အပိုင်း ၆
Viewers 14k

Chapter 6

ရုန်ယီသည် အလုပ်ကိစ္စအတွက် ဤနည်းလမ်းဖြင့် တစ်ဦးဦးနှင့် ဆက်ဆံရေးပြုလုပ်ရလိမ့်မည် ဟု မည်သည့်အခါမျှ မမျှော်လင့်ထားခဲ့ပေ။

အကယ်၍ သူသာ လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က အိုမီဂါလေးနှင့် ဘလိုင်းဒိတ်တွေ့ရန် သွားခဲ့မည်ဆိုပါက သူ အလွန် စိတ်မကောင်းဖြစ်သွားပေလိမ့်မည်။ သို့သော် ယခုမူ စိတ်သက်သာရာရသွား၏။

သူသည် လမ်းခွဲရန် စဉ်းစားနေဆဲမှာပင် ဤမျှ လွယ်ကူ လျင်မြန်စွာဖြင့် ချစ်မိသွားခြင်း ဖြစ်သည်။

နောက်ဆုံးတွင် ရုန်ယီသည် သူ့အား တန်ဖိုးထားလေးစားသည့် အယ်လ်ဖာတစ်ဦးကို ရရှိထားသောကြောင့် သူသည် ဤဆက်ဆံရေးကို အလွန် မြတ်နိုးပြီး ၎င်းကို ဆက်လက် ထိန်းသိမ်းသွားရန်မှလွဲ၍ အခြား အတွေးမရှိပေ။ ထို့ကြောင့် သူ ဘလိုင်းဒိတ်တွေ့မည့်သူက အယ်လ်ဖာတစ်ယောက် မဟုတ်သရွေ့ ပြဿနာမရှိပါ။

ရုန်ယီမှာ အပြင်ပန်းပုံစံအရ အိုမီဂါတစ်ဦးနှင့် မတူညီလျှင်ပင် စိတ်ပိုင်းဆိုင်ရာအရ အိုမီဂါ စင်စစ် ဖြစ်ပါသည်။ သူသည် လိင်တူများကို စိတ်ဝင်စားမှုအနည်းဆုံး မဟုတ်သောကြောင့် မတည်ငြိမ်သည့် လူတစ်ဦးပုံစံနှင့် မတူဘဲ ၎င်းနှင့်ပတ်သက်၍လည်း အပြစ်ရှိသည်ဟု ခံစားရမည်မဟုတ်ပေ။

အနည်းဆုံးတော့ သူ ယခုထက်တိုင် ဆုံးဖြတ်ချက် မချရသေးပါ။ ဤအခိုက်အတန့်တွင် သူ့ထံတွင် နောက်ဆုံး အချိန်တစ်မိနစ်ခန့် ရှိသေးပြီး သူ၏ချစ်သူနှင့် တွေ့ဆုံရန် မစောင့်နိုင်တော့ပေ။

သူသည် မနက်အစောပိုင်း၌ အချိန်တစ်မိနစ်ခန့် ရနိုင်မည်မှန်း မသိသေးမီတွင် ချန်းခယ့်ယောင်ထံမှ ဆက်သွယ်လာခဲ့၏။ ချန်းခယ့်ယောင်က ယခုညနေ အတန်းကို သင်ပေးရမည်ဟု ပြောသည့်အခါတွင် ရုန်ယီ နှမြောတသ ဖြစ်သွားသည်။

သို့သော် နောက်ပိုင်း၌ သူ တိတ်တိတ်လေး ကျေနပ်သွားသည်။
မစ္စတာချန်း ကလေးများအား စာသင်ပေးသည်ကို သူ တစ်ခါမှ မမြင်ဖူးပေ။ သူ ရုတ်တရက် ရောက်လာလျှင် သူ၏အယ်လ်ဖာ အံ့သြသွားမည်လား။

*

ရုန်ယီသည် ချန်းခယ့်ယောင်ပေးသော လိပ်စာအတိုင်း ထိုနေရာကို အလွယ်တကူ ရှာတွေ့ခဲ့၏။

ဧည့်ကြိုစာရေးမလေးက နွေးထွေးစွာ ကြိုဆိုသည့်အခါမှသာ သူ အထဲသို့ ဝင်လာနိုင်ခဲ့သည်။ ရုန်ယီသည် သူ၏ချစ်သူနှင့် တွေ့ရန် လာခဲ့သည် ဟု ပြောရန် အလွန် ရှက်ရွံ့နေမိသောကြောင့် စာရေးမလေးက မေးလာသောအခါ ယောက်ယတ်ခတ်သွားသည်။ ထို့နောက် အတန်းအကြောင်း စုံစမ်းရန် ရောက်ရှိလာသော ကျောင်းသားမိဘတစ်ဦးအဖြစ် သူ ဟန်ဆောင်လိုက်သည်။

ကျောင်းသားမိဘများကို ပိုမို ဆွဲဆောင်နိုင်ရန်အတွက် ဝန်ထမ်းလေးသည် သူ့အား စာသင်ခန်းများကို ဝင်ရောက်ကြည့်ရှုနိုင်ရန် တက်ကြွစွာ ဦးဆောင်ကာ ခေါ်သွားသည်။ အဆောက်အဦထဲသို့ ခြေလှမ်း အနည်းငယ် ဝင်သွားမိသည်နှင့် စာသင်ခန်း အပြင်ဘက်တွင် စောင့်နေကြသော မိဘအတော်တော်များများကို ရုန်ယီ တွေ့လိုက်ရသည်။

ဧည့်သည်များနှင့် မိဘများ ပိုမို ရှင်းလင်းစွာ ကြည့်ရှုနိုင်စေရန်အတွက် စင်္ကြံအနီးရှိ ဘေးနံရံကို မှန်အကြည်ဖြင့် ပြုလုပ်ထားလေသည်။

ရုန်ယီ ပထမ စာသင်ခန်းသို့ ရောက်လာသည်။ သင်ကြားနေသောဆရာသည် ချန်းခယ့်ယောင် မဟုတ်သော်လည်း အထဲသို့ ကြည့်မိပြီးနောက် ခြေမလှမ်းနိုင်သေးပေ။ ကလေးငယ်တစ်အုပ်စုက ဆရာ၏နောက်ကျောကို အားပါးတရ ကန်ကျောက်ပြီး အော်ဟစ်နေကြသည်။

“ဟိုင်းယား! ဟိုင်းယား!"  

ရုန်ယီသည် မရယ်ဘဲ မနေနိုင်တော့ချေ။

“ဒါက မူကြိုကလေးတွေ အတန်းပါ” 

ဝန်ထမ်းလေးက အစပျိုးရန် အခွင့်အရေး ရရှိသွားသည်။

"အစ်ကို့ရဲ့ ကလေးက အသက်ဘယ်လောက်ရှိပြီလဲ ခင်ဗျ"

'မစ္စတာချန်းရဲ့အပေါ်မှာ မူတည်တယ်'

ရုန်ယီ စိတ်ထဲမှ ဖြေလိုက်မိသည်။ သူသည် ရှက်ရွံ့မှုကို ဖုံးကွယ်ရန် ညင်သာစွာ ချောင်းတစ်ချက်ဆိုးကာ မေးလိုက်သည်။

"မစ္စတာချန်းခယ့်‌ယောင်ရဲ့ အတန်းက ဘယ်နားမှာလဲ"

“အာ” 

ဝန်ထမ်းက ခေတ္တ စကားရပ်သွားသည်။

"ဆရာချန်းရဲ့ အတန်းကတော့ လူပြည့်သွားပါပြီ။ ဒါပေမယ့် အစ်ကို စိတ်ဝင်စားတယ်ဆိုရင် စင်္ကြံအဆုံးဘက်က အခန်းကို သွားကြည့်လို့ရပါတယ်ဗျ"

ချန်းခယ့်ယောင်၏ စာသင်ခန်းအပြင်ဘက်တွင် စောင့်ဆိုင်းနေကြသော မိဘများမှာ အမှန်ပင် အနည်းငယ်မျှသာ ရှိလေသည်။

ရုန်ယီသည် နီးကပ်လာသည်နှင့်အမျှ အထဲသို့ ကောင်းစွာ မြင်ရမည့်နေရာကို ရှာမတွေ့နိုင်တော့ပေ။ သူ၏ မြင့်မားသောအရပ်၏ ကျေးဇူးကြောင့်သာ အနောက်ဘက်တွင် ရပ်နေသော်လည်း မြင်ကွင်းကို ပိတ်ဆို့မသွားခြင်းဖြစ်သည်။

ချန်းခယ့်ယောင်သည် စင်္ကြဘက်ကို ကျောခိုင်းကာ သူ၏ကျောင်းသားများကို သရုပ်ပြနေသည်။

သူသည် ဝန်ထမ်းယူနီဖောင်းကို ၀တ်ဆင်ထားပြီး ရုန်ယီ ခန့်မှန်းရသလောက် အနည်းငယ် ရူးနှမ်းသော ကျောင်းတံဆိပ် အမှတ်အသားက အင်္ကျီနောက်ကျောဘက်တွင် ရှိနေသည်။ သို့သော် သူ၏ ခပ်မတ်မတ် ကိုယ်ဟန်အနေအထားဖြင့် ပေါင်းစပ်လိုက်သောအခါ ယူနီဖောင်းဖြင့် ဖော်မပြနိုင်လောက်အောင် ချောမောပုံပေါ်နေသည်။

ရုန်ယီသည် လက်သီးနှင့် ကန်ချက်များကို သိပ်ပြီး စိတ်မဝင်စားသောကြောင့် ဘာတစ်ခုမှ နားမလည်ပေ။ သူ့ကောင်လေး၏ လှုပ်ရှားမှုများသည် လျင်မြန်သေသပ်ပြီး ခွန်အားပါလှသည်ဟုသာ ခံစားရပြီး လက်သီးထိုးရန် လက်ကို လေထဲ မြှောက်လိုက်သည့် အခိုက်အတန့်မှာ စိတ်လှုပ်ရှားစရာကောင်း၍ ဆွဲဆောင်မှု အပြည့် ဖြစ်သည်။ ထိုလက်သီးထိုးချက်ကြောင့် ထိခိုက်မှု မည်မျှရှိနိုင်မှန်း မသိနိုင်သော်လည်း မစ္စတာရုန်၏ ညာဘက်နှလုံးသားနေရာကို ထိမှန်သွားသည်ကတော့ အသေအချာ ဖြစ်ပါသည်။

သရုပ်ပြခြင်း ပြီးဆုံးသည့်နောက် ယခုလေးတင် ရန်လိုမှုအပြည့်ရှိနေသော မစ္စတာချန်သည် ထိုကလေးများကို ကြည့်ရန် ငုံ့ကိုင်း၍ နူးညံ့စွာ ပြုံးပြလိုက်သည်။

“ကလေးတို့ ရှင်းရဲ့လား”

ဟင့်အင်း! ကျေးဇူးပြုပြီး နောက်ထပ်ဆယ်ကြိမ်လောက် ထပ်လုပ်ပြပါ။

သို့သော် ရုန်ယီ၏နှလုံးသားအသံကို နားထောင်ရန် မှန်ချပ်များသည် အတွင်းမှကလေးများကို မကူညီပေးနိုင်ခဲ့ပေ။

"ဟုတ်ကဲ့"

စာသင်ခန်းအပြင်ဘက်တွင် ရပ်နေသော မိဘများ နှစ်ယောက်၊သုံးယောက် စု၍ စကားစမြည် ပြောနေချိန်၌ စာသင်ခန်းတွင်းရှိ ကလေးများမှာ စတင်၍ အပြင်းအထန် လေ့ကျင့်ကြသည်။

ရုန်ယီသည် ဂရုတစိုက်နားထောင်ကြည့်သောအခါ မစ္စတာချန်းအကြောင်း အတော်များများ ကြားရသည်။

အိမ်ထောင်သည်အုပ်စုတစ်စုက လူလွတ်အမျိုးသားငယ်လေးတစ်ဦး အကြောင်း ပြောရန် စုရုံးကြသောအခါ ၎င်းတို့ ထာဝရ ဆွေးနွေးလေ့ရှိသော ခေါင်းစဉ်များထဲမှတစ်ခုမှာ သူ၏ အိမ်ထောင်ရေးဖြစ်သည်။

နောက်ပြီး ထိုလူငယ်လေး၏ ချစ်သူမှာတော့ ထို ဆွေးနွေးနေကြသောလူများ၏ ဘေးတွင် ရပ်လျက် စကားဝင်ပြောရန် အခွင့်အရေးမရှိသောကြောင့် အနည်းငယ် စိတ်မကောင်းဖြစ်ရပါသည်။

ထိုလူများ၏ အဆိုအရ သူတို့ထဲမှ တစ်ယောက်သည် ချန်းခယ့်ယောင်ကို ချိုသာပြီး နူးညံ့သိမ်မွေ့သည့်မိန်းကလေး ဟု ယူဆရသော သူ၏ညီမလေးနှင့် တွဲပေးရန် ကြိုးစားခဲ့ဖူးသည်။ ထိုအိုမီဂါ မိန်းကလေးသည် သူ၏တူလေးကို အတန်းထဲသို့ အကြိမ်ကြိမ် လိုက်ပို့ခဲ့ပါသည်။ သို့သော် သူမ မည်သို့ပင် သူနှင့် စကားပြောရန် ကြိုးစားခဲ့စေကာမူ မစ္စတာချန်းသည် အမြဲ ယဉ်ကျေးစွာ ရှောင်ထွက်သွားခဲ့၏။ သူမထံ၌ အခွင့်အရေး တစ်ခါမှ မရခဲ့ချေ။ အခြားအမျိုးသားတစ်ဦးက မစ္စတာချန်းနှင့် တိုက်ရိုက် တွေ့ဆုံကာ မေးကြည့်ပြီး တစ်ဖက်မိန်းကလေး၏ဓာတ်ပုံကို မထုတ်ပြရသေးမီတွင် မစ္စတာချန်းက လောလောဆယ်တော့ တစ်ကိုယ်တည်းသာ နေလိုကြောင်း ပြော၍ ငြင်းဆိုခဲ့သည်။

ရုန်ယီ ၎င်းကို ကြားလိုက်ရသောအခါ အလွန်အမင်း စိတ်ကျေနပ်သွားသည်။

မစ္စတာချန်းနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် အလွန် လုံခြုံစိတ်ချရသည်ဟု သူ ခံစားမိသည်။

သူတို့က ခေါင်းစဉ် ပြောင်းလိုက်ကြပြန်သည်။

“ဆရာချန်းက အရမ်း နူးညံ့တာပဲ။ အဲဒါ ကောင်းပါတယ်။ ဒါပေမယ့် သူ အဲ့လောက် နူးညံ့နေရင် ကလေးတွေက အတန်းချိန်ကို အလေးအနက်ထားပါ့မလား"

ထိုအချိန်တွင် မစ္စတာချန်းသည် အပြင်ဘက်သို့ ကြည့်ရန် လှည့်လာသည်။

ရုန်ယီသည် သူ့အား မှန်ချပ်မှတဆင့် လှမ်းကြည့်လျက်က သူ၏နှုတ်ခမ်းထောင့်များကို မည်မျှပင် တင်းတင်းစိထားရန် ကြိုးစားစေကာမူ ပွင့်နေကြဆဲ ဖြစ်သည်။

ချန်းခယ့်ယောင်သည် တခဏခန့် အေးခဲသွားပြီး အလျင်အမြန် ခေါင်းငုံ့ကာ ပြုံးလိုက်သည်။

“မင်း လူလိမ်”

ချန်းခယ့်ယောင်သည် နောက်ဆုံးတွင် ပေါ့ပေါ့ပါးပါး ၀တ်စုံကို လဲ၍ ထွက်လာပြီးနောက် ရုန်ယီကို ကြည့်ကာ ခေါင်းယမ်းလိုက်သည်။

“မင်း ပြောတော့ နောက်ကျတဲ့အထိ အလုပ်လုပ်ရမှာဆို”

“ရုတ်တရက်ကြီး အချိန်ရသွားတာ”

ရုန်ယီက ပြုံးပြီး

“မစ္စတာချန်းက တော်တော် နာမည်ကြီးတာပဲ”

ကျောင်းသားမိဘများအပြင် သူ၏တပည့်များကပါ သူ့ကို သဘောကျကြသည်။ အတန်းပြီးသောအခါ ကလေးအနည်းစုက ရင်းနှီးဖော်ရွေစွာ နှုတ်ဆက်စကားပြောရန် ရောက်လာကြသည်။

ကလေးများ နှစ်သက်သ‌ဘောကျသည့်သူက လူကောင်းတစ်‌ယောက် ဖြစ်ရမည်။ ရုန်ယီသည် ပုံမှန်ထက် များပြားလှသည့် အမှတ်များ ရထားပြီးဖြစ်သော ချန်းခယ့်ယောင်ကို တိတ်တဆိတ် အမှတ်ထပ်တိုးလိုက်သည်။

"ဒါဆို အတန်းတက်သွားမှာလား"

ချန်းခယ့်ယောင်က ပြုံးပြီး ရုန်ယီကို ကြည့်လိုက်သည်။

သီးသန့် တစ်ယောက်တည်း သင်ပေးမယ်ဆိုရင်ပေါ့။

ရုန်ယီသည် သူ၏ လူယုတ်မာ အပြုံးအား ပြသမိသွားမည်ကို စိုးရိမ်သောကြောင့် တိတ်တဆိတ် ခေါင်းငုံ့ထားလိုက်သည်။

သူတို့ ကားပါကင်ဆီသို့ ဘေးချင်းယှဉ်လျက် လျှောက်သွားကြသည်။ ဓာတ်လှေကားပေါ်မှဆင်းသောအခါ ချန်းခယ့်ယောင်သည် ရုန်ယီ၏ လက်ချောင်းများရှိရာဆီ သူ၏လက်ကို လှမ်း၍ ဖြည်းဖြည်းချင်း ဆုပ်ကိုင်လိုက်သည်။

"သိပ်‌တော့ မနောက်ကျသေးပါဘူး... ဟုတ်တယ်မလား" 

သူသည် စကားပြောသောအခါ ရုန်ယီကို မကြည့်ပေ။ 

"ကိုယ်တို့ ထိုင်ပြီး စကားပြောဖို့ အချိန်ရသေးတယ်မလား"

ရုန်ယီက ခေါင်းညိတ်လိုက်သည်။

"ဒါပေမယ့် ရက်တွေအများကြီး နောက်ကျတဲ့အထိ အလုပ်လုပ်ထားတော့ မင်း အရမ်း ပင်ပန်းနေမှာပေါ့" 

ချန်းခယ့်ယောင်က ပြောသည်။

"...မင်းကို တွေ့ပြီး မပင်ပန်းတော့ဘူး"

ရုန်ယီသည် ပထမဆုံးအကြိမ်အဖြစ် စကားလုံး ချိုချိုလေးများ ပြောလိုက်၏။ ပြောပြီးနောက် သူသည် အလွန် စိတ်လှုပ်ရှားသွားကာ ချန်းခယ့်ယောင်ကို ခပ်မြန်မြန် ချောင်းကြည့်လိုက်သည်။

ချန်းခယ့်ယောင်ကလည်း သူ့ကို ကြည့်နေလိမ့်မည် ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။

သူတို့ မျက်လုံးချင်းဆုံမိသည့် အခိုက်အတန့်တွင် ရုန်ယီသည် အစပိုင်း၌ ထိတ်လန့်သွားပြီးနောက် မရယ်ဘဲ မနေနိုင်တော့ပေ။

'ချစ်ရတဲ့အရသာက ကောင်းလိုက်တာ'

ဤအချိန်တစ်ခုလုံး ခံစားနေရသော စိုးရိမ်ပူပန်မှုများနှင့် စိတ်သောကများက အလွယ်တကူ ပြေပျောက်သွားကြ၏။ သူ မပင်ပန်းတော့ပေ။ ထို့အပြင် ခံစားချက်က ပို၍ပင် ကောင်းမွန်နေသေးသည်။ တစ်ကမ္ဘာလုံးက ပို၍ ငြိမ်းချမ်းသွားသလိုပင်။

ချန်းခယ့်ယောင် ရုတ်တရက် စကားရပ်သွားသည့်အချိန်ထိ သူသည် အချစ်၏ ပျော်ရွှင်မှုတွင် နစ်မြုပ်နေသေးသည်။

ရုန်ယီက အူကြောင်ကြောင်အမူအရာဖြင့် ပြန်ကြည့်ကာ

“မစ္စတာ ချန်း"

ချန်းခယ့်ယောင်က ရုတ်တရက် ရယ်မောလိုက်သည်။

"…မစ္စတာ ချန်း?"  

သူက ရယ်လျက် ခေါင်းခါကာ

"ကိုယ့်ကို အခုထိ အဲ့လိုကြီး ခေါ်နေတာ ဖြစ်သင့်လို့လား"

ရုန်ယီက ဘာမှ ပြန်မပြောချေ။

အစပိုင်းတွင် သူသည် ပို၍ သင့်တော်သော အခေါ်အဝေါ်ကို ဂရုတစိုက် စဉ်းစားခဲ့သော်လည်း နောက်ပိုင်းတွင် သူ စိတ်ရှုပ်လာသောကြောင့် ဆက်ပြီး မတွေးဖြစ်တော့ချေ။

သူ၏ဘဝတွင် ဒုတိယမြောက်အနမ်းက ပထမအကြိမ်ကဲ့သို့ပင် မူးဝေစေသည်။

အတွေ့အကြုံမရှိသော်လည်း ရုန်ယီ၏ဗီဇက သူ ချစ်မြတ်နိုးသော အယ်လ်ဖာကို နှစ်သက်လာအောင် သင်ပေးခဲ့သည်။

ပရိုမုန်း၏သင်းပျံ့သော ရနံ့က လေထဲတွင် တစ်ဖန် လွင့်ပျံ့လာသည်အထိ ထိုရနံ့က သူ့ကို သွေးဆောင်ကာ ရုတ်တရက် နှိုးဆွလာခဲ့သည်။

"တောင်းပန်ပါတယ်"

ချန်းခယ့်ယောင်သည် သူ့ကို လွှတ်၍ နောက်ပြန်ဆုတ်ကာ ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်ပြီး 

"ကိုယ်..."

ရုန်ယီက သူ ရည်ရွယ်၍ လုပ်ခြင်း မဟုတ်မှန်း
သိပါသည်။

အကယ်၍ သူသာ ရည်ရွယ်ပြီး လုပ်ခဲ့ခြင်း ဖြစ်ပါက ရုန်ယီ သတိလစ်နေပြီး ဖြစ်နိုင်သည်။ သို့သော် ယခုက အန္တရာယ်ရှိဆဲ အခြေအနေပင် ဖြစ်ပါသည်။

နောက်တစ်ချက်က ကားပါကင်မှာ အများသူငှာမြင်တွေ့နိုင်သော ဧရိယာ ဖြစ်သည်။ လေထုထဲတွင် ပရိုမုန်း၏ လွှမ်းမိုးမှု အနည်းငယ် မြင့်တက်နေပါက အချက်ပေးသံ ပေါ်လာနိုင်သည်။ ရှေ့မှ နမူနာများကို ကြည့်ခြင်းအားဖြင့် သူ၏ အယ်လ်ဖာ ဒုက္ခရောက်သွားလိမ့်မည်။

ရုန်ယီသည် သူ၏နှုတ်ခမ်းများကို သပ်လိုက်ပြီး 

"... ကားပေါ် အရင်တက်ရအောင်"

ချန်းခယ့်ယောင်သည် တံခါးဖွင့်ပြီးနောက် တုံ့ဆိုင်းသွား၏။

“အလုံပိတ်ထားတဲ့နေရာမှာ ကိုယ်နဲ့အတူ ရှိနေရလို့ မင်း အဆင်မပြေဖြစ်မှာ ကြောက်တယ်” 

သူက ပြောသည်။

ရုန်ယီက ခေါင်းခါလိုက်ပြီး

“ငါ အဆင်ပြေပါတယ်…”

သူ၏နှလုံးသားက ထိုကောင်းမွန်သော အတွေ့အကြုံကို ခံစားမိနေဆဲပင်။ အနည်းငယ် ထိန်းချုပ်နိုင်စွမ်းကင်းမဲ့သွားမှုကြောင့် တုန်လှုပ်ကာ အထိန်းအကွပ်မဲ့စွာ ပို၍ လိုချင်မက်မောလာသည်။ သူသည် ချန်းခယ့်ယောင်၏ နှုတ်ခမ်းနှင့် လျှာမှ အပူချိန်ကို ထပ်မံ ခံစားချင်မိသည်။
ရုန်ယီသည် ဒရိုင်ဘာ ထိုင်ခုံဘေးတွင် ရပ်နေသော ချန်းခယ့်ယောင်ကို ကြည့်လိုက်သည်။ သူ၏မျက်နှာ နှင့် နှုတ်ခမ်းများ... ရုန်ယီသည် နှလုံးခုန်နှုန်းမြန်စွာဖြင့် ဘေးသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။

သူက နောက်ခုံသို့ သွားကာ တံခါးကိုဖွင့်လိုက်သည်။

ထိုလှုပ်ရှားမှုများ ပြုလုပ်နေစဉ် သူသည် ချန်းခယ့်ယောင်ကို တစ်ချိန်လုံး စိုက်ကြည့်နေခဲ့သည်။

သေချာပေါက် ချန်းခယ့်ယောင်ကလည်း သူ့ကိုကြည့်နေခဲ့ပါသည်။

ထို့နောက် ချန်းခယ့်ယောင် သဘောပေါက်သွား‌လေသည်။

*

အလုံပိတ်ထားသောနေရာတစ်ခုတွင် အယ်လ်ဖာ ပရိုမုန်း အနည်းငယ်ကပင် အိုမီဂါလေးကို လွှမ်းမိုးနိုင်ပါသည်။

ရုန်ယီသည် heat ဝင်လာမှုကြောင့် အသက်ရှု မြန်လာလေသည်။ သူ တစ်ခုခုလှုပ်ရှားရန် ရည်ရွယ်ထားသော်လည်း အနည်းငယ် အလျင်စလို ဖြစ်နေသေး၏။

လေထဲတွင် ရနံ့များ ပိုမို စူးရှလာသည်နှင့်အမျှ လေထုအခြေအနေမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည်။

သူ ပို၍ နမ်းချင်မိသည်။ သူ့ကိုယ်သူ ဖြေလျှော့လိုက်ပြီး သူ၏ အယ်လ်ဖာနှင့် နီးကပ်စွာရှိနေရခြင်းက အလွန်အမင်း ယစ်မူး၍ စွဲမက်ဖွယ်ကောင်းသည်။

သို့သော် သူတို့သည် လူမြင်ကွင်းကြီး၌ ဖြစ်၏။ သူတို့ ယခုထက် ပို၍ ရှေ့ဆက်ချင်ပါက ရုန်ယီသည် ပို၍ကောင်းမွန်ပြီး လုံခြုံသော နေရာတွင် ရှိနေနိုင်ဖို့ မျှော်လင့်နေဆဲပင်။

ကံကောင်းထောက်မစွာဖြင့် ချန်းခယ့်ယောင်သည်လည်း ထိုအတိုင်းပင် တွေးနေမိသည်။

"မင်း ဘာလို့ ဒီလောက် လှနေရတာလဲ" 

သူသည် အနည်းငယ် နောက်ဆုတ်ကာ သူ၏ခေါင်းကို ရုန်ယီ၏ခေါင်းနားသို့ ပူးကပ်လိုက်ပြီး

"ကိုယ် ရူးတော့မယ်"

ရုန်ယီသည် ချန်းခယ့်ယောင်ကို မိုက်မဲစွာ ကြည့်လျက် အသက်ရှုနှုန်းကို ထိန်းညှိရန် ကြိုးစားကြည့်သည်။

သူသည်လည်း ပရိုမုန်းကို အလိုလို ထုတ်လွှတ်နေမိမှန်း သိလိုက်ရလေသည်။ ချန်းခယ့်ယောင်တစ်ယောက် မူမမှန်စွာ ပြုမူနေသည်မှာ အံ့သြစရာမဟုတ်ပေ။

“အနံ့က အရမ်းကောင်းတာပဲ။ ဒါက လက်တွေ့တောင် မဆန်ဘူး”  

ချန်းခယ့်ယောင်က ဆက်ပြောသည်။

အယ်လ်ဖာနှင့် အိုမီဂါတို့သည် တစ်ဦးနှင့်တစ်ဦး၏ ပရိုမုန်းထံမှ ဆွဲဆောင်ခြင်းခံရသည်မှာ အလွန် သဘာဝကျပါသည်။ လက်တွေ့မဆန်သည်လား?

သို့သော် ချစ်ရသူ၏ ချိုမြိန်သော စကားများကို မည်သူက မနှစ်သက်ဘဲနေမည်နည်း။

"မင်း ဒါကို စက်ဆုပ်ရွံရှာစရာလို့ မထင်ဘူးမလားဟင်" 

ချန်းခယ့်ယောင်က မေးသည်။

ရုန်ယီ ခေါင်းယမ်းလိုက်၏။

စက်ဆုပ်ရွံ့ရှာဖွယ်လား။ ၎င်းက ပျော်ရွှင်စရာအတိပင်။ အတော်လေး သက်တောင့်သက်သာရှိ၍ ကြည်နူးစရာ ကောင်းပါသည်။

ချန်းခယ့်ယောင်က ရယ်လိုက်သည်။

"ဒါက ကိုယ်တို့ အမြဲ အတူရှိနေသွားမယ် ဆိုတဲ့ အဓိပ္ပါယ်လား"

ထိုအချိန်တွင် ရုန်ယီ သူ့ကို ထပ်၍ နမ်းချင်မိသည်။

သို့သော် ဤအရာများက သူ၏လက်ထဲမှ လွတ်ထွက်သွားမည်ကို ကြောက်နေမိသည်။

နှစ်ပေါင်းများစွာ တစ်ကိုယ်တည်း (single) ဘဝဖြင့် နေခဲ့ရခြင်းကြောင့် သူ ကြိုတင်ပြင်ဆင်မှုများ မလုပ်လာမိခဲ့ပေ။ သူ အိုမီဂါများအတွက် ထိန်းချုပ်ဆေးကို မယူခဲ့မိ။

ကံကောင်းစွာဖြင့် သူ၏အယ်လ်ဖာသည် ၎င်းကို ဆောင်ထားရမည်မှန်း သိ‌နေခဲ့၏။ ချန်းခယ့်ယောင်သည် သူ၏နဖူးကို ထပ်မံ နမ်းလိုက်ပြီး နောက်ဆုံးတွင် သူတို့နှစ်ယောက် လူချင်း ခွာလိုက်ကြသည်။ ထို့နောက် သူသည် ပစ္စည်းများထည့်ထားသည့် အံဆွဲရှိရာသို့ ကိုယ်ကို ကိုင်းညွှတ်ကာ စပရေးပုလင်းငယ်ကို ထုတ်ယူလိုက်၏။

အကြိမ် အနည်းငယ်ခန့် လှုပ်ခါ၍ သူ၏လည်ပင်းကို ပက်ဖျန်းပြီးနောက် ရုန်ယီကို ကမ်းပေးလိုက်သည်။

“ကျေးဇူးပြုပြီး သုံးပေးပါ။ ကိုယ် တကယ် ထိန်းလို့မရတော့ဘူး”

ရုန်ယီသည် ပုလင်းကို အမူအရာကင်းမဲ့စွာ လှမ်းယူ၍ ပုလင်းပေါ်ရှိ စာလုံးများကို စိုက်ကြည့်လိုက်သည်။

"ဒါက unisex အတွက်လား"  

သူက မေးလိုက်သည်။

"ဘာကိုလဲ"  

ချန်းခယ့်ယောင်က သူ့ကို နားလည်ရခက်စွာ ကြည့်လိုက်လေသည်။

*

T/N (unisexက အယ်လ်ဖာရော ဘီတာရော အိုမီဂါရော အကုန်လုံး သုံးလို့ရတာမျိုးကို ဆိုလိုတာပါ)

Xxxxxxx