သည်။
သူ့နှုတ်ခမ်းများက အထက်သို့တဖြည်းဖြည်းတက်သွား၍ နှာတံရှည်ရှည်ကို ပွတ်တိုက်သွားပြီး သူ့ဘဝနှစ်ခုလုံးတွင် အိမ်မက်ထဲ၌ ခြောက်လှန့်နေခဲ့သော မျက်ဝန်းများကို အနမ်းခြွေလိုက်သည်။ တုန်ယင်နေသည့် မျက်တောင်များက သူ့အရေပြားကို ထုံကျဉ်ပြီး ယားကျိကျိဖြစ်စေသည်။
နမ်းပြီးသည့်နောက်တွင် နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်သော်လည်း အနမ်းခံရသည့်လူက မှင်သက်ငေးငိုင်နေဆဲဖြစ်၍ ယီဟွေ့ ပြုံးလိုက်မိသည်။
" ခုထိလည်း မင်းက အရမ်းခံ့ညားနေပါသေးတယ် ငါမင်းကို ချစ်တယ်...
မင်းနဲ့ပတ်သက်သမျှ အရာအားလုံးကို မြတ်နိုးတာပါ...