အပိုင်း (၅၄)
Viewers 12k

Part 54


အသေးလေး၏ အချက်ပြမှုကို မြင်ပြီးနောက်တွင် ထန်ထန် ခေါင်းမော့ကြည့်လိုက်တယ်။ သူမဦးနှောက်ကို အတော်လေးအလုပ်ပေးပြီးနောက်တွင် သင့်တော်ဟန်ပေါ်သော ဆင်ခြေတစ်ခုကိုတွေ့လိုက်တယ်။


"ယောက်ျားရေ... ကျွန်မထင်တာတော့ ပေါင်ပေါင်လေးပြောတာ အကျိုးအကြောင်းဆီလျှော်တယ်ထင်တာပဲ... ကျွန်မတို့သုံးယောက်လုံးဆို ဒီအိပ်ရာက မဆန့်ဘူးလေ... ကျပ်ကျပ်ညပ်ညပ်အိပ်ရင် ညကြရင် ကောင်းကောင်းအိပ်ပျော်မှာမဟုတ်လောက်ဘူး... ဒီတော့ ခွဲအိပ်တာပိုကောင်းမယ်ထင်တယ်..."


ထန်ထန် မျက်လုံးပြူးလေးဖြင့် လိမ်ပြောလိုက်တယ်။ ကုတင်က ၁.၈မီတာကျယ်ပြီး မိသားစုသုံးယောက်စာ ကွက်တိအိပ်လို့ရပေတယ်။ ကျိရှောင်ကျိုးပင် ထိုကုတင်ပေည်တွင် ဟိုလှိမ့်သည်လှိမ့် အေးဆေးလှိမ့်လို့ရလောက်အောင် နေရာလွတ်ကြီးရှိနေတယ်။


"နေရာမလောက်ဘူး..."


ကျိယန် မျက်မှောင်ကြုတ်လိုက်ပြီး ထိုစာကြောင်းကို ပြန်ပြောလိုက်တယ်။


"ဟားဟား ဟုတ်ပါ့..."


ထန်ထန် သူမခေါင်းလေးကိုသာ ကုတ်နေလိုက်တယ်။ သူမ၏ ရှိသမျှသော သတ္တိလေးများကို ဆင့်ခေါ်၍ ခေါင်းငြိမ့်ပြလိုက်တယ်။ သူမယနေ့တွင် ပေါင်ပေါင်၏ ဒယ်ဒီနှင့် တစ်ကုတင်ထဲ မအိပ်ရဲပေ။ 


သူ သူမကိုအတင်းအကြပ်မေးလာရင် ဘယ်လိုလုပ်ရမလဲ...


သူမ၏စိတ်ထဲတွင် ရှုပ်ထွေးနေသည်။ သူမ သင့်လျော် ပြေပြစ်အောင် စကားမပြောတတ်ပေ။


ကျိယန် ထန်ထန်ကို ခဏလောက်စိုက်ကြည့်ကာ မေးလိုက်တယ်။


"မင်းတကယ် ဒီမှာမအိပ်ချင်တာလား..."


ထန်ထန်တစ်ယောက် ကျိယန်သိပ်ပျော်မနေကြောင်း အာရုံခံမိတယ်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် သူမ ဤနေရာတွင် မအိပ်ချင်ခြင်းမဟုတ်ပဲ အလွန်စိတ်လှုပ်ရှားနေ၍သာဖြစ်တယ်။ သူက ယနေ့အတော်လေးပုံမှန်မဟုတ်၍ သူမကြောက်နေမိတယ်။ ထို့ကြောင့် သူမခေါင်းသာငြိမ့်ပြလိုက်ရတယ်။


ကျိယန် ခပ်ဖွဖွနှာမှုတ်လိုက်ပြီး စိတ်မပါလက်မပါပြောလိုက်တယ်။


"ကောင်းပြီလေ..."


ကျိရှောင်ကျိုး အံ့ဩသွားတယ်။ သူ သူ့ဒယ်ဒီဤမျှ လွယ်လွယ်ကူကူသဘောတူမည်ဟု မထင်ထားခဲ့ပေ။ 


ခုဏက သူဘယ်လိုပဲတောင်းဆိုတောင်းဆို သဘောမတူခဲ့တာကို... မာမီစကားလေးတစ်ခွန်းပြောတာနဲ့ ဘာလို့ ချက်ချင်းကြီး သဘောတူလိုက်ရတာလဲ...


ထန်ထန်လည်း မယုံကြည်နိုင်ဖြစ်နေတယ်။ သူ သူမ၏တောင်းဆိုချက်ကို သဘောမတူလောက်ဟုထင်နေခဲ့မိတယ်။

ဘယ်လိုလုပ်ပြီး သူတို့ကို ဒီလောက် လွယ်လွယ်ကူကူ လွှတ်ပေးလိုက်ရတာလဲ...


အမေနှင့်သားအတွဲက အချိန်ခဏမျှ မလှုပ်မယှက်ဖြစ်သွားတယ်။ ကျိယန် သူဖတ်နေသော စာအုပ်ကို နောင်တစ်မျက်နှာလှန်လိုက်ပြီး ပြောလိုက်တယ်။


"မင်းတို့ဘာလို့ ထွက်မသွားကြသေးတာလဲ... မင်းတို့နှစ်ယောက်ပဲ ကိုယ်နဲ့အတူမအိပ်ချင်ဘူးဆို..."


ရုတ်တရက် ထန်ထန် ခါးသီးသလို ခံစားလိုက်ရတယ်။ သူမတို့နှစ်ယောက်က သူ့ကိုစွန့်ပစ်လိုက်သလိုပင် ခံစားလိုက်ရတယ်။

သူအထီးကျန်နေလောက်မလား... သူ့ကိုစကားပြောမဲ့သူတစ်ယောင်မှ မရှိတော့ဘူးဆိုတော့ တိတ်တဆိတ်စာအုပ်ပဲ ဖတ်နေလောက်မှာပါလေ...


ထန်ထန် သူမနှုတ်ခမ်းလေးကို ကိုက်လိုက်မိတယ်။ သူမစိတ်ပြောင်းလိုက်ပြီး ထုတ်ပြောလိုက်တော့မည့်အချိန်တွင် ကျိရှောင်ကျိုးက ထန်ထန်ကို အခန်းအပြင်သို့ ဆွဲခေါ်လိုက်တယ်။ သူ့ဒယ်ဒီစိတ်ပြောင်းသွားမည်စိုး၍ လေအလျှင်ဖြင့် အမြန်ဆုံးပြေးသွားခြင်းပင် ။


ထန်ထန် "..."


ကျိယန် "..."


ကျိရှောင်ကျိုးက ထန်ထန်ကိုဆွဲ၍ နောက်ထပ်အိပ်ခန်းတစ်ခုဆီ အမြန်ဆုံးခေါ်သွားခဲ့တယ်။ လေအလျှင်ဖြင့်ပြေးကာ အိပ်ယာပေါ်ခုန်တက်လိုက်ပြီး ကျိရှောင်ကျိုး စိတ်လှုပ်တရှား လူးလှိမ့်နေတယ်။ မူလက သပ်ရပ်သန့်ရှင်းလှသော စောင်များက လေမုန်တိုင်းဝင်မွှေသလို ပွထသွားလေတယ်။


ဒီအသေးလေး သူ့ဒယ်ဒီကို စွန့်ပစ်ခဲ့တာ အားနာစိတ်လေးတောင် မဝင်ဘူးလား...


ကျိရှောင်ကျိုးကတော့ လုံးဝပင် အားမနာချေ။ သူ ဟိုလှိမ့်ဒီလှိမ့်လုပ်ကာ နောက်ဆုံးပင်ပန်းသွားတော့မှ ကုတင်ကိုပုတ်ပြကာ ထန်ထန့်ကိုလာရန် ခေါ်လိုက်တယ်။


"မာမီ ကုတင်ပေါ်လာတော့လေ.. အခုကစပြီး သားတို့ နှစ်ယောက်တည်း အိပ်ရတော့မှာ..."


ထန်ထန် ထိုနေရာကိုသွားကာ သူ့ကို ကုတင်ပေါ်မှ မလိုက်တယ်။ သူမ ရှုပ်ပွနေသော အိပ်ရာကို အသေအချာပြန်ဖြန့်ပြီးမှ အသေးလေးကို ပြန်တင်ပေးလိုက်တယ်။


"ပေါင်ပေါင် တို့နှစ်ယောက် ဒီလိုလုပ်တာ မကောင်းဘူးလို့ မထင်ဘူးလား... ဒယ်ဒီက တစ်ယောက်တည်း အထီးကျန်နေမှာပေါ့... သူ့မှာစကားပြောစရာလူမရှိလို့ တစ်ယောက်တည်း အိပ်ရတော့မှာ..."


ကျိရှောင်ကျိုး မျက်နှာပေါ်ရှိ ပျော်ရွှင်မှုလေး ပျောက်ကွယ်သွားတယ်။ သူ့လက်ချောင်းလေးသူ တို့ထိနေပြီး မျက်လုံးထဲတွင် မကျေမနပ်ဖြစ်နေဟန်တို့ ပေါ်လာကာ ခပ်တိုးတိုးပြောလာတယ်။


"ဒါပေမဲ့ ဒယ်ဒီက မာမီကိုဖက်အိပ်တာလေ..."


ကျိရှောင်ကျိုးတစ်ယောက် ထိုကိစ္စကို ပြင်းပြင်းထန်ထန်တုံ့ပြန်နေလဲ ထန်ထန်မသိတော့ပေ။ အသေးလေးက ကျိယန်သူမကို ဖက်သည်ကို မကြိုက်သည့်ပုံပင်။ ညဘက်ရောက်လျှင် အသေးလေးက သူ၏မိဘများကို ခွဲရသည်ကို သဘောကျတယ်။ သူ့မိဘများ တူတူအိပ်နေတာကို မြင်သည်နှင့် တူဒေါသများပေါက်ကွဲလေတော့တယ်။ သို့သော် ပုံမှန်အချိန်တွင် အသေးလေးက ပိုင်ဆိုင်လိုစိတ်မကြီးသလို အခြားသူများ၏ ခံစားချက်ကိုပါ ထည့်တွက်ပေးတတ်တယ်။


အသေးလေး ဘာတွေးနေမှန်းနားမလည်၍ ထန်ထန် သူ့ခေါင်းလေးကို အသာအယာ တို့လိုက်တယ်။


"ပေါင်ပေါင် သားလေးဘာလို့ ဒယ်ဒီ မာမီ့ကို ဖက်တာမကြိုက်ရတာလဲ... အခြားလူတွေရဲ့ ဒယ်ဒီတွေကလည်း သူတို့မာမီကိုဖက်ကြတယ်လေ..."


ကျိရှောင်ကျိုး၏ မျက်လုံးများတွင် ခိုးကြောင်ခိုးဝှက် အမူအယာတို့ ထွက်ပေါ်လာပြီး ထစ်တီးထစ်ငေါ့ဖြင့်ပြောလာတယ်။


"ဘာလို့လဲဆိုတော့.. ဒယ်ဒီကမာမီ့ကို ဖက်နေရင် သားကမာမီ့ကို ဖက်လို့မရတော့ဘူးလေ... သားလဲ မာမီ့ကို ဖက်ချင်တာကို..."


"အဲ့လိုဆိုလည်း ဒယ်ဒီ့ကို တို့တွေနဲ့အတူအိပ်ခိုင်းလို့ရတုန်းပဲလေ... သားက မာမီနဲ့ဒယ်ဒီကြားထဲအိပ်လေ မာမီတို့ကသားကို အတူဖက်ပြီးအိပ်မယ် အိုကေလား... ဒါဆို ဒယ်ဒီလဲ မာမီ့ကိုဖက်လို့မရတော့ဘူးလေ..."


ကျိရှောင်ကျိုး စဉ်းတောင်မစဉ်းစားပဲ ခေါင်းခါပြလိုက်တယ်။ သူခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက်တွင် ထန်ထန့်နားရွက်နားကပ်၍ တိုးတိုးလေးပြောလာတယ်။


"မာမီ သားတော့ ဒယ်ဒီ့မှာ ပြဿနာရှိနေတယ်ထင်တာပဲ... သားအိပ်နေတဲ့အချိန် ဒယ်ဒီက မာမီ့ကို ခိုးသွားလိမ့်မယ်... မာမီက သားရဲ့ဘယ်ဘက်မှာအိပ်နေရာကနေ ညာဘက်မှာ ပြန်နိုးလာရလိမ့်မယ်နော်... ဒယ်ဒီက တစ်ခုခုကိုသေချာပေါက်လုပ်မှာပဲ..."


ထန်ထန် အသေးလေးကို ဗလာဖြစ်စွာကြည့်လိုက်တယ်။


"သားက ဘယ်လိုသိတာလဲ..."


"သားခန့်မှန်းမိတာ..."


သူ ခန့်မှန်းမိတာဟုပြောသော်လည်း ကျိရှောင်ကျိုးကြည့်ရသည်မှာ အလွန်သေချာနေဟန်ဖြစ်နေတယ်။


"အဲ့တာ ယောက်ျားတစ်ယောက်ရဲ့ အလိုလိုအသိစိတ်ပဲ... သေချာသလောက်ရှိတယ်..."


ထန်ထန် ဆွံ့အမိသွားတယ်။


ယောက်ျားတွေမှာ ဘယ်တုန်းက အလိုလိုသိစိတ်ရသွားရတာလဲ...

သို့သော် အသေးလေး၏ အလိုလိုသိစိတ်ဆိုသည်မှာ ဧကန်မုချဖြစ်လာမည်ဟု ပြော၍ မရသော်လည်း သူမသည်လည်း ထိုကိစ္စက ကျိယန်နှင့်ဆိုင်သည်ဟု ထင်မိတယ်။


ကျိရှောင်ကျိုး သူ၏ သုံးသပ်ချက်ကို နိဂုံးချုပ်လိုက်တယ်။


"အဲ့တာကြောင့်ပဲ သားတို့ ဒယ်ဒီနဲ့ တစ်ခန်းတည်းအိပ်လို့မရတာပေါ့... သားက အလယ်မှာအိပ်တယ်ဆိုပေမဲ့လည်း သားအိပ်ပျော်သွားရင် ဒယ်ဒီက လုပ်ချင်သလို လုပ်လို့ရပြီလေ... အဲ့လိုဆို မာမီ့ကို ဘယ်လိုလုပ် ကာကွယ်ပေးနိုင်တော့မှာလဲ..."


သူ့ဒယ်ဒီက မကောင်းဆိုးဝါးများလား... သူမကဘာလို့ ကာကွယ်ပေးတာ လိုအပ်ရမှာလဲ... 


ထန်ထန် ရယ်ရခက် ငိုရခက်ဖြစ်သွားတယ်။ တစ်ခါတစ်ရံ ကလေးများ၏ စကားဆိုသည်မှာ အတော်လေး နားလည်ရခက်ပေတယ်။


"ကောင်းပြီလေ မာမီအခုနားလည်သွားပြီ... မြန်မြန်လေးအိပ်ကြရအောင်... မာမီက အခုလုံခြုံသွားပြီနော် ပေါင်ပေါင်ရဲ့ ကာကွယ်ပေးမှုကို မလိုအပ်တော့ဘူး..."


ထန်ထန် အသေးလေး၏ကျောကိုပုတ်ကာ ချော့သိပ်လိုက်သည်။


သို့သော် ကျိရှောင်ကျိုးက တံခါးကိုစိုက်ကြည့်နေပြီး ရုတ်တရက်ကြီး ကုတင်ပေါ်မှ ခုန်ထလာသည်။ ထို့နောက် သူခိုးဝင်မည်စိုးနေဟန်ဖြင့် တံခါးကို သေသေချာချာလော့ချလိုက်သည်။ ထန်ထန်တစ်ယောက် ထိုသည်ကိုကြည့်ပြီး ပြောစရာစကားပင် ပျောက်ရှသွားသည်။


အသေးလေးက စိတ်ထဲပင်မထားချေ။


"သားအိပ်နေတုန်း ဒယ်ဒီက မာမီ့ကိုခိုးသွားမှာ စိုးလို့ပါ... အခုတော့ သားစိတ်ချသွားပြီ..."


ထန်ထန် လုံးဝအံ့ဩသွားတော့သည်။ သူ့ဦးနှောက်သေးသေးလေးက အရာရာတိုင်းကို သေသေချာချာတွေးတတ်နေလေသည်။


သူ့မိဘများ အတူတူအိပ်မည်ကို စိုးရိမ်စရာမရှိတော့၍ ကျိရှောင်ကျိုး စိတ်သက်သာရာ ရသွားသည်။ သူကုတင်ပေါ်တွင် ခဏမျှ ဟိုဟိုသည်သည်လျှောက်ဖွပြီးနောက် အိပ်ပျော်သွားတော့သည်။ ပုံမှန်ဆို လွယ်လွယ်ကူကူ အိပ်မောကျတတ်သော ထန်ထန်က အိပ်မပျော်ပဲ ကျန်ခဲ့သည်။ နေရာပြောင်းလိုက်၍ ဖြစ်မည်လားမသိ ထန်ထန်တစ်ယောက် နေသားမကျသလို ခံစားလိုက်ရပြီး တစ်ခုခုမှားနေသလို ခံစားလိုက်ရသည်။ သူ၏ ပုံစံအမျိုးမျိုး ပြောင်းအိပ်ကြည့်သော်လည်း လုံးဝအိပ်မပျော်ပေ။ အလွန်တိတ်ဆိတ်လှသော ညအချိန်တွင် မီးမှောင်မှောင်ထဲတွင် သူမ မျက်နှာကြက်ကို ငေးနေလိုက်သည်။ သူမ၏ နှလုံးသားက ရှုပ်ထွေးနေပြီး မတိုင်ခင်က ကိစ္စများကို ပြန်တွေးမိသည်။ 


ကုယန်ရန် မှားသွားပြီး သူမ၏ လျှို့ဝှက်ချက်လေး ထုတ်ဖော်မခံလိုက်ရသော်လည်း ကုယန်ရန်ယူလာခဲ့သော သက်သေခံများကို သူမ မငြင်းနိုင်သလို ပြန်မရှင်းပြနိုင်ခဲ့ပေ။ တစ်စုံတစ်ယောက်သာ အသေအချာစုံစမ်းကြည့်မည်ဆိုပါက သူမက မူလကိုယ်နှင့် ကွဲပြားနေကြောင်း သိသွားနိုင်သည်။ မည်သူမှ အခြားသူတစ်ယောက်အဖြစ် တစ်သက်လုံး ဟန်မဆောင်နိုင်ချေ။


ကုယန်ရန် သူမ၏လျှို့ဝှက်ချက်ကို ရှာတွေ့သွားသည်ဟု ထင်ခဲ့ချိန်က သူမကို ကုယန်တစ်ခုခုလုပ်မည်ကို စိတ်မပူခဲ့ပေ။ ထိုအချိန်တွင် သူမစိတ်ပူနေသည်မှာ အဖြစ်မှန်ကို သိသွားပါက ကျိယန်တစ်ယောက် သူမကို မလိုချင်တော့မည်ကို ကြောက်နေခြင်းသာဖြစ်သည်။ ထိုအရာမှလွဲ၍ သူမ၏ အခြားသော ကြောက်စိတ်နှင့် စိုးရိမ်စိတ်များက ပျောက်ကွယ်သွားပြီဖြစ်သည်။


ကျိယန်သာ သူမကိုလက်ခံပါက သူမတွင် အခြားအကြောက်တရားများ ရှိမည်မဟုတ်ချေ။ ထိုသည်မှလွဲ၍ ကမ္ဘာပေါ်တွင် သူမကြောက်သော အရာမရှိပေ။


၎င်းက လူတစ်ယောက် ခေါင်းပေါ်တွင် ခေါင်းဖြတ်စက်တစ်ခုရှိနေသည်နှင့်တူနေသည်။ ခေါင်းဖြတ်စက် ခေါင်းပေါ်ရှိနေချိန်တွင် ထိုလူက နေ့တိုင်းထိုအကြောင်း စိတ်ပူနေမည်ဖြစ်သော်လည်း ထိုခေါင်းဖြတ်စက်က နောက်ဆုံးတွင် ပြုတ်ကျလာပါက စိတ်သက်သာရာရသလို ခံစားသွားရမည်ဖြစ်သည်။ ယနေ့ညလိုပင် ကုယန်ရန် သူမ၏လျှို့ဝှက်ချက်ကို ထုတ်ဖော်လိုက်သည်မှာ မဆိုးလှပေ။ အဆုံးတွင် ၎င်းက သူမကို အရင်က မည်သို့ဝန်ခံရမည်မှန်းမသိသော ကိစ္စများကို ဝန်ခံရန် သတ္တိနှင့် အခွင့်အရေးကိုပေးလာလေသည်။ သူမ၏ လျှို့ဝှက်ချက်ကို ဒီတစ်သက်လုံး လုံးဝ ဝန်ခံခွင့်မရတော့ဟု ထင်ခဲ့သည်။ သို့သော် ယခုတွင်တော့ အဆုံးသတ်က သူမလိုချင်သည့်အတိုင်း မဖြစ်လျှင်ပင် ဝန်ခံရန် ဆုံးဖြတ်လိုက်တော့သည်။


မနက်ဖြန် သူမ ဝန်ခံရမယ်... မနက်ဖြန်.. သူဘယ်လိုဆုံးဖြတ်ချက်ချပါစေ အိမ်ပေါ်က ကန်ထုတ်ခံရပါစေ သူမအကုန်လုံးကို ပြောပြလိုက်တော့မယ်... 


သူမသယ်ပိုးထားရသော စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်များ ပျောက်ကွယ်သွားပြီးနောက်တွင် ထန်ထန် သူမတစ်ကိုယ်လုံး ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရသည်။ သူမ၏ စိတ်နှလုံးသားထဲရှိ စိုးရိမ်မှုများ ပျောက်ကွယ်သွားသည်ဖြစ်ရာ ပိတ်လှောင်နေသော ခံစားချက်က ထွက်ပေါ်လာပြီး သူမ၏ မျက်ခွံများကို လေးလံလာစေသည်။


ထန်ထန် အိပ်ပျော်ခါနီးတွင် အမှောင်ထဲမှ တံခါးဖွင့်သံကိုကြားလိုက်ရသည်။ ထန်ထန်ရင့်ထဲတွင် ဝုန်းဒိုင်းကြဲသွားတော့သည်။ တံခါးရှိရာဆီ ကြည့်လိုက်ချိန်တွင် တံခါးက ဖြေးဖြေးချင်းပွင့်လာပြီး ထိုနောက်တွင် လူတစ်ယောက်ရပ်နေကြောင်း တွေ့လိုက်ရသည်။


ထန်ထန်အစက သူခိုးဟုထင်ခဲ့သော်လည်း ခြေသံများကြားလိုက်ရသောအခါ အော်လိုက်ရန်ပြင်နေသည်ကိုပင် ရပ်လိုက်တော့သည်။


ထိုခြေလှမ်းများ၏ ပိုင်ရှင်က ကျိယန်ဖြစ်သည်။


ထန်ထန် စိတ်သက်သာရာရစွာ သက်ပြင်းချလိုကိသည်ဟ သို့သော် မကြာခင် တစ်ခုခုကိုသတိထားမိသွားသည်။

သူဘာလို့ မအိပ်သေးတာလဲ... သူဘာလို့ ဒီကိုလာတာလဲ...


အလွန်အမင်းသိချင်နေသော်လည်း ထန်ထန် လုံးဝအသံမထွက်ပေ။ ယင်းအစား မျက်လုံးလေးမှိတ်ကာ ငြိမ်ငြိမ်လေး လှဲနေလိုက်သည်။ သူမ သူဘာလုပ်ချင်သလဲသိချင်နေသည်။ သို့သော် ကျိယန်က တစ်စုံတစ်ယောက်ကို ခိုးရန်လာသည်ကလွဲ၍ ကျန်တာမလုပ်ပေ။ သူမ ငြိမ်ငြိမ်လေးလှဲနေတုန်း သူက သူမကိုပွေ့ချီလိုက်သည်။ ထို့နောက် သူမကိုချီရင်း အခန်းထဲမှ ထွက်သွားတော့သည်။


ထန်ထန်တစ်ယောက် နှလုံးခုန်နှုန်းပင် လွဲချော်သွားရတော့သည်။ သို့သော် သူမက အိပ်ချင်ယောင်ဆောင်နေဆဲဖြစ်သည်ကို သတိထားမိလိုက် အော်ဟစ်လိုက်ချင်စိတ်ကို ဖိနှိပ်ထားရတော့သည်။ ရုတ်တရက် ကျိရှောင်ကျိုးမအိပ်ခင်ပြောသွားသော စကားများ သူမခေါင်းထဲရောက်လာခဲ့သည်။ ထိုအချိန်က အသေးလေး၏လုပ်ရပ်ကို ရယ်ဖွယ်ကောင်းသည်ဟုထင်ခဲ့သော်လည်း ယခုတွင်တော့ သားကသာ သူ့အဖေအကြောင်း အသိဆုံးဖြစ်ကြောင်း သိလိုက်သည်။


ဒါပေမဲ့ ပေါင်ပေါင်လေးရယ်... တံခါးလော့ချထားတာက သားဒယ်ဒီကိုမတားနိုင်ဘူးဆိုတာ သိရဲ့လား...


ကျိယန် ထန်ထန်ကို အိပ်ခန်းကျယ်ကြီးထဲ ခေါ်လာခဲ့သည်။ သူမကို ကုတင်ပေါ်တင်ပြီးနောက်တွင် သူပါ ကုတင်ပေါ် ဝင်လှဲလိုက်သည်။ သူ့လက်တစ်ဖက်ကို သူမလည်ပင်းအောက်ထားကာ နောက်လက်တစ်ဖက်ဖြင့် ခါးကိုဖက်လိုက်သည်။ ထို့နောက် လွန်ခဲ့သည့် ညများကအတိုင်း သူမကို သူ့နားဆွဲကပ်လိုက်တော့သည်။


ကျိယန်၏ လှုပ်ရှားမှုက ထန်ထန်ထင်ထားသည်ထက်ပင် ပြင်းထန်နေသည်။ သူတို့နှစ်ယောက်ကြားရှိအကွာအဝေးက သူမလက်ခံနိုင်သည်ထက် ကျော်လွန်နေပြီဖြစ်သည်။ သူမ၏ နှလုံးခုန်နှုန်းများ ထိန်းချုပ်မရဖြစ်လာကာ သူမစိတ်ထဲတွင်လည်း စိတ်လှုပ်ရှားမှုတို့ လှိုင်းထလာသည်။

သူ... သူ... သူဘာတွေလုပ်နေတာလဲ...


ထန်ထန် ကျိရှောင်ကျိုး သူမကို လွန်ခဲ့သည့်ရက်ပိုင်းများက ပြောခဲ့သည်ကို သတိရမိလိုက်သည်။ သူပြောသည်မှာ သူမနှင့် ကျိရန်တို့က အချင်းချင်း နီးနီးကပ်ကပ်ပွေ့ဖက်၍ အိပ်ကြသည်ဟူ၍ပင်ဖြစ်သည်။

အဲ့တာက ဒီလိုဖြစ်နိုင်လား... ဒါဆို လွန်ခဲ့တဲ့ရက်တွေတုန်းကလည်း ဒီလိုပဲဖြစ်နေတာလား...


သူမ မတော်တဆ အမှန်တရားတစ်ခုကို သိလိုက်မိတာလား...


သို့သော် သူမ တစ်ခါမှမတွေးခဲ့မိဖူးသော အရာတစ်ခုက နောက်တစ်စက္ကန့်အတွင်း ဖြစ်ပွားလာသည်။ နူးညံ့နွေးထွေးသော နှုတ်ခမ်းတစ်စုံက သူမ၏ နှဖူးပေါ်ကျရောက်လာသည်။ ထို့နောက် သူမ၏မျက်လုံးများ၊ နှာခေါင်းနှင့် နောက်ဆုံးတွင် နှုတ်ခမ်းများထိပါ ကျဆင်းလာသည်။ သူမ သူ၏ဝင်သက်ထွက်သက်အပါအဝင် ရင်းနှီးနေသော ရနံ့လေးကို ရလိုက်သည်။


ထန်ထန် သူမခန္ဓာကိုယ်ထဲ လျှပ်စီးကြောင်းပတ်ပြေးသွားသလို ခံစားရပြီး အသက်ရှူရန် မေ့သွားခဲ့သည်။


"မင်း ကိုယ့်ကိုကိုယ် မွန်းအောင်လုပ်နေတာလား... အသက်ရှူလေကွာ..."


ရယ်ချင်စိတ်အနည်းငယ်စွက်နေသော အသံဩဩတစ်ခုက သူမနားထဲသို့ စီးဝင်သွားသည်။ ၎င်းက ထန်ထန်ကို အံ့ဩသွားစေပြီး ခုန်ထလုမတတ်ဖြစ်သွားစေသည်။


သူ သူမကိုစကားပြောလိုက်တာလား...


ကျိရန် ခပ်ဖွဖွရယ်လိုက်သည်။


"မင်းအခုထိ မထချင်သေးဘူးလား... မင်းကို နမ်းပြီးနှိုးရမှာလား..."


သူပြောလိုက်ပြီး သူ၏အသက်ရှူသံခပ်နွေးနွေးက သူမမျက်နှာပေါ် ထိခတ်လာပြန်သည်။


ထန်ထန် ကြောက်လန့်သွားကာ ချက်ချင်း မျက်လုံးဖွင့်လိုက်သည်။ သူမခန္ဓာကိုယ်တောင့်ခဲနေကာ သူမနှင့်နီးကပ်စွာရှိသော မျက်နှာချောချောကို ကြောင်တောင်တောင်လေးကြည့်နေလိုက်မိသည်။ ကျိရန်ကရယ်ရသည်ဟု ထင်လိုက်မိပြီး သူမ၏ နှာခေါင်းလေးကို ဆိတ်ဆွဲလိုက်သည်။


"ဟမ်း... အိပ်ချင်ယောင်မဆောင်တော့ဘူးပေါ့လေ..." 


"ရှင်.. ရှင်... ရှင်... ကျွန်မအိပ်ချင်ယောင်ဆောင်နေမှန်း ဘယ်လိုလုပ်သိလဲ..."


"မင်းအိပ်ချင်ယောင်ဆောင်နေမှန်း ကိုယ်ဘယ်လိုလုပ်သိလဲ.."


ကျိရန် သူမ၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။


"ကိုယ်မင်းကို ချီလိုက်ကတည်းသိတာ... မင်းရဲ့ခန္ဓာကိုယ်က အရမ်းကိုတောင့်တင်းသွားတာလေ... ဒီတော့ ဘယ်လိုလုပ်အိပ်နေတာဖြစ်နိုင်မလဲ... ပြီးတော့ မင်းရဲ့နှလုံးခုန်သံက အရမ်းမြန်နေတာပဲ..."


"ရှင်...ရှင်..ရှင်..."


ထန်ထန် ထိုမှနေ၍ဆက်မတက်တော့ချေ။


ကျိယန်သက်ပြင်းချလိုက်ကာ သူ့မ ပါးလေးကို ခပ်ဖွဖွပွတ်သပ်လိုက်ပြီး သူမမျက်လုံးများထဲကို စိုက်ကြည့်လိုက်သည်။


"အဆင်ပြေပါတယ်... ကိုယ်မင်းဘာတွေးနေလဲသိတယ်... ကိုယ်မင်းကို ဒီညအားလုံးပြောကြမယ်..."


ထန်ထန် မှင်သက်သွားသည်။ သူမ၏နှလုံးက အခုန်မြန်လာပြီး မျှော်လင့်နေမိ၍လား စိတ်လှုပ်ရှားနေမိ၍လား မသိတော့ချေ။


"အစက ကိုယ်မင်းကို ဒီအကြောင်းပြောပြရင် မင်းကိုခြောက်လှန့်မိသွားမယ်လို့ ထင်ခဲ့တာ... မင်းကိုယ်ကို အရာအားလုံးပြောပြလာမှာကို စောင့်နေခဲ့တာလေ.. ဒါပေမဲ့ ဒီနေ့ည ဒီလိုတွေဖြစ်လာမယ်လို့ ဘယ်သူထင်မှာလဲ... ကိုယ်သာ ဒါကိုထုတ်မပြောတော့ရင် ကိုယ်နဲ့ခွဲအိပ်တာထက် ပိုတဲ့အရာတွေ ဖြစ်မှာကြောက်မိတယ်..."


ကျိယန် ရပ်လိုက်သည်။ သူ့မျက်လုံးများက မှင်ရည်ကဲ့သို့ နက်မှောင်နေသည်။ ၎င်းက သူ၏စကားများက နှလုံးသားထဲမှ လာသည်ဟု ခံစားစေရသည်။


"ထန်ထန် ကိုယ်ပြောတာသေချာနားထောင်ပေး... မင်းနေမကောင်းဖြစ်ကတည်းက ကိုယ်မင်းကိုချစ်မိသွားတာ သိခဲ့မိတယ်... အခုကစပြီး ခင်ပွန်းအစစ်နဲ့ ဇနီးအစစ် ဖြစ်ကြရအောင်လေ ဟုတ်ပြီလား..."


ထန်ထန် သူမရင်ဘတ်လေးကိုဖိကာ ပါးစပ်အဟောင်းသားဖြစ်နေသည်။ ထို့နောက် သူမပြောလိုက်သောစကားက ကျိရန်ကို ရယ်မောမိသွားစေသည်။


"ကျွန်မ အိပ်မက်မက်နေတာလား... တစ်ချက်လောက် ဆွဲဆိတ်ပေးကြည့်..."


ကျိယန် သူမ၏ လုပ်ရပ်လေးကြောင့် ရယ်မောမိသွားသည်။ ထို့နောက် သူမမျက်နှာကို ရုတ်တရက်ကြီး အုပ်ကိုင်လိုက်သည်။


"မင်းကို ဆွဲဆိတ်ပေးဖို့မလိုပါဘူး... အိပ်မက်မက်နေတာမဟုတ်ကြောင်း သက်သေပြဖို့ ပိုကောင်းတဲ့ နည်းလမ်းလေးရှိတယ်လေ..." 


ထို့နောက် သူမကိုတိုက်ရိုက်နမ်းချလာသည်။ ဤတစ်ကြိမ်က နှုတ်ခမ်းချင်းထိရုံမျှဖြစ်သော နူးညံ့သော အနမ်းမျိုးမဟုတ်ပေ။ နက်ရှိုင်းသောအနမ်းတစ်ခုဖြစ်ပြီး သူ၏လျှာက သူမကို ရူးသွပ်စွာ တိုက်ခိုက်လာသည်။


ကျိယန်၏ ပုံမှန် တည်ငြိမ်ရင့်ကျက်သော အမူအယာကွဲကြေသွားသည်။ထိုအချိန်တွင် သူက သားကောင်ကိုဖမ်းမိသော ဝံပုလွေတစ်ကောင်နှယ် ကြမ်းတမ်းခက်ထန်နေသည်။ သူကရူးသွပ်စွာတိုက်ခိုက်လာပြီး သူ၏ သားကောင်ကိုဖိချလိုက်ကာ ပြန်မခုခံနိုင်ချိန်မှ သူစိတ်ကျေနပ်အောင် ပြုမူတော့သည်။


ထိုအချိန်တွင် ထန်ထန်က သနားစဖွယ်သားကောင်ငယ်လေးဖြစ်နေသည်။


အချိန်အတော်ကြာသွားတော့မှ ကျိယန်တစ်ယောက် သေသည်အထိ အနမ်းခံရတော့မည်ဟုတွေးနေသော ထန်ထန်ကို လွှတ်ပေးလိုက်တော့သည်။


ထန်ထန်၏ မျက်နှာတစ်ခုလုံက အောက်ဆီဂျင်ပြတ်တောက်မှုကြောင့် နီရဲနေပြီဖြစ်သည်။ သူမ အသစ်တစ်ဖန်ပြန်လည်ရှင်သန်လာသည့်နှယ် လတ်ဆတ်သောလေကို တစ်ဝကြီး ရှူသွင်းလိုက်သည်။ သို့သော် သူမ ကျိယန်ကို မျက်လုံးချင်းဆုံ၍ မကြည့်ရဲပေ။


သူ့ရဲ့ ပုံမှန်လို တည်ငြိမ်အေးဆေးပြီး ထိန်းသိမ်းနိုင်စွမ်းရှိတဲ့ ပုံရိပ်က ဘယ်ရောက်သွားတာလဲ...


ကျိယန် နူးနူးညံ့ညံ့လေးပြုံးလိုက်ပြီး သူမ၏နီရဲနေသော ပါးပြင်လေးကို ဆွဲဆိတ်လိုက်သည်။


"ဘယ်လိုထင်လဲ... အိပ်မက်မက်နေတယ်လို့ ထင်နေတုန်းလား..."


ထန်ထန် သူမခေါင်းကို ခပ်မြန်မြန်ခါရမ်းပြလိုက်သည်။

ဒါက လုံးဝကိုအစစ်ကြီးလေ...


"ဒါဆို ကိုယ်ပြောတာတွေကိုရော ဘယ်လိုထင်လဲ... မင်း ကိုယ့်ရဲ့ အစစ်အမှန်အိမ်ထောင်ဘက်ဖြစ်ချင်လား..."


ဒါပေါ့ ထန်ထန် ၁၀၀%၊ ၁၀၀၀%၊ ၁၀၀၀၀% ကို ဆန္ဒရှိတယ်... သူ သူမကိုကြိုက်ဖို့ဆိုတာ အိပ်မက်ထဲမှာပဲ ဖြစ်နိုင်တာမျိုးလေ... အရမ်းကိုအရမ်းကိုကောင်းမွန်တဲ့ အိပ်မက်မျိုးပေါ့... အတိတ်မှာတုန်းကဆိုရင် သူမ ပျော်လွန်းလို့ မေ့တောင်လဲလောက်ပြီ...


ဒါပေမဲ့ သူဘာလို့ အရင်က မပြောခဲ့တာလဲ... သူ သူမကို မသင်္ကာလို့များလား...


ထန်ထန် သူမနှုတ်ခမ်းလေးကိုကိုက်လိုက်ပြီး တုံ့ဆိုင်းနေဟန်ဖြင့် အတည်ပြုလာသည်။


"ရှင်... ရှင် ကုယန်ရန်ပြောတဲ့အကြောင်းကို မမေးတော့ဘူးလား... ကျွန်မကို သံသယမဖြစ်မိဘူးလား... ကျွန်မက ရှင်သိတဲ့ထန်ထန် မဟုတ်ခဲ့ဘူးဆိုရင်ရော..."


ကျိယန် ပြန်မဖြေမီ ခေတ္တမျှတိတ်ဆိတ်သွားသည်။


"အရင်က ကိုယ်မင်းကို တကယ် အတိတ်မေ့သွားတာတယ်ထင်တာ... ဒါပေမဲ့ ဒီည ကိုယ်ထင်တာမှားသွားကြောင်းသိလိုက်ရတယ်... မင်းက အတိတ်မေ့နေတာမဟုတ်ဘူးလေ.. မင်းက လုံးဝကို ကွဲပြားတဲ့လူတစ်ယောက်ပဲ..."


ထန်ထန်၏ နှလုံးသားလေး တင်းကြပ်သွားသည်။


"ဒါဆို.. ရှင်အခုထိ....."


ထန်ထန် စကားမဆုံးမီ ကျိယန်က သူမနှုတ်ခမ်းတို့ကို ပိတ်ဆို့လိုက်သည်။


"ဒါပေမဲ့ ကုယန်ရန်က ကိုယ်တောင် သံသယမဝင်သေးခင် မင်းကို ဘာလို့ သံသယဝင်ပြီး စုံစမ်းလဲသိလား..."


ထန်ထန် သူ့ကို ပဟေဠိဖြစ်စွာကြည့်လိုက်သည်။


"ဘာလို့လဲဆိုတော့ ကိုယ်က မူလထန်ထန်အကြောင်း ဘာမှမသိလို့ဘဲ.. ပြီးတော့ ကိုယ်သူ့ကို နားလည်အောင်လဲ မကြိုးစားခဲ့ဖူးဘူး.. ဒါကြောင့် သူနဲ့မင်းရဲ့ကြားက ကွာခြားချက်ကို မသိခဲ့ဘူးလေ... ကိုယ်မသိချင်ခဲ့တာလဲပါတာပေါ့... မင်း အတိတ်မေ့ပြီးနောက်မှာ မင်းရဲ့ပြောင်းလဲမှုတွေက ကျိရှောင်ကျိုးလေးနဲ့ ကိုယ့်အတွက် ကောင်းမွန်တယ်လို့ ထင်ခဲ့တယ်... ဒီလိုပြောင်းလဲမှုကိုမြင်ရတာလေ ဘာကိစ္စစုံစမ်းစစ်ဆေးရဦးမှာလဲ... ကိုယ့်အတွက်တော့ အခုလက်ရှိမင်းကိုပဲ ကြိုက်တာ..."


ထန်ထန် သူ့ကို ဗလာဖြစ်စွာကြည့်လိုက်သည်။ ထိုခဏတွင် သူမ ဘာပြန်ပြောရမလဲပင် မေ့သွားခဲ့သည်။


"ထန်ထန် ကိုယ်မင်းကိုရှင်းပြချင်တာက မင်းက မူလထန်ထန်မဟုတ်လဲ ကိုယ့်အတွက် ကွာခြားမှုမရှိဘူးဆိုတာပြောချင်တာပဲ... ကိုယ်ကြိုက်တဲ့လူကလည်း မူလထန်ထန်မဟုတ်ဘူး မင်းပဲ...အခုလက်ရှိမင်းပဲ... ဒီတော့ မင်းဘယ်သူကြီးပဲဖြစ်နေပါစေ အရေးမကြီးဘူး... မင်းဖြစ်နေသ၍ အကုန်အဆင်ပြေတယ်..."


ထန်ထန်၏ နှလုံးသားလေး တဖြေးဖြေး ပေါ့ပါးသွားသလိုခံစားလိုက်ရသည်။ သူမ ထိုအကြောင်း စိတ်ပူစရာမလိုအပ်တော့ဘဲ ထိုစိုးရိမ်မှုက အစိတ်စိတ်အမြွှာမြွှာကွဲအက်သွားတော့သည်။ ထို့နောက် သူမပင်မသိပါပဲ မျက်ရည်များ စီးကျလာသည်။


သူ သံသယမဝင်တာမဟုတ်ပဲ ဂရုမစိုက်တာတဲ့... သူကြိုက်တဲ့လူက သူမပဲ... အစစ်အမှန်သူမပဲ...


ထန်ထန် သူမဘဝတွင် တစ်ခါမျှ ထိုလောက်မပျော်ရွှင်ဖူးပေ။ သူမ မျက်လုံးထဲမှ မျက်ရည်မျာစီးကျနေသော်လည်း သူမပြုံးနေကျထက် ပို၍ ပျော်နေဟန်ပေါ်သော အပြုံးတစ်ခုကို ပြသလိုက်သည်။


"ယောက်ျား... ကျွန်မသိပ်ပျော်တာပဲ.."


ကျိရန် သူမမျက်ရည်များကို သုတ်ပေးလိုက်သည်။


"ဘာကြောင့်များ ငိုနေရတာလဲ အရူးမလေးရဲ့..."


"ကျွန်မအရမ်းကိုပျော်နေတာ... အစက ရှင်ကျွန်မကို မလိုချင်တော့မှာကို စိုးရိမ်နေခဲ့တာ... ကျွန်မ ရှင်နဲ့ရှောင်ကျိုးကို ထပ်မမြင်ရတော့ဘူးလို့ထင်ခဲ့တာ... ဘယ်သူသိမှာလဲ..."


ထန်ထန် ပြုံးရင်းနှင့်ငိုနေသည်။ သူမ အရမ်းကိုစိတ်ပေါ့ပါးနေပြီး သူမ၏ လျှို့ဝှက်ချက်ကို ဝန်ခံချင်လာသည်။


"ကျွန်မရှင့်ကို အမှန်အတိုင်းပြောပြမယ်... ကျွန်မကတကယ်ပဲ မူလထန်ထန်မဟုတ်ဘူး... ကုယန်ရန်ပြောတာမှန်ပေမဲ့ ကျွန်မက  အယောင်ဆောင်ထားတာမဟုတ်ဘူး.. တကယ်တော့ ကျွန်မက ဒီခန္ဓာကိုယ်ကို ယူထားခဲ့တာ..."


"ခန္ဓာကိုယ်ကိုယူထားတာ..."


ထန်ထန် ထိုစကားလုံးများကို သေချာအာရုံစိုက်၍ ပြောလိုက်သည်။ သူမ သူ့ကို ခြောက်လှန့်မိမှာ စိုးရိမ်သွားမိသည်။ သို့သော် ကျိယန်က အလွန်တည်ငြိမ်နေကာ ဘာမှပြောမလာခဲ့ပေ။ထို့အပြင် သူ့မျက်နှာက သူမတွေးထားသလို ဖြူရော်မသွားခဲ့ချေ။ သူအရမ်းတည်ငြိမ်နေသည်မှာ သူမပြေသည်ကို မကြားခဲ့သည်လားဟုပင် ထင်လိုက်ရသည်။


သူအရမ်းကြီးလန့်မသွားပါဘူး ဟုတ်တယ်လား...


ထန်ထန် ထိတ်လန့်သွားပြီး သူ့မျက်နှာကို လက်ညှိုးလေးဖြင့်ထိလိုက်ကာ မေးလိုက်သည်။


"ယောက်ျား ကျွန်မပြောတာကို နားလည်လားဟင်... ကြောက်သွားတာလား... မကြောက်ပါနဲ့ ကျွန်မက သရဲမဟုတ်ပါဘူး..."


ကျိယန် အကူအညီမဲ့သလို ခံစားလိုက်ရပြီး သူ့မျက်နှာကိုထိနေသော သူမ၏လက်ညှိုးလေးကို ဖမ်းလိုက်သည်။


"ကိုယ်နားလည်ပါတယ်.. ပြီးတော့ ကိုယ်ကြောက်မသွားပါဘူး... ကိုယ်အဲ့လိုဖြစ်နိုင်ချေရှိမရှိ တွေးခဲ့မိသေးတယ်..."


ဤအကြိမ် ထန်ထန် အံ့ဩရမည့်အလှည့်ဖြစ်သည်။


"ရှင်ခန့်မှန်းမိခဲ့သေးတာလား..."


ကျိယန် ခေါင်းငြိမ့်ပြလိုက်သည်။


"အထဲမှာ ဘယ်သူရှိလဲ၊ ဘာရှိလဲ ကိုယ်သေချာမသိပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်ကတော့ လုံးဝပြောင်းမသွားခဲ့ဘူး... မင်း အတိတ်မေ့ပြီး ကိုယ့်ထမဆုံးပြန်လာတုန်းက မင်းရဲ့ဆံပင်ကိုယူပြီး ရှောင်ကျိုးနဲ့ DNA စစ်လိုက်သေးတယ်... မင်းကတကယ့်ကို ရှောင်ကျိုးရဲ့ အမေအစစ်ပဲ..."


ထန်ထန် မျက်လုံးလေးများပြူးကျယ်သွားသည်။ သူမ ထိုသို့ဖြစ်ခဲ့သည်မှန်း တစ်ခုမှ မတွေးဖူးပေ။


"အဲ့တုန်းက မင်းကတော်တော်လေး ပြောင်းလဲသွားတော့ကိုယ့်ဆီက စစ်တပ်ရဲ့လျှို့ဝှက်ချက်တွေကို လိုချင်တဲ့ သူလျှိုလို့ထင်သွားတာ.. ဒီတော့ ကိုယ်သေချာသတိထားခဲ့သေးတယ်... ဒါပေမဲ့ မင်းရဲ့ ကိုယ်ရေးအချက်အလက်ကို အတည်ပြုပြီးတဲ့နောက်မှာတော့ ကိုယ်လုံးဝစိတ်မပူတော့ဘူး... မင်းရဲ့ ပင်ကိုယ်စရိုက်ပြောင်းလဲသွားတာကတော့ ကိုယ်တစ်ခါမှ အဲ့အကြောင်း မစုံစမ်းခဲ့ဖူးဘူး... ခုဏက မင်းရဲ့တုံ့ပြန်ချက်အရဆိုရင် မင်းက မူလထန်ထန်မဖြစ်နိုင်ဘူး... ဒီတော့ဖြစ်နိုင်ချေတစ်ခုပဲရှိတော့တယ်... အဲ့တာက ခန္ဓာကိုယ်ထဲက ဝိဉာဉ်ပြောင်းသွားတာပဲ..."


ထန်ထန် အလွန်အံ့အားသင့်သွားတော့သည်။


"အခြား ဝိဉာဉ်တစ်ခုက ခန္ဓာကိုယ်ထဲ ဝင်နေတယ်ဆိုတဲ့ ထူးဆန်းတာမျိုးကို ရှင် မအံ့ဩသွားဘူးလား... ဘာလို့ အရမ်းကိုတည်ငြိမ်နေရတာလဲ..."


ကျိယန် နူးနူးညံ့ညံ့လေးပြုံးလိုက်ပြီး ရှင်းပြလိုက်သည်။ 


"အမှန်အတိုင်းပြောရရင် အဲ့လိုဖြစ်ရပ်မျိုးဆိုတာက အရမ်းထူးဆန်းပေမဲ့ ကိုယ်လက်မခံနိုင်တာမျိုးတော့ မဟုတ်ဘူးလေ... ကြားဖူးနားဝမှမရှိဘူးဆိုတိုင်း မတည်ရှိဘူးလို့ မဆိုလိုဘူးလေ..."


ထန်ထန် သူ့ကို လေးစားအားကိုးတကြီး ကြည့်နေသည်။ သူက အလွန်ထက်မြက်ကာ တည်ငြိမ်သည်။ သူမသာဆိုလျှင် အံ့ဩလွန်း၍ ပါးစပ်မစိနိုင်ဖြစ်နေမည်ဖြစ်သည်။ သို့သော် သူမအလွန်စိုးရိမ်နေအရာက လွယ်လွယ်ကူကူ လက်ခံခြင်းခံလိုက်ရ၍ သူမတွင် စိတ်ပူစရာမရှိတော့ပေ။


ထန်ထန် နှုတ်ခမ်းလေးဆူထော်လိုက်မိသည်။


"ရှင်သာ ဒီလိုတုံ့ပြန်မယ်မှန်းသိရင် ကျွန်မ အဲ့လောက်ကြီး စိတ်ပူမိမှာမဟုတ်ဘူး... ရှင့်ကို အမှန်အတိုင်းပြောပြခဲ့မှာပေါ့.."


ကျိယန်၏ နှုတ်ခမ်းထောင့်တို့ မြင့်တက်သွားသည်။ သူ သူမဘက်လှည့်၍ ဖက်တွယ်လိုက်သည်။


"အခု ကိုယ့်ကိုပြောပြဖို့ နောက်မကျသေးပါဘူး... အခုပဲပြောပြလိုက်တော့..."


ပျော်ရွှင်စွာဖြင့် ထန်ထန် သူ၏ ရင်ဘတ်ပေါ့မှီတွယ်ကာ သူမအကြောင်း စိုးရိမ်မှုမရှိမပြောပြခဲ့သည်။ သူမ၏ ပထမဘဝအကြောင်းကို မကွယ်ဝှက်ပဲ အရာတိုင်းပြောပြခဲ့သည်။


သူမပြော၍ပြီးချိန်တွင် ကောင်းကင်ပင် လင်းနေပြီဖြစ်သည်။ မနက်ရောက်နေပြီဖြစ်သည်။ သူတို့ တစ်ညလုံး စကားပြောဖြစ်ခဲ့သည်ကို သတိမထားမိသလို ပင်ပန်းသည်ဟုလည်း မခံစားရပေ။


ကျိယန် အချိန်ကြည့်လိုက်သည်။ သူထရန် အချိန်တစ်နာရီမျှလိုသေးသဖြင့် ထန်ထန်၏နှဖူးလေးကို နမ်းကာ ပြောလိုက်သည်။


"အခု အိပ်တော့... ဒီနေ့ကောင်းကောင်းအနားယူလိုက်... ကိုယ် ရှောင်ကျိုးရဲ့ ဝေယျာဝစ္စတွေလုပ်ပေးလိုက်မယ်..."


ထန်ထန် သူ့အပေါ်မှီ၍ ပြုံးလိုက်သည်။ သူမအလွန်ပျော်ရွှင်ပြီး စိတ်သက်သာရာရသွားခဲ့သည်။ သူမတွင် စိုးရိမ်စရာကိစ္စဘာမှမရှိတော့ပေ။


သူမအရမ်းကိုပျော်တာပဲ...


"လိမ္မာတယ် အိပ်တော့နော်..."


ကျိယန် သူမနောက်ကျောကို ကလေးချော့သိပ်သလို ပုတ်အေးလိုက်သည်။ ထန်ထန် ချက်ချင်း မျက်လုံးမှိတ်လိုက်ပြီး နောက်တစ်စက္ကန့်အကြာတွင် အိပ်ပျော်သွားတော့သည်။


ကျိယန် သူမကို တင်းတင်းဖက်ကာ ငြိမ်သက်စွာ လှဲလျောင်းနေလိုက်သည်။ သူငွေပမာဏတစ်ခုကို လွှဲပေးလိုက်သည်။ ထန်ထန်သာမြင်လျှင် အလွန်ထိတ်လန့်သွားမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကျိယန်က ထန်ထန်၏ အချက်အလက်များအားလုံးကို တစ်စုံတစ်ယောက်ကို ဖျက်ဆီးခိုင်းလိုက်သောကြောင့်ဖြစ်သည်။ မည်သူမှ ထန်ထန်အကြောင်း စုံစမ်းနိုင်တော့မည်မဟုတ်ပေ။


ကုယန်ရန်ပင် အချက်အလက်များကို လွယ်ကူစွာရနိုင်ပါက မည်သူမဆို ရနိုင်ပေလိမ့်မည်။ သို့သော် ကျိယန် သူမကို မည်သူမှ စစ်ဆေးသည်ကို မလိုချင်သလို သူမကိုခြိမ်းခြောက်မည်ကိုလည်း မလိုချင်ပေ။ သူတစ်ယောက်တည်းသာ သူမ၏လျှို့ဝှက်ချက်ကိုသိပါက လုံလောက်ပြီဖြစ်သည်။


သူမက အမြဲတမ်းအတွက် ရှောင်ကျိုး၏အမေဖြစ်ကာ သူ၏ဇနီးဖြစ်လာမည်ဖြစ်သည်။