အပိုင်း (၅၅)
Viewers 12k

Part 55


ထန်ထန် နေ့လည်ခင်းအထိ အိပ်ပစ်လိုက်သည်။ သူမနိုးလာသောအခါ အလွန်အမင်းပျော်ရွှင်နေပြီး လန်းဆန်းတက်ကြွနေဟန် ခံစားလိုက်ရသည်။ သူမဘာကိုပဲကြည့်နေနေ သူမကြည့်သမျှ အရာတိုင်းအားလုံးက တောက်ပနေကာ လှပနေသည်ဟုပင် မြင်နေမိသည်။ သူမ ကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်ဘဲ ပျော်ရွှင်နေသော စိတ်အခြေအနေလေးကို ဖော်ဆော်နေမိသည်။


ထန်ထန်က လူတစ်ယောက် စိတ်ပျော်နေချိန်တွင် အရာရာတိုင်း အကောင်းသာဖြစ်လာမည်ဟု တွေးလိုက်မိသည်။


ဟီးဟီး... သူလည်း သူမကိုကြိုက်တယ်တဲ့... အခုကစပြီးသူတို့နှစ်ယောက် အစစ်အမှန် ခင်ပွန်းနဲ့ဇနီး စုံတွဲလေးဖြစ်လာတော့မှာလေ... 

ထိုအကြောင်းတွေးတိုင်း ထန်ထန်တစ်ယောက် ပျော်လွန်း၍ ပြုံး၍သာနေမိသည်။


ထန်ထန် နေ့လည်စာကို ပျော်ပျော်ကြီးစားလိုက်ပြီး အိမ်အလုပ်များကို စတင်လုပ်ကိုင်တော့သည်။ ကျိရှောင်ကျိုးကို မူကြိုမှသွားကြိုရန် အချိန်ရောက်လာချိန်တွင် သူမအိမ်မှ ပျော်ရွှင်စွာထွက်လာပြီး အသေးလေးကို သွားကြိုခဲ့သည်။


သို့သော် ထန်ထန် အသေးလေးကို လက်ဝှေ့ရမ်းပြလိုက်ချိန်တွင် အသေးလေးက သူမကို အေးစက်စက်သာကြည့်ပြီး မျက်နှာလွှဲသွားခဲ့သည်။ သူက ပုံမှန်အတိုင်း ထန်ထန်ဆီပြေးလာကာ 'မာမီ'ဟုခေါ်ရမည့်အစား ဝမ်နောင်ထံကိုသာ စိုက်ကြည့်နေသည်။


အသေးလေးက အလွန်အမင်း မပျော်ရွှင်နေဟန်ဖြစ်နေသည်။ ထို့အပြင် သူမကို အတော်လေး မကျေနပ်နေဟန်ဖြစ်နေသည်။


ထိုအချိန်တွင် ထန်ထန် အကြောင်းပြချက်ကို တွေးလိုက်မိသည်။ မနေ့ညက အသေးလေးက သူမနှင့်ကျိရန်ကိုခွဲရန် ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံထုတ်သုံးခဲ့သည်။ သူက ဒယ်ဒီ သူမကိုလာခိုးသွားမည်စိုး၍ တံခါးကိုပင် လော့ချလိုက်သေးသော်လည်း သူနိုးလာချိန်တွင် မာမီပျောက်နေကြောင်းသိလိုက်ရပြန်သည်။ မည်သူမှ အသေးလေး၏ စိတ်ပျက်လက်ပျက်ဖြစ်သွားမှုနှင့် အသဲကွဲသွားမှုကို နားမလည်ပေ။


ထို့ကြောင့် သူဒီနေ့ စိတ်တိုနေရခြင်းဖြစ်သည်။


ထန်ထန် သူမနှဖူးသာ သူမရိုက်မိလိုက်သည်။ ယင်းက သူမအမှားဖြစ်ပြီး သူမကျိယန်၏ ညှို့ဓာတ်ကို မိနေ၍ဖြစ်သည်။ ထို့အပြင် သူမ အသေးလေးမနိုးမီ ၏အိပ်ခန်းထဲသို့ပြန်ခိုးဝင်ကာ သူ၏ ဒယ်ဒီက သူမကို ထပ်ခိုးသွားကြောင်းမသိအောင် လုပ်ခဲ့သင့်သည်။


ငါဘယ်လိုတောင် ပေါ့ဆရတာလဲ...


ထန်ထန် အသေးလေးကို ရှက်ရွံ့စွာပြုံးရင်း နှုတ်ဆက်လိုက်ပြီး သူ့ကို အဆက်မပြတ်သာ ချီးမွမ်းနေလိုက်သည်။


"မာမီ့ရဲ့ အရမ်းအရမ်းကိုချစ်ဖို့ကောင်းတဲ့ လူချောလေးရှောင်ကျိုးရေ မာမီသားကိုလာကြိုတယ်လေ..."


ကံဆိုးစွာဖြင် အသေးလေးက ဤတစ်ကြိမ်တွင် သူမ၏ မြှောက်ပင့်မှုတွင် ပျော်ဝင်မသွားတော့ချေ။ သူ၏ နှုတ်ခမ်းလေးများက မခံချိမခံသာဖြစ်နေပြီး အပြုံးလေးများပြည့်နေကာ အမြဲတမ်းပျော်နေတတ်သော မျက်နှာဖောင်းဖောင်းလေးက ယခုတွင် မျက်နှာသေကြီးဖြစ်နေသည်။ သူ ကျိယန်နှင့် တစ်ပုံစံတည်းတူညီနေခဲ့သည်။


အသေးလေးကို ပြန်ချော့ဖို့ရန်အတွက် ထန်ထန်တစ်ယောက် သူမ၏ ကျွမ်းကျင်မှုကိုအသုံးချ၍ ထိုနေ့ညတွင် သူအကြိုက်ဆုံးသောဟင်းပွဲများကို ချက်ပြုတ်ပေးခဲ့သည်။ စားပွဲပေါ်ရှိဟင်းပွဲအများစုက အသားများဖြင့် ပြည့်နေသည်။


"လာပါဦး ပေါင်ပေါင်လေးရဲ့... မာမီနံရိုးချိချဉ်လုပ်ထားတယ်လေကွာ... ဒါက အကြီးဆုံးအပိုင်းကြီးနော်..."


ထန်ထန် အသားများစွာပါသော နံရိုးတုံးကို ကျိရှောင်ကျိုးပန်းကန်ထဲ ထည့်ပေးလိုက်သည်။ သူမ သူ့ကို ချော့ရန် ကြိုးစားနေခြင်းဖြစ်သည်။


ပုံမှန်ကျိရှောင်ကျိုးသာဆိုလျှင် ထိုနံရိုးကိုယူကာ ပျော်ပျော်ကြီးစားပြီး သူ၏မာမီကို ကျေးဇူးတင်စကားပြောမည်ဖြစ်သည်။ သို့သော် အသေးလေးက ယနေ့တွင် အေးစက်စွာ ငြင်းပယ်ခဲ့သည်။ သူ၏အကြိုက်ဆုံးသော နံရိုးများကိုပင် ဂရုမစိုက်ခဲ့ချေ။ သူတစ်ချက်ကြည့်ပြီးသည်နှင့် တမ်းခနဲငြင်းပယ်ခဲ့သည်။ ယင်းအစား သူအစိမ်းရောင်ဟင်းသီးဟင်းရွက်များကိုသာ ယူလိုက်သည်။


"သားဝိတ်ကျဖို့လိုတယ်... အသားမစားတော့ဘူး..."


အိုး သွားပါပြီ... အသေးလေးက သူ့ကိုယ်သူဝတယ်လို့ ဘယ်တော့မှ ပြောမဲ့လူမျိုးမဟုတ်ဘူးလေ... တစ်ခါမှလဲ ဝိတ်ချဖို့ မပြောဖူးဘူး... သူဝိတ်ချတယ်မယ်လို့ပြောတယ်ဆိုမှတော့ အတော်လေး စိတ်နာနေပုံပဲ..


၎င်းက သူမ၏ အပြစ်မကင်းပေ။


ထန်ထန် မီးဖိုထဲကို အလွန်လျှင်မြန်စွာ ဝင်သွားခဲ့ပြီး ဂျုံစနယ်ကာ အသေးလေးအတွက် အုန်းနို့ဆမ်းပေါင်မုန့်တစ်ခု ဖုတ်ပေးလိုက်သည်။ သူညစာအများကြီးမစားသွား၍ မကြာခင် ဗိုက်ဆာလာတော့မည်ဖြစ်သည်။


ကျိယန် ထန်ထန်နောက်မှနေ၍ မီးဖိုချောင်ထဲဝင်လာခဲ့သည်။ သူ သူမ၏ခါးလေးကိုဖက်ကာ ပခုံးပေါ်မေးတင်၍ သူမလုပ်နေသည်ကို ကြည့်နေလိုက်သည်။


ထန်ထန် အဆင်မပြေသလိုခံစားလိုက်ရပြီး နောက်လှည့်လိုက်သည်။


"ရှင်ဘာလုပ်နေတာလဲ... ကျွန်မတို့ကလေးက အပြင်မှာ ကစားနေတယ်လေ..."


ကျိယန် ငြင်သာစွာပြုံးလိုက်သည်။


"ကျိရှောင်ကျိုးလာမှာမဟုတ်ဘူး... သူအခုစိတ်ဆိုးနေတာမဟုတ်ဘူးလား..."


ထန်ထန်က မျက်နှာနီနီဖြင့် ပြန်ပြောလိုက်သည်။


"ရှင် အခုထိပြုံးနိုင်နေတုန်းပဲလား... အဲ့တာရှင့်အမှားလေ... ကျွန်မ ရှင်နဲ့အိပ်လိုက်လို့ ပေါင်ပေါင်က စိတ်ဆိုးသွားခဲ့တာလေ... ဒီလိုဖြစ်လာမယ်မှန်းသာသိရင် ပေါင်ပေါင်မနိုးခင် အခန်းထဲပြန်လိုက်ပါတယ်..."


ကျိယန် သူမခါးလေးကို ခပ်ဖွဖွဆိတ်ဆွဲလိုက်သည်။


"ကိုယ်တို့နှစ်ယောက်က လင်မယားတွေမဟုတ်ဘူးလား... ဘာလို့ ကိုယ့်မိန်းမကိုယ် တိတ်တိတ်လေးလာတွေ့ရမှာလဲ..."


"မိန်းမ"ဟူသော စကားကို ကြားသောအခါ ထန်ထန် နှလုံးသားတစ်ခုလုံး ချိုမြိန်မှုတို့ မွှန်းထုံသွားခဲ့သည်။ သူမ၏ နှုတ်ခမ်းထောင့်လေးများ ချက်ချင်းပင် မြင့်တက်သွားပြီး ရှင်းပြလာသည်။


"ပေါင်ပေါင်က ငယ်ငယ်လေးပဲရှိသေးတာလေ... ကလေးတွေက ပိုင်ဆိုင်လိုစိတ်ကြီးပြီး သူတို့အမေကို တခြားသူဆီမပေးချင်ကြဘူး... သူအသက်ကြီးလာရင် ပိုနားလည်လာပါလိမ့်မယ်..."


ထန်ထန် အသေးလေး၏ ခံစားချက်ကို နားလည်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူမငယ်ငယ်ကလည်း ထိုအတိုင်းပင်ဖြစ်၍ ဖြစ်သည်။ သူမ၏ အထိန်းတော်က အခြားကလေးများကို ကောင်းကောင်းဆက်ဆံလျှင် သူမ မနာလိုဖြစ်တတ်သည်။ သူမ၏ အထိန်းတော်က အခြားကလေးများကို ချစ်သွားမည်ကို ကြောက်ပြီး အထိန်းတော်က သူမတစ်ယောက်တည်းကိုသာ ချစ်နေရန် ဆန္ဒရှိခဲ့သည်။


ကျိယန် နှာမှုတ်လိုက်သည်။


"ကိုယ်တော့ သူအဲ့တာကြောင့် စိတ်ဆိုးနေတယ်မထင်ပါဘူး... အသေးလေးက စိတ်ထားကျဉ်းမြောင်းတဲ့လူမျိုးမှမဟုတ်တာ... ကိုယ်သူ့ကို နားလည်ရသလောက်ဆိုရင် သူ့မှာအခြားအကြောင်းပြချက်ရှိနေမှာ..."


"ဟမ်..."


ထန်ထန် ပဟေဠိဖြစ်စွာ သူ့ကိုလှည့်ကြည့်လိုက်သည်။


"ဘာအကြောင်းပြချက်လဲ... အခြားအကြောင်းပြချက်ရှိနေသေးတာလား..."


ကျိယန် သူမကိုနမ်းရန် အခွင့်အရေးယူလိုက်သည်။


"ကိုယ်လည်းမသိဘူးလေ... သူ့ကိုမေးကြည့်ပေါ့..."


ထန်ထန် မနေ့ညက သူမတို့နှစ်ယောက်စကားပြောပြီးနောက်တွင် ကျိယန်တစ်ယောက် ပြောင်းလဲသွားကြောင်း သတိထားမိလိုက်သည်။ အရင်က သူကအတော်လေးကျိုးကြောင်းဆီလျှော်သူဖြစ်ပြီး တည်ကြည်လေးနက်သူဖြစ်သည်။ သို့သော် ယခုတွင် သူမကို အချိန်တိုင်း ဖက်လိုက် နမ်းလိုက် လုပ်နေသည်။ ၎င်းက သူမကို အလွန်အမင်း ရှက်ရွံ့စေသည်။ ကျီယွဲ့ပြောတာ မှန်သည်။ မည်သည့်ယောက်ျားမှ ဂုဏ်သိက္ခာရှိရှိမပြုမူပေ။ အကယ်၍ ထိုသို့ပြုလုပ်ခဲ့ပါက သင့်အပေါ်စိတ်မဝင်စား၍သာဖြစ်သည်။


ကျီယွဲ့သူမကို မလိမ်ခဲ့ပေ။


ထန်ထန် ယနေ့ညတွင်လည်း သူရောက်လာမည်ကို စိုးရိမ်နေမိသည်။ အကယ်၍ နောက်တစ်ကြိမ်ထပ်ဖြစ်ပါက အသေးလေးကို ချော့ရန် အလွန်အမင်းခက်ခဲတော့မည်ဖြစ်၍ မျက်နှာရဲရဲ ရှက်ဝဲဝဲဖြင့်သာ ပြောလိုက်ရသည်။


"ကျွန်မ ဒီည ပေါင်ပေါင်ကို ချော့ချင်လို့ ဒီနေ့တော့ မလာခဲ့နဲ့နော်... ရှင်သာထပ်လာရင် သူ့ကိုချော့ဖို့က အရမ်းခက်ခဲတော့မှာ..."


"မင်း ဒီည ကိုယ့်ကို မလာစေချင်ဘူးပေါ့လေ..."


ကျိရန် ငြင်သာစွာပြောလိုက်သော်လည်း သူ၏စကားလုံးများထဲမှ စိတ်မကျေနပ်မှုများကို ဖုံးဖိမရနိုင်အောင် မြင်နေရသည်။


"ကျွန်မ ပေါင်ပေါင်ကိုချော့ဖို့လိုတယ်မဟုတ်ဘူးလား... ပေါင်ပေါင်စိတ်မဆိုးတော့မှ အဲ့အကြောင်းထပ်ပြောကြတာပေါ့ ဟုတ်ပြီလား... ရှင်က သူ့အဖေပဲလေ သူ့ကို နည်းနည်းလောက် ချော့လိုက်ပါဦးလား..."


ကျိယန် အချိန်ခဏမျှတွေးနေပြီး ရုတ်တရက် သူ့နှုတ်ခမ်းသူ ညွှန်ပြလာသည်။ သူမကို လာနမ်းစေချင်ကြောင်း အရိပ်အမွက်ပြလိုက်သည်။


ရုတ်ချည်းပင် ထန်ထန်တစ်ယောက် ပူထူသွားသည်။ သို့သော် ယနေ့ညတွင် သူမလာစေရန် သူမ၏ အရှက်တရားများကို ထိန်းချုပ်ကာ သူ့နှုတ်ခမ်းကို ခပ်မြန်မြန်နမ်းလိုက်သည်။


"ကောင်းပြီလေ... ကျွန်မရှင့်ကို လျှော်ကြေးပေးလိုက်ပြီ ဒီနေ့ညလာလို့မရတော့ဘူး..."


ကျိယန်ပြုံးလိုက်ပြီး သူ့အပြုံးက ပျော်ရွှင်ကြည်နူးဟန်ပြနေသည်။


––––––––––


သူမ ကလေးကြီးကိုကိုင်တွယ်ပြီးပြီဖြစ်၍ ကလေးအငယ်ကို စတင်ကိုင်တွယ်ရတော့မည်ဖြစ်သည်။ သူမ လတ်လတ်ဆတ်ဆတ်ဖုတ်ထားသော အုန်းနို့ဆမ်းပေါင်မုန့်များကိုယူကာ အသေးလေး၏ အိပ်ခန်းထဲသို့ ဝင်သွားလိုက်သည်။


"ဒန်တန့်တန်... ကြည့်ပါဦး... မာမီသားအတွက် အထူးစပရှယ် အုန်းနို့ဆမ်းပေါင်မုန့်လုပ်ပေးထားတယ်... အရမ်းချို၊ အရမ်းမွှေးပြီး အရမ်းကိုအရသာရှိတာနော် လာစားကြည့်ပါဦး..."


ကျိရှောင်ကျိုး သူ့ခန္ဓာကိုယ်ကို တစ်ဖက်လှည့်လိုက်ပြီး တည်ငြိမ်နေသော အသံဖြင့် ပြောလာသည်။


"သားမစားတော့ဘူး... သားဝိတ်လျော့ဖို့ လိုနေတယ်..."


ထန်ထန် သူ့နားသွားလိုက်သည်။


"အဓိပ္ပါယ်မရှိတာတွေ... မာမီရဲ့ ပေါင်ပေါင်က အရမ်းကိုချောတာပါ... ဘယ်မှာဝလို့လဲ... ဝိတ်ချဖို့မလိုပါဘူး... သားက အရမ်းအရမ်းအရမ်းကို ချောနေပြီးသားလေ..."


အသေးလေးက ခပ်ဖွဖွလေးနှာမှုတ်လိုက်သည်။ သို့သော် သူ့အကြည့်များက ပေါင်မုန့်များထံရောက်နေလေသည်။


ထန်ထန် ပေါင်မုန့်ပန်းကန်ကို အောက်ချလိုက်ကာ အသေးလေးကို ဖက်ပြီးနမ်းလိုက်သည်။


"အိုင်းယား... ပေါင်ပေါင်ရယ် မာမီမှားသွားပါတယ်... မာမီတောင်းပန်တယ် ဟုတ်ပြီလား.. မာမီအခုပဲ ဒယ်ဒီ့ကိုငြင်းလိုက်ပြီး ပေါင်ပေါင်လေးတဲ့ အတူတူအိပ်ဖို့လာပြီလေ... ထပ်ပြီးစိတ်မဆိုးပါနဲ့တော့နော်~~"


အသေးလေးက ခေတ္တမျှရုန်းကန်လိုက်သော်လည်း သူ့မျက်နှာတွင်တော့ သူမကိုခွင့်လွှတ်ချင်နေသော အမူအယာလေးများ ပြလာသည်။


သူမ၏ အခွင့်အရေးကို မြင်လိုက်သည်နှင့် ထန်ထန် ပေါင်မုန့်တစ်ခုယူပြီး အသေးလေးပါးစပ်ထားနားပေးလိုက်သည်။


"ပေါင်ပေါင်က ဒါကိုမကြိုက်ဘူးလားဟင်... တစ်ချက်လေးပဲ ကိုက်ကြည့်လိုက်ပါ... သားက ယောက်ျားလေးတစ်ယောက်လေ ယောက်ျားတွေဆိုတာ မိန်းကလေးတွေကို မငြင်းဆိုသင့်ဘူးနော်... အဲ့လိုလုပ်ရင် မျက်နှာပျက်ရမှာနော်... ပေါင်ပေါင်က စိတ်ထားကောင်းတဲ့ ကောင်လေးမဟုတ်လား..."


သူမ၏စကားများက အလုပ်ဖြစ်၍လား ပေါင်မုန့်က အရမ်းမွှေး၍လားမသိပေ အသေးလေးက မျက်တောင်ခတ်၍ သက်ပြင်းအသာချလိုက်ပြီး ခေတ္တမျှတွေးနေဟန်ပေါ်လာသည်။ သူ့မျက်နှာထက်တွင် 'ဘာမှမတတ်နိုင်ဘူးလေ' ဟူသော အမူအယာလေးရှိပြီး ပြောလာသည်။


"ကောင်းပြီလေ... မာမီက မိန်းကလေးဖြစ်နေမှတော့ သားက ဒီကိစ္စကိုအလျှော့ပေးရမှာပေါ့... ဒါပေမဲ့ နောက်တစ်ကြိမ်ဆိုတာ မရှိတော့ဘူးနော်..."


အသေးလေး စိတ်ပြေသွားပြီ....


ချက်ချင်းပင် ထန်ထန် ကတိပေးလိုက်သည်။


"မာမီ ကတိပေးတယ် နောက်တစ်ကြိမ်ဆိုတာ လုံးဝမရှိလာရတော့ဘူး... ကျေးဇူးပြုပြီး မာမီ့ကိုယုံပေးနော် ပေါင်ပေါင်လေး.."


ကျိရှောင်ကျိုးစိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်ပြီး သူ၏အာရုံတစ်ခုလုံးက ပေါင်မုန့်များထံရောက်နေသည်။


ထန်ထန် သူ့ကို ပေါင်မုန့်လေးတစ်ခုကျွေးလိုက်ပြီး ပန်းကန်တစ်ခုလုံး ထိုးပေးလိုက်သည်။


"မြန်မြန်လေးစားလိုက်လေ... ဒါဆိုပေါင်ပေါင် မာမီ့ကို ခွင့်လွှတ်တယ်ဆိုတာ သက်သေပြလိုက်သလိုဖြစ်သွားမှာ... အဲ့လိုဆို မာမီလည်း စိတ်ချသွားမှာ..."


သူ့ဘက်က ခွင့်လွှတ်ကြောင်းပြသည့်အနေဖြင့် 'တွန့်ဆုတ်သော' အမူအယာဖြင့်စားပြလိုက်ပြီး တစ်ပန်းကန်လုံးကို ဆယ်မိနစ်အတွင်း အပြောင်ရှင်းလိုက်သည်။


အသေးလေးက စားပြီးနောက်တွင် သူ၏ဗိုက်ကလေးကို ပွတ်လိုက်သည်။ သူဗိုက်ပြည့်သွားပြီဟု ခံစားလိုက်ရကာ သက်တောင့်သက်သာ အသက်ရှူပြီး ကုတင်ပေါ်လှဲချလိုက်သည်။ သူ၏ပြည့်ဖောင်းဖောင်းခြေထောက်လေးများကို လေပေါ်တွင် လွှဲရမ်းနေသည်ကိုကြည့်ခြင်းအားဖြင့် သူစိတ်ကောင်းဝင်နေကြောင်း သိရပေသည်။


ဤပေါင်မုန့်တစ်ပန်းကန်က အသေးလေးကို စိတ်ဆိုးပြေစေကြောင်းသိသာလေသည်။


ထန်ထန်စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူမ သူ့နားသွား၍ ဗိုက်လေးကို ကူပွတ်ပေးလိုက်သည်။ အသေးလေးက အလွန်သက်တောင့်သက်သာရှိဟန်ဖြင့် မျက်လုံးမှိတ်လိုက်သည်မှာ ကြောင်ပေါက်လေးတစ်ကောင်နှင့်ပင် တူနေသည်။


"ပေါင်ပေါင် စိတ်မဆိုးတော့ဘူးမလား..."


ကျိရှောင်ကျိုး စိတ်သဘောထားကြီးမားစွာ ခေါင်းငြိမ့်ပြလိုက်သည်။


"သား မာမီ့ကို ခွင့်လွှတ်ပါတယ်... ဒါပေမဲ့ ဒယ်ဒီနဲ့တိတ်တိတ်လေးသွားအိပ်လို့မရဘားနော် အဲ့လိုဆိုရင်တော့ သားကခွင့်မလွှတ်ဘူး..."


'တိတ်တိတ်လေးအတူသွားအိပ်တယ်'ဆိုတာ ဘာကြီးလဲ... 

ထန်ထန် အသေးလေး၏စကားများကြောင့် ရှက်သွားတော့သည်။ သူမနှင့် ကျိယန်တို့ မနေ့ကနမ်းခဲ့ကြသော မြင်ကွင်းက သူမစိတ်ထဲတွင် တဝဲလည်လည်ပေါ်ထွက်လာပြီး သူမ၏ပါးပြင်လေးကို ရဲရဲနီသွားစေသည်။


သို့သော် ကြည့်ရသည်မှာ အသေးလေးက သူမနှင့်ကျိယန်အတူအိပ်ခြင်းအပေါ် အတော်လေး အနှောင့်အယှက်ဖြစ်နေပုံပေါ်သည်။ မူလက ထန်ထန်က ကလေးများ၎င်းတို့၏ အမေကို အခြားလူဆီ မပေးချင်သော ကိစ္စကြောင့်ဖြစ်သည်ဟု ထင်ခဲ့သော်လည်း ယခုတွင် ၎င်းက ကျိယန်ကြောင့်ဖြစ်ခြင်း မဟုတ်လောက်ပေ။ 

အသေးလေးရဲ့ အခြား အကြောင်းပြချက်က ဘာတဲ့လဲမသိဘူး...


ထန်ထန် အသေးလေးကိုဖက်ထားပြီး သူ၏ ဗိုက်လေးကိုပွတ်ပေးရင်း မေးလိုက်သည်။


"ပေါင်ပေါင် မာမီသားကိုမေးစရာရှိတယ်..."


"မေးလေ.."


ထန်ထန် မနေ့က မေးခွန်းကိုသာမေးလိုက်သည်။


"သားက ဘာလို့ မာမီနဲ့ ဒယ်ဒီအတူအိပ်တာကို သဘောမကျရတာလဲ... တခြားသူတွေရဲ့ မာမီနဲ့ဒယ်ဒီတွေကလည်း အတူတူအိပ်ကြတာပဲလေ..."


ကျိရှောင်ကျိုးတောင့်ခဲသွားသည်။ သူ အကြိမ်ရေအနည်းငယ်မျှ မျက်တောင်ခတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။


"သားအရင်ကပြောဖူးတယ်လေ... ဒယ်ဒီက မာမီ့ကိုဖက်ထားရင် သားက မာမီကိုဖက်လို့မရတော့ဘူးလေ... သားက မာမီကိုနေ့တိုင်း ဖက်အိပ်ချင်တာ..."


ထန်ထန် သူ၏လွှဲရမ်းနေသော ခြေထောက်လေးများကို ကြည့်လိုက်သည်။ သူမ၏ အလိုလိုသိစိတ်က ၎င်းက အမှန်မဟုတ်ကြောင်းပြောနေ၍ ကျိယန်၏ အမူအကိုအတုခိုးကာ မျက်လုံးများ မှေးကျဉ်း၍မေးလိုက်သည်။


"အဲ့လိုလား... ဒါပေမဲ့ မာမီမှတ်မိသလောက်ကတော့ သားက အစက မာမီနဲ့ ဒယ်ဒီကို အတူတူအိပ်စေချင်တာဆို... ဒါဆိုဘာလို့ ဆက်မအိပ်ခိုင်းစေချင်တော့တာလဲ..."


ကျိရှောင်ကျိုး မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။


"သား ရုတ်တရက်ကြီး မကြိုက်တော့တာ..."


"အမ်..."

ထန်ထန် အသေးလေး၏မျက်နှာကို အုပ်ကိုင်လိုက်ပြီး သူမမျက်လုံးနှင့် တစ်တန်းတည်းထားလိုက်သည်။


"ပေါင်ပေါင် ကလေးတွေက ညာမပြောရဘူးဆိုတာ သိတယ်မလား... မာမီက သားလေးညာပြောရင်မကြိုက်ဘူးနော်... မေ့မေ့ကို ညာနေတာလားပြော..."


ကျိရှောင်ကျိုး မျက်‌မှောင်ကြုတ်သွားသည်။ သူ့မျက်နှာကို ရှုံ့မဲ့လိုက်သည်မှာ ပေါက်စီတစ်လုံးနှင့်ပင် တူသွားလေသည်။ နောက်ဆုံးတွင် သူအရှုံးပေးလိုက်ပြီး ပြောပြလိုက်သည်။


"ဟုတ်ပါပြီ ဟုတ်ပါပြီ... သားညာလိုက်တာပါ.. ဒယ်ဒီ သားဆီကနေ မာမီ့ကိုခိုးနေတာကို မကြိုက်ပေမဲ့ အဲ့တာက မာမီတို့ နှစ်ယောက်ကို အတူမအိပ်စေချင်ရတဲ့ အကြောင်းအရင်းမဟုတ်ပါဘူး..."


ထင်ထားသည့်အတိုင်း အခြားအကြောင်းပြချက်တစ်ခုဖြစ်နေသည်။ ထန်ထန် ခပ်မြန်မြန်သာမေးလိုက်သည်။


"အဲ့ဒာဆို ဘာလို့လဲ... မာမီ့ကိုပြောပြမှ မာမီက ဖြေရှင်းပေးလို့ရမှာလေ.."


ကျိရှောင်ကျိုး နှုတ်ခမ်းလေးကိုကိုက်ပြီး လက်ချောင်းများကို လိမ်နေသည်။ အချိန်အတော်ကြာမှ သူ အကြောင်းပြချက်ကို ပြောလာသည်။


"ဘာလို့လဲဆိုတော့ သားအငယ်လေး မလိုချင်လို့ပဲ..."


ထန်ထန် ကြောင်အသွားတော့သည်။


"ဘာ... ဘယ်အငယ်လေးလဲ... "


သူဘာကိုဆိုလိုတာလဲ...


ရုတ်တရက် ကျိရှောင်ကျိုး သူ့ခေါင်းကို သူမဗိုက်ပေါ်တင်လိုက်သည်။ ထို့နောက် သူမဗိုက်ကို စူးစိုက်ကြည့်ရင်း မေးလိုက်သည်။


"မာမီနဲ့ ဒယ်ဒီက သားကို အငယ်လေးမွေးပေးမှာမဟုတ်ဘူးလား..."


ထန်ထန် အံ့အားတကြီး မျက်လုံးများပင် ပြူးသွားတော့သည်။


"အဲ့တာ ဘယ်ကကြားလာတာလဲ... ဘာလို့ ရုတ်တရက်ကြီး ပြောလာရတာလဲ..."


ကျိရှောင်ကျိုး ရုတ်တရက် ဝမ်းနည်းသွားပြီးဟသူ့အသံလေးများ အုံ့မှိုင်းလာသည်။


"သားကို မညာပါနဲ့ မာမီရယ်... မာမီနဲ့ ဒယ်ဒီတို့ အတူတူဖက်အိပ်တာ သားကို အငယ်လေးမွေးပေးမလို့ပါ... သားရဲ့အတန်းဖော် ရှုဟန်ရီ ကပြောတယ်... သူ့မာမီနဲ့ဒယ်ဒီက သူ့ကိုသူတို့နဲ့အတူ မအိပ်ခိုင်းဘူးတဲ့... သူတို့ဘာသာပဲအိပ်ကြတာတဲ့... အဲ့ဒာနဲ့ သူဖွားဖွားက သူတို့ဘာသာအိပ်ကြတာ သူ့ကို အငယ်လေးမွေးပေးမလို့လို့ပြောတယ်တဲ့... နောက်ကျတော့ သူ့မာမီက တကယ်ကြီး  ညီငယ်လေးတစ်ယောက်ကို မွေးလာတယ်တဲ့လေ..."


ထိုအကြောင်းကိုရောက်သည်နှင့် ကျိရှောင်ကျိုး၏ မျက်နှာလေး ရှုံ့မဲ့လာပြီး အလေးအနက်ပြောလာသည်။


"သူညီလေးက အရမ်းရုပ်ဆိုးပြီး မျောက်နဲ့တောင် တူတယ်တဲ့..."


ထန်ထန် "..."


ဒီနေ့ခေတ်ကလေးတွေကတော့လေ...


"ဒယ်ဒီအရင်က မာမီနဲ့တစ်ခါမှ ဖက်မအိပ်ဖူးဘူးလေ.. အခုမှ သားကိုအပြင်ထုတ်ပြီး မာမီတို့နှစ်ယောက်တည်း အတူအိပ်နေတာ သားဖို့ အငယ်လေးမွေးပေးဖို့ကလွဲလို့ ဘာရှိရမှာလဲ..."


ကျိရှောင်ကျိုး နှုတ်ခမ်းထော်လိုက်သည်။ ထို့နောက် သူထန်ထန်၏ အဝတ်ကိုဆွဲ၍ သူမှားကြောင်း ဝန်ခံလိုက်သည်။


"သားတောင်းပန်ပါတယ်မာမီ.. သားအငယ်လေးမလိုချင်လို့ ဒယ်ဒီနဲ့ မာမီကိုခွဲအိပ်အောင်လုပ်လိုက်တာပါ.. ဒါပေမဲ့ မာမီနဲ့ဒယ်ဒီက အတူတူခိုးအိပ်နေကြတော့ မာမီ့ဗိုက်ထဲမှာ ညီမလေးလား ညီလေးလား ရှိသွားပြီထင်နေမိတာ..."


မူလက ထန်ထန်တစ်ယောက် အသေးလေး၏ပိုင်ဆိုင်လိုစိတ်က ကြီးမား၍ သူမတို့နှစ်ယောက်ကို ခွဲအိပ်စေချင်ခဲ့သည်ဟု ထင်ခဲ့သည်။ အမှန်တကယ် အကြောင်းပြချက် က ဤမျှရှုပ်ထွေးမည်ဟု သူတစ်ခါမှမထင်လိုက်ပေ။ ဤကလေးက အတွေးလွန်နေခြင်းသာဖြစ်သည်။ အကယ်၍ သူသာ ဤအကြောင်းထုတ်မပြောလျှင် သူမ၎င်းကို တစ်ခါမှ စဉ်းစားမိမည်မဟုတ်ပေ။ ကျိယန်သည်လည်း လုံးဝစဉ်းစားမိမည်မဟုတ်ပေ။


ကလေးများက စုံတွဲများ ကလေးဘယ်လိုလုပ်သလဲ မသိပေ။ သူတို့က မိဘများအတူဖက်အိပ်လိုက်လျှင် ကလေးရလာမည်ဟုထင်ကြပေသည်။ ၎င်းကပင် အသေးလေးက သူမနှင့်ကျိယန်ကို သူ့အတွက် အငယ်လေးမွေးပေးတော့မည်ဟု ထင်နေခြင်းဖြစ်သည်။ ထို့ကြောင့် သူ သူမတို့နှစ်ယောက်ကို အတင်းအကြပ်လိုက်ခွဲနေပြီး ဒုတိယကလေးမရလာစေရန် နှောင့်ယှက်နေရခြင်းဖြစ်သည်။


ထန်ထန်ရယ်ရမလား ငိုရမလားမသိတော့ပေ။ သို့သော် ကလေးများက ဘေဘီလေးများ ဘယ်လိုဖြစ်လာသလဲ မသိကြချေ။ မည်သို့ပင်ဆိုစေ သူမ တစ်စုံတစ်ခုကို သိချင်နေဆဲဖြစ်သည်။ 


"ပေါင်ပေါင် သား ညီမလေးဒါမှမဟုတ် ညီလေးမလိုချင်ဘူးလား... သားနဲ့အတူဆော့ပေးဖို့ မောင်နှမရှိတာ မကောင်းဘူးလား..."


ကျိရှောင်ကျိုး ပြင်းပြင်းထန်ထန် ခေါင်းခါပြလာသည်။


"အငယ်လေးတွေဆိုတာ ပြဿနာကောင်တွေပဲ... ရှုဟန်ရီရဲ့ အိပ်စာ စာအုပ်တောင် သူ့ညီလေးဖြဲတာကို ခဏခဏခံရတယ်.. သူ့စာအုပ်တွေကိုလည်း လျှောက်ခြစ်ခံရသေးတယ်... သူ သူ့ညီလေးကို သင်ခန်းစာပေးလိုက်ပေမဲ့ သူမာမီက သူ့ကိုဆူပြီး သူ့ညီလေးကို အလျှော့ပေးသင့်တဲ့အကြောင်း ပြောတယ်တဲ့... သူပြောတာ သူ့မာမီနဲ့ဒယ်ဒီက သူ့ကိုမချစ်တော့ပဲ သူ့ညီလေးကိုပဲ ချစ်တော့တာတဲ့... သားရဲ့ အတန်းဖော်တွေအများကြီးလည်း ပြောကြတယ်.. မာမီ သား ညီလေးရော ညီမလေးရောမလိုချင်ဘူး... ညီမလေးဒါမှမဟုတ် ညီလေးရောက်လာရင် မာမီက သားကိုချစ်တော့မှာမဟုတ်ဘူး..."


ထန်ထန် ရုတ်တရက်ကြီး စိတ်ပျက်သလို ခံစားလိုက်ရသည်။ အသေးလေးက သူ့မိဘတွေ သူ့ကို မချစ်တော့မည်ကို စိုးရိမ်နေလေသည်။ ၎င်းက မူလကိုယ် သူငယ်ငယ်က ကောင်းကောင်းမဆက်ဆံပေးခဲ့၍ဖြစ်မည်။ အသေးလေး သူ့မိဘနှစ်ပါးလုံးထံမှ အချစ်ကို ခက်ခက်ခဲခဲရခဲ့သဖြင့် သူ့ကို ဆက်မချစ်တော့မည်ကို ကြောက်ခြင်းက သဘာဝကျပေသည်။


ထန်ထန် အငယ်လေးရလာခဲ့လျှင် သူ့အပေါ် အချစ်မလျော့ပဲဆက်ဆံနိုင်မည်ဟု မသေချာသဖြင့် သူမကတိမပေးချင်ပေ။ လူသားများ၏ နှလုံးသားက လွယ်လွယ်ကူကူပြောင်းလဲတတ်ပြီး များစွာသော မိဘများက သူတို့သားသမီးများကို ညီတူညီမျှမဆက်ဆံနိုင်ပေ။ ထန်ထန် သူမတွင် သူမ၏ ကလေးအစစ်တစ်ယောက်ရလာပါက ကျိရှောင်ကျိုးကို အရင်အတိုင်း ဆက်ဆံနိုင်မည်လား သေချာမပြောနိုင်ပေ။


သူမ အသေးလေးအပေါ် အချစ်လျော့ရမည့်အစား နောက်ထပ် ကလေးတစ်ယောက်မယူဘဲသာ နေလိုက်မည်ဖြစ်သည်။ သူမ၏ အချစ်နှင့်ဂရုစိုက်မှုများအားလုံးကို သူတစ်ယောက်တည်းကိုသာ ပေးရန်ရည်ရွယ်ထားပြီး အသေးလေးက သူမဤနေရာတွင်နေနေရသည့် သူမတွင် မိသားစုလေးတစ်ခုရှိလာရသည့် အကြောင်းပြချက်ဖြစ်နေသည်။ သူမအတွက် သူက အရေးအကြီးဆုံးဖြစ်ပြီး ဒုတိယကလေးထပ်ပင် ပို၍ အရေးကြီးလေသည်။


ထို့ကြောင့် ထန်ထန် သူ့ကိုလေးလေးနက်နက် ကတိပေးလိုက်သည်။


"ပေါင်ပေါင် စိတ်ပူစရာမလိုပါဘူး... မာမီကတိပေးတယ် သားရဲ့မာမီနဲ့ ဒယ်ဒီက သားအတွက် အငယ်လေးမွေးပေးမှာမဟုတ်ဘူး..."


"တကယ်လား မာမီ... မာမီ ကလေးထပ်မယူတော့ဘူးပေါ့..."


အသေးလေးက ငယ်သေးသော်လည်း ဤတိုင်းပြည်၏ ဥပဒေဖြစ်သော တစ်အိမ်ထောင်လျှင် ကလေးနှစ်ယောက်သူယူရမည် ဟူသည့်အကြောင်းကို သိပေသည်။ သူ ဥပဒေများနှင့် အတော်လေးကျွမ်းဝင်နေရသည်မှာ ကျိယန်က သူနှင့်အတူ နေ့တိုင်းသတင်းကြည့်ခိုင်း၍ဖြစ်သည်။


ထန်ထန် ခေါင်းငြိမ့်ပြလိုက်သည်။


"ဒါပေါ့..."


အသေးလေးက ပျော်ရွှင်သွားပြီး အိပ်ရာပေါ်မှ ကုန်းထကာ သူ၏ အစီအစဉ်ကို စတင်ပြောပြတော့သည်။


"မာမီနဲ့ဒယ်ဒီက ကလေးထပ်မယူတော့ဘူးဆိုတော့... အတူတူအိပ်စရာမလိုတော့ဘူးပေါ့နော်... အခုကစပြီးတော့ သား မာမီနဲ့တစ်ရက် ဒယ်ဒီနဲ့တစ်ရက် အိပ်တော့မယ်... ဒါဆိုဖေဖေလဲအထီးမကျန်တော့ပဲ သားတို့သုံးယောက်လုံး ပျော်ရမယ်..."


"ဟုတ်ပြီလေ.."


ကလေးထပ်မယူတော့ရင် အတူထပ်အိပ်စရာမလိုတော့ဘူး....

ထန်ထန် အသေးလေး၏ စဉ်းစားပုံကို သဘောခွေ့မိသွားသည်။ ကျိယန်သာ သိသွားပါက မည်သို့ တုန့်ပြန်လာမည်ဖြစ်ကြောင်း သးသိချင်သွားသည်။ သူမရုတ်တရက်ကြီး ၎င်းကို သိချင်လာသည်။


ပြဿနာဖြေရှင်းပြီးပြီဖြစ်၍ ကျိရှောင်ကျိုး ချက်ချင်းပင် ပင်ပန်းလာတော့သည်။ သူ အကြိမ်ရေအနည်းငယ် သန်းဝေလိုက်ပြီး  ပြောလာသည်။


"မာမီ... အိပ်ရအောင်လေ..."


ထန်ထန် သဘောတူလိုက်ပြီး အသေးလေးကို ကျောပုတ်၍ ချော့သိပ်လိုက်သည်။ အသေးလေး အိပ်ပျော်သွားချိန်တွင် မီးပိတ်လိုက်ပြီး မျက်လုံးများလည်း မှိတ်လိုက်သည်။


သို့သော် ငါးမိနစ်ကြာသောအခါ အိပ်ခန်းတံခါးပွင့်သွားပြီး ပြန်ပေးဆွဲသမား ရောက်လာပြန်သည်။


ထန်ထန် ခိုးကြောင်ခိုးဝှက်လာနေသော အမျိုးသားကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။


"ရှင်... ရှင် ဒီညမလာလို့ သဘောတူထားတယ် မဟုတ်ဘူးလား..."


ကျိယန် ငြင်သာစွာရယ်လိုက်ပြီး သူမကို မချီကာ အပြင်ခေါ်လာသည်။


"ကိုယ်သဘောမတူသလို စကားတစ်လုံးမှလည်း မပြောလိုက်ပါဘူးနော်..."


ထန်ထန် စိတ်မကျေမနပ်ဖြင့် နှုတ်ခမ်းထော်လာသည်။


"ဒါပေမ် ကျွန်မ ရှင့်ကို နမ်းလိုက်တယ်လေ..."


"မင်းနမ်းပြီးတော့လည်း ကိုယ်မလာတော့ဘူးလို့ သဘောမတူခဲ့ပါဘူး..."


ထန်ထန် အရှက်မရှိသောလူကြီးကိုကြည့်၍ မယုံကြည်နိုင်ဖြစ်သွားသည်။


"ရှင်.. ရှင်.. ရှင်.. အရှက်ကိုမရှိဘူး..."


"အချစ်နဲ့ စစ်မှာမတရားတာမရှိဘူးလေ..."


ထန်ထန် သူ့ကိုဒေါသထွက်စွာ ထုနှက်လိုက်သော်လည်း ၎င်းက သူ့အတွက် ကလိယားထိုးသလိုသာဖြစ်နေသည်။


ကျိယန် သူမကို အဓိကအိပ်ခန်းရှိ ကုတင်ပေါ်တင်လိုက်ပြီး သူ၏ တောင့်တင်းသန်မာသော ခန္ဓာကိုယ်ဖြင့် ဖိထားလေသည်။


"မင်းက ကိုယ့်မိန်းမပဲလေ... ဒီနေ့ည ကိုယ့်ရဲ့ အရှင်ယောက်ျားကို အိပ်ယာနွေးအောင် မလုပ်ပေးသင့်ဘူးလား..."


ဘာကို 'အရှင်ယောက်ျား'လဲ ဘာကို 'အိပ်ယာနွေးအောင်'လဲ... သူ သူမကိုစနေတာ အသိအသာကြီးလေ... သူကတကယ့်ကို လူဆိုးကြီးပဲ...


"ရှင်.."


ထန်ထန် သူ့ရင်ဘတ်ကို ထိုးလိုက်သော်လည်း သူ့ကို ရယ်သွားစေသည်။ ထို့နောက် သူမ၏ လက်ကိုဖမ်းကာ အသာအယာရှိုက်နမ်းလိုက်သည်။


ထိုအချိန်တွင် ထန်ထန် သူမခန္ဓာကိုယ်အောက်ပိုင်းကို တစ်စုံတစ်ခုဖြင့် ထိမိနေကြောင်း သတိထားမိလိုက်သည်။ ညစ်ညမ်းစာအုပ်များကို ခိုးဖတ်ဖူးပြီး ပုံပြင်များစွာကိုဖတ်ဖူးသော အမျိုးသမီးငယ်လေးတစ်ယောက် အနေဖြင့် ဘာဖြစ်နေသလဲဆိုတာကို သိသွားလေသည်။ ဝှစ်ကနဲ သူမခန္ဓာကိုယ်တစ်ခုလုံး နီရဲသွားတော့သည်။


သူ..သူမကိုလိုချင်နေတာလား...


ကျိယန်၏ အသံက အလွန်အမင်းအက်ကွဲလာပြီး သူ့အကြည့်များက သူမတွင်သာ အမြစ်တွယ်နေသည်။


"ထန်ထန် မင်းယောက်ျားရဲ့ အိပ်ရာကို နွေးအောင်လုပ်ပေးချင်လားဟင်..."


သဘာဝကျစွာဖြင့် ထန်ထန်တစ်ယောက် သူမ၏ အဖြေက အခြေအနေကို ဆုံးဖြတ်ပေးမည်မှန်း သိလိုက်သည်။ သူမငြင်းလိုက်ပါက ကျိယန်က သူမကို ဖိအားပေးမည်မဟုတ်သော်လည်း သူ့ကိုမည်သို့ ငြင်းရက်နိုင်မည်နည်း။


အလွန်အမင်းရှက်ရွံ့လာပြီး သူမ သူ့ကို မကြည့်ရဲ၍ မျက်လုံးတင်းတင်းမှိတ်လိုက်သည်။ ထို့နောက် ထန်ထန် အသာအယာခေါင်းငြိမ့်လိုက်သည်။


သူမ လိုချင်နေမိသည်။