အပိုင်း ၅၉.၂
Viewers 11k


Chapter 59.2


နှစ်သစ်ကူးပြီးချိန်တွင် ယီဟွေ့က အက်စ်မြို့သို့သွားသည့် လေယာဉ်ပေါ် ရောက်နေခဲ့သည်။ 

သူ တရားရုံထိရောက်သော်လည်း အခန်းထဲ မဝင်သွားခဲ့ပေ။ တရားစီရင်မှုက ချောချောမွေ့မွေ့ပင်ဖြစ်ကြောင်း သူ ကြားလိုက်သည်။ တရားပြိုင်များက တရားလိုရှေ့နေ ဖော်ပြသည့်အချက်များကို လက်ခံကြသည်။ ပြစ်မှုကျူးလွန်ရသည့်အကြောင်းအရင်းကို မေးမြန်းသည့်အခါ ဖန်ယွီချင်း၏အကြောင်းပြချက်များက ရှုပ်ထွေးနေသည်။ 

" သူက ကျွန်တော်ပိုင်ဆိုင်တဲ့အရာတွေကို လုယူသွားလို့ပါ... ကျွန်တော် သူ့ကို သဘောမကျဘူး..."

ဤစကားကို ကြားသည့်အခါ သူဖော်ညွန်းလိုက်သည့် သူ့အရာဖြစ်သော ကျိုးကျင်ဟမ့် မည်သို့ခံစားရမည်ကို ယီဟွေ့ မသိလိုက်ပေ။ အနည်းဆုံး အပေါ်ယံတွင်မူ သူ့ပုံစံက တစ်ခုခုဖြစ်နေသည်နှင့် မတူပေ။

နောက်ထပ်နစ်နာသူတစ်ယောက်ဖြစ်သည့် ထန်ဝမ်းရှီကမူ ကျန်းမာရေးအခြေအနေကြောင့် တရားခွင်သို့ ရောက်မလာခဲ့ပေ။ ယီဟွေ့က ယမန်နေ့က သူနှင့်ဖုန်းပြောဖြစ်ခဲ့သည်။ သူက ဖက်ရှင်ဒီဇိုင်းမေဂျာသို့ ပြောင်းရတော့မည်ဖြစ်၍ ဆူညံပွက်လောရိုက်နေသည်။ ဤကိစ္စကို သူ လုံးဝ ဂရုမစိုက်ပေ။ ယီဟွေ့က ဤကိစ္စအကြောင်း ပြောပြချိန်တွင် သူ စိတ်ဝင်စားသည်က တစ်ခုသာရှိသည်။

" ငါတို့ လျော်ကြေးရမှာလား... အဲဒါဆိုရင် ငါဒီဇိုင်နာဖြစ်ဖို့ မေဂျာပြောင်းမယ့်အချိန်နဲ့ ကွက်တိပဲ..."

သို့ဖြစ်၍ တရားခွင်အပြင်ဘက်တွင် ယန်ချန့်ရွှမ်နှင့် ပထမဆုံးအကြိမ်တွေ့သောအခါ ပထမဦးဆုံးအကြိမ်အနေဖြင့် အနည်းငယ် သနားသွားမိသည်။ 

ယန်ချန့်ရွှမ်က လူအုပ်ကြားထဲမှထွက်လာပြီး ထောင့်တစ်နေရာတွင် ဆေးလိပ်မီးညှိနေသည်။ ယီဟွေ့ သူ့ကိုမတွေ့ရသည်က တစ်လကျော်သာ ရှိသေးသော်လည်း သူ့ပုံစံက ပိုပြီး ဖရိုဖရဲဖြစ်လာသည်။ စီးကရက်ကို လက်ညှိုးနှင့် လက်ခလယ်အကြားညှပ်ထားပြီး မှုတ်ထုတ်လိုက်သည့်အငွေ့များနှင့်အတူ သူ၏အသက်ဓာတ်များကပါ ခန္ဓာကိုယ်က ထွက်သွားသည်ဟု ထင်လိုက်ရသည်။ 

ယီဟွေ့က ထန်ဝမ်းရှီကိုယ်တိုင်ချုပ်ထားသည့် ဂျာကင်နှင့် ခရမ်းရောင်တောက်တောက် လိပ်ပြာလေးကို ယန်ချန့်ရွှမ်ကိုပေးလိုက်သည်။ 

" ဒါကို သူအစတည်းက မင်းကိုပေးဖို့ စီစဉ်ထားပြီးသား...  ပစ္စည်းကို ပိုင်ရှင်အစစ်ဆီ ပြန်ပေးတာပဲ ကောင်းပါတယ်..."

ယန်ချန့်ရွှမ် ဂျာကင်ကို ယူလိုက်သည့်အခါ "ကံကောင်းပါစေ" ဟူ၍ ဘော်ကြယ်ထိုးထားသည့်နေရာကိုမြင်သည့်အချိန်၌ ရုတ်ချည်းပြုံးလိုက်မိသည်။ တောက်ပြောင်လှပနေသည့် လိပ်ပြာလေးကို ကြည့်လိုက်ချိန်တွင်မူ သူ့မျက်နှာကမဲ့သွားပြီး အမူအရာက တဖြည်းဖြည်း နာကျင်ကြေကွဲလာသည့်ပုံ ဖြစ်သွားသည်။ 

" ကျေးဇူးတင်ပါတယ်... တကယ်ကို ကျေးဇူးတင်ပါတယ်..."

သူ ယီဟွေ့ကို အလေးအနက် ကျေးဇူးတင်သွားပြီး ထိုပစ္စည်းလေးနှစ်ခုကို ရင်ခွင်ထဲပိုက်ပြီး ထွက်သွားသည်။ 

အပြန်လမ်းတွင် သူတို့နှစ်ယောက် မည်သည့်အကြောင်းများ ပြောဖြစ်သည်ကို ကျိုးကျင်ဟမ့်မေးသည့်အခါ ယီဟွေ့က ပြန်ဖြေသည်။

" သူ သိဖို့လိုတာလေးတွေ ပြောပြလိုက်တာပါ..."

ကျိုးကျင်ဟမ့်စိတ်ထဲ ကပျာကယာဖြစ်သွားပြီး ယီဟွေ့ကို ပန်းဆိုင်သို့ တိုးတိုးတိတ်တိတ် ခေါ်သွားသည်။ ပန်းဆိုင်ပိုင်ရှင်က သူ့ကို စနောက်နေသည်။ 
" သူက မင်းကြောက်တဲ့သူပေါ့လေ..."

ကျိုးကျင်ဟမ့်က တိတ်တိတ်နေပေးရန် သူ့ကို ကွယ်ရာမှ အချက်ပြနေသည်။ 

သူတို့ အခြားပန်းများအပြင် နှင်းဆီပန်းအချို့ကိုလည်း ဝယ်သွားသေးသည်။ 

အိမ်ပြန်ရောက်သည်အခါ ယီဟွေ့က အဖြူရောင်ပန်းနှစ်အိုးကို နေရာချထားလိုက်သည်။  ကျိုးကျင်ဟမ့်က နှင်းဆီပန်းများထည့်ရန် ပန်းအိုးရှာနေသည်။ အန်တီက သူ့အတွက် ပန်းအိုးယူလာပေးလိုက်သော်လည်း ဝယ်လာသည့်ပန်းများထည့်ရန် အဆင်မပြေပေ။  နောက်ဆုံးတွင် အဆင်ပြေသည့် ပန်းအိုးတစ်လုံးကို ရှာတွေ့သွားသော်လည်း ဘုံပိုင်ရေဖြင့်ဆိုလျှင် ဤပန်းများ ကြာကြာမခံမည်ကို စိုးရိမ်နေသည်။ ရေအိုးကြီးနှစ်အိုးကိုယူကာ လသာဆောင်တွင် ချထားလိုက်ပြီး ရေဖြန်းသည့်အခါ၌ သုံးရန်ပြင်ထားလိုက်သည်။ 

ယီဟွေ့က သူ၏ ရှားရှားပါးပါးပုံစံကို မြင်လိုက်ရသောကြောင့် မေးလာသည်။ 
" နှင်းဆီပန်းကြိုက်တာလား..."

ကျိုးကျင်ဟမ့်က သူမေးလာမည့်အချိန်ကို စောင့်ဆိုင်းနေပုံရသည်။ ရေပုံးလေးဖြင့် ပွင့်ဖတ်များကို ရေဖြန်းနေစဉ် ပြန်ဖြေလိုက်သည်။ 

" ကိုယ် နှင်းဆီပန်း ကြိုက်တယ်လေ ဘာလို့လဲဆိုတော့ မင်း ပေးထားတာမို့လို့..."

ယီဟွေ့၏မျက်နှာက ချက်ချင်းနီရဲသွားပြီး အချိန်အတန်ကြာအထိ တွန့်ဆုတ်နေပြီးမှ ပြောလိုက်သည်။
" မင်း ခိုးနားထောင်နေခဲ့တာလား..."

ကျိုးကျင်ဟမ့်က လက်နှစ်ဖက်ကို ဖြန့်ကားထားလိုက်ပြီး ပြောသည်။
" ကိုယ် ရိုးရိုးသားသား နားထောင်တာပါ..."

ထိုရက်က တိုက်ကြက်တစ်ကောင်သဖွယ် ခေါ်ငးမော့ရင်ကော့ပြီး ရန်သူကို တိုက်ခိုက်ခဲ့သည့်ယီဟွေ့မှာ ယခုချိန်တွကယင် အလွန်ရှက်နေလွန်း၍ တွင်းတူးပြီး မြေကြီးထဲ ဝင်နေချင်စိတ်ပေါက်လာသည်။

" ငါ... ငါ လျှောက်ပြောလိုက်တာပါ ... ငါ သူ့ကို ကြောက်လို့လေ ငါ မင်းကိုလည်း ကြောက်မိနေတယ်..."

ကျိုးကျင်ဟမ့်က သူ့နားကိုလျှောက်လာပြီး နောက်မှ ပွေ့ဖက်လိုက်ကာ ယီဟွေ့ပခုံးပေါ် မေးတင်ထားသည်။ 

" ဘာလို့ ကိုယ့်ကိုကြောက်တာလဲ... မကြောက်ပါနဲ့ ဘာမှ ကြောက်စရာမရှိဘူး... မင်းကို နာကျင်အောင်လုပ်တဲ့သူမှန်သမျှ တန်ရာတန်ကြေး ပြန်ပေးဆပ်ရမယ်လို့ ပြောတယ်လေ..."

ယီဟွေ့ ခေါင်းစောင်းလိုက်သော်လည်း မရှောင်လိုက်နိုင်ပေ။ အန်တီက သူတို့ကို ပြုံးကြည့်နေပြီး ကျိုးကျင်ဟမ့်က သူ၏ပူနွေးနေသည့် နားရွက်ကို ငုံလိုက်သည်။

" ကိုယ် မင်းနဲ့ကတိပေးထားတာတွေကို ခုချိန်ကစပြီး တည်အောင်လုပ်တော့မယ်လို့ ပြောထားတယ်လေ..."

ယီဟွေ့က သူထိုသို့ပြောခဲ့သည်ကို မမှတ်မိတော့ပေ။ သူ့ကို ဘေးနားမှ အမြန်နှင်ထုတ်နိုင်ရန်အတွက် အသံတိုးတိုးဖြင့် "အင်း" ဟုသာ ပြန်ဖြေလိုက်သည်။ 

......

လခစားဝန်ထမ်းတစ်ယောက်မဟုတ်သည့် ယီဟွေ့က မည်သည့်နေရာမှမဆို အလုပ်လုပ်နိုင်ပေသည်။ 

သို့ဖြစ်၍ နှစ်စတွင် မြို့ငယ်လေးသို့ တစ်လခန့် ပြန်သွားပြီး နွေဦးပန်းပွင့်များ ဖူးပွင့်ချိန်တွင်မှ အက်စ်မြို့သို့ ပြန်လာခဲ့သည်။ ကျိုးကျင်ဟမ့် ရိုက်ကူးရေး မစမီတွင် သူတို့နှစ်ယောက်တူတူ အိမ်ကို ပြန်လည်ပြင်ဆင်ပြောင်းလဲကြသည်။

ပြောင်းလဲသည်ဟူသော်လည်း အမှန်တွင် ပစ္စည်းအနည်းငယ်ကိုသာ ရွှေ့လိုက်ခြင်းဖြစ်သည်။ အဓိကအားဖြင့် ခုတင်ကို ပြန်လည်သန့်ရှင်းကြခြင်း၊ စတုဒီယိုထဲမှ ပစ္စည်းအချို့ကို ပြန်စီခြင်း၊ ထပ်ခိုးတွင် အချိန်အတန်ကြာအောင် စုပုံထားသည့် ပစ္စည်းပုံထဲမှ အသုံးဝင်သည့်အရာများကို ပြန်ထုတ်ကာ ဆက်လက်အသုံးပြုပြီး အသုံးမဝင်သည့်အရာများကို လွှင့်ပစ်ကြသည်။ 

ယီဟွေ့အကြိုက်ဆုံး ဒိုရေမွန်အရုပ်ကို ပလတ်စတစ်အိတ်ထဲတွင် သေချာထုတ်ထား၍ ပြန်ထုတ်လိုက်ချိန်တွင်လည်း အနံ့မွှေးနေဆဲဖြစ်သည်။ ကျိုးကျင်ဟမ့်က ထိုအရုပ်ကို သူကိုယ်တိုင်လျှော်ထားသည်ဟုပြောပြီး အမှတ်ဝင်ယူလိုက်သည်။ ယီဟွေ့က သူပြောသည်ကို အလေးအနက်ထားလိုက်ပြီး အရုပ်ကို ကျိုးကျင်ဟမ့်၏ခေါင်းအုံးပေါ်တင်ပြီး ပြောလိုက်သည်။

" ဒါဆို သူဒီည ဒီမှာအိပ်လိမ့်မယ်..."

ကျိုးကျင်ဟမ့်၏မျက်နှာက ချက်ချင်းမည်းမှောင်သွားတော့သည်။ 

ယီဟွေ့ အောက်ထပ်မှ ပြန်ရောက်လာချိန်တွင် ဒိုရေမွန်အရုပ်က ခုတင်ခေါင်းရင်နားမှ ဗီရိုပေါ်တွင် ပက်လက်ကလေးဖြစ်နေပြီး ကျိုးကျင်ဟမ့်ကမူ အမူအရာတစ်ချက်မှ မပြောင်းလဲပဲ ပြောလိုက်သည်။ 

" ဒီအိပ်ရာပေါ်မှာ တတိယလူ ဝင်အိပ်လို့ မရဘူးဆိုတာ သူသိတယ် အဲဒါကြောင့်မို့ အထုပ်ပြင်ပြီး ထွက်သွားတာ..."

ယီဟွေ့က ငတုံးမဟုတ်သောကြောင့် အရုပ်လေးကို နေရာတကျ ပြန်ထောင်ထားပြီး ပစ္စည်းများကို ထုပ်ပိုးနေသည်။ 

သူတို့က မနက်ပိုင်းမှစ၍ နေ့လည်ခင်းအထိ အလုပ်ရှုပ်နေခဲ့ကြသည်။ နေလုံးကြီးက အနောက်အရပ်သို့ ရောက်ရှိလာချိန်တွင် ကျိုးကျင်ဟမ့်က ပန်းချီကားတစ်ချပ်ကို ကိုင်ထားပြီး ယီဟွေ့ကလည်း မျက်နှာချင်းဆိုင်တွင် ရပ်နေသည်။ သူတို့က " နေရောင်ခြည် " ဟု အမည်ရသည့် ပန်းချီကားကို အိပ်ခန်းထဲတွင် ချိတ်နေကြခြင်းဖြစ်သည် 

ချိတ်ပြီးသွားသည့်အခါ ကျိုးကျင်ဟမ့်က ယီဟွေ့ဘေးနားကပ်သွားလိုက်သည်။ သူတို့နှစ်ယောက်က ဘေးချင်းယှဉ်ရပ်နေပြီး ပန်းချီကားကိုကြည့်ကာ တစ်ချိန်တည်း ပြောမိသွားသည်။

" ဟို..."

" မင်း..."

ကျိုးကျင်ဟမ့် : " မင်း အရင်ပြောလေ..."

ယီဟွေ့မေးလိုက်သည်။
" ငါ့ကို အဲ့အချိန်တုန်းက ဘယ်လိုလုပ် မှတ်မိသွားတာလဲ...ငါ တော်တော်လေး သတိထားခဲ့တာပဲ ခြေရာလက်ရာဆိုလို့ ဒီပန်းချီကားတစ်ချပ်ပဲ ကျန်တာကို..."

ကျိုးကျင်ဟမ့် ပြုံးလိုက်ပြီး ရူးချင်ယောင်ဆောင်ကာ ပြောလိုက်သည်။
" ကံကြမ္မာကြောင့်ပဲလေ..."

ယီဟွေ့ သူ့ကိုစိုက်ကြည့်လိုက်သည်။ 
" သေချာပြောပါဆို..."

လက်ရှိယီဟွေ့က ယခင်ကကဲ့သို့ အရူးလုပ်ရလွယ်သည့် ယီဟွေ့ မဟုတ်တော့ပေ။ ကျိုးကျင်ဟမ့်က ခေါင်းကုတ်ပြီး ပြောလိုက်သည်။ 

" ကိုယ် ကျန်းယီဟွေ့အကြောင်း စုံစမ်းလိုက်တာလေ... သူ့ရဲ့ဆေးကုသမှတ်တမ်းမှာ သတ်သေဖို့ကြိုးစားခဲ့တယ်လို့ ရေးထားတာ တွေ့လို့..."

အကြောင်းပြချက်က အမှန်တရားနှင့် နီးစပ်လွန်းသော်လည်း ယီဟွေ့က တစ်စုံတစ်ရာ မှားယွင်းနေဆဲဟု ခံစားလိုက်ရသည်။ 

" ဒါလေးကိုပဲ မူတည်ပြီးတော့ သိလိုက်တာလား..."

" အင်း... ဘာထပ် ရှိသေးလို့လဲ..."
ကျိုးကျင်ဟမ့်၏မျက်နှာက ရိုးသားမှုတို့ဖြင့် ပြည့်နေသည်။ 

သိပ္ပံကျကျ စဉ်းစားတွေးခေါ်ကြည့်မည်ဆိုပါကလည်း ယီဟွေ့က အခြားဖြစ်နိုင်ချေများကို မတွေးမိသောကြောင့် လက်လျှော့လိုက်ရသည်။ 

" ခုနက ဘာမေးမလို့လဲ..."

စစ်ဆေးမေးမြန်းခံရသည်မှ လွတ်မြောက်သွားပြီးသည့်နောက်တွင် ကျိုးကျင်ဟမ့်က ပိုမိုတောက်ပစွာပြုံးလိုက်ပြီး နံရံပေါ်မှ ပန်းချီကားချပ်ကို လက်ညှိုးထိုးပြလိုက်သည်။ 

" ဒီပန်းချီကားကို ဘာလို့ချိတ်ထားချင်တာလဲလို့ မေးချင်တာ..."

ယီဟွေ့ မျက်ဆံလှန်လိုက်သည်။ 
" ဘာလို့လဲဆိုတော့ ဒီပန်းချီကားနဲ့ဆုရပြီးတော့ ဘောနပ်စ်လည်း ရခဲ့လို့လေ..."

ကျိုးကျင်ဟမ့် : “…”

ဘုရားသခင်က တရားမျှတပေသည်။ လူအများက စဉ်းစားတွေးခေါ်တတ်လာပြီးသည့်နောက်တွင် ယခင်ကကဲ့သို့ အရူးလုပ်ရန် မလွယ်ကူတော့သော်လည်း ‌သွားတစ်ချောင်းအတွက် သွားတစ်ချောင်း ပြန်လည် ပေးဆပ်ရခြင်းဟူသည့် တန်ကြေးကလည်း တဖြည်းဖြည်းတိုးလာသည်။ 

သူတို့ အိမ်ပြန်ရောက်ပြီး ပထမဆုံးညတွင် အိမ်ကို ရှင်းလင်းပြီးနောက် အိပ်ရာဝင်ကြသည်။ 

ဤအိပ်ရာပေါ်တွင် အချိန်အတန်ကြာသည်အထိ မအိပ်ခဲ့ရ၍ ယီဟွေ့မှာ နေရာအသစ်သို့ ရောက်သွားသည်ဟု ခံစားလိုက်ရပြီး အိပ်မပျော်တော့ဟု ထင်ခဲ့မိသော်လည်း အာရုဏ်တက်ချိန်အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။ နိုးလာချိန်တွင် နွေးထွေးသောရင်ခွင်ကျယ်ကြီးထဲရောက်နေပြီး သန်မာသောရင်အုပ်ကြီးက သူ့ကိုဖိကပ်ထားသည်။ ထိုခံစားချက်ကြောင့် ယီဟွေ့ မျက်လုံးများမှိတ်ထားပြီး အိပ်ချင်စိတ်ပေါ်လာပြန်သည်။ 

ပြတင်းပေါက်အပြင်ဘက်မှ ငှက်ကလေးများ၏ ကျည်ကျည်ကျာကျာအသံက သူ့ကို ဟန့်တားလိုက်သည်။ 

သူ မော့ကြည့်လိုက်ကည့်အခါ နံရံပေါ် ချိတ်ထားသည့် ပန်းချီကားချပ်ကြီးက ‌မနက်ခင်းအလင်းရောင်ဖြင့် ဖုံးလွှမ်းထားသည်။ ပန်းချီကားထဲမှလူကို နွေးထွေးသည့်အဝါရောင်ဖြင့် ရေးခြယ်ထား၍ အထီးကျန်ခြင်းနှင့် ခက်ထန်ခြင်းတို့ ကင်းမဲ့နေကာ နွေးထွေးမှုနှင့် နူးညံ့ညင်သာမှုတို့ဖြင့် လွှမ်းခြုံထားသည်။

ကျိုးကျင်ဟမ့်က အိပ်ရာနိုးလာပြီး ယီဟွေ့ နားနားကပ်ကာ " ကောင်းသောမနက်ခင်းပါ ဟွေ့ဟွေ့ " ဟု ပြောလိုက်သည်။ ယီဟွေ့ ပန်းချီကားကို စိတ်လိုလက်ရကြည့်နေသည်ကို မြင်လိုက်ရသောအခါ သူ မကျေမနပ်ဖြစ်သွားမိသည်။ 

" နတ်သားတစ်ယောက်လုံး ဒီမှာရှိနေတာကို မင်းက ပန်းချီကားကို ကြည့်နေသေးတာလား..."

ယီဟွေ့ သူ့ကိုလှည့်ကြည့်ကာ မျက်လုံးအနည်းငယ် မှေးကျဉ်းလိုက်ပြီး ယခုမှ အိပ်ရာနိုးလာသည့်လူတစ်ယောက်၏ ပျင်းရိပျင်းတွဲအသံဖြင့် ပြောလိုက်သည်။ 

" အဲဒါ နေရောင်ခြည်လေ..."

ကျိုးကျင်ဟမ့် ခဏတာ အံ့အားသင့်သွားပြီး သူ့မျက်စိရှေ့မှလူကို ထိတွေ့ရန် ပြင်လိုက်သည်။ သူ ထိတော့မည့်အချိန်တွင် လက်ချောင်းများက ရပ်တန့်သွားသည်မှာ သူ့ရှေ့မှလူက အမှန် ဟုတ်မဟုတ် စစ်ဆေးနေသကဲ့သို့ ဖြစ်နေသည်။ 

သူက အကြွင်းမဲ့အာဏာရှင်တစ်ယောက်ဖြစ်ပြီး အရာအားလုံးကို ထိန်းချုပ်နိုင်သည်ဟု တစ်ချိန်က ထင်ခဲ့မိသည်။ နောက်ပိုင်းတွင် သူက သတိမမူမိ၍ အဆုံးအစမဲ့တွင်းနက်ထဲ ဆွဲချခံလိုက်ရကာ ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာများ ပြည့်နှက်သွားခဲ့ချိန်တွင်မှ သူ မည်မျှ မှားယွင်းသွားကြောင်း သိလိုက်ရသည်။ 

ကံကောင်းသည်မှာ ကမ္ဘာကြီးက ဆက်လက်လည်ပတ်နေ၍ အေးစက်လှသည့် ဆောင်းဥတုကို နောက်ဆုံးတွင် ကျော်ဖြတ်သွားနိုင်မည်ဖြစ်သည်။ ရှည်လျားသည့် ညတာကို ကျော်လွန်ပြီးနောက်တွင်မူ ပျောက်ဆုံးသွားသည့်ရတနာကို သူ့လက်ထဲတွင် ပြန်လည်ဆုပ်ကိုင်နိုင်သွားပြီဖြစ်သည်။ 

လက်ချောင်းများက နူးညံ့သောအသားအရည်ကို ထိမိချိန်တွင် ကျိုးကျင်ဟမ့်က ယခင်ထက်ပို၍ စိတ်အေးချမ်းမှုကို ခံစားလိုက်ရသည်။ 

ကိုယ် မင်းကို မမှတ်မိပဲ နေပါ့မလား...

ကမ္ဘာကြီးတစ်ခုလုံးက မှောင်မိုက်၊ ကမောက်ကမဖြစ်ပြီး အော်ဂလီဆန်စရာ သွေးနံ့တွေနဲ့ ပြည့်နေခဲ့ပေမယ့် မင်းတစ်ယောက်တည်းကပဲ ဖြူစင်သန့်ရှင်းပြီး တောက်ပနေခဲ့တာလေ...

မင်းက မကောင်းတဲ့စိတ်တွေကို ပျောက်ကွယ်သွားဖိုရောက်လာခဲ့ပေးတော့ မင်းကို ထိတွေ့ပွေ့ဖက်ပြီးတော့ ပိုင်ဆိုင်ချင်ပြီး တန်ဖိုးထားပေးချင်ခဲ့တယ်...

သူ နောက်ဆုံးတွင် ထိုပန်းချီကား၏ အဓိပ္ပါယ်ကို နားလည်သွားခဲ့သည်။ 

မင်းက ကိုယ့်ရဲ့ နေရောင်ခြည်လေးပါပဲ..... 

( Main Story End )

ဟွေ့ဟွေ့နဲ့ ဟမ့်ဟမ့်တို့နှစ်ယောက်ရဲ့ main storyလေးက ဒီမှာပဲ ပြီးသွားပါပြီ ချစ်လေးတို့ရေ 🌼 အစကတော့ အလောင်တစ်လိုင်းနဲ့ စခဲ့ပေမယ့် နောက်ဆုံးတော့လည်း စိတ်ချမ်းမြေ့စရာလေးနဲ့ အဆုံးသတ်သွားပါပြီ

🌼Main Story ပြီးသွားပေမယ့် အနောက်မှာ တစ်ခန်းရပ် ဇာတ်လမ်းလေးနဲ့ Extra လေးတွေ ကျန်နေပါသေးတယ် 🌼

Xxxxxxx