Chapter 59.1 ( Main Story End )
ဆေးရုံဆင်းသည့်နေ့တွင် အက်စ်မြို့၌ နှင်းများကျနေခဲ့သည်။ ဆေးရုံမှ ထွက်လာသည်နှင့် ကျိုးကျင်ဟမ့် ပထမဆုံးပြုလုပ်သည့်အရာက ဓာတ်ပုံများရိုက်ခြင်းဖြစ်သည်။
လွန်ခဲ့သောရက်အနည်းငယ်က ဝေ့ပေါ်ထဲပြန်ဝင်ပြီး commentsများကို ကြည့်လိုက်စဉ်က ဒေါသထွက်လွန်း၍ သူ့ဖုန်းကို ပစ်ပေါက်လုနီးပါးပင် ဖြစ်သွားခဲ့သည်။ အကယ်၍ သူ့ဖုန်းကိုပစ်ပေါက်လိုက်ပါက ယီဟွေ့က သူ့ကို ပန်းသီးမခွာကျွေးတော့မည့်အပြင် ဖုန်းထဲမှ ဓာတ်ပုံများပါ ဖျက်ပစ်မည်ဟု ပြော၍ ကျိုးကျင်ဟမ့်က စိတ်ငြိမ်ငြိမ်ထားကာ ဖုန်းကိုချထားလိုက်ပြီး ရိုးသားဖြူစင်စွာဖြင့် ပြောလိုက်သည်။
" ကိုယ်က လွှင့်ပစ်ချင်လို့ မဟုတ်ပါဘူး... ပြန်မပြင်ခင် အရင်လို ကောင်းသေးရဲ့လား သိချင်လို့ပါ ..."
တစ်လကျော်ခန့် ခုတင်ပေါ်တွင် လှဲနေခဲ့ရခြင်းကြောင့် ကျိုးကျင်ဟမ့်က ဆေးရုံမဆင်းမီ ရက်အနည်းငယ်အလိုတွင် ပို၍ တက်ကြွလာခဲ့သည်။ လေဆာဖြင့် အမာရွတ်ကိုဖျောက်ခြင်းကလည်း အံ့ဩစရာကောင်းလွန်းလှသည်။ သူ ဆေးရုံမှ မဆင်းမီအချိန်တွင် မျက်နှာပေါ်မှ အမာရွတ်က အပြည့်အဝနီးပါး ပျောက်သွားခဲ့သည်။
တစ်ရက်တွင် ယီဟွေ့က အနုပညာကျောင်းမှ လက်ချာတစ်ခုကို သွားတက်ရောက်ရမည်ဖြစ်၍ လူနာဖြစ်သူကို အကောင်းဆုံးဖျောင်းဖျခဲ့သည်။ နှစ်နာရီခန့်ကြာမြင့်သည့်လက်ချာကို နားထောင်ပြီးသည့်နောက်တွင် အပြင်ထွက်လာချိန်၌ ဝင်ပေါက်တွင် အနီရောင်ပြိုင်ကားတစ်စီးရပ်ထားသည်ကို တွေ့လိုက်ရသည်။ ကျိုးကျင်ဟမ့်က လူနာဝတ်စုံကိုပင် မလဲထားပေ။ လူနာဝတ်စုံပေါ်တွင် ကုတ်အင်္ကျီတစ်ထည်ဝတ်လာပြီး ယီဟွေ့ကို လာကြိုခြင်းဖြစ်သည်။ အပြန်လမ်းတွင် ဆရာဝန်နှင့် သူနာပြုများ မမြင်အောင် ဆေးရုံမှ တိတ်တဆိတ်ခိုးထွက်နိုင်ခဲ့သည့်အကြောင်းများကို ယီဟွေ့အား ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောပြနေသည်။
ထိုအချိန်တွင် သူ့အေးဂျင့်က ပရိသတ်များစိတ်အေးလက်အေးရှိစေရန် ဝေါပေါ်၌ ပို့စ်တင်ပေးရန် ပြောလာသည်။ သူက နှင်းကျနေသည့် ဓာတ်ပုံကို စာအချို့ဖြင့် တွဲတင်ထားသည်။
မောင့်မောင်းရှောင်ရွှယ် ( နှင်းကျလာပြန်ပြီ )...
ပရိသတ်များက ခေါင်းရှုပ်သွားပြီး အသည်းအသန်စဉ်းစားပြီးသည့်အခါတွက်မှ " ငါ ဆေးရုံက ဆင်းလာပြီ " ဟူ ပြောခြင်းဖြစ်ကြောင်း သဘောပေါက်သွားကြသည်။ Commentsများထဲတွင် ဗုံ၊ ဒရမ်၊ မီးရှီူးမီးပန်း အီမိုဂျီများဖြင့်ပြည့်နေကာ အချို့ပရိသတ်များက အော်ဟစ်နေကြသည်။
" ဟမ့်ဟမ့်က ငါတို့ကို စိတ်မပူစေချင်ဘူးပဲ အဲဒါကြောင့်မို့ သူက အေးအေးဆေးဆေး နေပြနေတာ..."
" မောင့်မောင်းရှောင်ရွှယ် " ဟူသည့် စကားလုံးများကို မြင်သည့်အခါ ယီဟွေ့ ရှက်သွားမိသည်။ ဒိုရာဟမ်ဟမ်က အက်စ်မြို့တွင် နှင်းကျသည့်ပုံ ပို့ပေးခဲ့စဉ် သူ ထိုစကားလုံးများဖြင့် စာပြန်ခဲ့ခြင်းဖြစ်သည်။
သူ တုံးအခဲ့စဉ်အချိန်များက စားစား၊ နမ်းနမ်း ၊ ဖက်ဖက် အစရှိသည့် စကားများကိုသာ ထပ်ခါထပ်ခါ ပြောခဲ့မိသည်။ ယခုအချိန်၌ ချင့်ချိန်တွေးတောလာနိုင်မှသာ သူ့စိတ်ထဲ ရှက်လာမိသည်။
ကျိုးကျင်ဟမ့်က ရည်ရွယ်ချက်ရှိရှိဖြင့် ဖြစ်စေ တမင်တကာဖြစ်စေ ထိုစကားလုံးများကို ယခုရက်ပိုင်းအတွင်း အထပ်ထပ်အခါခါသုံးနေသည်မှာ စကားမပြောတတ်သည့် ကလေးတစ်ယောက်သဖွယ်ဖြစ်နေသည်။ ကျန်းရွှယ်မေ့က နောက်တစ်ပတ်တွင် ဆေးရုံဆင်းလာတော့မည့်အကြောင်း သိလိုက်ရသည့်အခါ သူ ချက်ချင်းပြောလာသည်။
" ကိုယ်နောက်တစ်ပတ် အားတယ်လေ အန်တီ့ကို ကားကားမောင်းပေးလို့ရတယ်..."
ယီဟွေ့ ရှက်လွန်း၍ ကားသော့ကို ပြတင်းပေါက်အပြင်ဘက် လွှင့်ပစ်လုနီးပါးဖြစ်သွားသည်။
သူ ကားသော့များကို မလွှင့်ပစ်လိုက်သော်လည်း မည်သူကမှ ကားမောင်းသွားကြမည်မဟုတ်ပေ။ အက်စ်မြို့က တောင်ပိုင်းမှ မြို့ငယ်လေးနှင့် အလွန်ဝေးကွာလှသည်ဖြစ်ရာ ထိုနေရာထိတိုင်အောင် ကားမောင်းသွားရန်က ရူးသွပ်လွန်းနေသည်။
.....
လူသုံးယောက်လုံး လေယာဉ်ပေါ် တက်လာကြသည်။ နှစ်နာရီခန့်အကြာတွင် လေယာဉ်ပေါ်မှ ဆင်းလာပြီးနောက် မြို့သို့ ဘက်စ်ကားစီးသွားကြသည်။ လမ်းတွင် ယီဟွေ့က ဖုန်းထဲမှ ကျိုးကျင်ဟမ့်သတင်းများကို ဖတ်နေသည်။ ကျိုးကျင်ဟမ့်က ဒဏ်ရာအပြင်းအထန် ရနေရာမှ ပြန်လည်ကောင်းမွန်လာကာ သူ လူကြားထဲပေါ်လာခြင်းက နာမည်ကြီးသတင်းဖြစ်နေခဲ့သည်။
ကျန်းရွှယ်မေ့က ကျိုးကျင်ဟမ့် အမေ၏ညီမ သို့မဟုတ် ဆွေမျိုးတစ်ယောက်ယောက် ဖြစ်မည်ဟု commentsထဲမှာ ပရိသတ်အချို့က ခန့်မှန်းနေကြသော်လည်း မက်စ်တပ်ထားသည့် ယီဟွေ့ကိုမူ လျစ်လျူရှု့ထားကြသည်။ ယီဟွေ့ comment များ ကြည့်နေပြီး စိတ်အေးလက်အေးဖြစ်ကာ သက်ပြင်းချလိုက်ပြီး ဆက်ကြည့်နေစဉ်၌ အောက်ဘက်တွင် ကျိုးကျင်ဟမ့်၏ comment ကြီးက စာလုံးအကြီးဖြင့် ပေါ်လာသည်ကို တွေ့လိုက်ရသည်။
" ညီမ ဆိုတဲ့စာလုံးကြီးကို ဖယ်လိုက်ပါ ..."
( အပေါ်မှာ သူ့အမေရဲ့ညီမလို့ ပရိသတ်တွေက မန့်ထားလို့ အဲ့ကနေ ညီမဆိုတဲ့စာလုံးကို ဖြုတ်လိုက်ပါလို့ ပြောတာပါ )
ဤcommentကြောင့် ပရိသတ်များ အုတ်အုတ်ကျက်ကျက်ဖြစ်ကုန်ပြီး hot searchထဲ ထပ်ရောက်သွားမည်ဟု အားလုံးက ခန့်မှန်းနေကြသည်။ ရှောင်လင်းက သူ့ကို ဖုန်းခေါ်ပြီး ရူးနေလားဟုာမေးကာ ကျိုးကျင်ဟမ့် log inဝင်မရအောင် ဝေ့ပေါ် password ကို ပြောင်းထားချင်သည်ဟု ပြောနေသည်။ ကျိုးကျင်ဟမ့်က ပြန်ပြောလိုက်သည်။
" ကိုယ့်ဝေ့ပေါ်မှာတောင် comment မန့်ချင်တာ မန့်မရဘူးလား... ပြီးတော့ သူတို့အားလုံးက ကျွန်တော်စေ့စပ်ထားတယ် ထင်ပြီးသားလေ မင်္ဂလာဆောင်အတွက် စောစောအသိပေးထားတယ်လို့ပဲ တွေးလိုက်လို့ရတာပဲ..."
ရှောင်လင်းက စကားတစ်လုံးမှမပြောပဲ ဖုန်းချသွားပြီးpublic relationsအဖွဲ့ကို အမြန် ဆက်သွယ်ရတော့သည် ။
ကျိုးကျင်ဟမ့်က အလုံးစုံသောအခြေအနေများကို လျစ်လျူရှု့ထားတတ်သူဖြစ်ကြောင်း ယီဟွေ့ ယခင်က မသိခဲ့ပေ။ သူ ကျိုးကျင်ဟမ့်က ရင့်ကျက်စွာနေရန် ဖျောင်းဖျပြီး ရှောင်လင်းကို အခက်တွေ့အောင်မလုပ်ရန် ပြောလိုက်သည်။ ကျိုးကျင်ဟမ့်က "အိုး" ဟုသာပြောလိုက်ပြီး ပျော်ရွှင်နေပုံရသည်။
ခဏအကြာတွင် ယီဟွေ့၏ဖုန်း တုန်ယင်လာသည်။ သူ ဝေ့ပေါ်ကို ဖွင့်ကြည့်လိုက်သည့်အခါ ဒိုရာဟမ်ဟမ်ထံမှ စာတစ်စောင် ရောက်နေသည်ကို တွေ့လိုက်ရသည်။
" မင်းပဲ ကိုယ်နဲ့ပတ်သက်တဲ့အရာအားလုံး သဘောကျတယ်လို့ မပြောခဲ့ဘူးလား...
စာပို့သည့်လူကို သူလှမ်းကြည့်လိုက်သည်။ ကျိုးကျင်ဟမ့်က ပြတင်းပေါက်ဘောင်ကို လက်ထောက်ထားပြီး အပြင်ဘက်ကို ကြည့်နေသည်မှာ အချော့ခံရရန် စောင့်ဆိုင်းနေသကဲ့သို့ဖြစ်နေသည်။ ယီဟွေ့ မရယ်ပဲ မနေနိုင်ဖြစ်သွားပြီး သူ အချစ်တွင် ကျရှုံးသွားသည်က အလွန်တုံးအသည်ဟု တွေးနေမိသည်။
အချစ်မှာ ကျရှုံးသွားတာပေါ့လေ... ဟုတ်တယ် သူတို့ အခု ချစ်မိသွားကြပြီပဲ...
သူတို့နှစ်ယောက်လုံးက ကောင်းသည့်ဘက်ခြမ်းများကို တစ်ယောက်ကိုတစ်ယောက် ပြသရမည်ဖြစ်သကဲ့သို့ ချို့ယွင်းချက်များကို ထုတ်ဖော်ပြသရမည်ကိုလည်း မကြောက်တော့ပေ။ အချိန်များစွာကို လွတ်သွားပြီးသည့်နောက်တွင် မိနစ်တိုင်း စက္ကန့်တိုင်းက အလွန် အဖိုးတန်လာသည်။
မြိုငယ်လေးမှ ကားဂိတ်သို့ရောက်သည့်အခါ ကျန်းယီမန့်က ထွက်ပေါ်နေရာတွင် ခုန်ဆွခုန်ဆွလုပ်နေပြီး သူတို့ကို လက်လှမ်းပြနေသည်ကို တွေ့လိုက်ရသည်။ ယီဟွေ့က ရင်းနှီးကျွမ်းဝင်နေသည့် လေထုကို အားပါးတရရှုရှိုက်လိုက်ပြီးသည့်နောက်တွင် သူ့နှလုံးသားကို ဖုံးလွှမ်းနေသည့် မြူနှင်းများပါ လေနှင့်အတူ လွင့်ပါသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူ ဤနေရာမှ ထွက်လာစဉ်က စိတ်ထဲတွင် အုံ့မှိုင်းပြီး စိတ်ဓာတ်ကျနေခဲ့သော်လည်း ပြန်လာချိန်တွင်မူ စိတ်ချမ်းမြေ့ ပျော်ရွှင်နေခဲ့သည်။ ကျန်းယီမန့်နှင့် လက်ချင်းတွဲပြီးလျှောက်နေစဉ် လမ်းပေါ်၌ ခုန်ဆွခုန်ဆွ လုပ်ချင်စိတ်ပင် ဖြစ်ပေါ်နေမိသည်။
သူတို့ အန်တီချိုးအိမ်တွင် နေ့လည်စာစားကြသည်။ အန်တီချိုးက သူတို့အိမ်ပြန်ရောက်လာသည့် အထိမ်းအမှတ်ဖြင့် စားပွဲအပြည့် ဟင်းများချက်ပေးထားသည်။ လူတစ်ယောက်ထပ်တိုးလာသည်ကိုလည်း သူမက ထူးဆန်းသည်ဟု မထင်ပေ။ သူမ ကျိုးကျင်ဟမ့်ကို နှစ်ကြိမ်တိတိကြည့်ပြီး ပြောလိုက်သည်။
" ဒီလူချောလေးကိုကြည့်ရတာ ရင်းနှီးနေသလိုပဲ ဒီမြို့ကို အလည်လာနေကျလား..."
ဤမြို့ကို အကြိမ်ပေါင်းများစွာ လာရောက်ဖူးပြီး ရက်များစွာ နေထိုင်ဖူးသည့် ကျိုးကျင်ဟမ့်က ရှက်နေခြင်းမရှိပေ။
" ဟုတ်တယ်အန်တီ ဒီနေရာက တောင်တွေနဲ့ မြစ်ချောင်းတွေလည်းရှိတော့ ကျွန်တော် ဒီမှာ အခြေချချင်နေတာ..."
သူက ဤနေရာကို ဇာတိမြို့ထက်ပိုပြီး ရင်းနှီးကျွမ်းဝင်နေခြင်းဖြစ်သည်။ နေ့လယ်စာစားပြီးသောအခါ ယီဟွေ့က ငန်းများကိုသွားကြည့်သည်။ ကျိုးကျင်ဟမ့်က အနောက်ဘက်ခြံစည်းရိုးသို့သွားရန် ဖြတ်လမ်းတစ်ခုကို ဦးဆောင်ခေါ်သွားသည်။ ၎င်းက အဝင်ဝမှထွက်သွားသည်ထက် ပိုနီးပေသည်။
ယီဟွေ့ သူ့ကို သင်္ကာမကင်းဟန်ဖြင့် ကြည့်လိုက်သည်။
" ဒီလမ်းကို ဘယ်လိုသိတာလဲ..."
ကျိုးကျင်ဟမ့်က လက်နှစ်ဖက်လုံးကို အိတ်ကပ်ထဲထည့်ထားပြီး ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။
" အလိုလိုသိတာလေ..."
ငန်းများကိုအစာကျွေးပြီးသည့်အခါ ကျန်းမိသားစုအိမ်သို့ ပြန်လာကြသည်။ ကျိုးကျင်ဟမ့်မှာ မည်သူမှ လမ်းပြစရာမလိုပဲ ယီဟွေ့အခန်းကို သူကိုယ်တိုင်လျှောက်သွားသည်။ ယီဟွေ့က သူ့ကိုထပ်မေးလိုက်သည်။
" ဒီတစ်ခါလည်း အလိုလို သိပြန်တာလား..."
ကျိုးကျင်ဟမ့် ခေါင်းငြိမ့်ပြလိုက်သည်။
" အိမ်က သိပ်မကြီးတဲ့အပြင် အခန်းတွေကလည်း အရမ်းမများဘူးလေ... မှန်းကြည့်ဖို့ လွယ်ပါတယ်..."
ယီဟွေ့က အိပ်ရာဘေးမှ ပြတင်းပေါက်ကို ဖွင့်လိုက်သည့်အခါ ဖုန်ထူနေသည့်အခန်းထဲကို နေရောင်ခြည် ဝင်ရောက်လာသည်။
" မင်းက အရမ်းတော်တာပဲ ငါ မင်းကို ဆုပေးရမလား..."
ယီဟွေ့က ဦးစွာပြောလာ၍ ကျိုးကျင်ဟမ့်က စိတ်ထဲမထားပဲ လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ပြီး ပြောလိုက်သည်။
" ယောကျာ်းကို ဖက်ပါဦး..."
သူ အရှက်မရှိ ပြုမူနေသည်ကို ယီဟွေ့ကြည့်မရတော့၍ အိပ်ရာကို အခြားတစ်ဖက်မှ ခုန်ဆင်းရန် ပြင်လိုက်ချိန်တွင် ခြေထောက်ခေါက်ပြီး ဘေးမှစားပွဲနှင့် တိုက်မိသွားသည်။ နောက်ပြန်ကျလာချိန်တွင် ကျိုးကျင်ဟမ့်က သူ့ကို ကူဖမ်းပေးထား၍ အိပ်ရာပေါ် တူတူ ပြုတ်ကျသွားရသည်။
သူ့အောက်တွင် အိပ်ရာရှိနေပြီး ကျိုးကျင်ဟမ့်က သူ့အပေါ်ကို အုပ်မိုးထားကာ နေရောင်ခြည်ကလည်း နှဖူးပေါ်မှ ဆံခြည်မျှင်များကို ကျော်ဖြတ်ကာ သူ၏အနက်ရောင်မျက်ဝန်းပေါ် ဖြာကျနေသည်။ ယီဟွေ့ ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး "ဂလု" ခနဲ အသံပြုလိုက်မိသည်။
ကျိုးကျင်ဟမ့်က သဘောပေါက်သွားဟန်ဆောင်ပြီး ပြောလိုက်သည်။
" ဒါဆိုရင် အဲဒါက..."
ယခင်တစ်ပတ်က အိမ်ရောက်မှ ဆုချခိုင်းထားသည်ကို သတိရသွားမိ၍ ကျိုးကျင်ဟမ့် ဤနေရာတွင်ပင် တစ်ခုခုလုပ်ချင်စိတ်ပေါ်သွားမည်စိုးသောကြောင့် ယီဟွေ့က အမြန်ကုန်းထလိုက်ပြီး သူ့ကိုနမ်းကာ အလျင်အမြန်ပြောလိုက်သည်။
" ဒါက ဆုလေ..."
ကျိုးကျင်ဟမ့် အသံကျယ်ကြီးဖြင့်ရယ်ပြီး ဆုကို ကျေနပ်သွားသော်လည်း ဖယ်မပေးသေးပဲ ပြောလိုက်သည်။
" ကိုယ်က တခြားတစ်ခု လိုချင်တာလေ..."
ယီဟွေ့ ရှက်လွန်း၍ ဒေါသထွက်လာသည်။
" အဲ့လိုလုပ်နေဦးမှာလား..."
ကျိုးကျင်ဟမ့်က ဂရုမစိုက်ပေ။
" ဒါကို အခွင့်အရေးယူတယ်လို့ခေါ်တယ်..."
ယီဟွေ့က တောင်းဆိုချက်အချို့ပြုလုပ်မည့်အချိန်တွင် မမျှော်လင့်စွာဖြင့် သူက အဓိပ္ပါယ်ဖော်ညွှန်းမရသည့် စကားများကို ပြောလာသည်။
" ကိုယ့်ကိုကိုယ် ခြံစည်းရိုးတွေနဲ့ ကာမထားပါနဲ့ လက်ကို ပြန်ထိုးမိလိမ့်မယ်..."
" အဲဒီငန်းတွေကိုလည်း အရမ်းဂရုစိုက်မနေနဲ့ ကိုယ် မနာလိုဘူး..."
" မာဖလာကိုလည်း ကားထဲမကျန်ခဲ့စေနဲ့ဦး လူဆိုးတွေ လာယူသွားလိမ့်မယ်..."
" ပြီးတော့ ကိုယ့်ကို မမုန်းပါနဲ့တော့... ကိုယ် မင်းကိုချစ်တယ်..."
....
နှစ်သစ်ကူးအချိန်က နီးကပ်လာသည်။ နေပြန်ကောင်းသွားသည့် ကျိုးကျင်ဟမ့်က အလုပ်ပြန်လုပ်နေပြီဖြစ်သော်လည်း ဓာတ်ပုံရိုက်ကူးရေး အနည်းငယ်သာဖြစ်သည်။
ကုမ္ပဏီက ဇာတ်လမ်းတွဲအနည်းငယ်ရိုက်ရန်လည်း ရှာဖွေပေးနေသည်။ ကျိုးကျင်ဟမ့်က အလုပ်ချိန်များအကြားတွင်ပါ ဇာတ်ညွှန်းများ ဖတ်နေလေ့ရှိသည်။ ရံဖန်ရံခါတွင် ဗီဒီယိုရိုက်ပြီး ယီဟွေ့ထံပို့ကာ သူ့အမာရွတ်က အတင်ပြေမပြေ ကြည့်ခိုင်းလေ့ရှိသည်။
ကျန်းရွှယ်မေ့ကို အိမ်ပြန်ခေါ်လာပြီးသည့်အခါ ယီဟွေ့က မြို့ထဲတွင်သာ နေခဲ့သည်။ ကျိုးကျင်ဟမ့် လေယာဉ်ပေါ်တက်သွားသည်နှင့် " ကိုယ့်ကိုမမုန်းပါနဲ့တော့ " ဟူသည့်စကားကို အဘယ့်ကြောင့်ပြောသည်ကို သူ သတိရသွားသည်။ ကျိုးကျင်ဟမ့် သတိမေ့နေစဉ်က " မင်းမနိုးလာရင် ငါ့တစ်ဘဝလုံး မင်းကို မုန်းနေတော့မှာ " ဟု သူပြောခဲ့မိသည်။
မမျှော်လင့်ထားသည်မှာ ကျိုးကျင်ဟမ့်က ကြားသွားခဲ့သည်။
သို့ဖြစ်၍ ယီဟွေ့ စိတ်ဂနာမငြိမ် ဖြစ်သွားရသည်။ ဖန်ယွီချင်းရောက်လာသည့်နေ့က ပြောခဲ့သည့်စကားများကိုလည်း သူ ကြားမကြား ယီဟွေ့ မပြောနိုင်ပေ။
ကျိုးကျင်ဟမ့်နှင့် video callပြောနေစဉ် သူ စိတ်ပျံ့လွင့်သွားမိ၍ "အင်း" " ကောင်းပါတယ်" " အိုး " ဟူသည့်စကားများကိုသာ အကြိမ်များစွာ ပြောလိုက်မိသည်။ ကျိုးကျင်ဟမ့်က မှုန်ကုပ်ကုပ်မျက်နှာပေးနှင့် ပြောလိုက်သည်။
" ကိုယ် တခြားတစ်ယောက်နဲ့နမ်းမှာကို မင်းက မြင်ချင်တာလား..."
ယီဟွေ့ ထပ်ခါထပ်ခါ ခေါင်းခါလိုက်သည်။
" မမြင်ချင်ပါဘူး..."
ကျိုးကျင်ဟမ့် ပြောလိုက်သည်။
" ဒါဆိုရင် ကိုယ် အဲ့နေရာမှာ သရုပ်မဆောင်တော့ဘူး..
ယီဟွေ့ သူ့ကိုတားလိုက်ပြီး ကတိုက်ကရိုက်မဆုံးဖြတ်ရန် ပြောလိုက်သည်။
" အဓိကကတော့ ဇာတ်ညွှန်းနဲ့ ဇာတ်ကောင်တွေပါပဲ... ငါ ငါ ဒီတိုင်းပဲ ပြောလိုက်တာပါ..."
ကျိုးကျင်ဟမ့်က တစ်ခုခုကို စူးစမ်းနေသကဲ့သို့ ကင်မရာနား ကပ်လာသည်။
" တကယ်လား..."
" တကယ်ပေါ့..."
ယီဟွေ့က သူ့ဆန္ဒမပါပဲ ခေါင်ငြိမ့်ပြလိုက်သည်။
" ဒါဆိုရင်တော့ ကိုယ်ဇာတ်ညွှန်းကိုပါ ငြင်းရတော့မှာပဲ..."
ကျိုးကျင်ဟမ့်က ဇာတ်ညွှန်းတစ်ထပ်ကြီးကို ဘေးနားပစ်ချလိုက်သည်။
" ဒီဇာတ်လမ်းထဲက ဝမ်းနည်းပြရမယ့်နေရာက တော်တော်လေး ရှုပ်တယ်... လူသားတွေရဲ့ ဆက်ဆံရေးတွေက ကလိမ်ကကျစ်တွေ အရမ်းများတာပဲ... ဒီလိုဆိုရင် အိမ်မှာ ယောက်ျားကောင်းတစ်ယောက်ဖြစ်အောင် နေလို့မရပဲဖြစ်နေဦးမယ်..."
ယီဟွေ့ : “…”
အားလပ်ချိန်ရသည်က ရှားရှားပါးပါးဖြစ်၍ သူတို့နှစ်ယောက်က ပြန်ပေးဆွဲသည့် ဖြစ်ရပ်အကြောင်း ပြန်ပြောနေမိကြပြီး နောက်နှစ်စတွင် တရားရုံ၌ နားကြာရမည်ဖြစ်ကြောင်းလည်း ပြောနေသည်။
ကျိုးကျင်ဟမ့်က ပြောလိုက်သည်။
" မင်း တရားရုံးကို မလိုက်လာချင်ရင် အိမ်မှာပဲနေခဲ့လေ... ကိုယ် အိမ်ပြန်လာမှ တရားစီရင်ချက်တွေ ပြန်ပြောပြမယ်..."
ယီဟွေ့က အမှန်တကယ် မသွားချင်ပေ။ လူဆိုးသုံးယောက်ကို သူ မတွေ့ချင်သကဲ့သို့ ဤကိစ္စ၏နောက်ကွယ်မှ ကြိုးကိုင်သူနှစ်ယောက်အနက် အထူးသဖြင့် မိသားစုနာမည်" ဖန် " ဖြစ်နေသူကိုလည်း မမြင်ချင်ပေ။
သူ တွန့်ဆုတ်နေသည်ကို မြင်သောအခါ ကျိုးကျင်ဟမ့်က အကြံတစ်ခုပေးသည်။
" မသွားပါနဲ့တော့ မင်း အဲ့နေရာမှာ မရှိရင်တောင်မှ ဒီလူတွေကို ထိုက်တန်တဲ့အပြစ်မျိုး ပေးကြလိမ့်မယ်..."
.....